Fountain Counselling Services, Myanmar

Fountain Counselling Services, Myanmar Counseling နဲ့ ပတ်သတ်တာလေးတွေကို သိသလောက် မျှဝေခြင်းပါ။

13/10/2026

တစ်ခါတလေ ကိုယ်ဆုံးရှုံးလိုက်ရတာ လူတစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ်မျှော်လင့်ထားခဲ့တဲ့ ဘဝတစ်ခုလုံးလည်း ဖြစ်နိုင်တယ်။ 💔

တချို့လူတွေက အသက်ရှင်နေသေးပေမယ့် ကိုယ့်ဘဝထဲမှာ အရင်လို မရှိတော့ဘူး။ တချို့အိပ်မက်တွေကလည်း ကိုယ်ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ တကယ်ဖြစ်မလာတော့ဘူး။ တချို့အိမ်တွေက ပြန်သွားလို့ရပေမယ့် အရင်ကလို ခံစားချက်မျိုးနဲ့ ပြန်မနေနိုင်တော့ဘူး။

အဲဒီအခါ ကိုယ်ဝမ်းနည်းနေတာဟာ ဘာကြောင့်လဲ။ ဘာကို တကယ်ဆုံးရှုံးခဲ့ရတာလဲ။

💔တချို့ဆုံးရှုံးမှုတွေမှာ အသုဘမရှိဘူး။ လူတွေက ဝမ်းနည်းကြောင်း လာမပြောကြဘူး။ တခြားသူတွေအတွက်လည်း ဘာမှထူးခြားသလို မမြင်ရဘူး။

Grief and Loss — ဆုံးရှုံးခြင်း ဆိုတာ ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါမှသာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ကိုယ်ချစ်ခဲ့တဲ့ ဆက်ဆံရေးတစ်ခု၊ မဖြစ်လာတော့တဲ့ အနာဂတ်တစ်ခု၊ မိသားစုနဲ့ အတူရှိခွင့်ရတဲ့ အချိန်တွေ၊ အရင်ကလို မျှော်လင့်ချက်အပြည့်နဲ့ နေထိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာလည်း ဝမ်းနည်းပူဆွေးမှုတွေ ရှိနိုင်ပါတယ်။

အထူးသဖြင့် ဘဝအခြေအနေတွေကြောင့် ကိုယ်စီစဉ်ထားတဲ့ အနာဂတ်ကို စွန့်လွှတ်ခဲ့ရသူတွေ၊ မိသားစုနဲ့ ဝေးကွာပြီး နိုင်ငံခြားမှာ ဘဝတည်ဆောက်နေရသူတွေ၊ အပြင်ပန်းမှာ အဆင်ပြေနေပေမယ့် အတွင်းထဲမှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရသူတွေအတွက် ဒီအကြောင်းက ပိုပြီး ရင်းနှီးနေနိုင်ပါတယ်။

တခြားသူတွေက “ရှေ့ဆက်လိုက်ပါ၊ မေ့လိုက်ပါ” လို့ ပြောနိုင်ပေမယ့် တစ်ခါတလေ ကျွန်မတို့လိုအပ်တာက မေ့ပစ်ဖို့ထက် ကိုယ်တကယ်ဆုံးရှုံးခဲ့ရတာကို နားလည်လက်ခံပေးဖို့ပါ။

ဒီဗီဒီယိုမှာ ဆုံးရှုံးခြင်းနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို နားလည်ဖို့၊ ကိုယ့်ခံစားချက်တွေကို အပြစ်မတင်ဘဲ လက်ခံတတ်ဖို့နဲ့ ယုံကြည်ခြင်းရှိတဲ့သူတစ်ယောက်လည်း ဝမ်းနည်းနိုင်တယ်၊ ငိုကြွေးနိုင်တယ် ဆိုတဲ့အကြောင်းကို မျှဝေထားပါတယ်။

ယုံကြည်ခြင်းရှိတယ်ဆိုတာ ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားရမယ်လို့ မဆိုလိုပါဘူး။

တစ်ခါတလေ ယုံကြည်ခြင်းဆိုတာ မျက်ရည်မကျအောင် ကြိုးစားနေတာ မဟုတ်ပါဘူး။

မျက်ရည်ကျနေတဲ့အချိန်မှာတောင် ဘုရားသခင်ဆီ လှည့်လာနိုင်ခြင်းပါ။

ဘုရားသခင်က ကိုယ်ဆုံးရှုံးခဲ့သမျှကို ချက်ချင်းပြန်ပေးမယ်လို့ ကျွန်မတို့ အာမမခံနိုင်ပါဘူး။

ဒါပေမယ့် ကိုယ်နာကျင်နေတဲ့အချိန်မှာ ကိုယ့်ဝမ်းနည်းမှုကို ဘုရားသခင်ရှေ့မှာ ဖုံးကွယ်ထားစရာ မလိုဘူးဆိုတာကိုတော့ သမ္မာကျမ်းစာက သင်ပေးပါတယ်။

မျှော်လင့်ချက်ရှိခြင်းနဲ့ ဝမ်းနည်းခြင်းဟာ တစ်ခုကိုတစ်ခု ပယ်ဖျက်နေတဲ့အရာတွေ မဟုတ်ပါဘူး။ ယုံကြည်ခြင်းရှိတယ်ဆိုတာ နာကျင်မှုတွေကို ဖုံးကွယ်ထားရမယ်လို့လည်း မဆိုလိုပါဘူး။

Healing ဆိုတာ မေ့ပစ်လိုက်ခြင်း မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့အရာကို အသိအမှတ်ပြုပြီး အဲဒီဆုံးရှုံးမှုနဲ့အတူ ဘဝကို တဖြည်းဖြည်း ပြန်လည်အသက်ရှင်နိုင်လာခြင်းပါ။

ဒီနေ့ ကိုယ့်ရင်ထဲမှာလည်း မပြောပြဖြစ်တဲ့ ဆုံးရှုံးမှုတစ်ခုခု ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကိုယ့်အတွက် အရေးကြီးခဲ့တဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရလို့ နာကျင်နေတာက အားနည်းခြင်း မဟုတ်ပါဘူး။

ဘုရားသခင်ရှေ့မှာလည်း ကိုယ့်မျက်ရည်တွေကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဝမ်းနည်းနေတဲ့အချိန်မှာတောင် ဘုရားဆီ လှည့်လာနိုင်ပါတယ်။

ဒီဗီဒီယိုလေးက ကိုယ်တိုင်ဝမ်းနည်းပူဆွေးနေရသူတစ်ယောက်အတွက်ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့ နာကျင်မှုကို နားလည်ပေးချင်သူအတွက်ဖြစ်စေ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ 🤍

ဒီနေ့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ “ငါတကယ် ဘာကိုဆုံးရှုံးခဲ့တာလဲ။”

တစ်ခါတလေ ကိုယ့်နာကျင်မှုကို နားလည်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ခံစားနေရတာကို ကိုယ်တိုင်အသိအမှတ်ပြုပေးခြင်းပါပဲ။

#ဆုံးရှုံးခြင်း

06/10/2026

🔷 “မလုပ်တော့ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီးမှ… ဘာလို့ အဲဒီအမှားထဲကိုပဲ ထပ်ခါထပ်ခါ ပြန်ဝင်မိနေတာလဲ?

နောင်တရတယ်။ ငိုတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်။
“ဒီတစ်ခါတော့ တကယ်မလုပ်တော့ဘူး” လို့ ကတိပေးတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ…
မလုပ်ချင်တော့တဲ့ အမှားဟောင်းကြီးထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ် ပြန်လျှောက်ဝင်မိပြန်တယ်။

အဲဒီအချိန်မှာ သူတစ်ပါးကို စိတ်ပျက်ရတာထက် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ရတာက ပိုနာကျင်တတ်ပါတယ်။

“ငါဘာလို့ ဒီလိုဖြစ်နေရတာလဲ?”
“ငါ့ကိုယ်ငါတောင် မထိန်းနိုင်ဘူးလား?”
“ငါက တကယ်ပဲ လူညံ့တစ်ယောက်လား?”

ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တရားစီရင်မိတတ်ပါတယ်။

တစ်ခါတလေ ကျွန်မတို့ရဲ့စိတ်က ကောင်းမွန်တဲ့အရာထက် ရင်းနှီးနေတဲ့အရာကို ပိုလွယ်လွယ်ကူကူ ပြန်ရွေးမိတတ်ပါတယ်။

အဲဒီအခါမှာ

“ငါဖြစ်ချင်တဲ့လူ” နဲ့
“ငါလက်တွေ့ဖြစ်နေတဲ့လူ”
ကြားမှာ ကွာဟချက်ကြီး ဖြစ်လာပါတယ်။

ဒီလို အသိစိတ်နဲ့ လုပ်ရပ်ကြား မကိုက်ညီမှုကို စိတ်ပညာမှာ Cognitive Dissonance လို့ ခေါ်ပါတယ်။
ပြီးတော့ စိတ်ထဲက ဒီမသက်မသာမှုကို လျှော့ချဖို့ ကျွန်မတို့ဟာ အများအားဖြင့် နည်းလမ်းနှစ်ခုထဲက တစ်ခုကို ရွေးတတ်ပါတယ်…

၁။ လုပ်ရပ်ကို ပြောင်းလဲဖို့ ကြိုးစားခြင်း
အကျင့်ဟောင်းကို တကယ်ဖြတ်ဖို့ ကြိုးစားတာ။
၂။ ကိုယ့်လုပ်ရပ်အတွက် ဆင်ခြေပေးခြင်း
“ဒီတစ်ခါပဲ…”
“စိတ်ညစ်လို့ပါ…”
“အားလုံးလည်း ဒီလိုပဲ…”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သက်သာအောင် ရှင်းပြတာ။
အချိန်ကြာလာတဲ့အခါ Self-Loathing ဖြစ်လာနိုင်ပါတယ်။
“ငါက အရေခြုံပဲ…”
“ငါက တန်ဖိုးမရှိဘူး…”
“ငါက ပြောင်းလဲလို့မရဘူး…”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တရားသူကြီးလုပ်ပြီး အပြစ်ပေးလာတတ်ပါတယ်။

ပိုဆိုးတာက ဒီအရာတွေကို တခြားသူတွေ သိသွားမှာကြောက်လို့ တစ်ယောက်တည်း လျှို့ဝှက်ပြီး ခံစားနေရတာ ဖြစ်ပါတယ်။

အဲဒီအခါမှာ ဘဝက “ရုန်းလေလေ ပိုနစ်လေလေ” ဖြစ်နေတဲ့ ရွှံ့ညွန် တစ်ခုလို ခံစားလာရတတ်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ကျွန်မတို့ မေ့နေတတ်တဲ့အရာတစ်ခုရှိပါတယ်။

သိုးတစ်ကောင်ဟာ ဆူးတောထဲ ပိတ်မိသွားတဲ့အခါ ကိုယ့်အားနဲ့ကိုယ် ပြန်ထွက်ဖို့ မလွယ်ပါဘူး။

ပိုရုန်းလေလေ ပိုညှပ်မိနိုင်ပါတယ်။

အဲဒီအချိန်မှာ သိုးရဲ့မျှော်လင့်ချက်က
“ငါ့ကိုယ်ငါ ဘယ်လိုပြန်ကယ်မလဲ” ဆိုတာတစ်ခုတည်း မဟုတ်တော့ပါဘူး။

သိုးထိန်းက သူ့ဆီ လာရှာနိုင်ပါတယ်။

သိုးက သိုးထိန်းဆီကို အားအပြည့်နဲ့ ပြန်ပြေးလာနိုင်လို့ သိုးထိန်းက ချစ်တာမဟုတ်ပါဘူး။

သိုးမပြန်နိုင်တဲ့နေရာအထိ သိုးထိန်းက ကိုယ်တိုင်သွားပြီး ရှာဖွေ၊ ပွေ့ချီပြီး ပြန်ခေါ်လာတာပါ။

တစ်ခါတလေ ကျွန်မတို့က
ကိုယ့်အကျင့်၊ ကိုယ့်အပြစ်၊ ကိုယ့်ဒဏ်ရာ၊ ကိုယ့်အတိတ်၊ ကိုယ့် Addiction တွေထဲမှာ ကိုယ့်အားနဲ့ကိုယ် ရုန်းထွက်လို့မရတဲ့အခြေအနေ ရောက်နေတတ်ပါတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က
“မင်းအရင်ပြင်ဆင်ပြီးမှ ငါ့ဆီလာ”
လို့ ပြောတာမဟုတ်ပါဘူး။
ပျောက်နေတဲ့သိုးဆီကို သိုးထိန်းက လာရှာသလို
ကျွန်မတို့ရှိနေတဲ့နေရာအထိ ဘုရားသခင်က လာရောက်ရှာဖွေတဲ့ ဘုရားသခင်ဖြစ်ပါတယ်။

“ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။”
ရောမ ၇:၁၉
ဒီစကားကို ရှင်ပေါလုကိုယ်တိုင် ပြောခဲ့ပါတယ်။
ဒါကြောင့် အခုချိန်မှာ
“ငါတစ်ယောက်တည်းပဲ ဒီလိုဖြစ်နေတာ”
လို့ မထင်ပါနဲ့။
ကျွန်မတို့က မျှော်လင့်ချက်မရှိတဲ့လူ မဟုတ်ပါဘူး။

ပျောက်နေတဲ့သိုးကို သိုးထိန်းက မမေ့ပါဘူး။

29/09/2026

“ဒါက ကျွန်တော်တို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါ…”

တစ်ရက်မှာ ပြည်ပမှာရှိတဲ့ မိတ်ဆွေတွေနဲ့ စကားပြောရင်း သူတို့တက္ကသိုလ်မှာရှိတဲ့ မြန်မာကျောင်းသားတစ်ယောက်အကြောင်း ကြားဖြစ်ခဲ့တယ်။

Professor က မြန်မာကျောင်းသားတွေကို
“ဘာလို့ စာလည်း ဒီလောက်ကြိုးစား၊ အလုပ်လည်း ဒီလောက်ကြိုးစားကြတာလဲ?” လို့ မေးတဲ့အခါ…

ကျောင်းသားလေးတစ်ယောက်က

“ဒါက ကျွန်တော်တို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါ။ နောက်ပြန်လှည့်လို့လည်း မရတော့ဘူး။ အရှေ့ကိုကြည့်ရင်လည်း အနာဂတ်က မသေချာဘူး။ ဒါပေမယ့် ဒီအရာကတော့ ကျွန်တော့်လက်ထဲမှာ ရှိသေးတယ်…” လို့ ပြန်ဖြေခဲ့တယ်တဲ့။

ဒီစကားလေးကို ကြားရတဲ့အခါ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ လူတွေအများကြီးရဲ့ ဘဝကို ပြန်မြင်မိတယ်။

ကိုယ့်ရဲ့ ပညာရေးနဲ့ မကိုက်ညီတဲ့အလုပ် ဖြစ်နိုင်တယ်။
ကိုယ့်ရဲ့ အိပ်မက်နဲ့ မကိုက်ညီတဲ့အလုပ် ဖြစ်နိုင်တယ်။
နောက်ပြန်လှည့်ဖို့လည်း မဖြစ်နိုင်တော့ဘူး။
ရှေ့ကိုကြည့်ရင်လည်း ဘာဖြစ်မလဲ မသေချာဘူး။

ဒါပေမယ့် လက်ထဲမှာ ကျန်နေတဲ့အရာတစ်ခုကိုပဲ ဆုပ်ကိုင်ပြီး ဆက်လျှောက်နေကြရတဲ့သူတွေ ရှိတယ်။

တစ်ခါတလေ ကိုယ့်မှာရှိသမျှ အရာအားလုံး ဆုံးရှုံးသွားတဲ့အခါ လက်ထဲမှာ ကျန်နေတဲ့ ကြိုးတစ်မျှင်လေးတောင် ကိုယ့်အတွက် နောက်ဆုံးအားကိုးရာ ဖြစ်နေတတ်ပါတယ်။

💔 အိပ်မက်တွေ ပျောက်သွားသလို ခံစားရတဲ့အချိန်တွေရှိတယ်။
💔 အနာဂတ် မရှိတော့သလို ခံစားရတဲ့အချိန်တွေရှိတယ်။
💔 မိသားစုအတွက်လည်း နောက်ပြန်ကြည့်စရာ မရှိတော့သလို ခံစားရတဲ့သူတွေရှိတယ်။

ပြည်ပမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ်…
ကိုယ့်လက်ထဲမှာ ကျန်နေတဲ့အရာတစ်ခုတည်းကိုပဲ အားကိုးပြီး ရှေ့ဆက်နေရသူတွေ ရှိပါတယ်။

ဒါပေမယ့် ဒီနေ့ ကျွန်မတို့ကို သတိပေးချင်တာက
ကျွန်မတို့ရဲ့ အနာဂတ်တစ်ခုလုံးဟာ လက်ထဲမှာရှိတဲ့အရာတစ်ခုတည်းပေါ်မှာ မတည်ပါဘူး။

အရာအားလုံး ပျောက်ဆုံးသွားသလို ခံစားရတဲ့အချိန်မှာတောင် မျှော်လင့်ခြင်းကို ပေးနိုင်တဲ့အရှင် ရှိနေပါသေးတယ်။

လူတွေမပေးနိုင်တဲ့ ငြိမ်သက်ခြင်း၊
အခြေအနေတွေမပေးနိုင်တဲ့ မျှော်လင့်ခြင်း၊
ကိုယ့်ကိုယ်ကိုယ်တောင် မပေးနိုင်တော့တဲ့ ခွန်အား
အဲဒါတွေကို ဘုရားရှင်က ပေးနိုင်ပါတယ်။

အခု ကျွန်မတို့ရဲ့ လက်ထဲမှာ “ကြိုးတစ်မျှင်” လောက်ပဲ ကျန်နေသလို ခံစားနေရရင်တောင်…

အဲဒီကြိုးတစ်မျှင်က ကျွန်မတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက် မဟုတ်ပါဘူး။
မျှော်လင့်ခြင်းရဲ့ အရှင် ရှိနေပါသေးတယ်။ 🤍

အားလုံးကို ဘုရားရှင်ကောင်းကြီးပေးပါစေ။

#နောက်ဆုံးမျှော်လင့်ချက် #မျှော်လင့်ခြင်း

22/09/2026

တစ်ခါတလေ ကျွန်မတို့ဘဝမှာ... ပြဿနာကို ချက်ချင်းဖြေရှင်းပေးမယ့်သူထက်၊ "မစိုးရိမ်နဲ့နော်၊ ငါ ရှိတယ်" ဆိုပြီး ဘေးမှာ အတူရှိပေးမယ့်သူမျိုးကို ပိုလိုအပ်တတ်ပါတယ်။
ဘာလို့လဲဆိုတော့... ကျွန်မတို့ တကယ် ပင်ပန်းနေရတာက ပြဿနာရဲ့ ကြီးမားမှုတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အဲဒီပြဿနာကြီးကို "ငါတစ်ယောက်တည်း သယ်ပိုးနေရတယ်" ဆိုတဲ့စိတ်ကြောင့်ပါ။
ဒီနေ့တော့ "Safe Place" (လုံခြုံတဲ့ အရပ်) ဆိုတာလေးအကြောင်းနည်းနည်းလောက်ပြောပြချင်ပါတယ်။
🩵 Safe Place ဆိုတာ "ဘာမှမဖြစ်တဲ့ နေရာ" ကို ပြောတာ မဟုတ်ပါဘူး။ "ဘာပဲဖြစ်လာလာ... ငါတစ်ယောက်တည်း မဟုတ်ဘူး" လို့ ရင်ထဲက တကယ်သိနေတဲ့ နေရာပါ။
❤️‍🩹ဘဝမှာ အဆင်မပြေမှုတွေ၊ ဆုံးရှုံးမှုတွေ၊ Relationship တွေရဲ့ နာကျင်မှုနဲ့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေဆိုတာ လုံးဝ မရှိတော့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် Safe Place ရှိတယ်ဆိုတာ အခက်အခဲတွေ ကင်းဝေးသွားတာမဟုတ်ဘဲ... "ဒီလိုခက်ခဲနေတဲ့ အချိန်မှာတောင် ငါတစ်ယောက်တည်း မဟုတ်ပါလား" ဆိုတဲ့ အသိကြောင့် ရတဲ့ ငြိမ်သက်ခြင်းပါ။

ကျွန်မတို့ အတွင်းစိတ်က အမြဲတမ်း
💔"တစ်ခုခု မှားသွားရင် ဘာဖြစ်မလဲ?"
💔"သူတို့ ငါ့ကို ဘယ်လိုမြင်မလဲ?"
💔"ငါ့ကို တစ်ယောက်တည်း ထားသွားကြရင် ဘယ်လိုလုပ်မလဲ?"
ဆိုပြီး အမြဲ စိုးရိမ်စိတ်နဲ့ သတိထားနေရရင် အပြင်မှာ ဘာမှမဖြစ်ရင်တောင် အတွင်းစိတ်က အမြဲ မောပန်းနေတတ်ပါတယ်။ အမြဲတမ်း သန်မာနေရတာ စိတ်ရော ခန္ဓာပါ နွမ်းနယ်လာတတ်ကြတယ်။
တစ်ခါတလေ လူတစ်ယောက်က "ငါက Independent ဖြစ်တယ်၊ ဘယ်သူ့ကိုမှ မလိုဘူး" လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ အဲဒါက သတ္တိရှိတာထက် "ငါ့မှာ အားကိုးစရာ ဘယ်သူမှမရှိဘူး" ဆိုပြီး အတိတ်က ရခဲ့တဲ့ ဒဏ်ရာကြောင့် ဖြစ်နေတတ်တယ်။
Safe Place ရှိခြင်းက ကိုယ့်ကို အားနည်းသွားစေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဒိုင်းကာကြီးကို ခဏချပြီး စိတ်အေးလက်အေး အသက်ရှူလို့ရပြီ ဆိုတဲ့ ခံစားချက်ကို ပေးတာပါ။

✨ Safe Place ရဲ့ အဓိက ရည်ရွယ်ချက်က အဲဒီထဲမှာပဲ တစ်သက်လုံး ပုန်းနေဖို့ မဟုတ်ပါဘူး။ ကမ္ဘာကြီးထဲကနေ ထွက်ပြေးဖို့ မဟုတ်ဘဲ၊ ကမ္ဘာကြီးထဲကို ပြန်ဝင်ပြီး "ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့" ဖြစ်ပါတယ်။
လုံခြုံမှုကို ခံစားရတဲ့အခါ ကျွန်မတို့ အသက်ဝဝ ရှူနိုင်လာတယ်။ အသက်ရှူနိုင်လာတဲ့အခါ အေးအေးဆေးဆေး စဉ်းစားနိုင်လာတယ်။ စဉ်းစားနိုင်လာတဲ့အခါ နာကျင်မှုကို နားလည် လက်ခံနိုင်လာပြီး... ပြန်ပြီး မတ်တတ်ရပ်နိုင်တဲ့ သတ္တိ (Courage) ကို ရရှိစေပါတယ်။

ဒါကို ဆာလံကျမ်း ၄၆ (Psalm 46) ထဲမှာလည်း အရမ်းလှအောင် တွေ့ရပါတယ်။ ကျမ်းစာထဲမှာ မြေကြီးတုန်လှုပ်တယ်၊ တောင်တွေ ပင်လယ်ထဲ လှုပ်ခတ်သွားတယ်... အခြေအနေတွေက လုံးဝ မငြိမ်သက်ပါဘူး။
ဆာလံ ၄၆ က "ပြဿနာမရှိတဲ့ ဘဝ" အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ အဲဒီလို မုန်တိုင်းထနေတဲ့ အခြေအနေထဲမှာပဲ “God is our refuge.” (ဘုရားသခင်သည် ငါတို့၏ ခိုလှုံရာ ဖြစ်တော်မူ၏) လို့ အခိုင်အမာ ပြောထားတာပါ။
ဘုရားသခင်က ခိုလှုံရာဖြစ်တာက ပြဿနာတွေကို ချက်ချင်း ပျောက်ကွယ်သွားစေလို့ မဟုတ်ပါဘူး။ ပြဿနာတွေ ရှိနေတုန်းမှာကိုပဲ ငါတို့နဲ့အတူ ရှိနေပေးတာပါ။
အဲဒါကြောင့် "ဘုရားရှိလို့ ဘာမှမဖြစ်တော့ဘူး" ဆိုတာထက်... "ဘဝမှာ ဘာပဲဖြစ်လာလာ ဘုရားသခင် ငါနဲ့အတူ ရှိနေတယ်" ဆိုတဲ့ ခိုင်မာတဲ့ မျှော်လင့်ခြင်း ဖြစ်ပါတယ်။
ဒီနေ့ ကိုယ့်ကိုယ်ကို မေးကြည့်ရအောင်...
"ငါ့ဘဝမှာရော Safe Place တစ်ခု ရှိရဲ့လား?" 🤔
💔 ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်ခံလို့ရတဲ့နေရာ၊
💔 "ငါမသိဘူး" လို့ ရိုးသားစွာ ပြောလို့ရတဲ့နေရာ၊
💔 "ငါကြောက်တယ်၊ ငါမခံနိုင်တော့ဘူး" လို့ ရင်ဖွင့် ငိုကြွေးလို့ရတဲ့နေရာ... အဲဒီလိုနေရာမျိုး ရှိရဲ့လား?
ဒါမှမဟုတ် အမြဲတမ်း ဟန်ဆောင်ပြီး သန်မာ Strong နေရတဲ့ နေရာပဲ ဖြစ်နေသလား?

Safe Place ဆိုတာ ပြဿနာတွေဆီက ပုန်းအောင်းဖို့ မဟုတ်ဘဲ၊ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ "ငါတစ်ယောက်တည်း မဟုတ်ပါလား" လို့ ခံစားရတဲ့ နေရာပါ။
အနားမှာ ရှိပေးတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်။ နွေးထွေးတဲ့ Relationship တစ်ခု ဖြစ်နိုင်တယ်။
✨ ဒါမှမဟုတ် ဘယ်သူမှ မရှိတော့ဘူးလို့ ခံစားရတဲ့ အချိန်မှာတောင်... ဘုရားသခင်က ငါ့ရဲ့ခိုလှုံရာ ဖြစ်တယ် ဆိုတဲ့ ဘုရားရဲ့ မျက်မှောက်တော်လည်းဖြစ်နိုင်ပါတယ်…

15/09/2026

“မနက်ဖြန်တော့ တစ်ခုခုဖြစ်လာမှာပါ…
နောက်တစ်လဆိုရင်တော့ အဆင်ပြေလာမှာပါ…
နောက်တစ်နှစ်ဆိုရင်တော့ အခြေအနေတွေ ပြောင်းလဲလာမှာပါ…”
ဒီလိုမျှော်လင့်ရင်း၊ စောင့်ရင်း၊ ပြန်ပြီးစိတ်ပျက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ကျွန်မတို့ရဲ့အတွင်းထဲမှာ တစ်ခုခုက တဖြည်းဖြည်းကုန်ခမ်းလာတတ်ပါတယ်။
✨မျှော်လင့်ချက်ပါ။✨

အဲဒီအခါ
“ဘာပဲလုပ်လုပ် ဘာမှမထူးပါဘူး”
“ကြိုးစားလည်း အကျိုးမရှိဘူး”
“မလုပ်တော့လည်း ဘာမှမဖြစ်ပါဘူး”
ဆိုတဲ့ခံစားချက်တွေ ဝင်လာတတ်ပါတယ်။
🔷 အဲဒါကြောင့် ကိုယ့်ရဲ့တာဝန်တွေ၊ အလုပ်တွေကိုတောင် မလုပ်ချင်တော့တဲ့အချိန်တွေ ရှိလာနိုင်ပါတယ်။
🔷 အဲဒါက ပျင်းလို့လည်း မဟုတ်ပါဘူး။
တာဝန်မယူချင်လို့ လည်း မဟုတ်ပါဘူး။
🔷 တစ်ခါတလေ ကျွန်မတို့က အကြိမ်ကြိမ်မျှော်လင့်ပြီး အကြိမ်ကြိမ်စိတ်ပျက်လာတာကြောင့် မျှော်လင့်ခြင်းရဲ့ လောင်စာကုန်လာတာ ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေကို နားလည်ဖို့ အချက်သုံးချက်ကို စဉ်းစားကြည့်လို့ရပါတယ်။

၁။ မျှော်လင့်ချက်နဲ့ Motivation လျော့လာခြင်း
ကြိုးစားသလောက် ရလဒ်မမြင်ရတာကြာလာတဲ့အခါ “ငါဘာလုပ်လုပ် အပိုပဲ” ဆိုတဲ့ခံစားချက် ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုခံစားချက်က ရှေ့ဆက်ဖို့လိုတဲ့ စိတ်အားကို တဖြည်းဖြည်း လျော့နည်းစေနိုင်ပါတယ်။

၂။ ကိုယ့်တန်ဖိုးကို ကိုယ့်ရလဒ်တွေနဲ့ တိုင်းတာလာခြင်း
အထူးသဖြင့် စီးပွားရေးအခက်အခဲတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ၊ မိသားစုအတွက် ရုန်းကန်ပေးနေရမှုတွေကြားမှာ
“ငါ ဒီလောက်ကြိုးစားနေတာတောင် ဘာမှမဖြစ်လာဘူး”
“ငါက အသုံးမကျဘူးလား”
ဆိုတဲ့အတွေးတွေ ဝင်လာနိုင်ပါတယ်။

Social Media ပေါ်က တခြားသူတွေရဲ့ အဆင်ပြေနေတဲ့ဘဝတွေကို ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိတဲ့အခါ ဒီခံစားချက်က ပိုပြင်းလာနိုင်ပါတယ်။

၃။ မရေရာတဲ့အနာဂတ်ကြောင့် စိတ်နဲ့ခန္ဓာကိုယ်က အမြဲတမ်း Alert ဖြစ်နေခြင်း
မနက်ဖြန်ဘာဖြစ်မလဲ၊ နောက်လဘာဖြစ်မလဲ မသေချာတဲ့အခြေအနေတွေက ကျွန်မတို့ကို အမြဲတမ်း ရှင်သန်ဖို့အတွက် အဆင်သင့်ဖြစ်နေစေပါတယ်။
📱ဖုန်းတစ်လုံးမှာ Background မှာ Application တွေအများကြီး ဖွင့်ထားရင် Battery က ဘာမှမလုပ်ဘဲနဲ့တောင် တဖြည်းဖြည်းကုန်သွားသလိုပါပဲ။
💔အဲဒီလိုပဲ ကျွန်မတို့ရဲ့စိတ်ကလည်း တစ်နေ့လုံး မမြင်ရတဲ့အရာတွေကို စောင့်ကြည့်၊ တွေးပူ၊ ခန့်မှန်းနေရတဲ့အခါ မောပန်းနွမ်းနယ်လာနိုင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ကျွန်မတို့ မမေ့သင့်တဲ့အရာတစ်ခုရှိပါတယ်။
✨ဘုရားသခင်က သိတယ်။
“သင်တို့အဖို့ ငါကြံစည်သောအကြံတို့ကို ငါသိ၏…” ယေရမိ ၂၉:၁၁
🔥 ဒီစကားက လွယ်လွယ်ကူကူ အဆင်ပြေသွားမယ်လို့ ကတိပေးတာမဟုတ်ပါဘူး။ အဲဒီစကားကို ပထမဆုံးကြားခဲ့တဲ့သူတွေဟာလည်း လွယ်ကူတဲ့အခြေအနေထဲမှာ ရှိနေခဲ့ကြတာမဟုတ်ပါဘူး။

🔥 ဒါပေမယ့် သူတို့ရဲ့ မရေရာတဲ့အခြေအနေထက် ဘုရားသခင်ရဲ့ အကြံအစည်က ပိုကြီးတယ် ဆိုတာကိုတော့ ဘုရားသခင်က သတိပေးခဲ့ပါတယ်။
ဒီနေ့ ကျွန်မတို့ရဲ့ အခြေအနေတွေက မျှော်လင့်ချက်ကို မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်ပါတယ်။
✨ဒါပေမယ့် မမြင်ရတာဟာ ဘုရားသခင် အလုပ်မလုပ်နေဘူးလို့ မဆိုလိုပါဘူး။
အခြေအနေတွေထဲမှာပဲ ကိုယ့်ကိုယ်ကို အရှုံးသမားလို့ မသတ်မှတ်ဘဲ၊ အဲဒီအခြေအနေတွေရဲ့အထက်မှာရှိတဲ့ ဘုရားသခင်ကို ဆက်ပြီးမျှော်လင့်ကြရအောင်။
မျှော်လင့်ချက်ကုန်သွားတဲ့အချိန်မှာတောင်
ဘုရားသခင်ရဲ့ သစ္စာရှိခြင်းက မကုန်သွားပါဘူး။

🤍ဒီနေ့ ကျွန်မတို့ အရမ်းမောပန်းနေတယ်ဆိုရင်
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
ခဏရပ်ပြီး အသက်ရှူပါ။
ကိုယ့်ရဲ့ပင်ပန်းမှုကို အသိအမှတ်ပြုပါ။
ပြီးတော့ ကျွန်မတို့ မမြင်နိုင်သေးတဲ့အရာတွေကို ဘုရားသခင်ရဲ့လက်ထဲမှာ ပြန်အပ်လိုက်ပါ။

ကျွန်မတို့ မမျှော်လင့်နိုင်တော့တဲ့နေ့တွေမှာတောင်
ဘုရားသခင်က ကျွန််မတို့အတွက် မျှော်လင့်ချက်ဖြစ်နေဆဲပါ။










#မျှော်လင့်ချက်
#စိတ်ပင်ပန်းခြင်း

08/09/2026

အချိန်က ဒဏ်ရာတွေကို ကုစားပေးနိုင်လား။
တစ်ချို့သောနာကျင်မှုတွေက လူတွေမမြင်နိုင်တဲ့နေရာမှာ ဖြစ်ခဲ့ကြပါတယ်။
ငယ်ဘဝက ရရှိခဲ့တဲ့ဒဏ်ရာတွေ…
ငြင်းပယ်ခံခဲ့ရတဲ့အချိန်တွေ…
ဆုံးရှုံးမှုတွေ…
မပြောဖြစ်ခဲ့တဲ့ဝမ်းနည်းမှုတွေ…
ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့တဲ့အချိန်တွေ…
⏳အချိန်တွေကြာလာတာနဲ့အမျှ အဖြစ်အပျက်တွေက အတိတ်မှာကျန်ခဲ့ပေမယ့်၊ အဲဒီအဖြစ်အပျက်တွေရဲ့ သက်ရောက်မှုကတော့ ကျွန်မတို့ရဲ့စိတ်၊ ဆက်ဆံရေးတွေနဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ပုံစံထဲမှာ ဆက်ရှိနေနိုင်ပါတယ်။
ဒါက စိတ်ဒဏ်ရာရဲ့သဘောတရားတစ်ခု ဖြစ်နိုင်ပါတယ်။
Healing ဆိုတာ အတိတ်ကိုဖျက်ပစ်လိုက်တာ မဟုတ်ပါဘူး။ “ဘာမှမဖြစ်ခဲ့သလို” ပြန်ဖြစ်သွားဖို့ ကြိုးစားတာလည်း မဟုတ်ပါဘူး။
တစ်ခါတလေ Healing ဆိုတာ
“ဒါက ငါ့ဘဝမှာ ဖြစ်ခဲ့တယ်… ဒါပေမယ့် ဒါက ငါဘယ်သူလဲဆိုတာကို အပြီးသတ်ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ဘူး” လို့ တဖြည်းဖြည်းပြန်ပြောနိုင်လာခြင်း ဖြစ်ပါတယ်။
⭐️ဂျပန်ရိုးရာ Kintsugi အနုပညာမှာ ကွဲသွားတဲ့အိုးကို လွှင့်ပစ်မယ့်အစား အက်ကြောင်းတွေကို ပြန်ပြုပြင်ပြီး အဲဒီအက်ကြောင်းတွေကို ရွှေရောင်နဲ့ ထင်ရှားအောင် ဖော်ပြကြပါတယ်။
ကျွန်မတို့ရဲ့ဘဝမှာလည်း
ဘုရားသခင်က ကျွန်မတို့ရဲ့အက်ကြောင်းတွေကို မမြင်ချင်ယောင်ဆောင်ပြီး ဖုံးကွယ်ပစ်ဖို့ မတောင်းဆိုပါဘူး။
တစ်ခါတလေ ကိုယ်တိုင်အားနည်းတယ်လို့ထင်တဲ့နေရာမှာပဲ သူ့ရဲ့ကျေးဇူးတော်ကို ပိုမိုနက်ရှိုင်းစွာ တွေ့ရှိလာနိုင်ပါတယ်။

“ငါ၏ကျေးဇူးတော်သည် သင့်အဖို့ လုံလောက်၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်း၌ ပြည့်စုံတတ်၏။” ၂ ကောရိန္သု ၁၂:၉
ကျွန်မတို့ ဘဝမှာ အက်ကြောင်းတွေရှိနေတာကြောင့်
ကျွန်မတို့က တန်ဖိုးမရှိတော့တဲ့သူ မဟုတ်ပါဘူး။
Healing ဟာ တစ်ညတည်းနဲ့ ပြီးဆုံးသွားတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတလေ ခြေလှမ်းသေးသေးလေးတွေနဲ့၊ မျက်ရည်တွေနဲ့၊ ဆုတောင်းခြင်းတွေနဲ့၊ လုံခြုံတဲ့ဆက်ဆံရေးတွေနဲ့၊ ကိုယ့်အတွင်းကနာကျင်မှုကို ရိုးသားစွာ ရင်ဆိုင်ခြင်းတွေနဲ့ တဖြည်းဖြည်း ဖြစ်လာတာပါ။
Healing ဆိုတာ အကူအညီလိုအပ်ကြောင်း ဝန်ခံနိုင်ခြင်း၊ နာကျင်မှုကို ရင်ဆိုင်နိုင်ခြင်းနဲ့ ကျေးဇူးတော်ကို ပြန်လည်လက်ခံနိုင်ခြင်းလည်း Healing ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။







01/09/2026

“ဘာဖြစ်လို့ ငါ့ကျမှလဲ?”
“ဘာဖြစ်လို့ ငါ့မိသားစုမှာ ဒီလိုအခြေအနေတွေ ကြုံနေရတာလဲ?”
ဆိုတဲ့ မေးခွန်းတွေကို အခက်အခဲတွေကြားမှာ ကျွန်မတို့ မေးမိတတ်ကြပါတယ်။

ဒါဆို ဘာဖြစ်လို့ “ဘာဖြစ်လို့လဲ?” ဆိုတဲ့မေးခွန်းကို ကျွန်မတို့ အမြဲမေးမိတာလဲ?

စိတ်ပညာအရ ကြည့်မယ်ဆိုရင် ကျွန်မတို့ဟာ အခြေအနေတစ်ခုကို မထိန်းချုပ်နိုင်တော့တဲ့အခါ စိုးရိမ်ပူပန်မှု ပိုတက်လာတတ်ပါတယ်။

ဥပမာ - ပြဿနာတစ်ခုကြုံလာပေမဲ့
“ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်လိုကိုင်တွယ်ရမလဲ” ဆိုတာ ကိုယ်သိနေတယ်ဆိုရင် စိုးရိမ်စိတ်က အရမ်းမပြင်းထန်တတ်ပါဘူး။

ဒါပေမဲ့ အခြေအနေက ကိုယ်ကိုင်တွယ်ဖြေရှင်းနိုင်တာထက် ကျော်လွန်သွားတဲ့အခါ
“ဘာဖြစ်လို့လဲ?”
“ဘာလုပ်ရမလဲ?”
“နောက်ဘာဖြစ်မလဲ?”
ဆိုတဲ့ မေးခွန်းတွေက စိတ်ထဲမှာ ပိုပြီးကျယ်လောင်လာတတ်ပါတယ်။
ဒါဟာ ဘုရားကို မယုံကြည်လို့ပဲ ဆိုတာထက်
မသေချာမှုနဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်နေရတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ လူသားတွေရဲ့ သဘာဝစိတ်တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာတိုင်းမှာ အဖြေကို ချက်ချင်းရှာတွေ့နိုင်မယ်လို့တော့ မဆိုနိုင်ပါဘူး။

တစ်ခါတလေ ကျွန်မတို့လိုချင်တာက အဖြေ ဖြစ်ပေမဲ့
ဘုရားသခင်က ကျွန်မတို့ကို ပေးနေတဲ့အရာက “ငါ မင်းအနားမှာရှိတယ်” ဆိုတဲ့ သူ့ရဲ့အတူရှိခြင်း ဖြစ်နိုင်ပါတယ်။

🤍 အဖြေမရသေးတာက ဘုရားသခင် မရှိတာမဟုတ်ပါဘူး။
🤍 အရာအားလုံးကို နားမလည်သေးတာက ဘုရားသခင် မလုပ်ဆောင်နေဘူးလို့လည်း မဆိုလိုပါဘူး။

ကျမ်းစာထဲမှာ ဘာပြောလဲဆိုတော့
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။” မဿဲ ၁၁:၂၈

ဒီနေ့ ကျွန်မတို့မှာ အဖြေမရှိသေးရင်တောင် ကျွန်မတို့တစ်ယောက်တည်း မဟုတ်ပါဘူး။
ဘုရားသခင်က ကျွန်မတို့အနားမှာ ရှိနေပါတယ်။ 🤍

25/08/2026

လူတွေရဲ့လက်ခုပ်သံလား… ဘုရားသခင်သတ်မှတ်ထားတဲ့ တန်ဖိုးလား?

လူတိုင်းက မော့ကြည့်ရတဲ့ “ဘုရင်” တစ်ပါးဖြစ်နေပါလျက်နဲ့… အတွင်းထဲမှာတော့ “ငါက ဘာမှမဟုတ်ဘူး” လို့ ခံစားနေရတဲ့ ဝိရောဓိဆန်တဲ့ ခံစားချက်ကို ကျွန်မတို့တွေ တခါတလေ ခံစားမိတတ်ကြတယ်..
ဣသရေလရဲ့ ပထမဆုံးဘုရင် ရှောလု ကအရပ်အမောင်းကောင်းပြီး ချောမောသူတစ်ယောက်ဖြစ်ခဲ့ပေမယ့်၊ သူ့ရဲ့တန်ဖိုးကို ဘုရားသခင်ဆီမှာ အပြည့်အဝမရှာနိုင်တဲ့အခါ လူတွေရဲ့အသိအမှတ်ပြုမှုနဲ့ ချိတ်ဆက်မိလာခဲ့တယ်။
ရှောလုရဲ့ဘဝအသက်တာကိုကြည့်မယ်ဆိုရင်…
လူတွေရဲ့အသိအမှတ်ပြုမှုကို မဆုံးရှုံးချင်တဲ့အခါ ဘုရားသခင်ရဲ့အမိန့်ထက် လူတွေရဲ့စကားကို ဦးစားပေးမိခဲ့တာကို တွေ့ရတယ်။

စိတ်ပညာရှင် Alfred Adler ရဲ့ အမြင်အရ Inferiority - သိမ်ငယ်စိတ် ဆိုတာ ကိုယ့်ရဲ့အားနည်းချက်တစ်ခုခုကို အခြေခံပြီး “ငါဟာ သူများထက် နိမ့်ကျနေတယ်” ဆိုတဲ့ အတွင်းစိတ်ယုံကြည်ချက်တွေ ဖြစ်ပေါ်လာခြင်းနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ပြောပြထားတယ်…

ဒီလိုအတွင်းစိတ်မလုံခြုံမှုတွေက

🔹 သူများက ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာ အလွန်အမင်း စိုးရိမ်လာစေတယ်
🔹 ငြင်းပယ်ခံရမှာကို ကြောက်လာစေတယ်
🔹 ကိုယ့်တန်ဖိုးကို သူများရဲ့အသိအမှတ်ပြုမှုနဲ့ ချိတ်ဆက်မိစေတယ်
🔹 ချီးမွမ်းခံရတဲ့အခါ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားရပြီး ဝေဖန်ခံရတဲ့အခါ ကိုယ့်တန်ဖိုးပါ ပျောက်သွားသလို ခံစားရစေနိုင်တယ်

ကျွန်မတို့ရဲ့တန်ဖိုးဟာ လူတွေရဲ့လက်ခုပ်သံထဲမှာ မရှိပါဘူး။

ပန်းချီကားတစ်ချပ်ရဲ့တန်ဖိုးဟာ စုတ်တံမှာမရှိဘဲ အဲဒီပန်းချီကားကို ဖန်တီးတဲ့ အနုပညာရှင်နဲ့ ဆက်နွယ်သလို…

ကျွန်မတို့ရဲ့တန်ဖိုးက ကျွန်မတို့ရဲ့အောင်မြင်မှု၊ နောက်ခံ၊ အရည်အချင်းတွေထက် ကျွန်မတို့ကိုဖန်ဆင်းတဲ့ ဘုရားသခင်ထံမှာ ရှိပါတယ်..

ဒါကြောင့် လူတွေရဲ့အသိအမှတ်ပြုမှုကို ရဖို့အတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲနေမယ့်အစား
ဘုရားသခင်သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့တန်ဖိုးကို ပြန်လည်သိရှိပြီး၊ အဲဒီတန်ဖိုးနဲ့အညီ မှန်ကန်တဲ့တုံ့ပြန်မှုတွေကို ရွေးချယ်ကြရအောင်။ 🤍

#စိတ်ကျန်းမာရေး #ခရစ်ယာန်အကြံပေးခြင်း #ကိုယ့်တန်ဖိုး #သိမ်ငယ်စိတ်

18/08/2026

ခရစ်ယာန်တစ်ယောက်အနေနဲ့ အားနည်းခွင့်ရှိပါသလား။

“အဆင်ပြေပါတယ်” လို့ ပြောနေပေမဲ့ လက်တွေ့မှာတော့ “ငါ တကယ် အဆင်မပြေဘူး” လို့ ဝန်ခံချင်တဲ့ စိတ်ဒဏ်ရာတွေ၊ အခိုက်အတန့်တွေ လူတိုင်းမှာ ရှိကြပါတယ်။

ဝမ်းနည်းနေပေမယ့် မငိုရဲတာ…
ပင်ပန်းနေပေမယ့် “ငါဆက်လုပ်ရမယ်” လို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေတာ…
အကူအညီလိုပေမယ့် “ငါ့ယုံကြည်ခြင်းနည်းနေတာလား” ဆိုပြီး မပြောရဲတာ…

တစ်ခါတလေ ကျွန်မတို့က နာကျင်မှုကို ကုစားဖို့ထက် ဖုံးကွယ်ဖို့ ပိုကျွမ်းကျင်လာကြပါတယ်။

Counseling ဘက်ကနေကြည့်ရင် စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်း ဆိုတာ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ဒေါသ၊ စိတ်ပင်ပန်းမှုတွေ မရှိတော့တာ မဟုတ်ပါဘူး။

ကိုယ်ဘာခံစားနေရလဲဆိုတာ သိနိုင်ခြင်း၊ လက်ခံနိုင်ခြင်း၊ ကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်နိုင်ခြင်း ဖြစ်ပါတယ်။

တစ်ချို့အချိန်တွေမှာ “ဘုရားကို အားကိုးလိုက်” ဆိုတဲ့စကားက အားပေးမှုဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ နာကျင်မှုကို နားမထောင်ဘဲ အဲဒီစကားနဲ့ပဲ အဆုံးသတ်လိုက်မယ်ဆိုရင် သူ့ရဲ့ခံစားချက်ကို ရင်ဆိုင်ဖို့အခွင့်အရေး မရတော့နိုင်ပါဘူး။

တစ်ခါတလေ သန်မာခြင်းဆိုတာ
“ငါအဆင်ပြေပါတယ်” လို့ ဟန်ဆောင်နိုင်တာမဟုတ်ဘဲ..”ငါအဆင်မပြေဘူး” လို့ ရိုးသားစွာ ဝန်ခံနိုင်ပြီး၊ အဲဒီနေရာကနေ ဘုရားသခင်နဲ့အတူ တစ်ဆင့်ချင်း ပြန်လည်လျှောက်လှမ်းနိုင်ခြင်းပါ။

❤️ ဘုရားသခင်ရဲ့ မေတ္တာခံစားရဖို့ ကျွန်မတို့ အဆင်ပြေပါတယ်ဆိုပြီး ဘုရားရှေ့မှာ ဟန်ဆောင်ဖို့ မလိုပါဘူး..
ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ကို ဦးစွာချစ်ခဲ့တဲ့ သူမို့လို့ပါ…

အားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။

11/08/2026

“အဆင်ပြေပါတယ်” လို့ ပါးစပ်က ပြောနေပေမဲ့...
တကယ်တော့ ကိုယ်တိုင်တောင် ဘယ်လောက်အထိ မောပန်းနွမ်းနယ်နေပြီလဲဆိုတာ မသိတော့တဲ့ အချိန်တွေ ကို ကျွန်မတို့ ဖြတ်သန်းနေကြရတယ်…
“မနက်ဖြန် ဘာများဆက်ဖြစ်ဦးမလဲ” ဆိုတဲ့ အတွေးတွေနဲ့ ပင်ပန်းပြီးခြေကုန်လက်ပန်း ကျနေကြပြီ။
တချို့အချိန်တွေမှာ ဘာမှမလုပ်ချင်တော့လောက်အောင် အင်အားကုန်နေတတ်တယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်တော့ဘူး။ ဒီအတိုင်း အနားယူနေချိန်မှာတောင် “ငါ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေမိတာလား” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိပြန်တယ်။
ဒါကြောင့် ဒီနေ့တော့ ဒီလိုခံစားချက်တွေရဲ့ နောက်ကွယ်က "Survival Mode" ဆိုတဲ့အကြောင်းလေးကို နည်းနည်းလောက် ပြောပြချင်ပါတယ်။
ပြီးတော့ ဒီလိုပင်ပန်းလွန်းတဲ့အချိန်တွေမှာ... “ဘုရားသခင်ကော ဘယ်မှာလဲ” လို့ စိတ်ထဲက ရေရွတ်မိနေရင်လည်း မေးပိုင်ခွင့်ရှိပါတယ်။
ဘုရားသခင်က ကျွန်မတို့ရဲ့ မောပန်းနွမ်းနယ်မှုတွေကို မမြင်ဘဲ မနေပါဘူး။
အရာအားလုံးဟာ ချက်ချင်းကြီး အဆင်ပြေမသွားနိုင်သေးရင်တောင်... ဒီနေ့တစ်နေ့စာကိုတော့ ဒီနေ့အတိုင်းပဲ တစ်လှမ်းချင်းစီ အတူတူ ဖြတ်သန်းသွားကြရအောင်။ 🤍

Address

Aljunied Road
Singapore
389834

Website

Alerts

Be the first to know and let us send you an email when Fountain Counselling Services, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share