06/08/2026
ဇနီးသေဆုံးသွားပြီဟု လိမ်လည်ပြောပြီး ချစ်သူထံမှ စင်ကာပူဒေါ်လာ ၉၃၀,၀၀၀ ကျော်နှင့် လက်ဝတ်ရတနာများ လိမ်ယူခဲ့သည့် စင်ကာပူအမျိုးသား ထောင်ဒဏ် ၃ နှစ် ၇ လ ချမှတ်ခံရ
စင်ကာပူနိုင်ငံမှ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိမိ၏ ဇနီးမှာ သေဆုံးသွားပြီဟု ချစ်သူကို နှစ်ပေါင်းများစွာ လိမ်လည်ပြောဆိုကာ ငွေသားနှင့် လက်ဝတ်ရတနာ စုစုပေါင်း စင်ကာပူဒေါ်လာ ၉၃၀,၀၀၀ ကျော်ကို လိမ်လည်ရယူခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် ၇ လ ချမှတ်ခံလိုက်ရသည်။
အဆိုပါအမျိုးသားသည် လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ခိုးယူမှုတို့အပါအဝင် စွဲချက် ၁၁ ချက်ဖြင့် တရားစွဲခံခဲ့ရပြီး ၎င်းအနက် စွဲချက် ၄ ချက်ကို အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ကျန်စွဲချက်များကိုလည်း ပြစ်ဒဏ်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ချိန်းတွေ့ဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးနှင့် တွေ့ဆုံခဲ့ပြီး မကြာမီ ချစ်သူများ ဖြစ်လာခဲ့ကြသည်။
ထိုအချိန်တွင် ၎င်းက “ဇနီးသေဆုံးသွားပြီ” ဟု ပြောဆိုခဲ့သလို ကုမ္ပဏီတစ်ခုတွင် သင်္ဘောအင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေကြောင်းလည်း လိမ်လည်ပြောဆိုခဲ့သည်။
အမှန်တကယ်တွင်တော့ ၎င်းသည် သစ်သီးရောင်းချသူတစ်ဦးဖြစ်ပြီး ဇနီးသည် အသက်ရှင်လျက်ရှိကာ ကလေးတစ်ဦးလည်း ရှိနေခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မိခင်၏ ဘဏ်အကြွေးအတွက် အာမခံပေးထားရသဖြင့် အရေးပေါ်ငွေလိုအပ်နေကြောင်း လိမ်လည်ပြောဆိုပြီး စင်ကာပူဒေါ်လာ ၂၅၀,၀၀၀ ကို လွှဲပေးစေခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အစိုးရဌာနနှင့် အနုပညာလုပ်ငန်းတစ်ခု လုပ်ဆောင်ရန် ငွေလိုအပ်ကြောင်း ထပ်မံလိမ်လည်ကာ စင်ကာပူဒေါ်လာ ၂၅၀,၀၀၀ ကို ထပ်မံရယူခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း အစိုးရအိမ်ရာစီမံကိန်းနှင့် ဆိုင်သော ပန်းချီလုပ်ငန်းအတွက် ငွေလိုကြောင်း ပြောဆို၍ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ ကို ထပ်မံရရှိခဲ့သည်။
သို့သော် ရရှိခဲ့သော ငွေများကို အဆိုပါလုပ်ငန်းများတွင် အသုံးမပြုဘဲ သစ်သီးကုန်သည်ထံမှ သစ်သီးများ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိလည်း အစိုးရနှင့် သင်္ဘောပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်ရန် ငွေလိုအပ်ကြောင်း လိမ်လည်ပြီး စင်ကာပူဒေါ်လာ ၁၆၄,၁၉၃.၅၈ ကို ရယူခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ကုမ္ပဏီက လစာငွေများကို မထုတ်ပေးသေးသဖြင့် နေ့စဉ်အသုံးစရိတ်အတွက် အခက်အခဲရှိနေကြောင်း ပြောဆိုကာ စင်ကာပူဒေါ်လာ ၁၀၅,၉၄၀ ကို ထပ်မံလွှဲပေးစေခဲ့သည်။
ငွေများသာမက လက်ဝတ်ရတနာများကိုလည်း ခိုးယူခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီလတွင် ချစ်သူပိုင် လက်ဝတ်ရတနာ ၆ ခုကို ခိုးယူခဲ့ပြီး တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၂,၅၀၀ ခန့်ရှိသည်။
ထို့နောက် ထိုလအတွင်းပင် ရွှေလက်ကောက်၊ ဆွဲကြိုး၊ ဆွဲသီးများ အပါအဝင် ချစ်သူ၏ အစ်မပိုင် လက်ဝတ်ရတနာ ၃၉ ခုကို ထပ်မံခိုးယူခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅၀,၀၀၀ ခန့်ရှိသည်။
ခိုးယူထားသော လက်ဝတ်ရတနာများကို ပေါင်ဆိုင်များတွင် အပေါင်တင်ကာ ရရှိသောငွေကို အိမ်ထောင်စုအသုံးစရိတ်များတွင် သုံးစွဲခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မေလတွင်လည်း ချစ်သူပိုင် စင်ကာပူဒေါ်လာ ၁၅,၀၀၀ တန် Rolex နာရီကိုပါ ယူဆောင်သွားခဲ့သည်။
ထို့အပြင် စာရွက်စာတမ်းအတုပြုလုပ်မှုများလည်း ကျူးလွန်ခဲ့သည်။
စင်ကာပူဒေါ်လာ ၆၀၀,၀၀၀ တန် ဘဏ်ချက်လက်မှတ်ကို အတုပြုလုပ်ခဲ့ပြီး ဖုန်းရှိ ဓာတ်ပုံပြင်ဆင်သည့် အက်ပ်ကို အသုံးပြုကာ ငွေလက်ခံသူအမည်ကို မိမိ၏အမည်အဖြစ် ပြောင်းလဲခဲ့သည်။
ယင်းကို အသုံးပြုပြီး အနုပညာလုပ်ငန်းမှ စင်ကာပူဒေါ်လာ ၆၀၀,၀၀၀ အမြတ်ရမည်ဟု ချစ်သူနှင့် ၎င်း၏အစ်မအား ယုံကြည်အောင် လှည့်ဖြားခဲ့သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လတွင်လည်း ဆေးရုံမှ ထုတ်ပေးထားသည့် ဆေးဘက်ဆိုင်ရာစာရွက်စာတမ်းကို အတုပြုလုပ်ခဲ့သလို၊ မိမိ၏ဓာတ်ပုံနှင့် အမည်ပါသော စင်ကာပူနိုင်ငံသားစိစစ်ရေးကတ်ကိုလည်း အတုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကျူးလွန်မှုများအပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၎င်းကို ဖမ်းဆီးခဲ့သည်။ အမှုအား မည်သို့ဖော်ထုတ်နိုင်ခဲ့သည်ကိုမူ တရားရုံးတွင် ဖော်ပြထားခြင်း မရှိခဲ့ပေ။
ထို့အပြင် ၎င်းသည် ယခင်ကလည်း လိမ်လည်မှုနှင့် ခိုးမှုတို့ဖြင့် ပြစ်မှုမှတ်တမ်းရှိပြီး ထောင်ဒဏ်ကျခံဖူးသူဖြစ်ကြောင်း သိရသည်။
တရားခံ၏ ရှေ့နေကတော့ ၎င်းသည် နေအိမ်ကို ရောင်းချပြီး နစ်နာသူထံ စင်ကာပူဒေါ်လာ ၁၅၈,၀၀၀ ပြန်လည်ပေးအပ်ခဲ့သလို ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း လျှောက်လဲခဲ့သည်။
နစ်နာသူအမျိုးသမီးကလည်း ၎င်း၏ လုပ်ရပ်ကို ခွင့်လွှတ်ပြီး တရားသူကြီးအား ပြစ်ဒဏ်ကို သက်ညှာပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဒီဖြစ်ရပ်ကတော့ အချစ်ရေးတွင် ယုံကြည်မှုတစ်ခုတည်းကိုသာ အခြေခံပြီး ငွေကြေးကိစ္စများ ဆုံးဖြတ်မိပါက မျှော်လင့်မထားသော ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးလိုက်သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေပါသည်။
#စင်ကာပူသတင်း
#လိမ်လည်မှုသတင်း
#မှုခင်းသတင်း
#စလုံးရောက်မြန်မာများ
#စင်ကာပူရောက်မြန်မာများ