22/07/2026
အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) နှင့် (အဆင့်-၂) အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြု အမှာစကား ပြောကြား
=====================
အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) နှင့် (အဆင့်-၂) အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ကုန်သည်စက်မှု အသင်းချုပ်၏ ညီနောင်အသင်းများမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (AEO) အသိအမှတ်ပြု လက်မှတ်ရ ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာတွင် “ကုန်သွယ်မှုနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ ကုန်သွယ်မှု တိုးမြှင့်စေရေးအတွက် လိုအပ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်မှုကို အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးသည် အရေးပါသည့် ကိစ္စရပ် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှု ဖြစ်စေရေးအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကောက်ခွန် ဦးစီးဌာနနှင့် အကောက်ခွန် လုပ်ငန်းစဉ်များသည် အရေးကြီးသည့် အပိုင်းမှ ပါဝင်နေပြီး သက်ဆိုင်ရာ ဌာနအနေဖြင့် လွယ်ကူလျင်မြန်စေရန်နှင့် မှန်ကန်မှု
ရှိစေရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ အခမ်းအနားသည် အစိုးရနှင့် ပုဂ္ဂလိကအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်၏ လမ်းညွှန်မှုဖြစ်သည့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ လက်တွေ့ကျကျ မြေပြင်တွင် ပေါင်းစည်းလုပ်ကိုင်သည့် အနေအထားကို ပြသခြင်းပင် ဖြစ်ပါ
ကြောင်း၊ ကုန်သည်စက်မှု အသင်းချုပ်၊ ညီနောင်အသင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်ရာတွင် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အခွင့်ရ စီးပွားရေး လုပ်ငန်းဆောင်ရွက်သူ အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) ကုမ္ပဏီ သုံးခုဖြစ်သည့် Coca Cola Pinya Beverages Myanmar Co., Ltd (Importer)၊ Paing Family International Co., Ltd (Exporter) နှင့် Good Brother’s Co., Ltd (Exporter) တို့ အား အသိအမှတ်ပြုလက်မှတ် ချီးမြှင့် ပေးအပ်ခဲ့ကာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (အဆင့်-၂) ကုမ္ပဏီ သုံးခုဖြစ်သည့် Wilmar Myanmar Riceland Limited (Exporter), Wilmar Myanmar Oils Limited (Importer) နှင့် UPG Paint& Coating Co., Ltd (Importer) တို့အား အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့သည်။
ယင်းနောက် အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းခံရသော ကုမ္ပဏီများကိုယ်စား UPG Paint& Coating Co., Ltd မှ ဒါရိုက်တာ ဦးအေးဟန်က ကျေးဇူးတင် စကားပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်သူများ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)