MASES - Myanmar Astronomy & Science Enthusiasts Society

MASES - Myanmar Astronomy & Science Enthusiasts Society သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။ မြန်မာ့နက္ခတ်တာရာနှင့်သိပ္ပံပညာဝါသနာရှင်များအသင်း
(3)

နေအဖွဲ့အစည်းထဲ အကြီးဆုံးဂြိုဟ် ဂျူပီတာနဲ့ ကမ္ဘာ့ဂြိုဟ်ရံလ တို့နီးကပ်နေတာပါ။ Jupiter Moon conjunction လို့လဲခေါ်ပါတယ်။ လ ...
20/05/2026

နေအဖွဲ့အစည်းထဲ အကြီးဆုံးဂြိုဟ် ဂျူပီတာနဲ့ ကမ္ဘာ့ဂြိုဟ်ရံလ တို့နီးကပ်နေတာပါ။ Jupiter Moon conjunction လို့လဲခေါ်ပါတယ်။ လ က မကြာခဏ ဂြိုဟ်တွေ နဲ့ conjunction ဖြစ်စဥ်ဖြစ်ပေါ်တတ်ပါတယ်။ အခု အနောက်ဖက်ကောင်းကင် ကိုထွက်ကြည့်မယ်ဆို မြင်ရမှာပါ။ တိမ်ကင်းနေဖို့တော့လိုပါမယ်။

ကြယ်တွေ ဘယ်အချိန်မှာ သေဆုံးကြပါသလဲ? ရိုးရိုးရှင်းရှင်း ခပ်လွယ်လွယ် ပြောရရင်တော့ ကြယ်တွေဟာ သူတို့ရဲ့ လောင်စာတွေ ကုန်ဆုံးသ...
19/05/2026

ကြယ်တွေ ဘယ်အချိန်မှာ သေဆုံးကြပါသလဲ?

ရိုးရိုးရှင်းရှင်း ခပ်လွယ်လွယ် ပြောရရင်တော့ ကြယ်တွေဟာ သူတို့ရဲ့ လောင်စာတွေ ကုန်ဆုံးသွားတဲ့ တနေ့မှာ သေဆုံးသွားကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နေမင်းကြီးဟာလည်း စကြာဝဠာကြီးထဲက ကြယ်စင်သန်းထောင်ပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တာမို့ လာမယ့် နှစ်ပေါင်း သန်း ၅၀၀၀ ခန့်အကြာမှာ အဖြူရောင်ကြယ်သိမ်လေး (White Dwarf) အဖြစ် သက်တမ်းကုန်ဆုံးသွားမှာပါ။

ဒီလို မပြောင်းလဲခင်မှာ နေရဲ့ အပေါ်ယံအလွှာတွေဟာ အဆမတန် ကြီးမားလာပြီး ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်နဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်အထိပါ ဝါးမြိုပစ်နိုင်လောက်တဲ့ "Red Giant" ခေါ် ကြယ်နီကြီးအဖြစ်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။နေရဲ့ အတွင်းဗဟိုကတော့ ကြယ်ဖြူသိမ်လေးအဖြစ်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ပုံကတော့ Helix Nebula လို့ အမည်ရပြီး ကြယ်တစ်လုံး သေဆုံးချိန်မှာ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန် နက်ဗျူလာ ဓာတ်ငွေ့တိမ်တိုက်တစ်ခု ဖြစ်ပါတယ်။ ပုံရဲ့ အလယ်က တောက်ပနေတဲ့ အစက်အပြောက်လေးဟာ တစ်ချိန်က ကျွန်တော်တို့ရဲ့ နေလိုမျိုး သက်တမ်းရင့် ကြယ်ကြီးတစ်လုံး ဖြစ်ခဲ့ဖူးပြီး အခုချိန်မှာတော့ အဖြူရောင်ကြယ်သိမ်လေးတစ်လုံး ဖြစ်နေပါပြီ။နာမည်ကျော် ဂျိမ်းစ်ဝဘ် တယ်လီစကုတ်အသုံးပြုပြီးရိုက်ယူထားတာဖြစ်ပါတယ်။

ထူးခြားတာက ကြယ်တွေရဲ့ သေဆုံးခြင်းဟာ စကြာဝဠာကြီးအတွက်တော့ နိဂုံးမဟုတ်ပါဘူး။ Helix Nebula လို နက်ဗျူလာတွေဆီက လွင့်စင်လာတဲ့ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေဟာ နောက်ထပ် မျိုးဆက်သစ် ကြယ်အသစ်တွေနဲ့ ဂြိုဟ်အသစ်တွေ ဖြစ်လာဖို့ ပြန်လည်မွေးဖွားပေးမယ့် အခြေခံအုတ်မြစ်တွေ ဖြစ်လာဦးမှာပါ။

ကျွန်တော်တို့ အသွေးအသားထဲက အောက်ဆီဂျင်နိုက်ထရိုဂျင် နဲ့ ဟိုက်ဒရိုဂျင်အပါအဝင် တစ်ခြား အသက်ဇီဝဖြစ်ပေါ်ဖို့ အတွက် လိုအပ်တဲ့ အခြေခံဒြပ်ပေါင်းတွေဟာ အခုလို ကြယ်စင်ကြီးတွေ သေဆုံးခဲ့ရာကနေ လက်ဆင့်ကမ်း ရရှိလာခဲ့တာပါ။ကြယ်စင်တွေရဲ့သေဆုံးခြင်းဟာ ကျွန်တော်တို့ လူသားတွေနဲ့ ကမ္ဘာပေါ်က အခြားသက်ရှိဇီဝတွေအတွက် အရေးပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် နက်ဗျူလာတွေကို လေ့လာခြင်းဟာ ကျွန်တော်တို့ နေမင်းကြီးရဲ့ အနာဂတ်ကို သိရှိနိုင်ရုံတင်မကဘဲ... ကြယ်တွေရဲ့ အမှုန်အမွှား (Stardust) တွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်တော်တို့လူသားတွေရဲ့ အစပြုရာ အတိတ်သမိုင်းကိုပြန်လည် ခံစားရခြင်းဖြစ်ပါတယ်။

~MASES / Soe Pyae Htat

မနက်ဖြန်မနက်စောစော ကမ္ဘာနားကနေဖြတ်သန်းသွားမယ့် ဂြိုဟ်သိမ်၂၀၂၆၊ မေလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၃:၅၃ မှာ 2026 JH2 ခေ...
18/05/2026

မနက်ဖြန်မနက်စောစော ကမ္ဘာနားကနေဖြတ်သန်းသွားမယ့် ဂြိုဟ်သိမ်

၂၀၂၆၊ မေလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၃:၅၃ မှာ 2026 JH2 ခေါ် ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေကြီးနဲ့ အတော်ကို နီးနီးကပ်ကပ်ဖြတ်သန်းသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ အဆောက်အဦးအရွယ် ဂြိုဟ်သိမ်ကြီးဟာ လထက် လေးဆခန့်ပိုမိုနီးကပ်လာမှာ ဖြစ်ပြီး အခြားသော နီးကပ်တယ်လို့ယူဆရတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေထက်တောင် အဆမတန်နီးပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ဂြိုဟ်သိမ်ကြီးက ကမ္ဘာပေါ် တကယ်ပဲ ကျရောက်နိုင်သလားကို ဒီဆောင်းပါးလေးထဲမှာ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၂၀၂၆၊ မေလ ၁၉ ရက်နေ့ မနက် ၃:၅၃ မှာ မကြာသေးခင်က တွေ့ရှိထားတဲ့ 2026 JH2 ခေါ် ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေကြီးနဲ့ ကီလိုမီတာ ၉၀,၀၀၀ ခန့်အကွာအဝေးကနေ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ အာကာသ အတိုင်းအတာတွေအရပြောရင်တောင် ဒီအကွာအဝေးက အရမ်းပဲ နီးကပ်လွန်းပါတယ်။ ဒါပေမဲ့ ဂြိုဟ်သိမ်ဟာ ကမ္ဘာပေါ်ကျရောက်ဖို့ လုံးဝမဖြစ်နိုင်တာကြောင့် စိုးရိမ်စရာမလိုဘူးဟု နက္ခတ္တဗေဒပညာရှင်များက ဆိုပါတယ်။

2026 JH2 ဟာ ၁၅ ကနေ ၃၄ မီတာခန့် ကျယ်ဝန်းပြီး ၂၀၁၃ ခုနှစ်တုန်းက ရုရှားနိုင်ငံမှာ လေထုထဲမှာပဲ ပေါက်ကွဲသွားတဲ့ Chelyabinsk ဂြိုဟ်သိမ်ရဲ့ အရွယ်အစားလောက်ရှိတယ်ဟု သိရပါတယ်။ 2026 JH2 လို သေးငယ်တဲ့အရာဝတ္ထုတွေက ကြီးမားလွန်းပြီး မှောင်နက်နေတဲ့ အကာသထဲမှာ သေချာမမြင်ရတာကြောင့် 2026 JH2 ကို ကမ္ဘာနဲ့ အနီးဆုံးအချိန်မတိုင်မှီ တစ်ပတ်ကျော် မေလ ၁၀ ရက်နေ့မှသာ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

2026 JH2 ကို ညကောင်းကင်ပေါ်မှာ Ursa major နဲ့ Leo နက္ခတ်တာရာအစုအဝေးများ တစ်လျှောက် ဖြတ်သန်းသွားနေတာကိုမြင်ရမှာဖြစ်ပြီး ကမ္ဘာသို့ နီးကပ်လာတာနဲ့အမျှ အလင်းပမာဏ (Magnitude) ၁၁.၈ လောက်အထိ ပိုမိုတောက်ပလာနိုင်ပါတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ပေမဲ့ အဝေးကြည့်မှန်ပြောင်းသုံးပြီး လေ့လာမယ်ဆိုရင်တော့ ကမ္ဘာကိုဖြတ်ပြီး ပျံသန်းသွားတာကို မြင်လိုက်ရနိုင်ပါတယ်။

2026 JH2 ကို အကြောင်းစစချင်းဖတ်မိရင် ကြောက်ဖို့ကောင်းအောင် သတင်းတွေက ရေးထားပေမယ့် တကယ်တော့ အန္တရာယ်မရှိတဲ့အပြင် နက္ခတ္တဗေဒပညာရှင်များအတွက် ဂြိုဟ်သိမ်တစ်ခု လက်တွေ့ဘဝမှာ နီးနီးကပ်ကပ်လေ့လာဖို့ အဖိုးတန်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

~ MASES / Hillary
Ref - https://starwalk.space/en/news/should-you-worry-about-an-asteroid-hitting-earth

ယနေ့ မေလ ၁၈ ရက်နေ့ကနေ စတင်ကာ ၃ ညဆက်တိုက် နေဝင်ပြီးစအချိန် အနောက်ဖက် ကောင်းကင်မှာ လ ရယ် ညကောင်းကင်မှာ အလင်းဆုံး ဂြိုဟ် ၂ ...
18/05/2026

ယနေ့ မေလ ၁၈ ရက်နေ့ကနေ စတင်ကာ ၃ ညဆက်တိုက် နေဝင်ပြီးစအချိန် အနောက်ဖက် ကောင်းကင်မှာ လ ရယ် ညကောင်းကင်မှာ အလင်းဆုံး ဂြိုဟ် ၂ ခုဖြစ်တဲ့ Jupiter (ကြာသပတေးဂြိုဟ်) ၊ Venus (သောကြာဂြိုဟ်) တို့ တခုနဲ့ တခု ပူးတွဲတည်ရှိနေတာကို မြင်ရမှာဖြစ်ပါတယ်။ မေ၁၈ ရက်နေ့ ပုံ ၁ ကို ကြည့်မယ်ဆိုရင် ဆန်းစလကွေးလေး နဲ့ ညကောင်းကင်ရှိအလင်းဆုံးဂြိုဟ်ဖြစ်တဲ့ သောကြာဂြိုဟ်တို့ နီးကပ်နေတာကို မြင်ရမှာဖြစ်ပါတယ်။ မေ ၁၉ရက်နေ့ ပုံ ၂ ကို ကြည့်ပါက ဆန်းသစ်စ လကွေးလေး က ဂျူပီတာဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ် ကြားမှာ ရောက်နေတာကိုမြင်ကြရမှာပါ။မေ၂၀ ရက်နေ့ ပုံ ၃ မှာဆိုရင်တော့ လ က ဂျူပီတာဂြိုဟ် နဲ့ နီးကပ်နေတာကိုမြင်ရမှာပါ။ တရက်နဲ့ တရက် လရွေ့ရှားပုံ နဲ့ ဂြိုဟ်တွေ ရွေ့ရှားပုံကို လဲ ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပြီး ကမ္ဘာ နဲ့ နီးကပ်တဲ့ လ က တရက်ချင်း သိသိသာသာ နေရာပြောင်းနေတာကို မြင်ရမှာပါ။ ဂျူပီတာနဲ့ဗီးနပ်စ် ဂြိုဟ် ၂ ခုဟာ လဲ တဖြည်းဖြည်း နီးကပ်လာမှာဖြစ်ပြီး ဇွန် လ ၆ ရက်နေ့မှာ တော့ Planet Conjunction ခေါ် ညကောင်းကင်မှာရှိတဲ့ အလင်းဆုံးဂြိုဟ် ၂ ခု အနီးဆုံး ဖြစ်နေတာကိုမြင်ရမှာပါ။

ပုံ ၃ ခုလုံးမှာ ဂျူပီတာဂြိုဟ်ရဲ့ ညာဖက် အပေါ်ဖက်မှာတော့ Pollux နဲ့ Caster လို့အမည်ရတဲ့ ကြယ်နှစ်လုံးကို မြင်ရမှာပါ။ ဒီကြယ် ၂ လုံးက မေထုန်ရာသီ (Gemini Constellation) မှာပါဝင်တဲ့ ထင်ရှားတဲ့ ကြယ်နှစ်လုံးဖြစ်ပြီး ရှေးခေတ်ဂရိ ပုံပြင်တွေ အရ အမွှာညီအကို ၂ ယောက်ဖြစ်ပါတယ်။ ဗီးနပ်စ် ဂြိုဟ်ရဲ့ ဘယ်ဖက် အောက်နားမှာတော့ ညကောင်းကင်မှာ ထင်ရှားတဲ့ မောင်ရှင်ဆိုင်းထမ်း ကြယ်တန်းပါဝင်တဲ့ ဖြစ်တဲ့ Orion Constellation ကို မြင်ရပါမယ်။ မြန်မာနိုင်ငံအပါအဝင် မြောက်ကမ္ဘာခြမ်းက သူတွေအတွက်တော့ Orion က တဖြည်းဖြည်း နေတဲ့ နီးကပ်လာပြီ ဖြစ်တာကြောင့် ကမ္ဘာကနေကြည့်မယ်ဆိုပါက မကြာခင် နေအလင်းရောင်ကြောင့် ပျောက်ကွယ်သွားမှာဖြစ်ပြီး ဩဂုတ်လ ရောက်မှသာ အရှေ့ဖက်ကောင်းကင်မှာ ပြန်လည်မြင်ရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ကြည့်ဖို့ အဝေးကြည့်မှန်ပြောင်းမလိုအပ်ပဲ သာမန်မျက်လုံး နဲ့ ကြည့်ရှုလို့ရမှာပါ။ ရာသီဥတု တိမ်ကင်းစင်နေပါက နေဝင်ပြီးပြီးချင်း ညနေ ၆နာရီခွဲ လောက်ကနေစပြီး အနောက်ဖက် ကောင်းကင်ကို မြင်ကွင်းရှင်းတဲ့နေရာကနေ ကြည့်ပါ။ ဓာတ်ပုံရိုက်ယူဖြစ်ပါက ကျွန်တော်တို့ page ကို ပေးပို့လို့ရပါတယ်။ ပို့လာတဲ့ပုံတွေထဲကနေ ကောင်းနိုးရာရာလေးတွေ ပြန်လည်ရွေးချယ်ဖော်ပြပေးသွားပါမယ်။

~ MASES / Min Zaw Moe

ငလျင်သတင်း (Breaking news)ဒီနေ့ ၂၀၂၆ မေလ ၁၈ ရက်နေ့ မနက် ၈:၃၅ နာရီခန့်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် နဲ့ ၂၄ ...
18/05/2026

ငလျင်သတင်း (Breaking news)

ဒီနေ့ ၂၀၂၆ မေလ ၁၈ ရက်နေ့ မနက် ၈:၃၅ နာရီခန့်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် နဲ့ ၂၄ ကိီလ်ိုမီတာ အကွာ ပင်လယ်ပြင် ကို ဗဟိုပြုပြီးတော့ အင်အား ရစ်ချက်စတာစကေး ၄.၅ ရှိတဲ့ မြေငလျင်ငယ် တစ်ခုလှုပ်ခတ်သွားပါတယ်။

မြေငလျင်ငယ်ဖြစ်ပေမယ့် မြေအောက်အနက် ၆ မိုင်ခန့်မှာ လှုပ်ခတ်တာမို့ အထပ်မြင့်တိုက်များတဲ့ ရန်ကုန် မြို့လယ်ဒေသက ပြည်သူတွေ တော်တော်များများသိရှိခံစားလိုက်ရပါတယ်။

ငလျင်ကို ကြိုတင်မှန်းဆမရပေမယ့် ငလျင်ဖြစ်ပေါ်တဲ့အချိန်ပြုလုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန်များဆောင်ရွက်ခြင်းဖြင့် အထိအခိုက် နည်းပါးအောင် ဆောင်ရွက်နိုင်တာကို မိဘပြည်သူတွေကို အသိပေးလိုပါတယ်။

မြေငလျင်လှုပ်ခတ်ရင် ပြုလုပ်ရမယ့် ဝပ်၊ကာ၊ကိုင် အနေအထားများ ပြုလုပ်သင့်ပြီး အထပ်မြင့်အဆောက်အဦးတွေမှာ နေထိုင်တယ်ဆိုရင် ဓါတ်လှေကားအသုံးပြု ပြေးဆင်းခြင်းများ မပြုလုပ်သင့်ပါဘူး။

ငလျင်ဒဏ် ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင် နိုင်ပေမယ့် မည်သူ တစ်ဦးတစ်ယောက် ကမှယနေ့ အချိန်အထိ သိပ္ပံနည်းကျ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။

~MASES

Address

Yangon

Alerts

Be the first to know and let us send you an email when MASES - Myanmar Astronomy & Science Enthusiasts Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MASES - Myanmar Astronomy & Science Enthusiasts Society:

Share