22/09/2026
မလေးရှားပညာရေး အရည်အချင်းမူဘောင် အေဂျင်စီ - 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚𝐧 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 𝐀𝐠𝐞𝐧𝐜𝐲 (𝐌𝐐𝐀)
မလေးရှားနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားစေရန်၊ စနစ်တကျရှိစေရန်နှင့် နိုင်ငံတကာအဆင့်မီစေရန်အတွက် Malaysian Qualifications Agency (MQA) သည် အဓိကကျသော တရားဝင် အစိုးရအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ MQA ကို မလေးရှားပညာရေး အရည်အချင်းမူဘောင် အက်ဥပဒေ ၂၀၀၇ (Malaysian Qualifications Agency Act 2007) အရ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ မလေးရှား အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (Ministry of Higher Education - MOHE) ၏ သီးခြား ပညာရေး အရည်အသွေးအာမခံအဖွဲ့အစည်းအဖြစ် လည်ပတ်လျက်ရှိသည်။
◾ MQA ၏ ပေါ်ပေါက်လာပုံ နောက်ခံ
MQA မဖွဲ့စည်းမီက မလေးရှားနိုင်ငံ၏ ပညာရေးအသိအမှတ်ပြုမှုစနစ်တွင် ပုဂ္ဂလိကတက္ကသိုလ်များအတွက် Lembaga Akreditasi Negara (LAN) မှ တာဝန်ယူဆောင်ရွက်ပြီး၊ အစိုးရတက္ကသိုလ်များအတွက် ပညာရေးဝန်ကြီးဌာန၏ အရည်အသွေးအာမခံမှုဌာနခွဲ (Quality Assurance Division - QAD) မှ သီးခြားစီ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွဲပြားနေသော စနစ်နှစ်ခုကို စနစ်တစ်ခုတည်းအောက်သို့ ပေါင်းစည်းရန်၊ ပုဂ္ဂလိကရော အစိုးရကဏ္ဍပါ အရည်အသွေး တူညီသည့် အမျိုးသားအဆင့် ပညာရေးမူဘောင်တစ်ခု ထူထောင်ရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန်အတွက် LAN နှင့် QAD တို့ကို ပေါင်းစည်း၍ MQA ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
◾ MQA ၏ အဓိက တာဝန်နှင့် လုပ်ငန်းစဉ်များ
MQA ၏ အဓိကတာဝန်မှာ Malaysian Qualifications Framework (MQF) ခေါ် မလေးရှားပညာရေး အရည်အချင်းမူဘောင်ကို ဖော်ဆောင်၊ စောင့်ရှောက်နှင့် ထန်းသိမ်းရန်ဖြစ်သည်။ ၎င်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
သင်ရိုးညွှန်းတမ်းများ အသိအမှတ်ပြုခြင်း (𝑨𝒄𝒄𝒓𝒆𝒅𝒊𝒕𝒂𝒕𝒊𝒐𝒏 𝒐𝒇 𝑷𝒓𝒐𝒈𝒓𝒂𝒎𝒎𝒆𝒔): တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများမှ သင်ကြားပေးနေသည့် သင်ရိုးညွှန်းတမ်းများကို အဆင့် ၂ ဆင့်ဖြင့် စိစစ်အသိအမှတ်ပြုသည်။
𝑷𝒓𝒐𝒗𝒊𝒔𝒊𝒐𝒏𝒂𝒍 𝑨𝒄𝒄𝒓𝒆𝒅𝒊𝒕𝒂𝒕𝒊𝒐𝒏 (ယာယီ အသိအမှတ်ပြုခြင်း): သင်ရိုးတစ်ခု စတင်ဖွင့်လှစ်ချိန်တွင် သတ်မှတ်ထားသော အနိမ့်ဆုံး စံချိန်စံညွှန်းများနှင့် လိုအပ်ချက်များ ပြည့်မီခြင်း ရှိမရှိ စစ်ဆေးအတည်ပြုခြင်း။
𝑭𝒖𝒍𝒍 𝑨𝒄𝒄𝒓𝒆𝒅𝒊𝒕𝒂𝒕𝒊𝒐𝒏 (အပြည့်အဝ အသိအမှတ်ပြုခြင်း): သင်တန်းစတင်ပြီး သင်ကြားရေးစနစ်၊ သင်ရိုးအရည်အသွေး၊ ဆရာ/မများ၏ အရည်အသွေးနှင့် စာမေးပွဲစနစ်တို့သည် MQF မူဘောင်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း အပြည့်အဝ အကဲဖြတ်အတည်ပြုခြင်း။
𝑴𝒂𝒍𝒂𝒚𝒔𝒊𝒂𝒏 𝑸𝒖𝒂𝒍𝒊𝒇𝒊𝒄𝒂𝒕𝒊𝒐𝒏𝒔 𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 (𝑴𝑸𝑹) ထိန်းသိမ်းခြင်း: MQA မှ အပြည့်အဝ အသိအမှတ်ပြုထားသော (Full Accreditation ရရှိထားသော) သင်တန်းများနှင့် ဘွဲ့ဒီဂရီများအားလုံးကို MQR ခေါ် တရားဝင် မှတ်ပုံတင်စာရင်းတွင် စုစည်းဖော်ပြထားသည်။ ကျောင်းသားများအနေဖြင့် မိမိတက်ရောက်မည့် ကျောင်း သို့မဟုတ် သင်တန်းသည် တရားဝင် အသိအမှတ်ပြုခံထားရခြင်း ရှိမရှိကို MQR ဝဘ်ဆိုက်တွင် တိုက်ရိုက် စစ်ဆေးနိုင်သည်။
လုပ်သက်နှင့် အတွေ့အကြုံများကို အသိအမှတ်ပြုခြင်း (𝑨𝑷𝑬𝑳 - 𝑨𝒄𝒄𝒓𝒆𝒅𝒊𝒕𝒂𝒕𝒊𝒐𝒏 𝒐𝒇 𝑷𝒓𝒊𝒐𝒓 𝑬𝒙𝒑𝒆𝒓𝒊𝒆𝒏𝒕𝒊𝒂𝒍 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈): တရားဝင် ဘွဲ့လက်မှတ် သို့မဟုတ် ပညာအရည်အချင်း လိုအပ်ချက် မပြည့်မီသော်လည်း၊ အလုပ်သင်အတွေ့အကြုံနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသူများကို MQA မှ စိစစ်၍ အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်နိုင်ရန် APEL စနစ်ဖြင့် အခွင့်အလမ်း လမ်းကြောင်းဖွင့်ပေးထားသည်။
နိုင်ငံတကာ ဘွဲ့လက်မှတ်များ နှိုင်းယှဉ်စစ်ဆေးခြင်း : ပြည်ပနိုင်ငံများမှ ရရှိလာသော ဘွဲ့လက်မှတ်များနှင့် ပညာအရည်အချင်းများသည် မလေးရှားနိုင်ငံ၏ ပညာရေးအဆင့်အတန်း (MQF Level) တွင် မည်သည့်အဆင့်နှင့် ညီမျှသည်ကို စိစစ်တွက်ချက် စာရင်းထုတ်ပေးသည်။
◾ MQA ၏ အရေးပါမှု
ကျောင်းသားများအတွက်: မိမိတို့တက်ရောက်သည့် သင်တန်းသည် တရားဝင် အသိအမှတ်ပြုထားသော သင်တန်းဖြစ်ကြောင်း သေချာစေခြင်း၊ ကျောင်းပြောင်းရွှေ့ရာတွင် ခရက်ဒစ် (Credit Transfer) ပြောင်းရွှေ့ရလွယ်ကူခြင်းနှင့် ရစရာရှိသော အစိုးရပညာသင်ဆု/ချေးငွေများ (ဥပမာ - PTPTN) လျှောက်ထားနိုင်ခြင်းတို့ ရရှိသည်။
အလုပ်ရှင်များအတွက်: MQA အသိအမှတ်ပြု ဘွဲ့ရရှိထားသော ဝန်ထမ်းများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုကို အပြည့်အဝ ယုံကြည်စိတ်ချစွာ ခန့်အပ်နိုင်စေသည်။
နိုင်ငံတကာ အဆင့်အတန်း: MQA ၏ စံချိန်စံညွှန်းများသည် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသဖြင့် မလေးရှားနိုင်ငံတွင် ရရှိခဲ့သော ဘွဲ့လက်မှတ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားဝင်အသိအမှတ်ပြုမှု ရရှိရန် အထောက်အကူပြုသည်။
Reference Links
Malaysian Qualifications Agency (MQA) Official Website:
https://www.mqa.gov.my
Malaysian Qualifications Register (MQR) Online Database:
https://www2.mqa.gov.my/mqr/
StudyMalaysia - Guide on MQA and MQF Standards:
https://studymalaysia.com/education/higher-education-in-malaysia/MQA-Malaysian-Qualifications-Agency-Higher-Education-Study-Pathways
#