10/01/2023
အခက်အခဲတွေ ဖြစ်တဲ့အခါ
====================
တစ်ခါတုန်းက ကောင်မလေးတစ်ယောက် က သူ့အဖေရှေ့မှာ ငြီးတွားတယ်..
ဘဝကလဲနော် စိတ်ချမ်းသာစရာ တကွက်မှ မရှိဘူး ၊
ရှေ့ဆက်ပြီး ဘယ်လိုရှင် သန်ရမှန်းတောင် မသိတော့ဘူး ၊
တချိန်လုံး အဆင်မပြေတာတွေကို ရင်ဆိုင်ဖြေရှင်းနေရတာပဲ၊
ပြဿနာတစ်ခုက ဖြေရှင်းလို့ ပြီးရုံပဲရှိသေးတယ် နောက်ပြဿနာက ရောက်ရောက်လာတယ် အဖေရေ ၊
စားဖိုးမှူးဖြစ်တဲ့ အဖေဟာ သမီးဖြစ်သူကို မီးဖိုထဲခေါ်သွားတယ် ၊ အိုးသုံးလုံးထဲမှာ ရေတွေထည့်ပြီး မီးပြင်းပြင်းပေါ်မှာ တင်လိုက်တယ်။ ခဏကြာတော့ အိုးထဲထည့်ထားတဲ့ရေတွေက ဆူပွက်လာတာပေါ့ ၊
အိုးတလုံးထဲမှာ အာလူးကိုထည့် ၊ ဒုတိယ အိုးထဲမှာ ကြက်ဥ ကိုထည့် ၊ တတိတ အိုးထဲမှာ ကော်ဖီစေ့တွေ ထည့်လိုက်တယ် ၊ သမီးကို စကားတစ်ခွန်းမှ မပြောဘဲ ထည့်လိုက်တဲ့ အာလူးတွေ ကြက်ဥတွေ ကော်ဖီစေ့တွေ ကျက်မယ့်အချိန်ကို ထိုင်စောင့်နေတယ်၊
သမီးက ဖေဖေ ဘာ လုပ်နေတာလဲ ဆိုတာကို စိတ်မရှည်တော့တဲ့ပုံနဲ့ ထိုင်စောင့်နေတယ်။
မိနစ် (၂၀) အကြာမှာတော့ အဖေဖြစ်သူက မီးတောက်လေးကို ငြိမ်းလိုက်ပြီး ဆူပွက်နေတဲ့အိုးထဲက အာလူးတွေကို အပြင်က ခွက်တစ်ခုထဲ ထည့်၊ ကြက်ဥတွေကို ဆယ်ပြီး ခွက်ထဲထည့် ၊ ကော်ဖီတွေကို ဇွန်းကြီးကြီး ခွက်တစ်ခုထဲ ခပ်ထည့်လိုက်တယ်။
သမီး ကြည့်စမ်း ဘာမြင်လဲ
သမီးက မဆိုင်းမတွဘဲ အာလူး ကြက်ဥနဲ့ ကော်ဖီတွေ မြင်တယ်လေလို့ ပြောလိုက်တယ်၊
သမီး ဒီ အာလူးကို အနီးကပ်ကြည့်ပြီး ထိကြည့်စမ်းပါ
သမီးက လက်ကလေးနဲ့ အာလူးတွေကို ဖိကြည့်ထိစမ်းကြည့်လိုက်တော့ နူးညံ့နေတာကို သတိထားလိုက်မိတယ်။
သမီး ကြက်ဥ ကိုလဲ အခွံခွါပြီး ကြည့်ပါအုံး
သမီးလဲ အဖေပြောတဲ့အတိုင်း အခွံတွေခွါပြီးကြည့်လိုက်တော့ အတွင်းပိုင်းကကြက်ဥနှစ်တွေအားလုံး မာခဲသွားတာကို သတိထားမိလိုက်တယ်၊
ကော်ဖီကိုလဲ နည်းနည်းမြည်းကြည့်ပါ သမီး.. ကော်ဖီခွက်ကို ကောက်ကိုင်ပြီး မြည်းကြည့်လိုက်တော့ ကော်ဖီနံ့က သင်းပျံံ့လွန်းလို့ သူမကိုတိုင်တောင် ပြုံးလိုက်မိတယ်။
ကဲ ဖေဖေ..
ဖေဖေပြောတဲ့အတိုင်း သမီး အကုန် လုပ်ကြည့်လိုက်ပြီလေ
ဖေဖေက ဘာအဓိပ္ဗါယ်နဲ့ သမီးကို စမ်းခိုင်းနေရတာလဲ ပြောပါအုံးဖေဖေ ၊
အဖေဖြစ်သူက ဖြေးဖြေးလေးလေးနဲ့ သမီးကို ရှင်းပြတယ်
သမီး...အာလူးရော ကြက်ဥရော ကော်ဖီစေ့တွေရော ရေနွေးထဲမှာ နေရတာချင်းအတူတူ၊
ဒါပေမယ့် ရလာဒ်ကတော့ မတူညီဘူး နော် ၊
ဟုတ်တယ် စဉ်းစားကြည့်လေ
ပင်ကိုယ်သဘာဝ မာနေတဲ့ အာလူးက ရေနွေးအိုးထဲ ထည့်လိုက်တော့
နူးညံ့ ပျော့ပြောင်းသွားတယ်၊
ကြက်ဥဆိုတာက အထိမခံ သူ့အခွံကိုများထိမိရင် ကွဲတတ်သလို
အထဲမှာလဲ အရည်တွေပဲ ရှိတာမဟုတ်လား
ဆူပွက်နေတဲ့ရေနွေးနဲ့ ပြုတ်လိုက်တော့ အရည်တွေက မာပြီး ခဲ သွားရော ၊
ကော်ဖီစေ့တွေလဲ ဒီလိုပါပဲ ရေနွေးထဲ ထည့်ပြီးနှပ်ထားလိုက်တော့ ကော်ဖီနံလေး တသင်းသင်းနဲ့ ထူးခြားတဲ့ အရသာရှိတဲ့ အရည်တစ်မျိုး ဖြစ်သွားတယ် ။
အဖေရဲ့ စကားမှာ နစ်မျော စီးဝင်နေတဲ့ သမီးကို အဖေက
သမီးက ဒီသုံးမျိုးထဲက ဘာနဲ့တူလဲ
အခက်အခဲတွေ သမီးရဲ့ ဘဝတံခါးကို လာလာ ခေါက်နေပြီရင် သမီး ဘယ်လိုတုန့်ပြန်မလဲလို့ မေးလိုက်တယ်၊
တကယ်တော့
ကျွန်တော်တို့ ဘဝ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
အလားတူ အခက်အခဲတွေ အဆင်မပြေတာတွေ ဖြစ်နေကြတယ်။
ကျွန်တော်တို့လဲ ဖြစ်နေကြပါတယ်၊
ဒါပေမယ့် ကျွန်တော်တို့ တွေ့ကြုံနေတဲ့ အခက်အခဲမှန်သမ ျှ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး တုန့်ပြန်ပြီး အခက်အခဲတွေကို ကျော်လွှားလိုက်ဖို့ပါ ။ ။
Potatoes, Eggs, and Coffee Beans ဆောင်းပါးကို ဘာသာပြန်ပါသည်၊
ယောနွယ်
၀၁၊၁၀၊၂၀၁၆ (5-27PM)