17/09/2026
လူနာဘေးကင်းလုံခြုံရေးနေ့ (World Patient Safety Day) ဟာဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ကျန်းမာရေးစနစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်ဆိုတာကို သတိပေးတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
သို့သော်ငြားလည်း ကမ္ဘာတစ်ဝန်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသတွေမှာတော့ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေတဲ့ပတ်ဝန်းကျင်ကိုယ်တိုင်က လူနာဘေးကင်းလုံခြုံရေး အတွက် အန္တရာယ်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။
လူနာတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေကိုသွားရာလမ်းမှာ တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှု၊ ဖမ်းဆီးခံရနိုင်မှုတွေ အပြင်အခြားသော အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်တွေ့ရနိုင်သလို လူနာတင်ယာဉ်တွေ၊ လူနာလွှဲပြောင်းပို့ဆောင်တဲ့ယာဉ်တွေသည်လည်း နှောင့်နှေးမှုတွေ၊ ရပ်တန့်ခံရမှုတွေ၊ ဒါမှမဟုတ် ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေကို ဖြတ်ပြီး ဆက်သွားဖို့ မဖြစ်နိုင်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
သွားလာလှုပ်ရှားမှု အကန့်အသတ်တွေကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) နဲ့ တီဘီ၊ ဆီးချိုနဲ့ သွေးတိုးတို့လိုမကူးစက်နိုင်တဲ့ရောဂါတွေ၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှု နဲ့ အခြားသော ရောဂါအခံရှိတဲ့သူတွေအတွက် ပုံမှန်ဆေးကုသမှု ခံယူနိုင်ခြင်းကို နှောင့်နှေးကြန့်ကြာ လာစေပါတယ်။
ပဋိပက္ခဖြစ်ပွားမှုကြောင့်ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေလည်း ထိခိုက်နိုင်ပြီး လိုအပ်တဲ့ဆေးဝါး နဲ့ပစ္စည်းတွေ ပြတ်လပ်မှု ဖြစ်နိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့လိုအပ်တဲ့ကုသမှုတွေ ရပ်တန့်သွားနိုင်ပါတယ်။ ဒါ့အပြင်ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကုသမှုပေးတဲ့ နေရာတွေနဲ့ လူနာတွေသည်လည်း အကြမ်းဖက်မှု၊ခြိမ်းခြောက်မှု၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ဖြန့်ဖြူးပို့ဆောင်သည့် လုပ်ငန်းစဉ်များလည်း ထိခိုက်နိုင်ပြီး လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်ကာ ကုသမှုများ ရပ်တန့်သွားနိုင်ပါတယ်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံများသည်လည်း အကြမ်းဖက်မှုများနဲ့ အခြားသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရနိုင်ပါတယ်
ပဋိပက္ခဖြစ်ပွားနေတဲ့အခြေအနေတွေမှာ လူနာဘေးကင်းလုံခြုံရေးဟာ ဆေးကုသမှုရဲ့ အရည်အသွေးတစ်ခုတည်းအပေါ်တင်မကဘဲကျန်းမာရေးစောင့်ရှောက်မှုကိုဘေးကင်းလုံခြုံစွာနဲ့အချိန်မီ အခက်အခဲမရှိ ရနိုင်ခြင်းအပေါ်မှာလည်း မူတည်နေတာကြောင့် လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အဦတွေကိုအကာအကွယ်ပေးဖို့ နဲ့ လူနာတွေအနေနဲ့လည်း လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုအသက်အန္တရာယ်မဖြစ်စေဘဲဘေးကင်းစွာနဲ့ ရရှိနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကသေချာစွာ ဆောင်ရွက်ပေးသင့်ပါတယ်။
ကျန်းမာရေးသည် အခွင့်ထူးတစ်ရပ်မဟုတ်ဘဲ လူတိုင်းရရှိသင့်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ အသက်ကယ်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့အတွက် အသက်ကို ရင်းရမယ့်အဖြစ်ကို မည်သူတစ်ဦးတစ်ယောက်မှ မကြုံရသင့်ပါဘူး။