10/13/2026
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရည်မှန်း၍ နယူးယောက်တွင် Free HER Campaign အမှတ်တရသစ်ပင်များစိုက်ပျိုး
နယူးယောက် ၊ အောက်တိုဘာ ၁၀ ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်သော “FREE HER Campaign” ကို ထောက်ခံအားပေးသည့် အနေဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုများက အမှတ်တရသစ်ပင်များစိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပွဲကို နယူးယောက်ပြည်နယ်ပိုင်ပန်းခြံ Willowbrook State Park တွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်နှင့်စည်းမျဉ်းများအရ လူဦးရေကန့်သတ်ချက် အယောက်(၃၀) စုရုံးကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ပြီးစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။
ဦးကျော်မိုးထွန်းမှ ဒီအစီစဉ်ကိုစီစဉ်ပေးတဲ့ NYCBC (New York City Burmese Community ) ကိုကျေးဇူးတင်ပါတယ်။ အမေစုလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲကမှ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ရည်ရွယ်ပြီး အမှတ်တရ သစ်ပင် ၈၂ ပင်စိုက်ပျိုးခွင့်ရတဲ့အတွက် အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ကျနော်တို့နိုင်ငံကြီး အေးချမ်းသာယာဖို့ ကျနော်တို့ပြည်သူတွေ အနာဂတ်ကောင်းမွန်ဖို့အတွက် ရည်မှန်းပြီးစိုက်ပျိုးတဲ့အတွက် ရည်ရွယ်ချက်အရလည်း အင်မတန်ကောင်းမွန်တဲ့အကြောင်း ပြောကြားခဲ့ပါသည်။
သစ်ပင်စိုက်ပွဲကို စီစဉ်သည့်တာဝန်ရှိသူများမှ အမေစု အသက် ၈၁ နှစ်ပြည့်အတွက် ရည်ရွယ်ပြီး သစ်ပင် ပျိုးပင် ၈၂ ပင် ကို စုပေါင်းပြီး စိုက်ကြတာပါ။ မြန်မာ အယူအဆအရ မွေးနေ့ အသက်ထပ် တပင်ပိုပြီး စိုက်ရင် ပိုကောင်းတယ်ဆိုတာရှိတဲ့ အတွက် အမေစုအသက် ၈၁နှစ်ကို ရည်ရွယ်ပြီး ၈၂ပင်စိုက်ကြတာပါဟု ရှင်းလင်းပြောကြားခဲ့ပါသည်။
အခုလို ၈၁ နှစ်ပြည့်ပြီး သား အမယ်အိုတယောက် ကို စစ်အာဏာရှင်တွေက မတရား ဖမ်းစီးချုပ်နှောင်ထားတာသည့်အတွက် အမြန်ဆုံး လွှတ်ပေးဖို့ အတွက် International ကလည်းသိအောင် တခြားလှုပ်ရှားမှုများနဲ့ မတူတဲ့ ငြိမ်းချမ်းစွာ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြသည်။ တနည်းအားဖြင့်လည်း မြန်မာ အယူအဆအရ သစ်ပင် စိုက်ချင်းအားဖြင့် အသက်ရှည် ကျန်းမာပြီး အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြဖြင်းဖြစ်သည်ဟုသိရသည်။
သစ်ပင်စိုက်ရာမှာပါဝင်ခဲ့ကြသူများမှလည်း “ဒီလှုပ်ရှားမှုက သဘာဝပတ်ဝန်းကျင် ကိုအကျိုးပြုပြီး ကမ္ဘာကြီး အတွက် လည်း အကျိုးရှိစေမယ့် Environmental Stewardship activities မျိုးလေး စုပေါင်းပြီး လုပ်ကြတာပါ” ဟုပြောကြားခဲ့ကြပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးခြင်းကို နယူးယောက်ပြည်နယ် City Park Department သို့တရားဝင်လျှောက်ထားပြီး ခွင့်ပြချက်အရ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရပါသည်။ အဆိုပါသစ်ပင်စိုက်ပျိးသည့်နေရာမှာ နယူးယောက်မြို့ Staten Island ရှိ Willowbrook Park အတွင်းတွင်တည်ရှိပြီး Hope For Suu Forest ဟုခေါ်ဆိုသောနေရာတွင်ဖြစ်သည်။
( မြေပုံအညွန်း https://maps.app.goo.gl/vgwS9QN1ZVjewm3L7)
Video By Htoo Nyi