MOSAIC MYANMAR

MOSAIC MYANMAR Mosaic Myanmar is an independent registered national NGO based in Yangon, Myanmar.

We believe that all people, regardless of race, religion, or gender, are empowered and have the right to participate fully in their societies and to lead a dignified social and economic life. The organisation uses education to empower marginalized communities, including religious and ethnic minorities, as well as marginalized individuals, such as women and members of the LGBTQ community. Mosaic My

anmar follows the mission statement that all people, regardless of religion and ethnicity, should have the right to participate in their societies and lead dignified social and economic lives. The organisation strives towards realizing these goals by partnering with community leaders, local organizations, and policy-makers to host educational workshops in which they equip marginalized communities with the knowledge, skillset, and tools to enable them to work towards a peaceful and democratic society. The organisation is dedicated to the empowerment of religious minorities as well as the advocacy surrounding the importance of religious diversity in Myanmar. Mosaic Myanmar seeks to overcome existing tensions between ethnic and religious groups by using education and open dialogue to ignite social and political change in the country. Mosaic Myanmar facilitates round-table discussions between community leaders to give them a platform to voice their concerns and develop comprehensive, inclusive, and sustainable solutions.

“၈၈ တွေ တာဝန်ကျေပြီလား?”  ———————————"၈၈ တွေ ဦးဆောင်ပြီး တောင်းယူ တိုက်ယူခဲ့တာတွေထဲက တပါတီ အာဏာ ရှင်စနစ်ကနေ ပါတီစုံ ဒီမ...
07/08/2026

“၈၈ တွေ တာဝန်ကျေပြီလား?”
———————————
"၈၈ တွေ ဦးဆောင်ပြီး တောင်းယူ တိုက်ယူခဲ့တာတွေထဲက တပါတီ အာဏာ ရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် (အတိုင်းအတာတခုထိ) ရခဲ့တာကလွဲလို့ ကျန်တာတွေ ဘာမှ မဖြစ်မြောက်သေးပါဘူး။ ပါတီစုံ ဒီမိုကရေစီ ဆိုတာလည်း လက်ရှိမှာ ဘယ်စခန်းဆိုက်နေတယ် ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီ ရပြီလား? နတ္ထိပါ၊ လူ့အခွင့်အရေး ရပြီလား? သုညပါ။"

🔸ဆောင်းပါးရှင် - ကျော်ကျော်သိန်း

၈ လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့တာ ၃၈ နှစ် ပြည့်ပါပြီ။ ၈ လေးလုံး အရေးတော်ပုံ ကာလတွေက လမ်းပေါ်ထွက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေဟာ ဒီကနေ့မှာ သက်ရှိထင်ရှား ရှိနေ သေးတယ်ဆိုရင် အသက် ၅၀၊ ၆၀ ကျော် အရွယ်တွေ ရောက်နေကြပါပြီ။ အဲဒီ ကျောင်းသားလူငယ် တွေထဲက တချို့ဟာ အကျဥ်းထောင်တွေထဲမှာ၊ တချို့ဟာ တောထဲမှာ၊ တချို့ဟာ နိုင်ငံတွင်းမှာ၊ တချို့ဟာ ပြည်ပနိုင်ငံတွေမှာ၊ တချို့ဟာ လက်ရှိ ဆင်နွှဲနေဆဲ နွေဦးတော်လှန်ရေးအတွင်းမှာ အသက် ဆုံးပါးသွားခဲ့ကြပါပြီ။
ခုချိန်ထိ သက်ရှိထင်ရှား ရှိနေသေးသူတွေထဲမှာ တချို့က နိုင်ငံရေးအကျဥ်းသားတွေအဖြစ် အကျဥ်း ထောင်တွေထဲ ရောက်နေပါတယ်၊ အကျဥ်းကျနေတာမဟုတ်တဲ့ ၈၈ မျိုးဆက်တွေထဲက အများ အပြား (ပြည်ပရောက်နေသူတွေအပါအဝင်) ဟာ နွေဦးတော်လှန်ရေးထဲမှာ၊ သတင်းမီဒီယာကဏ္ဍ မှာ၊ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စသည်ဖြင့် ကဏ္ဍအသီးသီး၊ တာဝန်အသီးသီး၊ နေရာအသီး သီးကနေ ပါဝင်နေကြသူတွေရှိသလို ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်ငံရေးနဲ့ ဝေးဝေးနေသူတွေလည်း ရှိပါတယ်။
တချို့ကတော့ သူတို့ခေါင်းကို နင်းခဲ့တဲ့ စစ်ဖိနပ်ကို အားရပါးရ စိတ်ပါလက်ပါ လျက်နေကြပါတယ်၊ (ဒီဆောင်းပါးက သူတို့အကြောင်း လူရာသွင်းရေးတဲ့ဆောင်းပါး မဟုတ်တာကြောင့် သူတို့နဲ့ ပတ်သက်ပြီး ဆက်ရေးမှာ မဟုတ်ပါဘူး။)

ဒီဆောင်းပါးခေါင်းစဥ်က မေးခွန်းထုတ်ထားတဲ့ ““၈၈ တွေ တာဝန်ကျေပြီလား?” ဆိုတာကို ပြန်ကောက်ရရင် ဆောင်းပါးရှင်ကိုယ်တိုင်က တာဝန်မကျေသေးဘူးလို့ မြင်လို့သာလျှင် မေးခွန်း ထုတ်ထားတယ်ဆိုတာ ရှင်းလင်း မြင်သာပါတယ်။ ကိုယ်တိုင်က ၈၈ မျိုးဆက် ဖြစ်တဲ့အတွက် ဒီလို မေးခွန်းထုတ်ခွင့်ရှိပါတယ်။ ကျန် ဘယ်မျိုးဆက်ကမှ ၈၈ မျိုးဆက်ကို ဒီလိုမေးခွန်းမျိုး ထုတ်ခွင့်မရှိ ပါဘူး။ အဲဒီလိုသာ မျိုးဆက်တခုက ရှေ့မျိုးဆက်တခု သို့မဟုတ် နောက်မျိုးဆက်တခုကို မေးခွန်း ထုတ်ခွင့်ရှိရင် ဘယ်မျိုးဆက်မှ မေးခွန်းထုတ်ခံရတာမျိုးနဲ့ လွတ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ၈၈ တွေ ဒီလောက် ရင်းခဲ့ပြီးတာတောင် တာဝန်ကျေပြီလားလို့ ဘာ့ကြောင့် မေးခွန်းထုတ် တာလဲ? ရှင်းပါတယ်။ ၈၈ တွေ ဦးဆောင်ပြီး တောင်းယူ တိုက်ယူခဲ့တာတွေထဲက တပါတီ အာဏာ ရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် (အတိုင်းအတာတခုထိ) ရခဲ့တာကလွဲလို့ ကျန်တာတွေ ဘာမှ မဖြစ်မြောက်သေးပါဘူး။ ပါတီစုံ ဒီမိုကရေစီ ဆိုတာလည်း လက်ရှိမှာ ဘယ်စခန်းဆိုက်နေတယ် ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီ ရပြီလား? နတ္ထိပါ၊ လူ့အခွင့်အရေး ရပြီလား? သုညပါ။ အဲဒါတွေဟာ ၈ လေးလုံး လူထုအရေးတော်ပုံက တောင်းယူ တိုက်ယူခဲ့တဲ့ လိုလားချက်တွေပါပဲ။

အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ အန္ထိမ ရည်မှန်းချက်ကတော့ ၈၈ ရဲ့ လိုလားချက်တွေထက် အများကြီး အများကြီး ပိုကျယ်ပြန့်၊ပိုကြီးမားပါတယ်။ ဒါကလည်း သိပ်ကို သဘာဝကျပါတယ်။ သို့သော် အဲဒီ အန္တိမ ရည်မှန်းချက်ရဲ့ အခြေခံအုတ်မြစ်တွေဟာ ၈၈ ရဲ့ မပြည့်မီသေးတဲ့ လိုလားချက် တွေဖြစ်ပါတယ်၊ ဒါကြောင့် ၈၈ တွေ တာဝန်ကျေပြီလား? ဆိုတဲ့မေးခွန်းဟာ သိပ်ကို ကျိုးကြောင်း ဆီလျော်တဲ့ မေးခွန်းပါပဲ။

ဒီတော့ ၈၈ တွေ ဘာလုပ်ကြမလဲ? ရှင်းရှင်းလေးပါ၊ ကိုယ့်ရဲ့ မပြီးပြတ်သေးတဲ့ တာဝန်ကို ကျေပြွန် အောင် ဆက်လုပ်ကြဖို့ပါပဲ။ အခုကော လုပ်မနေကြဘူးလား? လုပ်နေကြပါတယ်၊ သို့သော် မျိုးဆက်တခုလုံးအနေနဲ့ ပြည့်စုံ လုံလောက်တဲ့ ကြိုးစား အားထုတ်မှု ရှိမနေပါဘူး။ ဒါဆို ဘာတွေ ညံ့ခဲ့တာလဲ? ဘာလုပ်သင့်တာလဲ?

ညံ့ခဲ့တာတွေထဲက အဓိကလို့ ဆောင်းပါးရှင် ယူဆတာတွေကို အရင်ပြောပါမယ်။

၈၈ တွေကို စစ်အုပ်စုအဆက်ဆက်က ဖိန့်ဖိန့်တုန်အောင် ကြောက်ပါတယ်။ ကြောက်လို့လည်း မျိုးတုံးသွားအောင် နည်းပေါင်းစုံနဲ့ အစွမ်းကုန် လုပ်ခဲ့ပါတယ်။ သို့သော် ၈၈ ဟာ ခုချိန်ထိ မျိုးမတုံး သေးတဲ့အပြင် မျိုးဆက်အသစ်အသစ်တွေကို ဆက်ပြီး မွေးထုတ်နေဆဲပါ။ သို့သော် အဲဒီ မျိုးဆက် အသစ်အသစ်တွေအတွက် စံနမူနာယူလောက်တဲ့၊ လူငယ်စကားပြောရရင် ဖြုံလောက်တဲ့ လုပ်ရပ် တွေ မပြနိုင်ခဲ့ပါဘူး၊ အဲဒါ က ညံ့ဖျင်းချက်တခုပါ။
၈၈ တွေကို စစ်အုပ်စုအဆက်ဆက်က ဖိန့်ဖိန့်တုန်အောင် ဘာကြောင့် ကြောက်တာလဲ? သူတို့ကို မျိုးပြုတ်လုနီး မျိုးဖြုတ်ခဲ့လို့ပါ၊ ‘နိုင်ငံရေး ဝိတ်’ (Political Leverage) သိပ်ကြီးလို့ပါ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈ ငြိမ်းပွင့်) မှာ ဦးဆောင်သူတွေ၊ ပါဝင်သူတွေကို ထောင်ထဲမှာတင် သေသွားလောက်တဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချ၊ ထောင်မချသူတွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ နာလန်မထူနိုင်အောင် လုပ်ခဲ့တာက သက်သေပါပဲ။ ဒီနေရာမှာ ‘နိုင်ငံရေး ဝိတ်’ ဆိုတာကို တယောက်တဖွဲ့အနေနဲ့ ပြောတာမဟုတ်ဘဲ ၈၈ မျိုးဆက်ဆိုတဲ့ မျိုးဆက်တခုလုံးအနေနဲ့ ပြောတာပါ။ ၈၈ တွေက သူတို့မှာရှိတဲ့ အဲဒီ ‘နိုင်ငံရေး ဝိတ်’ ကို မျိုးဆက်တခုလုံးအနေနဲ့ ထိထိ ရောက်ရောက် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း တာဝန်မကျေခဲ့တာပါ။
အဲဒါက ညံ့ဖျင်းချက် တခုပါ။

၈၈ မျိုးဆက်ဟာ သူ့ရှေ့အစဥ်အဆက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မျိုးဆက်အသီးသီးရဲ့ တော်လှန်အမွေကို ဆက်ခံပါတယ်။ စစ်အာဏာသိမ်းမှုကနေ ပေါ်လာခဲ့တဲ့ တပါတီအာဏာရှင်စနစ် ကို အမြစ်ဖြုတ်ခဲ့ပါတယ်။ တနိုင်ငံလုံးအနှံ့အပြား မျိုးဆက်ဝင်တွေရဲ့ စုပေါင်းအား သိပ်ကြီးမားပါ တယ်။ မြန်မာနိုင်ငံ တနံတလျားမှာ ၈၈ မျိုးဆက်မရှိတဲ့ အရပ်ဒေသ မရှိသလောက်ပါပဲ။ မျိုးဆက် တခုအနေနဲ့ပြောရရင် သိပ်ကို ကြီးမား ကျယ်ပြန့် အားကောင်းတဲ့ မျိုးဆက်တခုဖြစ်ပါတယ်။ သို့သော် အဲဒီ ကြီးမား ကျယ်ပြန့်အားကောင်းမှုကို ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုတခုအဖြစ် မစုစည်းနိုင်ခဲ့တာ က ညံ့ဖျင်းချက်တခုပါ။

ညံ့ဖျင်းချက်တွေထဲက ဆောင်းပါးရှင် မြင်တဲ့ အဓိက
ညံ့ချက်တွေကို ဒီနေရာမှာရပ်ပြီး ဘာလုပ်သင့် တာလဲ?
ဆိုတာကို ဆက်ပါမယ်။

မြန်မာနိုင်ငံရဲ့ အရေးကိစ္စ အရပ်ရပ်ထဲမှာ ၈၈ တွေ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်တဲ့၊ မကိုင်တွယ် နိုင်တဲ့၊ တိုးတက်အောင်မလုပ်နိုင်တဲ့ အရေးကိစ္စ မရှိသလောက်ပါပဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည် ကြိုက်တာ လာခဲ့ပါ၊ မဖြေရှင်းနိုင်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် ၈၈ တွေ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်တဲ့ အရေးကိစ္စ ရှိပါတယ်။ အဲဒါက လူမျိုးစုအရေးနဲ့ ဖက်ဒရယ်အရေးပါ။ ဒီအရေးကိစ္စကတော့ ၈၈ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်ဘဲ မျိုးဆက်တခု လုံးရဲ့ စုစည်းမှုအားနဲ့ပဲ ဖြေရှင်းနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ၈၈ မျိုးဆက်မှာ ဒေါ်အောင်ဆန်း စုကြည်လို တယောက်ယောက် ရှိမနေလို့ပါ။ သို့သော် မျိုးဆက်တခုလုံးရဲ့ ပေါင်းစုအင်အားနဲ့ဆိုရင် အဲဒါကိုလည်း ကိုင်တွယ်နိင်ပါတယ်။ တဦးတယောက် တစုတဖွဲ့တည်း လူစွမ်းကောင်း လုပ်ချင်လို့ တော့ မရဘူးပေါ့။ ဒီလိုပြောလို့ ၈၈ မျိုးဆက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဖို့ ပြောတယ်လို့ အဓိပ္ပါယ် ကောက်ရင်တော့လည်း ဉာဏ်နည်းလှချည့်လို့ ပြန်ပြောရုံအပြင် ပြောစရာ မရှိပါဘူး။

၈၈ မျိုးဆက်တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ ‘နိုင်ငံရေး ဝိတ် (Political Leverage)’ ကို မျိုးဆက်တခုလုံး အနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ‘လွယ်သလား ခက်သလား ရာမ’ ဆိုရင် ရာမ ငိုသွားလောက်ပါတယ်။ သို့သော် မကျေပြွန်သေးတဲ့ တာဝန်ကို ကျေပြွန်အောင်သာ ထမ်းဆောင်နိုင်ရင် မြန်မာပြည်ရဲ့ နောင်မျိုးဆက်အသီးသီး ဘယ်လို အာဏာရှင်မျိုးအောက်မှာမှ မနေရဘဲ ကမ္ဘာမှာ ခေါင်းမော့ ရင်ကော့နိုင်တဲ့ နိုင်ငံသားတွေ ဖြစ်လေမဟဲ့ ဆိုတဲ့ စိတ်တခုထဲနဲ့တင် ကြိုးစားရကျိုး နပ်ပါတယ်။ ၈၈ တွေ တာဝန်ကျေပြီလား ဆိုတဲ့မေးခွန်း ဘယ်တော့မှ ထပ်မေးခံရ တော့မှာ မဟုတ်ပါဘူး။

အဲဒီတော့ ဘာလုပ်ကြမလဲ? ဒါက လက်တွေ့ အလုပ်ပါတဲ့ မေးခွန်းပါ။ ဆောင်းပါးရှင်အနေနဲ့က တော့ ၈၈ တွေအနေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုတခုအဖြစ် စုစည်း တည်ဆောက်ပြီး မကျေပြွန် သေးတဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ပဲလို့ မြင်ပါတယ်။
ဘယ်က စကြမလဲဆိုရင် ၈၈ တွေ (စုနိုင်သလောက်၊ လူကိုယ်တိုင်၊ အွန်လိုင်း နည်းလမ်းပေါင်းစုံ) စုဝေးပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်အပေါ် မကွယ်မဝှက်တမ်း၊ အချိုပေါ် သကာ မဖုံးစတမ်း ပကတိအတိုင်း သုံးသပ် ဆွေးနွေးတာမျိုး အရင်လုပ်ပါ။ အဲဒီပွဲမှာ ၈၈ တွေ ဘာလုပ်သင့် သလဲဆိုတဲ့ အဆိုပြုချက်တွေကိုလည်း ရယူ စုဆောင်းပါ။ အဲဒီအဆိုပြုချက်တွေထဲက ဘုံတူတာ တွေကို ဆွဲထုတ်ပြီး ခိုင်မာတဲ့ စုစည်းမှုတခု တည်ဆောက်ပြီးတော့ အကောင်အထည်ဖော်ပါ။

အဓိက ဦးတည်ရမှာကတော့ ၈၈ မျိုးဆက်ရဲ့ ‘နိုင်ငံ ရေး
ဝိတ်’ နဲ့ မြန်မာပြည်ရဲ့ အဆုံးမသတ်နိင်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အာင် ကြိုးစားဖို့ပါပဲ။ ‘လွယ်သလား ခက်သလား ရာမ’ ဆိုရင် လွယ်မှတော့ ဒီဆောင်းပါးတောင် လူကြီးမင်း ဖတ်နေရမှာ မဟုတ်ပါဘူး။
၈၈ မျိုးဆက်ကမှ ဉာဏ်ကြီးကြီး၊ ရင်ဘတ်ကြီးကြီး၊ ဦးနှောက်ကြီးကြီးနဲ့ မလုပ်နိုင်ရင် လာမယ့် မျိုးဆက်တွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက် မျောကြရုံပေါ့။ နောင်လာမယ့် မျိုးဆက်အသီးသီး စစ်ဖိနပ်အောက်မှာ လူညွန့် တုံးသထက်တုံးပြီး ဘယ်တော့မှာ လူမွေးလူရောင် မပြောင်မယ့်အဖြစ်နဲ့ စာရင်တော့ ၈၈ မျိုးဆက် တံတွေးခွက်ထဲမှာ ပက်လက်မျောတာက တော်ပါသေးတယ်။

(ယခုဆောင်းပါးပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
-------------------------------

ကျော်ကျော်သိန်း သည် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ ရုပ်သံလွှင့်သတင်းထောက် အဖြစ် ၁၇ နှစ်ကျော် လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် မြန်မာ့အရေးနှင့် ဆက်စပ်သည်တို့ကို လုပ်ဆောင်လျက်ရှိသလို အွန်လိုင်းမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်ပြီး ဆောင်းပါးများ ရေးသားလျက်ရှိသည်။


"ဖွံ့ဖြိုးရေးဟု ဆိုရာဝယ်"  ---------------------🔸ဆောင်းပါးရှင် -  ကောင်းဆက်ဟိန်း      ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်င...
04/08/2026

"ဖွံ့ဖြိုးရေးဟု ဆိုရာဝယ်"
---------------------

🔸ဆောင်းပါးရှင် - ကောင်းဆက်ဟိန်း

ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့’ ဆိုသောစကားကို ကျွန်ုပ်တို့ မကြာခဏ ကြားဖူးပါသည်။ တခါတရံ ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာလည်း တွေ့ဖူးကြသည်။ သို့သော် ၎င်းစကားလုံးကို မြစ်ဖျားခံကြည့်ရာ ဖွံ့ဖြိုးရေး (development ) ဟု အဓိပ္ပါယ် သက်ရောက်ပါ သည်။

နှစ်ပေါင်းများစွာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ခံရသော နိုင်ငံများသည် ဖွံဖြိုးရေးဟူသော စကားကို တလွဲ အဓိပ္ပါယ်ကောက်ကြသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ် တွင် ဒေသအတွင်း အခြေခံအဆောက်အအုံများ အစုလိုက်အပြုံလိုက် ထောင်တက်လာခြင်းကိုသာ ဆိုလိုကြသည်။ လမ်းများခင်းသည်၊ မီးများသွယ်သည်၊ အဆောက်အဦးအသစ်များ ဆောက်သည်ကိုသာ ဖွံ့ဖြိုးရေး ဟု ၎င်းတို့ တွေးထင်မိကြသည်။ အမှန်တကယ်အားဖြင့် ရေသွယ်၊ မီးသွယ်ခြင်းသည် ဖွံ့ဖြိုးရေး မဟုတ်၊ ဒေသတစ်ခု၏ လိုအပ်ချက်ပင်ဖြစ်သည်။ သို့သော် ထိုသို့သောလိုအပ်ချက်များကို မပြည့်စုံ အောင် အစိုးရများ၊ စနစ်များက လုပ်ထားသောအခါ ၎င်း ပရောဂျက်ကလေးများဖြင့် ကျေးလက် တောရွာများသို့ ရောက်သွားလျှင်ပင် စီမံကိန်းကိုင်သူများ၊ အရာရှိများက မိမိကိုယ်ကို ကယ်တင်ရှင် ကြီးဟူ၍ သွေးနားထင်ရောက်ခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်ကို ပြန်ကြည့်ပါ။ ဖွံ့ဖြိုးရေးဟူသော ခေါင်စဉ်အောက်မှလုပ်သော စီမံကိန်းများတွက် အဆင့် ဆင့်လာဘ်စားမှုများ၊ အလေအလွင့်များစွာ ကြုံခဲ့ရသည်။ ၎င်းတို့ကို အစိုးရက တဖုံ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ တနည်း ပြုလုပ်ခဲ့ကြသည်များလည်းရှိသည်။ ၎င်းတို့က ဖွံ့ဖြိုးရေး ဟု ဆိုသည်။ သို့သော် လက်လှမ်းမီမှုနှင့် ဒေသ ဆိုင်ရာ အတွေးအခေါ်များကိုမူ လျစ်လျူရှုခဲ့ကြ သည်။ ရေကာတာများ ဆောက်ကြသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ၎င်းတို့ ရည်ရွယ်သော ပြောစကားများရှိပါသည်။ ဥပမာ ဒေသတွေဟာ ခေါင်သည်၊ ဒေသတွေဟာ ဖွံ့ဖြိုးမှု အားနည်းသည်၊မီးရဖို့ခက်ခဲသည်၊အလုပ်အကိုင် ရှားပါးသည် စသည်ဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် ရေကာတာများကို ထိုဒေသမှာ ဆောက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးစီးမံ ကိန်းများကို တစတစ အကောင်အထည်ဖော်ကြရမည် ဟူ၍ဖြစ်သည်။

မနှစ်က သတင်းတခုတွင် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်စဖို့ အသက်သွင်းရာတွင် ထိုသို့သော အကြောင်းကိုသာ တသွင်သွင်ပြောသွားသည့် တာဝန်ရှိသူတစ်ဦးကိုပင် အမှတ်ရမိပါသည်။ တစ်နိုင်ငံလုံး မီးရဖို့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူ၍ဖြစ်သည်။ သို့သော် ၎င်းသည် တရုတ်နိုင်ငံနှင့် မြန်မာခရိုနီတို့ကြားမှ အကျိုးစီးပွားတစ်ခုထက် မပိုပေ။
ထို့ကြောင့် ဖွံ့ဖြိုးရေးတို့ လမ်းဆုံရာသည် ဒေသလူထု၏ အကျိုးမဟုတ်ပဲ လူတစ်စု၏ အကျိုး စီးပွားနှင့် ထမင်းဝိုင်းတွင်သာ ဖြစ်နေကြသည်။ ဖွံ့ဖြိုးရေးဟု ခေါ်ဆိုရာတွင် လူမှုသိပ္ပံဘာသာရပ် အရ ခေတ်မီမှုတခုတည်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ပဲ မညီမျှမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးများ ပါဝင်ပါသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ရွှေတူးကြသည်၊ မြစ်ချောင်းများ ညစ်ညမ်းရသည်။

ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ဆည်များ ဆောက်ကြ သည်၊ ဂေဟစနစ်များ ပျက်သုဥ်းမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းကြရသည်။ ၎င်းကိုပင် ဆည်ကြီး ပြီးပြီဟုဆိုတာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြသည်များကို လွန်ခဲ့သော နှစ်များက တီဗီအစီအစဉ် ပေါ်တွင် မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ဖွံ့ဖြိုးရေးသည် ၎င်းတို့အလိုရှိသလို ကွေးလို့ဆန့်လို့ရသော သဘောတရားတွင်သာ လမ်းဆုံးနေပေ သည်။ Amartya Sen (အမတရာ ဆင်း) ကပြောခဲ့သည်။ ဖွံ့ဖြိုးရေးဟုဆိုရာတွင် လူသားတို့၏ ဖွံ့ဖြိုးမှု (Human Development) ကိုပါ ကျွန်ုပ်တို့ ထည့်စဉ်းစားရပေမည်။ သို့သော် ထို လူသား ဖွံ့ဖြိုးရေးကို လုပ်ရာတွင် ဒေသတွင်းမှ ဌာနေလူထုအတွက် လုပ်ရုံဖြင့်ပင် မလုံလောက်တော့ပါ။ ဖွံ့ ဖြိုးရေးကိုအဓိပ္ပါယ်ကောက်လွဲနေသော မူဝါဒချမှတ်သည့် အခွင့်အာဏာရှိသူများ၏ ဦးနှောက်နှင့် နှလုံးသားများပါ ဖွံ့ဖြိုးလာဖို့ လိုပြီဟုထင်သည်။

ညှာတာထောက်ထားမှု၊ နားလည်မှု၊ ဆင်ခြင်တုံတရားနှင့် စဉ်းစားတွေးခေါ်မှုတို့သည်သာ ဖွံ့ဖြိုးရေး လမ်းကြောင်းတို့ ဆုံရာ ဖြစ်သင့်သည်ဟု တင်ပြလိုပါသည်။ လူတချို့၏ အိတ်ထောင်နှင့် ထမင်း စားပွဲဝိုင်းများတွင်သာ လမ်းဆုံနေသည်မှာ မဖြစ်သင့်တော့ပါချေ။

(ယခုဆောင်းပါးပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
-----------------------------------
ကောင်းဆက်ဟိန်းသည် Social Science ကျောင်းသားတစ်ဦးဖြစ်၍ Development Sector များတွင် အတွေ့အကြုံရှိ သော လူငယ်တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအကြီးများ၏ Development ကို အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် ပညာရပ်ဆိုင်ရာ ဖွင့်ဆိုပုံများမှာ ကွဲပြားကြောင်းကို သီအိုရီအားဖြင့် ကျွမ်းကျင်စွာ သိရှိနားလည်ထားပါသည်။ အဖွဲ့အစည်းအကြီးများမှ ဖွံ့ဖြိုးရေးဟူသောခေါင်းစဉ်အောက်တွင် အဓိပ္ပါယ်ကောက်လွဲမှုများကိုမူ မြန်မာတွင်သာမက နိုင်ငံတကာတွင်ပါ တွေ့မြင်လာရပါသည်။ ပညာရပ်ဆိုင်ရာများမှလာသော ဖွံ့ဖြိုးရေး ဟူသောခေါင်းစဉ်သည် ၎င်းတို့ စဉ်းစားသည်များနှင့် ကွဲပြားကြသည်ကို သိရှိစေလိုပါ သည်။
ထိုင်းနိုင်ငံ မယ့်ဖာလုံတက္ကသိုလ်တွင် တက်ရောက်နေသော လူမှုဖွံ့ဖြိုးရေးမဟာဌာန (School of Social Innovation) မှ ဘွဲ့ကြိုကျောင်းသားဖြစ်ပါသည်။

📢 စာမူဆိုင်ရာ သတ်မှတ်ချက် ပြင်ဆင်အသိပေးခြင်းကလောင်ရှင်များ၏ အတွေးအမြင်နှင့် အတွေ့အကြုံများကို ပိုမိုပြည့်စုံစွာ ဖော်ပြနိ...
03/08/2026

📢 စာမူဆိုင်ရာ သတ်မှတ်ချက် ပြင်ဆင်အသိပေးခြင်း

ကလောင်ရှင်များ၏ အတွေးအမြင်နှင့် အတွေ့အကြုံများကို ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်စေရန်၊ စာဖတ်ပရိသတ်များအနေဖြင့်လည်း အကြောင်းအရာများကို ပိုမိုနက်ရှိုင်းစွာ ဖတ်ရှုခံစားနိုင်စေရန် ရည်ရွယ်၍ Mosaic Voices ဝိုင်းတော်သားများ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ စာမူအရှည် သတ်မှတ်ချက်ကို ပြင်ဆင်ထားပါသည်။

📝 ပြင်ဆင်ထားသော သတ်မှတ်ချက်�စာမူသည် A4 စာမျက်နှာ (၄) မျက်နှာထက် မပိုစေရ။

📌 အခြား သတ်မှတ်ချက်များမှာ ယခင်အတိုင်း ဖြစ်ပါသည်။�
Microsoft Word သို့မဟုတ် Text File ဖြင့် ရေးသားတင်ပြရမည်။�Unicode Font (12 pt) အသုံးပြုရမည်။� A4 စာရွက်အရွယ်အစား၊ Margin (၁) လက်မစီ သတ်မှတ်ထားရမည်။

📖 ကလောင်ရှင်များ၏ အသံနှင့် အတွေးအမြင်များကို ဖတ်ရှုရန် မျှော်လင့်လျက်၊ အားလုံး၏ ပါဝင်ရေးသားမှုကို Mosaic Voices မှနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

လက်နက်ကျိန်စာ မသင့်စေလို -------------------------------------🔸ဆောင်းပါးရှင် -  ကိုဉာဏသစ်🇲🇲၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးန...
19/06/2026

လက်နက်ကျိန်စာ မသင့်စေလို
-------------------------------------

🔸ဆောင်းပါးရှင် - ကိုဉာဏသစ်

🇲🇲၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က လူငယ်ထောင်ပေါင်းများစွာ လက်နက်ကိုင်လမ်းစဉ်ထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ အစပိုင်းမှာတော့ “လက်နက်မရှိလို့ အနိုင်ကျင့်ခံနေရတာ” ဆိုတဲ့ ခံစားချက်နဲ့ စစ်တပ်ကို လက်နက်နဲ့ ပြန်လည်ခုခံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီဆုံးဖြတ်ချက်က မှားယွင်းတဲ့ ရွေးချယ်မှုလို့တော့ မဆိုသာပါဘူး။

ဒါပေမယ့် သမိုင်းတလျှောက် တော်လှန်ရေးများစွာက ပြသထားတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်နက်ကိုင်ပဋိပက္ခအစမှာ လူတွေက လက်နက်ကို ကိုင်တယ်လို့ ထင်ပေမယ့် နောင်တစ်ချိန်မှာ လက်နက်က လူကို ပြန်ပြီး ထိန်းချုပ်သွားတတ်ပါတယ်။ ဒီအခြေအနေကိုပဲ “လက်နက်ရဲ့ ကျိန်စာသင့်တယ်” လို့ ဆိုနိုင်ပါတယ်။

အစပိုင်းမှာ ပြည်သူကို ကာကွယ်ဖို့ ကိုင်ခဲ့တဲ့လက်နက်၊ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ကိုင်ခဲ့တဲ့ လက်နက်တွေဟာ နောက်ပိုင်းမှာ ဩဇာ၊ အာဏာ၊ ငွေကြေးနဲ့ အခွင့်ထူးတွေကို ဖန်တီးပေးတဲ့အရာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ လက်နက်များများရှိတဲ့အဖွဲ့၊ လူအင်အားများတဲ့အဖွဲ့၊ လူသိများတဲ့အဖွဲ့တွေက ပိုပြီး အရေးပါလာကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဆက်ဆံရေးမှာလည်း လက်နက်အင်အား၊ တပ်အင်အားနဲ့ နယ်မြေစိုးမိုးနိုင်မှုတွေက အာဏာနဲ့ သြဇာကို ဆုံးဖြတ်လာပါတယ်။ အဲဒီအခါ “ဘယ်သူက ပြည်သူနဲ့ ပိုနီးစပ်သလဲ” ဆိုတာထက် “ဘယ်သူက လက်နက်ပိုရှိသလဲ” ဆိုတဲ့ ယဉ်ကျေးမှုဘက်ကို တဖြည်းဖြည်း ရွေ့သွားတတ်ပါတယ်။

တချို့ဒေသတွေမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက သယံဇာတထုတ်ယူမှု၊ အခွန်အခကောက်ခံမှု၊ ကုန်သွယ်ရေးလမ်းကြောင်း ထိန်းချုပ်မှုတွေကနေ ငွေကြေးအကျိုးအမြတ် ရှာလာကြပါတယ်။ ပြည်သူတွေဆီကနေရရှိတဲ့ ထောက်ပံ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲတာ၊ ဒေသခံပြည်သူတွေကို ကန့်သတ်ချုပ်ချယ်တာ၊ အာဏာရှင်ဆန်ဆန် ဆက်ဆံတာတွေ ရှိလာပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်တွေလည်း သတင်းမီဒီယာတွေပေါ်ရောက်လာခဲ့ပါတယ်။

တော်လှန်ရေးဘက်မှာ - ဥပမာအားဖြင့် မြိုင်မြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ အာဏာအလွဲသုံးစားမှုတွေ၊ ကန့်ဘလူမြို့နယ် ပလဖရဲ့ အချုပ်ခန်းထဲက မုဒိမ်းမှုတွေကလည်း လက်နက်တွေရဲ့ အစွန်းထွက်ပြဿနာပါ။ ဒီလိုဖြစ်ရပ်တွေကို ကြည့်ရင် စစ်တပ်ကိုတော်လှန်ဖို့ ကိုင်ခဲ့တဲ့ လက်နက်တချို့ဟာ ပြည်သူကို ပြန်ဖိနှိပ်ဖို့ အသုံးချနေတယ်ဆိုတာ ရှင်းရှင်း လင်းလင်း တွေ့မြင်နိုင်ပါတယ်။

လက်နက်ကိုင်ထားသူတစ်ယောက် ရပ်ရွာထဲ ဝင်ထွက်သွားလာတဲ့အခါ လူတွေက ကြောက်ရွံ့ရိုသေမှုနဲ့ ဆက်ဆံတတ်ကြပါတယ်။ အာဏာရှင်ကို တွန်းလှန်နေတဲ့သူတွေမို့လို့ တလေးတစား ဆက်ဆံတာမျိုးတွေလည်း ရှိပါတယ်။ အဲသလို လေးစားမှုနဲ့ ကြောက်ရွံ့ရိုသေမှုအပေါ်မှာ တဖြည်းဖြည်းသာယာပြီး ငါတို့က အာဏာရှိတယ် ဆိုတဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီ အာဏာရဲ့ အရသာကို စွဲလမ်းလာတဲ့အခါ လက်နက်ကို မူလရည်ရွယ်ချက်အတွက် မဟုတ်ပဲ ကိုယ်ကျိုး၊ အဖွဲ့အစည်းအကျိုး၊ ဩဇာအာဏာ ချဲ့ထွင်မှုတွေ အတွက် အသုံးချလာပါတယ်။

ဘယ်လက်နက်ကိုင်မှ ပြည်သူဘက်ကို သေနတ်ပြောင်း ပြန်မလှည့်သင့်ပါဘူး။ ဒီအချက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသာ ပြောရမယ့်စကား မဟုတ်ပါဘူး။ လက်နက်ကိုင်ထားတဲ့သူအားလုံး လိုက်နာရမယ့်အချက်ပါ။ အထူးသဖြင့် တော်လှန်ရေးကာလလို ဥပဒေစိုးမိုးမှုအားနည်းတဲ့ အခြေအနေမျိုးမှာ လိုက်နာဖို့ ပိုအရေးကြီးပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအပေါ် အရပ်ဘက်ထိန်းချုပ်မှု ရှိမနေရင် ဒီပြဿနာက ပိုဆိုးလာနိုင်ပါတယ်။ “တော်လှန်ရေးလုပ်နေတာမို့ အမှားအယွင်းတော့ ရှိမှာပဲ” ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှားတွေကို မမြင်ချင်ယောင် ဆောင်နေမယ်ဆိုရင် အဲဒီအမှားတွေက နောက်ပိုင်းမှာ ပိုကြီးတဲ့အန္တရာယ်အဖြစ် ပြန်ပေါ်လာ
ပါလိမ့်မယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးဦးဆောင်သူတွေ၊ ဥပဒေပညာရှင်တွေ၊ သုတေသီတွေ၊ CDM စစ်တပ်အရာရှိတွေ၊ နိုင်ငံတကာ အတွေ့အကြုံရှိသူတွေ အားလုံး ဝိုင်းဝန်းဆွေးနွေးဖို့ လိုပါတယ်။ ထိခိုက်နစ်နာတဲ့ ပြည်သူတွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာဖို့လိုသလို စည်းကမ်းချိုးဖောက်သူတွေကိုလည်း ဘယ်သူပဲဖြစ်ဖြစ် တရားမျှတစွာ အရေးယူနိုင်ဖို့ လိုပါတယ်။
မဟုတ်ရင် စစ်တပ်ကိုတော်လှန်ဖို့ ကိုင်ခဲ့တဲ့ လက်နက်တွေဟာ နောက်ဆုံးမှာ ပြည်သူကို ပြန်ဖိနှိပ်တဲ့ လက်နက်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ လက်နက်တွေရဲ့ ကျိန်စာဆိုးကို မချိုးဖျက်နိုင်ရင် တော်လှန်ရေးရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးသွားနိုင်ပါတယ်။ လက်နက်ကို လူက ထိန်းချုပ်တဲ့ တော်လှန်ရေးသာ အောင်မြင်နိုင်ပါတယ်။ လူကို လက်နက်က ပြန်ထိန်းချုပ်သွားတဲ့ တော်လှန်ရေးကတော့ မူလရည်ရွယ်ချက် မလွဲမသွေ ဆုံးရှုံးသွားတတ်ပါတယ်။

(ယခုဆောင်းပါပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
-----------------------------------

ကိုဉာဏသစ်သည် မြန်မာ့နိုင်ငံရေးလေ့လာသူဖြစ်ပြီး အလွတ်တမ်းသုတေသန ပြုလုပ်နေသူဖြစ်ပါသည်။ အခါအားလျော်စွာ နိုင်ငံရေး
စစ်ရေး ဆောင်းပါးများ ရေးသားလျက်ရှိသည်။"

တရားစီရင်တိုင်း တရားမျှတမှု ရပါသလား -------------------------------------🔸ဆောင်းပါးရှင် -  ကိုဉာဏသစ် ⚖️မညီမျှသော တရားမျှ...
04/06/2026

တရားစီရင်တိုင်း တရားမျှတမှု ရပါသလား
-------------------------------------

🔸ဆောင်းပါးရှင် - ကိုဉာဏသစ်

⚖️မညီမျှသော တရားမျှတမှု

မြန်မာနိုင်ငံရဲ့ အရပ်ဒေသတစ်ခုမှာ လူသတ်မှုကျူးလွန်သူတစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ပေမယ့် အခြားဒေသတစ်ခုမှာတော့ အလားတူပြစ်မှုအတွက် လျော်ကြေးငွေပေးလိုက်ရုံနဲ့ ကျူးလွန်သူက လွတ်မြောက်သွားပါတယ်။ တစ်နေရာမှာက ထောင်ဒဏ်နဲ့ တခြားတစ်နေရာမှာ လျော်ကြေးငွေ။ တူညီသော အမှုအခင်း၊ သို့မဟုတ် ကျူးလွန်မှုအတွက် မတူညီသောပြစ်ဒဏ်တွေ ရှိနေခြင်းက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်တကျ မရှိနိုင်တဲ့ အခြေအနေမှာ လက်တွေ့ကြုံတွေ့နေရတာပါ။

ယနေ့ ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးမှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်၊ တိုင်းရင်းသားမျိုးနွယ်စု အလိုက် ကျင့်သုံးကြတဲ့ တရားစီရင်ရေး၊ တချို့ ရပ်ရွာဒေသအလိုက် ကျင့်သုံးကြတဲ့ ထုံးတမ်းစဉ်လာ တရားစီရင်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့တွေက စီရင်ဆုံးဖြတ်တဲ့ တရားစီရင်မှုတွေ စသည်ဖြင့် ကွဲပြားနေခြင်းက အနာဂတ် ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသလို ပြည်သူတစ်ဦးချင်းစီအတွက်လည်း ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပါတယ်။

⚖️တရားစီရင်ရေး ဘာကြောင့် မညီမျှရသလဲ

တရားစီရင်ရေးစနစ်က အောက်ပါ အကြောင်းအချက်တွေကြောင့် ကွဲပြားနေပါတယ်။
ဥပဒေသက်ရောက်မှု။ ပထမဆုံးကတော့ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်က မြို့ပြကြီးတွေမှာသာ အသက်ဝင်ပြီး တိုင်းရင်းသားဒေသတွေနဲ့ ကျေးလက်ဒေသတွေမှာ အသက်ဝင်မှု နည်းပါးပါတယ်။
ဓလေ့ထုံးတမ်း မတူညီမှု။ ကျူးလွန်မှုအတွက် ဒေသအလိုက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေက ကွဲပြားနေကြပါတယ်။ ဥပမာအားဖြင့် ဝဒေသမှာ ပြန်ပေးဆွဲမှုအတွက် သေဒဏ် ချမှတ်တာမျိုး တွေ့ရပါတယ်။
လက်နက်ကိုင်တရားစီရင်မှု။ တချို့လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တရားစီရင်ရေးစနစ် ထူထောင်ထားကြပါတယ်။ တပ်ဖွဲ့ရဲ့ အကြီးအကဲကနေ ပြစ်မှုကျူးလွန်သူအပေါ် တိုက်ရိုက်တရားစီရင်မှု ပြုလုပ်တာမျိုးပါ။
ကင်းလွတ်ခွင့်။ တိုက်ပွဲတွေ ဖြစ်နေချိန်၊ နယ်မြေဒေသ မတည်ငြိမ်တဲ့အချိန်မှာ တရားစီရင်ရေးဆောင်ရွက်ဖို့ အခြေအနေ မပေးတဲ့အခါ အဖြစ်သဘောလောက် စီရင်လိုက်တာမျိုးကနေ လုံးဝ မစီရင်နိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်နိုင်ပါတယ်။

⚖️တရားစီရင်တိုင်း တရားမျှတမှု ရရဲ့လား

တူညီသောကျူးလွန်မှုအတွက် မတူညီသော ပြစ်ဒဏ်တွေကို ကြုံတွေ့ရတဲ့အခါ တရားမျှတမှုကို တရားစီရင်ရေးစနစ်က ဆောင်ကြဉ်းပေးနိုင်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ပထမဆုံးက ကာယကံရှင်ပါ။ မတူညီတဲ့ပြစ်ဒဏ်က ကျူးလွန်သူအတွက် တရားမျှတမှု ရရဲ့လားဆိုတာ အငြင်းပွားစရာပါ။ သူတို့ရဲ့ မိသားစုဝင်တွေကရော ဒီလိုစီရင်မှုတွေကို တရားမျှတတယ်လို့ ခံစားရပါ့မလား။
မျိုးနွယ်စုအလိုက် ကွဲပြားမှုတွေ။ ကျူးလွန်သူနဲ့ အကျူးလွန်ခံရသူတွေ မျိုးနွယ်မတူညီခဲ့ရင် ဘယ်လိုစီရင်မလဲ ဆိုတာလည်း တကယ့် မြေပြင်ပြဿနာပါ။ ဒီကြားထဲ ဘာသာရေးအရ ကွဲပြားရင်လည်း ဖြေရှင်းရ ပိုခက်သွားစေပါတယ်။ ဒါ့အပြင် ကျူးလွန်မှုဖြစ်တဲ့ ရပ်ရွာရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဖြေရှင်းကြလားဆိုတာတွေက ငြင်းခုံစရာဖြစ်နေဆဲပါ။
လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော ပြစ်ဒဏ်တွေ။ လူ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ပြစ်ဒဏ်ပေးမှုတွေကရော မျှတတဲ့ တရားစီရင်မှုလား။ ဥပမာ ကြိမ်ဒဏ်ပေးတာ၊ လူပုံအလယ်မှာ ပြသတာ၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာအောင်ပေးတဲ့ ပြစ်ဒဏ်တွေကိုလည်း ပြန်စိစစ်သင့်ပါတယ်။

ဒီပြဿနာရဲ့ အကျိုးဆက်တွေ

တပြေးညီမရှိတဲ့ ပြစ်ဒဏ်ပေးခြင်းတွေကြောင့် တရားစီရင်ရေးအပေါ်မှာ ပြည်သူတွေက ယုံကြည်မှု ကင်းမဲ့လာနိုင်ပါတယ်။ တရားစီရင်ရေးကို မယုံကြည်တဲ့အခါ ကိုယ်တိုင် လက်စားချေပြီး တရားမျှတ မှုကို ကိုယ်တိုင် ရယူတတ်ပါတယ်။ တချို့ဆိုရင် မျိုးဆက်နဲ့ချီပြီး ရန်ငြိုးဖွဲ့တတ်ကြပါတယ်။ ဒါ့အပြင် ပြစ်မှုကျူးလွန်မှု၊ အငြင်းပွားမှုဖြစ်လာရင် ကိုယ့်တရားစီရင်ရေးကိုပဲ အသိအမှတ်ပြုဖို့ ကြိုးစားကြပါတယ်။ ပဋိပက္ခတွေ ပြီးဆုံးတဲ့အချိန်မှာ လူအုပ်စုတွေကြားမှာ ပြန်လည်သင့်မြတ်ဖို့ ခဲယဉ်းသွားတတ်ပါတယ်။

📝ဖြေရှင်းရမယ့် နည်းလမ်းတွေ

ဗဟိုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေကြားမှာ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်ရပါမယ်။ လုပ်ထုံးလုပ်နည်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တူညီစေဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ (Criminal Procedure Code) လိုမျိုးကို ရေးဆွဲရပါမယ်။ အနိမ့်ဆုံး အမြင့်ဆုံး ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပြဌာန်းနိုင်ဖို့ လိုပါတယ်။ အသွင်ကူးပြောင်းရေး တရားစီရင်ရေးဥပဒေ‌ (Transitional Justice Law) တစ်ရပ်ကို ပြဌာန်းဖို့လိုပါတယ်။

ဓလေ့ထုံးတမ်းဥပဒေတွေကို လုံးဝ ဖျက်သိမ်းတာမျိုးမဟုတ်ပဲ ဖက်ဒရယ်စနစ်အတွင်း ပေါင်းစပ် ထည့်သွင်းလို့ ရပါတယ်။ ဒါ့အပြင် တရားစီရင်ရေးအဖွဲ့တွေကို အရည်အချင်းပြည့်ဝအောင် လေ့ကျင့် ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီနဲ့ လက်ရှိ တရားစီရင်ရေးစနစ်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်ပြီး စစ်ဆေးမွမ်းမံဖို့ လိုပါတယ်။

နိဂုံး
တရားစီရင်ရေးစနစ်ဆိုတာ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ တရားမျှတမှုဆိုတာ တစ်ဦးချင်း ဒါမှမဟုတ် ဒေသတစ်ခုအတွက်သာ မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်ရမှာပါ။ ပြည်သူတွေအပေါ် လေးလံဖိစီးစေသော တရားစီရင်မှုစနစ်မျိုးက ရေတိုမှာရော ရေရှည်မှာပါ တိုင်းပြည်အတွက် ကောင်းကျိုးမထွက်စေပါဘူး။ တရားမျှတမှုမရှိတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးက ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး။

(ယခုဆောင်းပါပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
----------------------------

ကိုဉာဏသစ်သည် မြန်မာ့နိုင်ငံရေးလေ့လာသူဖြစ်ပြီး အလွတ်တမ်းသုတေသန ပြုလုပ်နေသူဖြစ်ပါသည်။ အခါအားလျော်စွာ နိုင်ငံရေး
စစ်ရေး ဆောင်းပါးများ ရေးသားလျက်ရှိသည်။"


သူရဲကောင်း နိုင်ငံရေး ---------------------🔸ဆောင်းပါးရှင် -  မိအေး        မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဥ်ဟာ နှစ...
30/04/2026

သူရဲကောင်း နိုင်ငံရေး
---------------------

🔸ဆောင်းပါးရှင် - မိအေး

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဥ်ဟာ နှစ်ပေါင်းများစွာ အချုပ်၊ ထောင်၊ နှိပ်စက်ညှဥ်းပန်းမှု၊ စစ်ပွဲနဲ့ အနိဋ္ဌာရုံတွေကို ကျော်ဖြတ်ခဲ့ကြရပါတယ်။ အာဏာရှင်များစွာ အပြောင်းအလဲ ဗလောင်းဗလဲကြားမှာ အကောင်းပကတိ ကြွင်းကျန်ခဲ့တဲ့ နှလုံးသားတွေ၊ ဒဏ်ရာမပါတဲ့ အရေပြားတွေဆိုတာ မရှိသလောက်ပါဘဲ။ တက်ကြွလှုပ်ရှားမှု ကြိမ်နှုန်းပိုများလေလေ ဒဏ်ရာတွေ မျက်ဝါးထင်ထင် မြင်ရလေလေပါပဲ။

အခြားသော လွတ်လပ်ရေးတိုက်ပွဲတွေနဲ့ မခြားဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတာ စွန့်လွှတ်စွန့်စားရတာချည်းပါပဲ။ ကမ္ဘာပေါ်က အရက်စက်ဆုံး စစ်တပ်ကို တော်လှန်ရတယ်ဆိုတာ အသက်၊ ဘဝ ရှိရှိသမျှကို စတေးရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ပါ။ ဒီတော့ လူတိုင်း မပါဝင်နိုင်သလို ရွတ်ရွတ်ချွံချွံ ပေးဆပ်သူတွေအတွက် ကရုဏာနဲ့ ချီးကျူးထောမနာပြုမှုကိုလည်း လူထုဆီက တနင့်တပိုး ရတတ်ကြပါတယ်။ တကယ်လည်း မြန်မာ့နိုင်ငံရေးသမား အများစုဟာ လက်တွေ့ဘဝက စူပါဟီးရိုးတွေ ဖြစ်ကြပါတယ်။

၂၀၁၅ NLD ပါတီ အာဏာရစဥ်က ထောင်ထွက်အများစုကို နေရာပေးတယ်ဆိုပြီး ပြစ်တင် ဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီတိုက်ပွဲတလျှောက် စွန့်လွှတ်စွန့်စား အနစ်နာခံသူများကို ပြန်လည်ချီးမြှောက်တဲ့ ကြိုးစားမှု တစိတ်တဒေသပဲလို့ ယူဆသူတွေလည်း ရှိခဲ့ပါတယ်။

ဒေါက်တာညီညီကျော်ရဲ့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဆောင်းပါးကို ကိုးကားဖော်ပြရရင် အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေဟာ ပရဟိတအခြေခံဖြစ်တာ ကြောင့် တာဝန်ခံခိုင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ လူအများစုရဲ့အမြင်မှာ သူရဲကောင်းဘွဲ့ရသူ တွေကို ဝေဖန်ဖို့ဆိုတာ အင်မတန် ခဲယဥ်းတဲ့အလုပ် ဖြစ်ပါတယ်။ အရိပ်နေနေ အခက်ချိုးချိုးလို့ပဲ ပြောမလား၊ အားမနာ ရှာမကျိုးလို့ဆိုမလား ... ဒီလို မဝေဖန်နိုင်တဲ့အခါ နိုင်ငံရေးနယ်ပယ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍဟာ ချို့ယွင်းချက်တွေ များပြားလာတယ်လို့ အဲဒီဆောင်းပါးက ထောက်ပြဝေဖန်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာလည်း ပေးဆပ် စွန့်လွှတ် အနစ်နာခံမှု အနည်းနဲ့အများ ရှိခဲ့ကြသူတွေပါပဲ။ ဒီလူတွေကို သူရဲကောင်းများအဖြစ် ချီးကျူးအသိအမှတ်ပြု နေရာပေးတယ်ဆိုတာလည်း မှားယွင်းတဲ့လုပ်ရပ် မဟုတ်ပါဘူး။ သို့သော် အဝေဖန်ခံရဲသူတွေ မဟုတ်ကြတဲ့အခါ သူတို့အပေါ် ဝေဖန်ထောက်ပြရဲသူတွေလည်း နည်းသထက် နည်းလာပါတယ်။ တော်လှန်ရေးမှာ ဝေဖန်ရဲဖို့ဆိုရင် ဘယ်လောက် ထဲထဲဝင်ဝင် ပါဝင်ထားလဲ ဆိုတဲ့မေးခွန်းကို ဖြေဖို့လို သလို မြေပေါ်မြေအောက် ဘယ်တော်လှန်ရေးမှာ ပါနေတာလဲ ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။

တော်လှန်ရေးကြီး အောင်ဖို့ဆိုတဲ့ ပန်းတိုင်ကြီးကြောင့်လည်း ရန်သူကိုသာလျှင် ဝေဖန်ရမယ်ဆိုတာမျိုး ခံယူထားသူတွေကလည်း များလှပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်နေသရွေ့ မှားနေရင်တောင် မှားပုံမှားနည်း မှန်တယ်လို့ ဖုံးဖိပေးချင်သူတွေလည်း ရှိလာပါတယ်။ စစ်အာဏာရှင်ဆိုတဲ့ အမျိုးက လည်း လူထုကို အသက်ရှူပေါက်တောင် မပေးတော့ အနည်းဆုံးတော့ တော်လှန်ရေးသမားတွေကမှ လူထုကို စေတနာထားပါသေးတယ် ဆိုတဲ့အတွေးလည်း ဝင်ချင်စရာပေါ့။

ဒါပေမဲ့ နိုင်ငံ့ဦးဆောင်မှုကဏ္ဍမှာ ပါဝင်နေသူတွေကို ထင်တိုင်းကြဲခွင့် ပေးထားတာက ကြီးမားတဲ့ ပေးဆပ်မှုတော့ ရှိစမြဲပါပဲ။ သမိုင်းမှတ်တမ်း ဥပမာတခုအနေနဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကာလ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းကို ကြည့်ရအောင်ပါ။ ခေါင်းဆောင်မှုအပိုင်းမှာ အငြင်းပွါးမှုတွေ များစွာ ရှိနေတဲ့ ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဖယ်ရှားဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗိုလ်ချုပ် ကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဟာ ဖက်စစ်ဂျပန် တော်လှန်ရေး အောင်ဖို့ကို ရှေ့ရှုကာ စိတ်ရင်းမကွဲသင့်ကြောင်း ယူဆတာကတကြောင်း၊ ဗိုလ်နေဝင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ထောက်ထားတာကတကြောင်းကြောင့် အရေးယူဖို့ နောက်ဆုတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကျော်ဇောက ဆိုပါတယ်။

ဒီတော့ သမိုင်းတကွေ့မှာ အမှားခြေရာတထပ်ထဲ သမင်လည်ပြန်နေပြီလားလို့ မေးစရာရှိပါတယ်။ တော်လှန်ရေးတက်နေဝန်းတွေဟာလည်း အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင် ရုပ်ဆင်းလက္ခဏာ တွေကို မသိလိုက်မသိဖာသာ မွေးမြူနေမိကြတာကို တော်လှန်ရေးအောင်ဖို့ကတကြောင်း၊ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံခဲ့မှုတွေကို မျက်နှာနာတာက တကြောင်းနဲ့ ဝေဖန်ထောက်ပြဖို့၊ အရေးယူနိုင်ဖို့ ခဲယဉ်းနေကြပါတယ်။

နိုင်ငံရေးဦးဆောင်မှုတာဝန်ကို​ ယူထားသူတွေမှာလည်း ဆင်ခြင်သုံးသပ်ခြင်းနဲ့ လွဲမှားမှုတွေကို ပြန်လည်ပြင်ဆင်ခြင်း အင်မတန် အားနည်းလှပါတယ်။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ကိုယ့်လူ၊ ကိုယ့်ဘက်သားတွေကိုလည်း ပြတ်သားစွာ အရေးယူနိုင်တဲ့၊ ပြောင်းလဲပြင်ဆင်နိုင်တဲ့ အနေအထားတခုကို ပြန်လည်ပျိုးထောင်ဖို့ လိုနေပါတယ်။ အထူးသဖြင့် တော်လှန်ခြင်းဟာ ရေရှည် တိုက်ပွဲ ဖြစ်လာမယ့် အခြေအနေမှာဆိုရင်ပေါ့။

အစွန်းမရောက်လှသော သိမှုမှာလည်း နိုင်ငံ့အာဇာနည်တွေ၊ သူရဲကောင်းတွေကို ထိုက်တန်တဲ့ ဂုဏ်ပြုမှု၊ ချီးမြောက်မှု၊ အသိအမှတ်ပြုမှုကိုတော့ ပေးဖို့လိုပါတယ်။ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝစာမျက်နှာ တွေ ကြမ်းတမ်းလွန်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ၊ အစွန်းရောက်တတ်တဲ့ အယူအဆတွေ၊ လူမှုဘဝနဲ့ ပွတ်တိုက်မှုတွေကို သတိပြုမိကြဖို့ လိုပါတယ်။ ဦးဆောင်မှုအပိုင်း အားနည်းတဲ့အခါ ဝေဖန်ရဲရမှာဖြစ်သလို အနာတရများတဲ့ လူသားတွေဆိုတာကို နားလည်ပြီး ကိုင်တွယ်ဖြေရှင်းတတ်ကြ ဖို့လည်း လိုပါတယ်။ အခုဆို နိုင်ငံပေးတဲ့ စိတ်ဒဏ်ရာကို မျိုးဆက်အလိုက် မချိတင်ကဲ ထပ်ပြီး ခံစားနေကြရပြန်ပါပြီ။ ဒီဒဏ်ရာတွေကနေ ယိုယွင်းတဲ့ ဦးဆောင်မှုတွေဆီကိုလည်း ထပ်မံပြီး ဦးတည် သွားနေနိုင်သလို အိမ်မက်ဆိုးတွေကြား ပိတ်မိနေတဲ့ သူရဲကောင်းတွေ ကိုယ့်အသက်ကိုယ် နုတ်ယူ လောကကို နှုတ်ဆက်သွားတဲ့ အဖြစ်တွေကိုလည်း ထပ်ကြုံနိုင်ဖွယ်ပါပဲ။

အချုပ်ပြောရရင် ဗိုလ်နေဝင်း အာဏာသိမ်းစက ဗမာ့တပ်မတော်ကြီး စီမံတာ ကောင်းရာ ကောင်းကြောင်းပဲဆိုပြီး စစ်အာဏာရှင်စနစ်အောက်ကို ရောက်မှန်းမသိ ရောက်လာတဲ့ခရီးကို ပြန်ဆန်းစစ်ရင်း တော်လှန်ရေး ဦးဆောင်ဦးရွက်ပြုသူများကိုလည်း လမ်းမချော်အောင် ဝေဖန် အကြံပြု မှုတွေ၊ တာဝန်ယူမှု တာဝန်ခံခိုင်းမှုတွေကိုလည်း လုပ်ဆောင်ရပါမယ်။ သို့သော် တချို့သော စာမျက်နှာ တွေမှာတော့ ဒဏ်ရာတွေများတဲ့ သူရဲကောင်းတွေ လောကကြီးကို စွန့်ခွါမသွားချင်အောင် ဖေးမဖို့နဲ့ ချစ်ခြင်းမေတ္တာတရားတွေ ပိုပေးတတ်ကြဖို့လည်း လိုမယ်ထင်ပါတယ်။ အစွန်းမရောက်သော မဇ္ဈိမလမ်းစဉ်မှာ မြန်မာ့နိုင်ငံရေးလူ့အဖွဲ့အစည်းလည်း ကုစား ရှေ့ဆက်နိုင်ပါစေ။

(ယခုဆောင်းပါပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
----------------------------
မိအေးသည် အလွတ်တန်းဆောင်းပါးရှင်တစ်ဦးဖြစ်ပါသည်။


ငြိမ်းချမ်းရေး နှင့် လူငယ်ထု၏ စစ်မှန်သောပါဝင်မှု---------------------------------------------🔸ဆောင်းပါးရှင် -  ကိုနစ်(ခ်...
22/04/2026

ငြိမ်းချမ်းရေး နှင့် လူငယ်ထု၏ စစ်မှန်သောပါဝင်မှု
---------------------------------------------
🔸ဆောင်းပါးရှင် - ကိုနစ်(ခ်)

🕊️ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သော ငြိမ်းချမ်းရေး (positive peace) ကို တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါဆုံးဖြစ်ကြောင်းကို နိုင်ငံတကာသုတေသနများနှင့် ကုလသမဂ္ဂ၏ Youth, Peace and Security Agenda (UNSCR 2250) က အတည်ပြုပြထားပြီးဖြစ်သည်။ လူငယ်များသည် ပဋိပက္ခ၏ အဓိက ထိခိုက်ခံရသူများ ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးဖန်တီးရာတွင် အဓိက ပါဝင်ဆောင်ရွက်နိုင်သူများလည်း ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို အလှပြအဖြစ်သာ မက ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်အထိ အမှန်တကယ် ပါဝင်ခွင့်ပေးခြင်း မရှိပါက ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရေရှည် အောင်မြင် နိုင်မည် မဟုတ်ကြောင်းကိုလည်း သုတေသနများက ထောက်ပြထားသည်။

သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရှင်စနစ်အောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် လူငယ်များ၏ ပါဝင်နိုင်မှုသည် နိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုများကြောင့် ပြင်းထန်စွာ ကန့်သတ်ခံနေရသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုစည်းဖွဲ့စည်းခွင့်နှင့် နိုင်ငံရေးအမြင်ကွဲပြားမှုများကို ဖိနှိပ်ထားသည့် အခြေအနေအောက်တွင် “လူငယ်ပါဝင်မှု” ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အမှန်တကယ် ပါဝင်မှုလား၊ နိုင်ငံရေးအလှပြတစ်ရပ်သာလား ဆိုသည့် မေးခွန်းကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်။

ယင်းအခြေအနေအောက်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်က နေပြည်တော်၌ ကျင်းပခဲ့သော “မြန်မာလူငယ်ငြိမ်းချမ်းရေးဖိုရမ်” သည် လူငယ်များအတွက် အမှန်တကယ် လွတ်လပ်သော ငြိမ်းချမ်းရေးပလက်ဖောင်း တစ်ခုလား၊ သို့မဟုတ် စစ်အုပ်စု၏ နိုင်ငံရေးတရားဝင်မှုကို ဖန်တီးရန် အသုံးချထားသည့် နိုင်ငံရေးပလက်ဖောင်း တစ်ခုသာလား ဆိုသည်ကို အလေးအနက်ထား၍ သုံးသပ်ရန် လိုအပ်လာသည်။ ယင်းဖိုရမ်ကို စစ်တပ်ဦးဆောင်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဦးဆောင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေသစ်တွင် လူငယ်များ၏ ပါဝင်မှုကို မြှင့်တင်လိုကြောင်း ရည်ရွယ်ထားသည်ဟု ဖော်ပြထားသည်။

📝ဖိုရမ်အပြီး ထုတ်ပြန်ခဲ့သော လူငယ်ကြေညာစာတမ်းတွင် လူငယ်ကွန်ရက်ဖွဲ့စည်းရေး၊ လူငယ်ဦးဆောင်စီမံချက်များ အကောင်အထည်ဖော်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ဖြိုးရေး စသည့် နယ်ပယ်များတွင် လူငယ် စွမ်းရည် မြှင့်တင်ရေးတို့ကို ဖော်ပြထားသည်။ သို့သော် ယင်းအချက်များသည် အပြင်ပန်းအားဖြင့် လူငယ်များကို အရေးပါသည့် အင်အားစုအဖြစ် သတ်မှတ်ထားသကဲ့သို့ မြင်ရစေသော်လည်း လက်တွေ့တွင် လူငယ်များ၏ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ခွင့်၊ တွေးတောဆင်ခြင်ခွင့်တို့ကို အခြေခံထားခြင်းမရှိသည်ကို တွေ့ရသည်။

အတွေးဘောင်ခတ်ထားပြီး ပါးစပ်၊ နား၊ မျက်လုံးတို့ကို ပိတ်ထားသည့် လက်ညှိုးထောင် ခေါင်းငြိမ့် ပါဝင်မှုမျိုးဖြစ်နေသည်ကို တွေ့ရှိရသည်။
ဖိုရမ်၏ အတွင်းပိုင်းလုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်လျှင် လူငယ်များ၏ ဆွေးနွေးခွင့်၊ မေးခွန်းထုတ်ခွင့်များကို ကြိုတင်ကန့်သတ်ထားပြီး စစ်အုပ်စု၏မူဝါဒနှင့် မကိုက်ညီသည့် အမြင်များကို ထုတ်ဖော်ခွင့်မပြုကြောင်း တွေ့ရသည်။ ယင်းသည် လူငယ်များကို လွတ်လပ်သော ငြိမ်းချမ်းရေးအင်အားစုအဖြစ် ဖွံ့ဖြိုးစေရန်မဟုတ်ဘဲ “စီမံခန့်ခွဲထားသော ပါဝင်မှု” အောက်တွင် ထိန်းချုပ်အသုံးချနေသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပိုမိုထင်ရှားစေသည်။

ဤဖြစ်စဉ်ကို “ဆပ်ကပ်ထဲက မျောက်ကလေး” ဥပမာဖြင့် ရှင်းလင်းနိုင်သည်။ ယင်းပါဝင်မှုသည် အပြင်ပန်းတွင် လူငယ်များကို နိုင်ငံရေးလုပ်ငန်းစဉ်များအတွင်း ထည့်သွင်းထားသကဲ့သို မြင်ရသော်လည်း အမှန်တကယ်တွင် လူငယ်များကို ကိုယ်ပိုင်အသံမရှိသည့် နိုင်ငံရေးသရုပ်ဖော်ပစ္စည်းများအဖြစ် အသုံးချနေခြင်းသာဖြစ်သည်။ ဆပ်ကပ်ထဲက မျောက်ကလေးက ကြိုးတန်းပေါ် လမ်းလျှောက်နေသည့်အချိန်တွင် လွတ်လပ်နေသကဲ့သို့ မြင်ရသော်လည်း အမှန်တကယ်တော့ ကြိုးပြတ်သွားပါ က ပြိုကျသွားနိုင်သည့် အခြေအနေတစ်ရပ်အောက်တွင်သာ ရှိနေသကဲ့သို့ ဖြစ်ပါသည်။ သို့ရာတွင် ဆပ်ကပ်ကြည့်သူအားလုံးက နောက်ကွယ်တွင် မျောက်ထိန်းက တုတ်နှင့် စောင့်နေသည်ကို သိထားသည်။ ယင်းကြောင့် မျောက်ကလေးသည် ကိုယ်ပိုင်လွတ်လပ်မှုဖြင့် လှုပ်ရှားနေသကဲ့သို့ မြင်ရသော်လည်း အမှန်တကယ်တွင် လေ့ကျင့်သူ၏ ကြိုးကိုင်မှုအောက်တွင်သာ လှုပ်ရှားနေရသည်။

🪖စစ်အုပ်စုသည် အထူးသဖြင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့ပြဒေသများရှိ တက္ကသိုလ်များမှ လူငယ်များကို ရွေးချယ် ကာ လူငယ်ထုတစ်ရပ်လုံး ငြိမ်းချမ်းရေးကို နိုင်ငံရေးအားဖြင့် အဖြေရှာလိုကြောင်း ဆန္ဒရှိနေသကဲ့သို့ ပုံဖော်နေသည်။ သို့သော် ယင်းပုံရိပ်၏ နောက်ကွယ်တွင် လူငယ်များ၏အသံကို ကိုယ်စားမပြုနိုင်သည့် အခြေအနေတစ်ရပ်သာ ရှိနေသည်။

အခြားတဘက်တွင် စစ်အုပ်စုသည် ၎င်းတို့၏အာဏာကို ဆန့်ကျင်နေသည့် နိုင်ငံရေးအင်အားစုများ၊ လူထုလှုပ်ရှားမှု များနှင့် ဆက်နွယ်နေသည့် လူငယ်များကို မတရားဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ အချို့အခြေအနေများတွင် သတ်ဖြတ်ခြင်းများကို အကြီးအကျယ် ဆောင်ရွက်လျက်ရှိနေသည်မှာ ငြင်းဆန်မရသည့် အမှန်တရားဖြစ်ပါသည်။ လူငယ်ထု၏ လွတ်လပ်စွာ စဉ်းစား ခွင့်၊ ပြောဆိုခွင့်နှင့် စုစည်းလှုပ်ရှားခွင့်များကို ဖိနှိပ်ထားသည့် အခြေအနေအောက်တွင် “လူငယ်ပါဝင်မှု” ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အကြောင်းအရာနှင့် မကိုက်ညီသော နိုင်ငံရေးအလှပြမှုသာ ဖြစ်နေသည်။

ထို့အပြင် စစ်အုပ်စုသည် လူငယ်ထုကို နိုင်ငံ၏ အနာဂတ်အဖြစ် မမြင်ဘဲ စစ်မှုထမ်းဥပဒေအောက်တွင် အသုံးချနိုင် သည့် လူသားအရင်းအမြစ် အင်အားစုအဖြစ်သာ ရှုမြင်နေကြောင်းလည်း ထင်ရှားပါသည်။ လူငယ်များ၏ ဘဝရွေးချယ်ခွင့်၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလန်းများကို အလေးမထားဘဲ စစ်ရေးရည်ရွယ်ချက်အတွက် ခေါ်ယူအသုံးချလိုသည့် မူဝါဒသည် လူငယ်ထုအတွင်း ကြောက်လန့်မှုနှင့် မလုံခြုံမှုကို ပိုမိုမြင့်မားစေသည်။ ယင်းအခြေအနေများ၏ အကျိုးဆက်အဖြစ် စစ်အုပ်စုက ပြောဆိုနေသည့် လူငယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြားတဘက်တွင် ပြည်ပသို့ ရွှေ့ပြောင်းထွက်ခွာသည့် လူငယ်ဦးရေသည် ဆက်လက်တိုးမြင့်နေဆဲဖြစ်ပါသည်။ နိုင်ငံအတွင်း၌ လုံခြုံမှု၊ အခွင့်အရေးနှင့် အနာဂတ်ကို မမြင်နိုင်သော လူငယ်များအတွက် ပြည်ပရွှေ့ပြောင်းခြင်းသည် ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘဲ မဖြစ်မနေ လမ်းကြောင်းတစ်ရပ်အဖြစ် ပြောင်းလဲလာနေပါသည်။

စစ်အုပ်စု၏ လူငယ်မူဝါဒနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များသည် လူငယ်များကို လွတ်လပ်သော နိုင်ငံရေးအင်အားစု အဖြစ် ဖွံ့ဖြိုးစေရန်မဟုတ်ဘဲ စစ်အုပ်စု၏ မူဝါဒများကို ထောက်ခံပြောဆိုပေးနိုင်မည့် နိုင်ငံရေးလက်ဝေခံ အင်အားစုအဖြစ် မွေးမြူရန် ကြိုးပမ်းနေသည့် မဟာဗျူဟာတစ်ရပ်သာ ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ လူငယ်များကို ရွေးချယ်စီမံကာ လေ့ကျင့် သင်ကြားခြင်း၊ သဘောထားတူအောင် ပြုပြင်ညှိနှိင်းခြင်းနှင့် စစ်အုပ်စု၏ နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် တရားဝင်မှု ပေးစွမ်းနိုင်မည့် မျိုးဆက်သစ် လူငယ်အုပ်စုကို ဖန်တီးရန် ရည်ရွယ်ထားသည့်သဘောရှိသည်။

စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ နောင်တော်ကြီးများကဲ့သို မဆလ၏ လမ်းစဉ်လူငယ်၊ နဝတ၏ ပြည်ခိုင်ဖြိုးအသင်းကဲ့သို ယခုအခါ လူငယ်ဖိုရမ် ဟူသောအမည်ကို အစားထိုးပြီး အင်အားစု တည်ဆောက်နေသည့် အခြေအနေပင်ဖြစ်သည်။ မျိုးဆက်သစ် လူငယ်ထုအပေါ် အတွေးအခေါ်၊ နိုင်ငံရေးသဘောထားနှင့် အဖွဲ့အစည်းဖွဲ့စည်းပုံများကို စနစ်တကျ လွှမ်းမိုး ထိန်းချုပ်နိုင်ရေးသည်လည်း ယင်း မဟာဗျူဟာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ယင်း လုပ်ဆောင်ချက် များသည် လူငယ်များ၏ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ခွင့်ကို မြှင့်တင်ပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုအတွက် အသုံးချနိုင်သည့် နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲ သုံးစွဲလိုသော ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်သည်ဟု သုံးသပ်နိုင်သည်။

📖References:
United Nations. (n.d.). Youth, peace and security: A guide. United Nations.
https://www.un.org/en/peace-and-security/youth-peace-and-security-guide
Ministry of Information. (2026, January 16). Youth Peace Forum 2026: Youth declaration [Press release]. Government of the Republic of the Union of Myanmar.
https://www.moi.gov.mm/news/79157
Phyo, & Pearl. (2025, December 26). Youth Peace Forum planned with broad participation of young people aged 18–35. NSS Myanmar. https://www.nssmy.com/news_detail/18793/14/16?qq=Youth%20Peace%20Forum%20planned%20with%20broad%20participation%20of%20%20young%20people%20aged%2018%E2%80%9335
Ministry of Information. (2026, January 12). Enthusiastically welcome the Youth Peace Forum 2026 [Press release]. Government of the Republic of the Union of Myanmar.
https://www.moi.gov.mm/moi:eng/article/1999မှ ရယူ ကိုးကားပါသည်။

(ယခုဆောင်းပါပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

"စာရေးသူ၏ ကိုယ်ရေးအကျဉ်း"
----------------------------
ကိုနစ်(ခ်) သည် လူမှုဖွံ့ဖြိုးမှုဆိုင်ရာဘာသာရပ်အထူးပြုဖြင့် ဘွဲ့ကြိုပညာသင်ကြားနေသူတစ်ဦးဖြစ်ပြီး လူငယ်အလွတ်တန်းသုတေသီတစ်ဦးလည်းဖြစ်သည်။ ပဋိပက္ခနှင့် နိုင်ငံရေးဖြစ်စဥ်များဆိုင်ရာ သုတေသနအင်စတီကျုများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959961520090

Alerts

Be the first to know and let us send you an email when MOSAIC MYANMAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MOSAIC MYANMAR:

Shortcuts

Share