26/10/2026
Emotional Neglect – စိတ်ခံစားချက်ကို လျစ်လျူရှုခံရခြင်း
တစ်ခါတလေ ကိုယ်ဝမ်းနည်းနေတဲ့အခါ အားပေးနှစ်သိမ့်ပေးမယ့်သူထက် “အဆင်ပြေပါတယ်” လို့ ဟန်ဆောင်နေတတ်သူတစ်ယောက် ဖြစ်နေဖူးလား။
ကိုယ့်ခံစားချက်တွေကို ပြောပြဖို့ ခက်ခဲတာ၊ အကူအညီတောင်းဖို့ အားနာတာနဲ့ ကိုယ့်ပြဿနာတွေကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့ ကြိုးစားနေတာတွေဟာ ငယ်ဘဝအတွေ့အကြုံတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
ငယ်စဉ်က ကိုယ်ဝမ်းနည်းတဲ့အခါ နားထောင်ပေးမယ့်သူ မရှိခဲ့တာ၊ ကိုယ့်ခံစားချက်တွေကို အလေးအနက်မထားခံခဲ့ရတာတွေက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
🧠 Emotional Neglect ဆိုတာဘာလဲ?
လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လုံလောက်စွာ နားလည်ပေးခြင်း၊ တုံ့ပြန်ပေးခြင်း မရှိတာကို ဆိုလိုပါတယ်။
အထူးသဖြင့် ကလေးဘဝမှာ ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ အားပေးမှုနဲ့ စိတ်လုံခြုံမှုတွေဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလိုလိုအပ်ချက်တွေကို မကြာခဏ မရရှိခဲ့တဲ့အခါ ကိုယ့်ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲလာတာ၊ ကိုယ့်လိုအပ်ချက်တွေကို အရေးမကြီးဘူးလို့ ထင်လာတာမျိုး ဖြစ်နိုင်ပါတယ်။
🌱 ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်နိုင်မလဲ?
ကိုယ်ဝမ်းနည်းနေတဲ့အခါ ကိုယ့်ခံစားချက်ကို ဖိနှိပ်မထားဘဲ လက်ခံပေးပါ။ ကိုယ်ဘာလိုအပ်နေတယ်ဆိုတာ သတိထားပြီး ယုံကြည်ရတဲ့သူတစ်ယောက်နဲ့ တဖြည်းဖြည်း မျှဝေကြည့်ပါ။ လိုအပ်လာရင် Counselor / Therapist တစ်ယောက်နဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။
ကိုယ့်ခံစားချက်တွေဟာလည်း အရေးကြီးပါတယ်။ အမြဲတမ်း အားတင်းထားဖို့ မလိုသလို အရာအားလုံးကို တစ်ယောက်တည်း ဖြေရှင်းနေဖို့လည်း မလိုအပ်ပါဘူး။