16/08/2026
အာတိတ်စက်ဝိုင်းမြောက်ပိုင်းပင်လယ်လမ်းကြောင်းမှတစ်ဆင့် ဥရောပသို့ ခရီးစဉ်စတင်လိုက်သည့် တရုတ်ကုန်သေတ္တာတင်သင်္ဘော။
—————————————————————————
တရုတ်နိုင်ငံ၏ ကုန်သေတ္တာတင်သင်္ဘောတစ်စီးသည် အာတိတ်စက်ဝိုင်းမြောက်ပိုင်းပင်လယ်လမ်းကြောင်း (Northern Sea Route - NSR) ကို အသုံးပြု၍ ဥရောပတိုက်သို့ ခရီးစတင်ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ လမ်းကြောင်းသစ်သည် ပုံမှန်ရေကြောင်းခရီးစဉ်များထက် ကြာမြင့်ချိန် ထက်ဝက်မျှ လျှော့ချပေးနိုင်မည်ဖြစ်သော်လည်း အာတိတ်စက်ဝိုင်းဒေသ၏ ရေခဲပြင်များ ပိုမိုမြန်ဆန်စွာ အရည်ပျော်ကျလာမည်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက စိုးရိမ်မကင်း ဖြစ်လျက်ရှိကြသည်။
'Dubai Tower' အမည်ရှိ ထိုသင်္ဘောသည် အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော နိင်ဘို (Ningbo) မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မြောက်ဘက်သို့ ဦးတည်ခုတ်မောင်းကာ (Bering Strait) ကို ဖြတ်သန်းပြီးနောက် ရုရှားနိုင်ငံ မြောက်ဘက်ကမ်းလွန်ရှိ အေးခဲနေသော ရေပြင်များအတိုင်း အနောက်ဘက်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သည့် Sea Legend ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ယခုစက်တင်ဘာလ ၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဖီးလစ်စတိုး (Felixstowe) ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကာ ထိုသီတင်းပတ်အတွင်း၌ပင် ဂျာမနီနိုင်ငံ ဟမ်းဘတ် (Hamburg) နှင့် ပိုလန်နိုင်ငံ ဂဒင်းနီးယား (Gdynia) မြို့များသို့ ဆက်လက် ထွက်ခွါမည်ဖြစ်သည်။
စူးအက်တူးမြောင်းကို ဖြတ်သန်းရသည့် ပုံမှန်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက အာတိတ်မြောက်ပိုင်းလမ်းကြောင်းသည် ခရီးစဉ်ကြာမြင့်ချိန်ကို သိသိသာသာ မြန်ဆန်စေသည့်အပြင် ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုအန္တရာယ်ရှိသော ပင်လယ်နီရေပြင်ကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
မရှေးမနှောင်းကာလများကဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးစနစ်တွင် အနှောင့်အယှက်များ ကြုံတွေ့နေရချိန်၌ ယခုလမ်းကြောင်းသည် အစားထိုးစရာဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါလမ်းကြောင်းကို ရေခဲခွဲသင်္ဘောများ မလိုအပ်ဘဲ ဖြတ်သန်းနိုင်ရန်အတွက် ရေခဲများလုံလောက်စွာ အရည်ပျော်သည့် ရာသီဥတုကာလ အကန့်အသတ်အတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်သည်။
အာတိတ်ပင်လယ်လမ်းကြောင်းကို ယခင်ကလည်း အခြားသင်္ဘောလိုင်းများ ဖြတ်သန်းဖူးခဲ့ပြီး ဒိန်းမတ်နိုင်ငံအခြေစိုက် Maersk ကုမ္ပဏီက ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ Allianz Commercial ၏ ရေကြောင်းဆိုင်ရာ သုံးသပ်ချက်များအရ ၂၀၂၄ ခုနှစ်တွင် ကုန်သေတ္တာတင်သင်္ဘော ၁၅ စီးသာ ဖြတ်သန်းခဲ့ရာမှ လွန်ခဲ့သည့်နှစ်အတွင်း ၂၃ စီးအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ ထိုသို့ ကုန်သင်္ဘောများ ပိုမိုဖြတ်သန်းမောင်းနှင်လာခြင်းသည် ကမ္ဘာ့အပူချိန်မြင့်မားမှုကြောင့် ထိခိုက်လွယ်နေပြီးဖြစ်သော အာတိတ်ရေခဲပြင်များ ပြိုပျက်မှုကို ပိုမိုမြန်ဆန်လာစေနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက သတိပေးထားသည်။
ထို့ကြောင့် ပြင်သစ်နိုင်ငံမှ CMA CGM ၊ စလစ်ဇာလန်မှ MSC နှင့် ဂျာမနီမှ Hapag-Lloyd ကဲ့သို့သော အဓိကသင်္ဘောလိုင်းကြီးအချို့က အာတိတ်ရေကြောင်းလမ်းကြောင်းကို ရှောင်ရှားကြရန် ကတိပြုထားကြသည်။ သို့ရာတွင် တရုတ်နိုင်ငံက 'ပိုးလမ်းမကြီး' (Polar Silk Road) စီမံကိန်းမှတစ်ဆင့် ထိုဒေသသို့ ဝင်ရောက်ရန် လမ်းခင်းနေသဖြင့် လေ့လာသူအကဲခတ်များကမူ အာတိတ်လမ်းကြောင်းသည် အနာဂတ်ကုန်သွယ်ရေးအတွက် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။
.
.
.