ဘုရားသခင်သည်ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးကိုဖန်ဆင်းစဉ်အခါကပထမဦးဆုံးအမိန့်တော်အားဖြင့်ဖြစ်စေခဲ့သောအရာသည် “ အလင်း ’’ ဖြစ်ပါသည်။သဘောကဘုရားသ ခင်သည်အလင်းကိုအလိုရှိသောဘုရားသခင်၊မှောင်မိုတ်နေမှုများကိုအဝေးကိုလွှင့်စင်စေဖို့အလိုရှိသောဘုရားသခင်ဖြစ်တော်မူပါသည်။
ကမ္ဘာကိုဖန်ဆင်းပြီးနောက်ပိုင်းလူသားများတို့၏ဆိုးညစ်မှုများကြောင့်ကမ္ဘာလောကကြီးသည်မှောင်မိုတ်မှုများနှင့်ပြည့်နှက်နေခြင်းကိုကျွန်ုပ်တို့ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားသည်လောကသို့ဆင်းသက်ကြွလာတော်မူခဲ့ပြီးအသက်၊အသွေးကိုစွန့်တော်မူလျက် တလောကလုံးကိုအလင်းပေးကယ်တင်သွားပေးခဲ့ပါသည်။ယေရှုခရစ်တော်ဘုရားကဒီလိုပြောထားတာကိုသမ္မာကျမ်းစာကယခုကဲ့သို့မှတ်တမ်းတင်လျက်ကျွန်ုပ်တို့ကိုမိန့်ဆိုထားပါသည်။
ဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။
(ရှင်ယောဟန်ခရစ်ဝင် ၈း၁၂)
ယေရှုဘုရားသည်လူသားများတို့အတွက်အသေခံအသွေးသွန်းတော်မူခဲ့ပြီး(၃)ရက်မြောက်သောနေ့တွင်သေခြင်းကိုအောင်တော်မူလျက်အထက်ကောင်းကင်ဘုံသို့တက်ကြွသွားခဲ့ပါသည်။ထူးခြားသောအချကိုဖေါ်ပြပါရစေ။ယေရှုခရစ်တော်ဘုရားမှသူ့အားယုံကြည်သူများကိုယခုကဲ့သို့ချီးမြင့်ဂုဏ်တင်ထားပါသည်။
သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ (ရှင်မဿဲခရစ်ဝင် ၅း၁၃)
သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ ကိုမကွယ်နိုင်။
(ရှင်မဿဲခရစ်ဝင် ၅း၁၄)
ဟုတ်ပါပြီ။ကျွနု်ပ်တို့ကယ်တင်ရှင်ယေရှုခရစ်တော်ကကျွနု်ပ်တို့ကို ဤလောကရဲ့ဆားနဲ့အလင်းဆိုပြီးချီးမြင့်ထားတာကိုမေ့လျော့ခြင်းဖြင့်အသက်တာကိုမဖြတ်သန်းမိဖို့လိုပါတယ်။ဒါကြောင့်ဆားနဲ့အလင်း၏တာဝန်များကိုအတူတကွဆင်ခြင်လေ့လာခွန်အားယူကြရအောင်။
ဆားသည်အိမ်တိုင်းအတွက်မရှိမဖြစ်သောအဓိကအရာဖြစ်သည်။ဆားသည်စားဖွယ်သောက်ဖွယ်ရာများတွင်အရသာကိုအထူးဖြစ်စေတဲ့အရာပါ။ထိုကဲ့သို့အရသာများဖြစ်ပေါ်စေဖို့ဆားသည်ပျော်ဝင်သွားရပါသည်။ပျော်ဝင်သွားမှသာအရသာရှိသောဟင်းလျာများ၊စားသောက်ဖွယ်ရာများကိုဖြစ်ပေါ်စေမှာပါ။နောက်တခုရှိသေးတာကအပုတ်အသိုးမဖြစ်စေဖို့ရန်အတွက်လည်းဆားသည်ကူညီဖေါ်ဆောင်ပေးပြန်ပါသည်။
အထက်ပါအနည်းငယ်သောဥပမာများကိုဆင်ခြင်လျှင်ယုံကြည်သူများသည်လောကကြီးအတွက်မရှိလျှင်မဖြစ်သောဆားလူသားများဖြစ်ပါသည်။တစ်ပါးသူများတို့၏အသက်တာများသည်အရသာရှိလာဖို့၊ပုတ်သိုးစေမည့်အရာများကိုမပုတ်သိုးစေဖို့ရန်အတွက်သူတစ်ပါးတို့အတွက်ပျော်ဝင်စေရမှာဖြစ်ပါတယ်။
ပျော်ဝင်တယ်ဆိုရာဝယ်ဆားသည်မိမိဖြစ်အင်ကိုအဖျက်ဆီးခံလျက်ပျော်ဝင်စေခဲ့တာပါ။ဒီလိုပါပဲယုံကြည်သူများတို့သည်မိမိတို့၏အသက်တာများသည်တစ်ပါးသူများတို့အတွက်များအရသာရှိသောအရာများဖြစ်ပေါ်စေဖို့ရန်အတွက်မိမိ၏ဖြစ်အင်များကိုအဖျက်ဆီးခံလျက်ရှင်သန်ကြဖို့ပါ။
အဖျက်ဆီးခံတယ်ဆိုရာဝယ်မိမိကိုယ်ကိုပျက်လိုပျက်စီးသွားစေရန်လုပ်ဆောင်ရမည်ဟုဆိုလိုခြင်းမဟုတ်ပါ။သူတစ်ပါးတို့၏ဘဝအသက်တာများလှပစေမယ်၊အရသာရှိစေမယ်ဆိုလျှင်ပျော်ဝင်စေဖို့လုပ်ဆောင်အသက်ရှင်ရမယ်လို့ဆိုလိုချင်းပါ။ ထပ်မံ၍ ဆင်ခြင်ကြ ရန်အတွက်ကတော့ ဆားသည်ပျော်ဝင်တဲ့အရာပါ။ ကျွနု်ပ်တို့သည်လောကကြီး အတွက် ပျော်ဝင်ကြပါစို့။
နောက်ထပ်ယေရှုခရစ်တော်ဘုရားထပ်မံ၍မိန့်မှာတာကတော့ ကျွနု်ပ်တို့ဟာဤလောကရဲ့အလင်းဆိုသောအချက်ပါပဲ။ဒီအလင်းဆိုတဲ့အချက်ကိုလည်းဘာလို့သုံးရတာလည်းဆိုတာကိုလည်းဆင်ခြင်ပြီးအသက်တာကိုလျှောက်လှမ်းကြဖို့ပါ။ အထက်မှာဖေါ်ပြခဲ့သလိုပင်ကမ္ဘာကြီးကိုဖန်ဆင်းစဉ်အခါကဘုရားသခင်သည်ဦးစွာအလင်းကိုအမိန့်တော်အားဖြင့်ဖန်ဆင်းခဲ့သလိုယေရှုခရစ်တော်ဘုရားသည်လည်းအပြစ်များနှင့်မှောင်မဲနေသောကမ္ဘာကြီးကိုအလင်းဖြစ်စေခဲ့သည်။
ယခုအလှည့်ကျလာတာကတော့ယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့သူတွေပါ။လောကကြီးသည်အပြစ်တရားများနှင့်မှောင်မိုတ်နေသည်။၎င်းမှောင်မိုတ်နေမှုများကိုအလင်းပေးလျက်မှောင်မိုတ်ကိုဖယ်ရှားကြဖို့ပါ။ဧဝံဂေလိဆိုသောသတင်းကောင်းအလင်းကိုဝေမျှကြဖို့ပါ။မှောင်မိုတ်မည်မျှကြီးစိုးနေပါစေ။အလင်းရောက်လာလျှင်မှောင်မိုတ်သည်ထွက်ပြေးရစမြဲပါပဲ။
အလင်းလင်းဖို့ဘာတွေလိုအပ်လည်း၊ဘာတွေလုပ်ရမှာလည်း။ဒါကိုတော့အလင်းဖြစ်တဲ့ယုံကြည်သူတွေစဉ်းစားရပါမယ်။အလင်းဖြစ်လာဖို့အပူခံရပါတယ်။ဥပမာဖယောင်းတိုင်ကိုစဉ်းစားမည်ဆိုလျှင်အလင်းရလာဖို့ဖယောင်းများအပူခံလျက်အရည်ပျော်လျက်မီးစာစသည်လည်းအပူခံလျက်အလောင်ကျွှမ်းခံလျက်ရှိရပါတယ်။
ကျွနု်ပ်တို့ယုံကြည်သူတွေအလောင်ကျွှမ်းခံနိုင်ပါပြီလား၊အပူခံနိုင်ပါပြီလား၊အရည်ပျော်ခံနိုင်ပါပြီလား။ဒါဆိုလင်းလာမှာပါ။ဒါမှမဟုတ်ဆိုလျှင်ကျွနု်ပ်တို့ဟာလောကကြီးအတွက်အလင်းဖြစ်လာမည်မဟုတ်ပါ။အလင်းဆိုတာအပူခံရ၊အရည်ပျော်ခံရ၊အလောင်ကျွှမ်းခံပြီးမှသာထွက်ပေါ်လာစမြဲပါ။ ကျွနု်ပ်တို့သခင်ကပြောခဲ့တယ်။ကျွနု်ပ်တို့ဟာလောကကြီးရဲ့ဆားနဲ့အလင်းပါတဲ့။
God bless you
Salt & Light