19/05/2026
ဥရောပအရည်အချင်းမူဘောင် (EQF) အကြောင်း သိကောင်းစရာ - အပိုင်း (၂)
🔳 EQF ၏ အဆင့် (၈) ဆင့်နှင့် သင်ယူမှုရလဒ်များကို နားလည်ခြင်း
ပထမဆောင်းပါးတွင် EQF သည် နိုင်ငံတကာမှ ဘွဲ့ဒီပလိုမာများ certificate များ ကို နှိုင်းယှဉ် ချိန်ထိုးပေးသည့် "Translating Tool" သို့မဟုက် ကိုးကားမူဘောင် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဒုတိယပိုင်းတွင်မူ ထိုကိုးကားမူဘောင်၏ အခြေခံတည်ဆောက်ပုံဖြစ်သော အဆင့် (၈) ဆင့် (8 Levels) နှင့် အရည်အချင်းကို တိုင်းတာသည့် သင်ယူမှုရလဒ် (Learning Outcomes) ဆိုင်ရာ မဏ္ဍိုင် (၃) ရပ်အကြောင်းကို အသေးစိတ် လေ့လာသွားပါမည်။
🔶 ၁။ EQF ၏ အဆင့် (၈) ဆင့် (The 8 Levels of EQF)
EQF သည် လူတစ်ဦး၏ အရည်အချင်းကို အခြေခံပညာအဆင့်မှ အဆင့်မြင့်သုတေသနအဆင့်အထိ အဆင့် (၈) ဆင့် ခွဲခြားထားပါသည်။ အဆင့်တစ်ခုချင်းစီသည် သင်ယူသူ တတ်မြောက်ထားသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုအနက်ပေါ် မူတည်၍ တိုးတက်သွားကာ၊ အောက်ခြေအဆင့်မှ အထက်သို့ တက်လှမ်းလေလေ လူတဦးသည် ပိုမိုရှုပ်ထွေးသော အလုပ်များကို တာဝန်ယူနိုင်လေလေ ဖြစ်၏။
☑ အဆင့် (၁) နှင့် (၂) (Levels 1 - 2)-
၎င်းမှာ အခြေခံအကျဆုံး "အုတ်မြစ်"Foundational level အဆင့်များ ဖြစ်သည်။ အခြေခံဗဟုသုတနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အခြားသူ၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင်သာ လုပ်ဆောင်နိုင်သည့် အဆင့်ဖြစ်သည်။ ဥပမာအားဖြင့် - အခြေခံပညာမူလတန်း အောင်မြင်မှု သို့မဟုတ် လုပ်ငန်းခွင်အတွင်း လွန်စွာရိုးရှင်းသော လက်လုပ်လက်စား အလုပ်များအတွက် ရရှိသည့် အခြေခံကျွမ်းကျင်မှုလက်မှတ်များ ပါဝင်ပါသည်။
☑ အဆင့် (၃) နှင့် (၄) (Levels 3 - 4)-
အလုပ်တစ်ခု သို့မဟုတ် ပညာရပ်တစ်ခု၏ သီအိုရီနှင့် လက်တွေ့ပိုင်းဆိုင်ရာ ဗဟုသုတများကို ပိုမိုနားလည်လာသည့် "ကျွမ်းကျင်လုပ်သား" အဆင့် ဖြစ်သည်။ ပြဿနာအချို့ကို မိမိဘာသာ ဖြေရှင်းနိုင်စွမ်းရှိလာပြီး လုပ်ငန်းခွင်တွင် အတိုင်းအတာတခုအထိ (အကန့်အသတ်ရှိသော) တာဝန်ယူမှုမျိုး ရှိလာ၏။ ဥပမာအားဖြင့် - အထက်တန်းပညာ သို့မဟုတ် သက်မွေးပညာ အဆင့်မြင့်ကျွမ်းကျင်လတ်မှတ်များရရှိထားသည့် ကျွမ်းကျင်သူများ၊ဒီပလိုမာများ ရရှိထားသည့် နည်းပညာရှင်များ (Technicians) သည် ဤအဆင့်တွင် ပါဝင်ပါသည်။
☑ အဆင့် (၅) (Level 5)-
၎င်းသည် အခြေခံအဆင့်နှင့် ဘွဲ့ဒီဂရီအဆင့်ကြား "ပေါင်းကူးတံတား" (Bridge) အဆင့် ဖြစ်သည်။ ရှုပ်ထွေးသော ပြဿနာများကို စီမံခန့်ခွဲနိုင်စွမ်း ရှိလာပြီး အခြားသူများကို အနည်းငယ် ကြီးကြပ်နိုင်သည့် စွမ်းရည်ရှိရပါမည်။ ဥပမာအားဖြင့် - အဆင့်မြင့်ဒီပလိုမာ (Advanced Diploma) သို့မဟုတ် ဖောင်ဒေးရှင်းဒီဂရီများ (Foundation Degrees) ပါဝင်ပါသည်။
☑ အဆင့် (၆) (Level 6)-
ဤအဆင့်သည် တက္ကသိုလ်ပထမဘွဲ့အဆင့်နှင့် ယေဘူယျအားဖြင့် ညီမျှပါသည်။ ပညာရပ်တစ်ခုကို နက်နဲစွာ နားလည်ရုံရုံသာမက၊ ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ငန်းကို ဦးဆောင်နိုင်ပြီး အခြေအနေအမျိုးမျိုးတွင် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့် ဖြစ်သည်။ ဥပမာအားဖြင့် - ဘွဲ့ (Bachelor's Degree) သို့မဟုတ် ထိုအဆင့်နှင့်ညီသော အသက်မွေးဝမ်းကျောင်း/အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းများ ဖြစ်ပါသည်။
☑ အဆင့် (၇) (Level 7)-
အထူးပြုပညာရပ်တစ်ခုတွင် "ကျွမ်းကျင်သူ" (Expert) အဖြစ် သတ်မှတ်နိုင်သည့်အဆင့် ဖြစ်သည်။ သုတေသနပြုနိုင်စွမ်း၊ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းနှင့် မတူညီသော နယ်ပယ်များကို ပေါင်းစပ်စီမံနိုင်စွမ်း ရှိရပါမည်။ ဥပမာအားဖြင့် - မဟာဘွဲ့ (Master's Degree) သို့မဟုတ် အဆင့်မြင့် သက်မွေးပညာ/အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းများ ဖြစ်ပါသည်။
☑ အဆင့် (၈) (Level 8)-
အမြင့်ဆုံးအဆင့်ဖြစ်ပြီး ပညာရပ်တစ်ခု၏ "ရှေ့တန်း" (Frontier) တွင် ရှိနေသူများ ဖြစ်သည်။ အသိပညာအသစ်များကို ဖန်တီးနိုင်စွမ်း ရှိရမည့်အပြင် အဖွဲ့အစည်းတစ်ခုလုံး၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်သော မူဝါဒရှင်များ ဖြစ်ရပါမည်။ ဥပမာအားဖြင့် - ပါရဂူဘွဲ့ (PhD) သို့မဟုတ် အမြင့်ဆုံးအဆင့် အရည်အချင်းများ သို့မဟုက် လုပ်ငန်းနယ်ပယ်တခု/သက်မွေးနယ်ပယ်တခုတွင် ထူးချွန်ဂုဏ်ထူးဆောင်အဆင့် ဖြစ်၏။
🔶၂။ သင်ယူမှုရလဒ်၏ မဏ္ဍိုင် (၃) ရပ် (The Three Pillars of Learning Outcomes)
EQF က အရည်အချင်းတစ်ခုကို သတ်မှတ်ရာတွင် "ကျောင်းတက်သည့်နှစ်" သို့မဟုတ် "သင်ကြားသည့်နာရီ" ကို မကြည့်ဘဲ အောက်ပါအချက် (၃) ချက်အပေါ်တွင်သာ အခြေခံပါသည်။ ဤမဏ္ဍိုင်ကြီး (၃) ရပ်သည် လူတစ်ဦး၏ အရည်အချင်းကို ဘက်စုံမှ တိုင်းတာပေးနိုင်ပါသည်။
☑ (က) ဗဟုသုတ (Knowledge)
၎င်းမှာ သင်ယူသူသည် မည်သည့်အချက်အလက်များ၊ အခြေခံသဘောတရားများနှင့် သီအိုရီများကို နားလည်သဘောပေါက်ထားသနည်းဟူသည့်အချက် ဖြစ်သည်။ EQF တွင် ဗဟုသုတကို သီအိုရီဗဟုသုတ (အယူအဆပိုင်းဆိုင်ရာ သိရှိမှု) နှင့် လက်တွေ့ဗဟုသုတ (အချက်အလက်နှင့် နည်းစနစ်ပိုင်းဆိုင်ရာ သိရှိမှု) ဟူ၍ ခွဲခြားထားပါသည်။ အဆင့်မြင့်လာသည်နှင့်အမျှ သင်ယူသူသည် မိမိနယ်ပယ်ရှိ သီအိုရီများအကြား ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစွာ မြင်လာရပါမည်။
☑ (ခ) ကျွမ်းကျင်မှု (Skills)
ဗဟုသုတရှိရုံဖြင့် မလုံလောက်ဘဲ ထိုဗဟုသုတကို လက်တွေ့အသုံးချနိုင်စွမ်း ရှိမရှိကို ကြည့်ခြင်းဖြစ်သည်။ ၎င်းကို နှစ်မျိုးခွဲခြားထားသည် -
သိမြင်နားလည်မှုဆိုင်ရာ ကျွမ်းကျင်မှု (Cognitive Skills) ➡
ယုတ္တိဗေဒကျကျ တွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ရှုပ်ထွေးသော အခြေအနေများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မှု (Analytical Thinking Skill) တို့ ပါဝင်ပါသည်။
လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Practical/Psychomotor Skills) ➡ ပစ္စည်းကိရိယာများ၊ တီထွင်မှုများ၊ နည်းလမ်းများနှင့် ကုန်ကြမ်းများကို အသုံးပြု၍ လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်း (Dexterity and Methodology) တို့ ပါဝင်ပါသည်။
☑ (ဂ) တာဝန်ယူနိုင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု (Responsibility and Autonomy)
ဤအချက်မှာ EQF ၏ အနှစ်သာရဖြစ်ပြီး သင်ယူသူသည် လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရာတွင် မည်မျှအထိ လွတ်လပ်စွာ အမှီအခိုကင်းစွာ ဆုံးဖြတ်ချက်ချနိုင်ပြီး မည်မျှအထိ တာဝန်ယူနိုင်သနည်းဟူသည့်အချက် ဖြစ်သည်။
နိမ့်သောအဆင့် lower EQF level များတွင် အခြားသူ၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်ကိုင်ရပြီး တာဝန်ယူမှုမှာ မိမိအလုပ်အတွက်သာ ဖြစ်သည်။
မြင့်သောအဆင့် higher EQF level များတွင် မိမိကိုယ်တိုင်သာမက အဖွဲ့အစည်းတစ်ခုလုံး၊ အခြားသူများ၏ တိုးတက်မှုနှင့် မဟာဗျူဟာမြောက် ပြောင်းလဲမှုများအတွက်ပါ တာဝန်ယူရပြီး လုံးဝကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် (Independence) လုပ်ဆောင်နိုင်ရပါမည်။
🔶 ၃။ ကိုးကားချက်မူဘောင်နှင့် ချိတ်ဆက်ပုံ (Referencing Process)
EQF သည် နိုင်ငံတစ်ခုချင်းစီ၏ ပညာရေးစနစ်ကို လာရောက်အစားထိုးခြင်း မဟုတ်ပါ။ နိုင်ငံတိုင်းတွင် မိမိတို့၏ အမျိုးသားအဆင့်အရည်အချင်းမူဘောင် (National Qualifications Framework - NQF) များ ရှိကြသည်။ ဥပမာ - ဂျာမနီ သို့မဟုတ် အက်စတိုးနီးယား နိုင်ငံတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းအဆင့်သတ်မှတ်ချက်များ ရှိသည်။
"Referencing" ဆိုသည်မှာ ထိုနိုင်ငံအဆင့်များကို EQF ၏ အဆင့် (၈) ဆင့်နှင့် မည်သည့်အဆင့်တွင် တူညီသနည်းဆိုသည်ကို ချိန်ညှိသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဥပမာအားဖြင့် ဂျာမန် NQF Level 4 သည် EQF Level 4 နှင့် ညီမျှကြောင်း ဥရောပတစ်ခွင်က လက်ခံလိုက်ခြင်းဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိစေပြီး ပညာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အသိအမှတ်ပြုနိုင်မှုများကို ဖြစ်ပေါ်စေပါသည်။
EQF ၏ အဆင့် (၈) ဆင့်နှင့် သင်ယူမှုရလဒ်များကို နားလည်ခြင်းဖြင့် လူအများ သည် မိမိရရှိထားသော ပညာအရည်အချင်း သို့မဟုတ် ကျွမ်းကျင်မှုသည် နိုင်ငံတကာစံနှုန်းအရ မည်သည့်နေရာတွင် ရှိသနည်းဆိုသည်ကို တိကျစွာ သိရှိနိုင်မည် ဖြစ်ပါသည်။ ၎င်းသည် မိမိ၏ အရည်အချင်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပြရာတွင် ပိုမိုခိုင်မာစေသလို၊ မိမိ၏ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းကို စနစ်တကျ ရေးဆွဲရာတွင်လည်း များစွာ အထောက်အကူပြုပါသည်။