23/04/2025
စစ်ကိုင်းမြို့တွင် CB-KMA Foundation မှ ကယ်ဆယ်ကူညီပေးလှူရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်
မတ်လ ၂၈ ရက်နေ့က လှုတ်ခပ်ခဲ့တဲ့ ၇.၇ ရစ်(ခ်)တာစကေး ရှိ အင်အားပြင်း မန္တလေး ငလျင်ကြီးကြောင့် ဘေးသင့်ခဲ့ရာ အရပ်ဒေသများမှာ ကယ်ဆယ်ရေး ကူညီရေးလုပ်ငန်းများ အချိန်နဲ့တပြေးညီ ဆောင် ရွက်ရန် CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး က ငွေ ကျပ် ၁၀ ဘီလီယံ ကနဦးမတည် ကာ စက်ယန္တရားကြီးများ ၊ ကျွမ်းကျင်လုပ်သား များ ၊ ဝန်ထမ်းမိသားများစုများနဲ့ သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြပြီး စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံး အဆောင် ၊ လူသုံးကုန် ၊ အိမ် သုံးကုန်ပစ္စည်းများအား စဉ်ဆက်မပြတ်သွားရောက် လှူဒါန်းကူညီဆောင်ရွက်ခဲ့ကြပါတယ်။
အဆိုပါ အင်အားပြင်းမန္တလေးငလျင်ကြီးအပြင်နောက်ဆက်တွဲ ငလျင်များ လှုပ်ရှားမှုကြောင့်ဘေးဒဏ်သင့်ခဲ့ရာဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ လှူဒါန်းကူညီမှုများ ဆောင်ရွက်လျက်ရှိကြတဲ့ CB-KMA Foundation မိသားစု များအနေဖြင့်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော စစ်ကိုင်းမြို့ရှိ တိုက်ဝါကြီး ကျောင်းတိုက် (ရှေးဟောင်းကျောင်းတိုက်) သို့ CB-KMA Foundation မှ ဥက္ကဋ္ဌ ကိုယ်တိုင် သွားရောက်ပြီး Backhoe ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ပါသည်။
စစ်ကိုင်းမြို့၌ကယ်ဆယ်ကူညီပေးလှူမှုများဆောင် ရွက်လျက်ရှိရာမှာ မြေငလျင်ကြောင့်နေအိမ်ပြိုကျပျက်စီးခြင်း ကြုံခဲ့ကြ ရသူ ပြည်သူများအတွက် စားနပ်ရိက္ခာပေးလှူမှုကို စစ်ကိုင်းမြို့၊ ရပ်ကွက် ၁၆ ရပ်ကွက် ရှိ မိဘပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ပြည်၊ ဆီ ၅၀ သား ၁ဘူး ၊ ငွေကျပ် ငါးသာင်းစီ ပံ့ပိုးလှူဒါန်းမှုအတွက်ကိုလည်း စီစဉ်ဆောင်ရွက် ခဲ့ကြပါသည်။
အဲ့ဒီနောက် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ စွယ်တော်နန်း ဧည့်ရိပ်မွန်အား CB-KMA Foundation ဝန်ထမ်းများ က စက်ယန္တရားများဖြင့် ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာအဆိုပါ လုပ်ငန်းခွင်သို့ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများခွင်၌ ကယ်ဆယ်ရေး လုပ်ငန်းများပူးပေါင်းလုပ်ကိုင်နေသော Myanmar Rescue Organization (Pyay) နှင့် ပရဟိတပါရမီ အဖွဲ့ (၂)ဖွဲ့ တို့အား အလှူငွေများ ပေးအပ်ခဲ့ပါသည်၊၊
ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်ကာလအတွင်းစစ်ကိုင်းမြို့၊ ပိုးတန်းရပ်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည့် စွယ်တော်နန်း ဧည့်ရိပ်မွန်အဆောက်အအုံ တွင်းမှ နာရီပေါင်း (၁၀၀) ကျော်ကြာ ပိတ်မိနေသော ဦးတင်မောင်ထွေး အသက် ၄၇ နှစ် (မူလတန်းကျောင်းအုပ်) အား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ဦးတင်မောင်ထွေး (မူလတန်းကျောင်းအုပ်)အား CB-KMA Foundation ၏ စက်ယန္တရားများ၊ ပြည်တွင်း၊ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်ကယ်ဆယ်ရေးသမားများ ပူးပေါင်းရှာဖွေ ကယ်ဆယ်ကူညီခဲ့ကြတာ ဖြစ်ပါသည်။
အဲ့ဒီနောက် စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသူ ဦးတင်မောင်ထွေး (မူလတန်းကျောင်းအုပ်)ထံသို့ CB-KMA Foundation အဖွဲ့ဝင် ၊ CB Bank ဒါရိုက်တာ ဦးစိုးလွင်နှင့် အဖွဲ့မှ သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ အလှူငွေကျပ်သိန်း(၃၀) လှူဒါန်းပေးအပ်ခဲ့လှူဒါန်းခဲ့ပါသည်။
ထို့အတူ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၌တက်ရောက် ဆေးကုသခံယူနေသူ (၁၀၀) ဦးကိုလည်း တဦးလျှင် ငွေကျပ် (၂) သိန်းစီ ဖြင့် စုစုပေါင်းငွေကျပ် သိန်း(၂၀၀) ကို CB-KMA Foundation က ပေးလှူခဲ့ပါသည်။
အဲ့ဒီနောက် CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်အဖွဲ့ဝင်များသည် မန္တလေးမြေငလျင်ကြီးဒဏ်သင့်ဒေသဖြစ် သည့် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ မြေငလျင်ဒဏ်ကူညီစောင့်ရှောက်ရေးစခန်းမှ မိသားစုများ အတွက် ငွေကျပ် ( ၁၁,၁၂၂, ၆၀၀) ကျပ် တန်ဖိုးရှိ ဆန်၊ဆီ ခေါက်ဆွဲခြောက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မန်ကျည်းသီး၊ ပဲနီလေး၊ ငါးသေတ္တာ၊ မုန့်ကြွပ် အစရှိသည့် စားသောက်ကုန်ပစ္စည်းများ နှင့် အိမ်ထောင်စု (၃၄၀)အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၅၀,၀၀၀) စီ ဖြင့် ငွေသားကျပ်သိန်း (၁၇၀) တို့အားပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ နန်းဦးမြို့သစ်၊မြေငလျင်ဒဏ် ကူညီစောင့်ရှောက်ရေးစခန်းရှိမိသားစုများသို့ CB-KMA Foundation က ပေးအပ် လှူဒါန်းခဲ့မှုမှာ စုစုပေါင်းမှာ ငွေကျပ် (၂၈,၁၂၂,၆၀၀) ဖြစ်ပါသည်။
စစ်ကိုင်းမြို့အတွင်း မြေငလျင်ဘေး ကယ်ဆယ် ၊ စာနာ ဖေးမ လှူဒါန်းမှုများဆောင်ရွက်နေသည့် CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ရှိ သကျဓီတာ သီလရှင်စာသင်တိုက်ကြီး ၊ စက္ခုမှော်ကျောင်းတိုက် ၊ မြဧရာရိပ်သာ(အိမ်မဲကြီး) ၊ ရတနာသိင်္ဂီ ပရဟိတ သီလရှင်သင် ပညာရေးကျောင်း ၊မဟာသုဗောဓာရုံကျောင်း၊ IBEC ကျောင်းတိုက်၊ သီရိရွှေဝါသီလရှင် စာသင်တိုက် ၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌရွှေဟင်္သာတိုက်သစ်တို့၌ ဆွမ်းဆန်စိမ်းနှင့် နဝကမ္မ ကပ်လှူခြင်း ၊ မြို့မဗလီ၊ မြို့တော်ဗလီ ၊မိုးကျဗလီ ၊ ဂျာမေဗလီ ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊ မဟာစည်းခုံကြီးဘုရား၊ အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့၌ စားနပ်ရိက္ခာအလှူပစ္စည်:နှင့်ငွေသားလှူဒါန်းခြင်းကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းမှုများ နှင့်အတူ မြေငလျင်ဘေးသင့် အသက်ဆုံးပါးရသူတို့အတွက်နှင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူများ အတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းမှု၌ ရဟန်းသံဃာ ၊ သီလရှင်တို့အား ဆွမ်းဆန်စိမ်းအလှူ တပါးလျှင် ဆန် (၈) ပြည် ၊ ဆီ (၅၀)ကျပ်သား ဗူးတစ်ဗူး နှင့် နဝကမ္မအလှူငွေ ငါးသောင်းကျပ် ဆက်ကပ်ခြင်း ၊ လူပုဂ္ဂိုလ်တဦးလျှင် ဆန် (၈ )ပြည် ၊ ဆီ (၅၀)ကျပ်သားတစ်ဗူး နှင့် ငွေသား ငါးသောင်းကျပ်တို့ ပေးအပ်လှူဒါန်းခြင်း ၊ အအေး နှင့် သောက်ရေသန့် များ လှူဒါန်းခြင်းတို့ကို CB KMA Foundation အဖွဲ့ က ကိုယ်တိုင်ကိုယ်ကျပေးလှူခဲ့ကြပြီး မဟာသုဗောဓာရုံကျောင်း၊ IBECကျောင်းတိုက်၊ သီရိရွှေဝါသီလရှင်စာသင်တိုက်၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌ၊ ရွှေဟင်္သာတိုက်သစ် ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊ မဟာစည်းခုံကြီးဘုရားကွင်း၊ အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့ အတွက်ကိုလည်း အဖွဲ့အစည်းများက ကိုယ်စားပေးလှူပေးခဲ့ကြပါ သည်။ထိုနေ့အတွက် အလှူပစ္စည်းနှင့် ငွေသားတန်ဖိုးလှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၃၁၈,၀၂၂,၆၀၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ပါ သည်။
CB-KMA Foundation အနေဖြင့်မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံ များ၊စာသင်တိုက်များ ၊ ဗလီများ ၊ လူနေအိမ်များ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ယန္တရားကြီးများ ၊ ကျွမ်းကျင်လုပ်သားများဖြင့် ကူညီဆောင်ရွက်နေသကဲ့သို့ ငလျင်ဘေးဒဏ်သင့်ရဟန်းရှင်လူ ပြည်သူများအတွက်လည်း CB-KMA Foundation အနေဖြင့် မြေငလျင်ဒဏ်သင့်ဒေသများရှိ ရဟန်းရှင်လူ ဘာသာလူမျိုးမရွေး ကို ဥက္ကဋ္ဌ ဦးခင်မောင်အေး၏အနီးကပ်ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် စားနပ်ရိက္ခာနှင့်အလှူငွေများ ကယ်ဆယ်ကူညီပေးလှူ ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။