20/12/2025
ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာ ဆိုင်ရာ (Certificate Level & Higher Certificate Level) သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ
၁။ မြန်မာ့ဆန်စပါးလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သော ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် ရည်ရွယ်ပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများအား သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ Level 1 (Certificate Level)နှင့် Level 2 (Higher Certificate Level) တို့ကို ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း (SITE)တွင် (၁၈.၁၁.၂၀၂၅)ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၆၀)ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်နှင့် အဖွဲ့သည် (၁၉.၁၂.၂၀၂၅)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် (၂၂.၁၁.၂၀၂၅)ရက်နေ့တွင် လည်းကောင်း လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှလည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၃။ အသင်းချုပ် အနေဖြင့် ဆန်စပါးလုပ်ငန်း အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ Career Focused, fully funded internship training များကို တက္ကသိုလ်ကောလိပ်ကျောင်းများနှင့် ပုဂ္ဂလိကဏ္ဍ ပူးပေါင်းဆောင်ရွက်သည့် School-Industry Partnership ပုံစံဖြင့် ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားနိုင်ရေးနှင့် Certificate Level, Higher Certificate Level သင်တန်းများ အပြင် Diploma level သင်တန်းများ ကိုပါ မကြာမီ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပြီး၊ စာတွေ့သာမက လုပ်ငန်းခွင်လက်တွေ့ အသုံးချ သင်တန်းများဖြစ်၍ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းကျွမ်းကျင်သော professionalများ မွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။