26/02/2026
https://m.facebook.com/story.php?story_fbid=1204508918518570&id=100068784188601&mibextid=wwXIfr
မြန်မာပြည်မှာ အရှက်မရှိဆုံးလူတွေကို ပြပါဆိုရင် MLM လုပ်နေတဲ့လူတွေပဲ။
MLM ဆိုတာ မာလ်တီလယ်ဗယ်မားကတ်တင်း ကိုခေါ်တာ။ ဆင့်ပွားနည်းလို့ဆိုမလားပဲ။ အဲ့ဒါလုပ်တဲ့လူတွေဟာ အရှက်မရှိဆုံးလူတွေ။ ပြီးတော့ လူအချင်းချင်း ညှာတာသနားမှုမရှိ။ သူတို့ ကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖျားတာ။ MLM သမားတွေလိမ်လို့ အိမ်ပေါင်၊ ကားပေါင်။ ဆိုင်ကယ်ရောင်း ဖြစ်သွားတဲ့လူတွေ မနည်းဘူး။
MLM ကို ဆင့်ပွားလိမ်နည်းလို့ပဲ ခေါ်ကြပါဆို့။
စစချင်းတော့ MLM ဘာလဲလို့ ရှင်းပြဖို့ လိုမယ်ထင်တာပဲ။ MLM ဆိုတာ ဆေးတွေ၊ ပစ္စည်းတွေ၊ ဓါတ်စာ ဆိုတာတွေ ရောင်းတယ်။ ရေသန့်ဗူးလည်း ရောင်းတယ်။
သူ့ပစ္စည်းကို ဆိုင်ပေါ်တင်မရောင်းဘူး။ စျေးကွက်ထဲမှ မဖြန့်ဘူး။ ဘာလို့ မဖြန့်လဲဆိုတော့ ဖြန့်ရင် ရှုံးမှာလေ။ အခြားပစ္စည်းတွေနဲ့ မယှဉ်ရဲဘူး။ အဲ့ကတည်းက စပြီး လိမ်နေတာပဲ။
သူတို့ ပစ္စည်းတွေကို လူအချင်းချင်း လက်သိပ်ထိုးရောင်းတယ်။ ဒါလေး ၀ယ်လိုက်။ မင်းမန်ဘာဖြစ်မယ်။ နောက်နှစ်ယောက်ရှာလာခဲ့။ မင်းကော်မရှင်ရမယ်။ မင်းရှာလာတဲ့ နှစ်ယောက်က နောက်လေးယောက်ထပ်ရှာရင်လည်း မင်းကော်မရှင်ထပ်ရဦးမယ်။ အဲ့လိုနဲ့ လူတွေကို ပစ္စည်း၀ယ်အောင်လုပ်။ မန်ဘာ၀င်ခိုင်း။ အစည်းအဝေးအတွေဆိုပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ခေါ်။ ပြောရဦးမယ်။ သူတို့ စစချင်းပြောတဲ့ စကားလုံးက ရှိသေးတယ်။
ဆယ်သိန်းပဲ ရင်းလိုက်။ မကြာခင် တစ်လ သိန်းသုံးဆယ်ကျော်ရမယ်။ တစ်နှစ်ကျော်တာနဲ့ တစ်လကို သိန်းသုံးရာ ၀င်ငွေရှိမယ်။ မလုပ်ချင်ဘူးလား။ ဒီလုပ်ငန်းက ပရဟိတပဲ။ အချင်းချင်းကူညီတာ။ နောက်ဆို တစ်ကမ္ဘာလုံးက မန်ဘာဖြစ်တော့မှာ။ အဲ့ဒါဆို ဘာမှမလုပ်ဘဲ ထိုင်စားနေရုံပဲ။
ပြီးတော့ ပြောသေးရဲ့။ ဒီလုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထောက်ခံထားတာ။ ပြီးရင် ဒေါ်စုနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း ထုတ်ပြလိမ့်မယ်။ ဘယ်နိုင်ငံက သူဌေးတွေဟာ ဒီ MLM ကိုလုပ်ရင်းကြီးပွားသွားတာ။ ဆိုပြီး ပြောရင်း ဆွယ်တာ။
လူတွေမှာ လောဘရှိတယ်။ ပိုက်ဆံများများရမယ်ဆိုရင် လိုက်လုပ်တယ်။ ဘာမှ မစဉ်းစားမိဘူး။ လုပ်ရင်းနဲ့မှ သိတာ။ လိမ်နေမှန်။ ကိုယ်တိုင်လိမ်မိနေမှန်း။ အဲ့တော့ MLM စွန့်။ နောက်လူတွေကို MLM မလုပ်ဖို့ပြော။ အဲ့လို MLM လုပ်ရင်း လိမ်မှန်းသိသွားလို့ ထွက်လိုက်တဲ့လူတွေကို ဘာပြောသလဲဆိုတော့ စောက်သုံးမကျလို့ မအောင်မြင်တာတဲ့။
သူတို့ပြောသလို တစ်လကို သိန်းသုံးဆယ်ရမယ်။ သိန်းသုံးရာ ရမယ်ဆိုတာတွေဟာ ဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူးလား။ ဘယ်သူမှ မစဉ်းစားကြဘူး။ အဲ့လိုရရင် လူတိုင်းလုပ်နေမှာပေါ့။ လူတွေကို မစဉ်းစားဖြစ်အောင်လည်း သူတို့ကလုပ်ထားတယ်လေ။
လုပ်ငန်းက အခုမှ ၀င်တာ။ အရမ်းကောင်းတာ။ ဒါမှမဟုတ်။ လုပ်ငန်းက အခြေခိုင်နေပြီ။ ဘယ်သူက တစ်လကို သိန်းသုံးဆယ်ရနေပြီ။ သိန်းသုံးရာ ရနေပြီ။ လျှောက်ပြော။
လူတွေက ဟုတ်မလားဆိုပြီး စိတ်၀င်စား။ ပစ္စည်း၀ယ်။ မန်ဘာ၀င်။ နောက်ထပ် လူနှစ်ယောက်ကို ထပ်ဆွယ်။ ၀ယ်အောင်တိုက်တွန်း။ တစ်ချို့ MLM က တစ်ခါထည်းနဲ့ စျေးကြီးကြီးရောင်းပြီး လိမ်တယ်။ အချို့MLM ကတော့ အဲ့လိုမဟုတ်ဘူး။ မန်ဘာကြေးကို နည်းနည်းပဲ ကောက်တယ်။ ဒါပေမဲ့ အမှတ်နဲ့ထိန်းတယ်။ ပစ္စည်းများများ ရောင်းပေးလေ။ အမှတ်များများရလေပေါ့။
အမှတ်များများရဖို့ ရောင်းပေးရအောင်လည်း ၀ယ်မဲ့လူမှ မရှိတာ။ အဲ့တော့ လူတွေဟာ လောဘနဲ့ဆိုတော့ အမှတ်များများရအောင် လတိုင်း ကိုယ့်ဘာကိုယ် ပိုက်ဆံအကုန်ခံပြီး ပစ္စည်းတွေ၀ယ်ရတယ်။ ဒါမှ အမှတ်များမှာကိုး။
ပြီးတော့ မိသားစုတွေကို သုံးခိုင်းရတယ်။ ကိုယ်တိုင် သုံးတယ်။ ဆေးတွေ၊ ဓါတ်စာတွေကိုလည်း ဘာမှ မဖြစ်ဘဲ စားနေသောက်နေရတယ်။ နို့မို့ ၀ယ်ထားပြီး မစားရင် မှိုတတ်ကုန်မှာကိုး။
အဲ့လို လူတွေဟာ ဆေးတွေ ၀ယ်ရလို့ ပိုက်ဆံတွေကုန်။ ပိုက်ဆံတွေ ပြန်ရအောင်လို့ ရပ်ကွက်ထဲမှာ လိုက်ရောင်းရတယ်။ မဖြစ်နိုင်တာတွေပြောပြီးတော့ပေါ့။ AIDS ပျောက်တယ်။ ကင်ဆာပျောက်တယ်။ ဘာညာပေါ့။
MLM သမားတွေဟာ ကင်ဆာသမား၊ AIDS သမားတွေကို တွေ့ရင် အရမ်းပျော်တာပဲ။ ပျော်ပြီးရင် ဆေးလိုက်ရောင်းတော့တာပဲ။ အဲ့လို ကင်ဆာသမားတွေ အေသမားနဲ့ ရင်းနှီးအောင်လို့ ဆေးရုံတွေကို လျှောက်သွားတယ်။ ဝေဘာဂီတို့၊ စဝ်စံထွန်းဆေးရုံတို့ကို MLM သမားတွေ သိပ်သဘောကျတယ်။ အဲ့လူတွေကို မိတ်ဆက်တယ်။ ဆေးရောင်း၊ ဓါတ်စာရောင်းတယ်။
လူတွေကလည်း မပျောက်တဲ့ ရောဂါကို ပျောက်စေတဲ့ ဆေးလာရောင်းတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ နောက်ဆုံးမျှော်လင့်ချက်နဲ့ ၀ယ်သောက်။ အဲ့လို ရောင်းလို့တင်အားမရသေး။ မန်ဘာပါ ၀င်ခိုင်းလိုက်သေးတယ်။
အဲ့တော့ ရောဂါသမားဟာ သေသာသေသွားတယ်။ ရောဂါက မပျောက်။ အိမ်မှာ ဆေးတွေ အထုတ်လိုက်ကြီးကျန်။ ပိုက်ဆံတွေ သောက်သောက်လဲကုန်။
ကမ္ဘာကတောင် ကုသလို့ မပျောက်တဲ့ရောဂါတွေကို MLM သမားတွေက သူတို့ဆေးသောက်ရင် ပျောက်သတဲ့လေ။
နိုဘလ်ဆု ပါပေးသင့်တယ်။
အခုဆို ရန်ကုန်မှာ လုပ်လို့မရလို့ နယ်တွေဘက်ကို ဆင်းကုန်ကြပြီ။ တစ်ရွာလုံးကို လိမ်မယ့်လူတွေ။ ဒီကြားထဲ ဘုန်းကြီး အချို့ကလည်း ပါသေးတယ်။ ဆေးအလှူလုပ်တယ်ဆိုပြီး ရွာထဲမှာ ဆေးတွေ။ ပြီးရင် ပြန်အလှူခံ။ ပြီးတော့ မန်ဘာ၀င်ခိုင်း။ လူတွေကလည်း အားနာတာရယ်။ ကိုယ့်ဘုန်းကြီးဖြစ်တာရယ်ကြောင့် မန်ဘာ၀င်။ တစ်ရွာလုံး အလိမ်ခံရ။
နောက်ဆုံးမှာ ဘယ်သူ ကြီးပွားသွားသလဲ။ မြန်မာတွေလား။ နိုးပါ။ မြန်မာတွေဟာ အရိုးကိုက်တဲ့ အဆင့်ပဲရှိတယ်။ တကယ်ကြီးပွားတာက နိုင်ငံခြားသားတွေပဲ။
ဘာဆေး၊ ညာဆေး၊ ဓါတ်စာ၊ ကျန်းမာရေးကောင်းစေတဲ့ အဆောင်။ စတာတွေကို ရောင်းတာ နိုင်ငံခြားသားတွေပဲ။
ဥပမာ ကျန်းမာရေးကောင်းစေတဲ့ အဆောင်ဆိုပါတော့။ အပြင်မှာ တကယ်၀ယ်ရင် တစ်သောင်း၊ နှစ်သောင်းအလွန်ဆုံးပဲ။
ဒါပေမဲ့ MLM သမားဆီက ၀ယ်ရင် ဆယ်သိန်း။ အဲ့တာ တကယ်။ အပိုပြောတာမဟုတ်။ ဘိုင်အိုဝါးတားဆိုတဲ့ ဇီဝရေ ကို အပြင်မှာ၀ယ်သောက်ရင် ငါးရာပဲ ပေးရတယ်။ MLM သမားဆီက ၀ယ်ရင် ဘယ်လောက်မှတ်လဲ။ ဒေါ်လာ ၇၀၀ တဲ့။ မြန်မာငွေ ကိုးသိန်းနီးပါ။ ဘယ်လောက်တောင် လိမ်လဲဆိုတာ အဲ့ဒါကိုသာ ကြည့်။
အဲ့လို နိုင်ငံခြားသားတွေက ရသမျှကို အကုန်ယူသွားတော့ တိုင်းပြည်က ပိုက်ဆံတွေ အလကားထွက်တယ်။ နစ်နာတယ်။
ပြီးတော့ ဒီလုပ်ငန်းတွေဟာ အခွန်လည်း ဆောင်တာမဟုတ်။ ပစ္စည်းတိတိကျကျမပြဘဲ လက်သိပ်ထိုးရောင်းတာဆိုတော့ အခွန်ကလည်း လိုက်လို့မရ။
အဲ့တော့ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ အစိုးရအနေနဲ့ မြန်မြန် အရေးယူရမှာ။ ဒီလောက်ကြာကြာလွှတ်ထားတာ လွန်လှပြီ။
အခုဆို မြန်မာပြည်က ပိုက်ဆံတွေ ဘယ်လောက်တောင်များ ဒီကောင်တွေ ယူသွားပြီလဲ မသိဘူး။
အဲ့လုပ်ငန်းကို အစိုးရ ခွင့်ပြုထားသလားဆိုတော့ မဟုတ်ပြန်ဘူး။ ကုမ္ပဏီကို ရင်းနှီးမြုပ်နှံ့မှု ကော်မရှင်က ခွင့်ပြုတယ်။ ဒါပေမဲ့ ခုနက ပုံစံ ဆင့်ပွားလိမ်နည်းနဲ့ ရောင်းတဲ့ MLM ကိုခွင့်မပြုထားဘူး။
အဲ့လို လာရောင်းနေရင် တိုင်လို့ရတယ်။ MLM အတွက် သီးသန့်ဥပဒေ မထုတ်ထားသော်ညား လိမ်ရောင်းနေတာဖြစ်တဲ့အတွက် လိမ်လည်မှုနဲ့ အမှုဖွင့်လို့ရတယ်။
ဒေါ်စုကတောင် ခွင့်ပြုပါတယ်ဆိုပြီး ပြောနေကတည်းကလည်း လိမ်တာ။
တစ်လကို သိန်းသုံးဆယ်ရမယ်ဆိုပြီး မရတာလည်း လိမ်တာ။ သိန်းသုံးဆယ်ရပါတယ်ဆိုပြီး နေတိုင်း လိုင်းကားတိုးစီးနေတဲ့ကောင်တွေ။
ကင်ဆာပျောက်မယ်ဆိုပြီး မပျောက်တာလည်း လိမ်တာ။ အေ့စ် ပျောက်မယ်ဆိုပြီး မပျောက်တာလည်း လိမ်တာ။
အဲ့ဒါကြောင့် ဒီကောင်တွေ စောက်ရှက်မရှိတဲ့ ကောင်တွေလို့ ပြောတာ။
စိုပြေ
6:07 PM 9/14/2016
Crd. စိုပြေ