09/29/2026
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)
အကြမ်းဖက်စစ်ကောင်စီ၏ လိမ်လည်စွပ်စွဲထုတ်ပြန်ချက်အား ပယ်ချခြင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်
၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် “CRPH ၊ NUG နှင့် PDF များအား ငွေကြေးထောက်ပံ့နေသော PRF အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးရမိ” ဟု ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) သည် အဆိုပါထုတ်ပြန်ချက်ကို အပြည့်အဝ စိစစ်ပြီးဖြစ်ရာ ၎င်းသည် အမှန်တရားနှင့် လုံးဝ ကိုက်ညီမှုမရှိသော လိမ်လည်စွပ်စွဲချက်သာဖြစ်ကြောင်း ပြတ်သားစွာ ပယ်ချအပ်ပါသည်။
၂။ PRF သည် စတင်တည်ထောင်ချိန်မှစ၍ ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ စသည့် ကိုယ်ရေးအချက်အလက်များကို တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိ၊ သိမ်းဆည်းထားခြင်း မရှိသည့် မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးလာခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် အမည်လွှဲတစ်ခုနှင့် Email လိပ်စာတစ်ခုသာ လိုအပ်သဖြင့် PRF ၏ စနစ်မှတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များ ရရှိထားသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိပါ။
၃။ စစ်ကောင်စီက ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် လေးနက်စွာ ဝမ်းနည်းစာနာပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိရေး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
၄။ ယခုစွပ်စွဲချက်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများကို ခြိမ်းခြောက်၍ PRF အပေါ် ယုံကြည်မှု ပျက်ပြားစေရန်နှင့် တော်လှန်ရေး၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ရန်ဖြစ်ကြောင်း ထင်ရှား ပါသည်။ ထို့ပြင် လက်ရှိထိန်းသိမ်းခံထားရသူများအပေါ် ပြစ်မှုများ ထပ်တိုးအမှုဆင်ရန် ကြိုးပမ်းမှုလည်း ဖြစ်ပါသည်။ ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ကောင်စီထံ ပေးအပ်ပူးပေါင်းဆောင်ရွက် နေသည့် Wave Money နှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ရိုးမဘဏ်ကိုလည်း အကြမ်းဖက်မှုအား အားပေးကူညီသည့် အဖွဲ့အစည်းများအဖြစ် ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
၅။ PRF သည် လုံခြုံရေးအစီအမံများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် ဖုန်းနှင့် ငွေလွှဲမှတ်တမ်းများဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုကြရန်နှင့် ပြည်ပရောက် ပြည်သူများအနေဖြင့် ပြည်တွင်းရှိ ညီအစ်ကိုမောင်နှမများ၏ နေရာကို ဖြည့်ဆည်းကာ ပိုမိုပါဝင်ပံ့ပိုးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)
မီဒီယာများအနေဖြင့် [email protected] သို့သာ ဆက်သွယ်မေးမြန်းပေးကြပါရန်နှင့် အခြား မည်သည့်နေရာမှ မေးခွန်းများကို ဖြေကြားမည် မဟုတ်ပါ။
https://www.facebook.com/share/1C6eQBpP8q/?mibextid=wwXIfr