17/06/2026
စူပါအယ်နီညို (Super El Niño) ကြောင့် ဘယ်လိုပြဿနာတွေ ကြုံရနိုင်လဲ? ဘာတွေ ပြင်ဆင်ထားကြမလဲ 🚨🏜
Dreamers လေးတို့ရေ…
ပထမ Post မှာ အယ်နီညို ဘာကြောင့်ဖြစ်ရလဲဆိုတာကို ပြောပြခဲ့ပြီးပြီဆိုတော့... ဒီတစ်ခေါက်မှာတော့ အင်အားပြင်းတဲ့ "စူပါအယ်နီညို" ကြောင့် ကမ္ဘာတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုဆိုးကျိုးတွေ ကြုံလာရနိုင်လဲဆိုတာနဲ့ အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ လက်ရှိမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။
မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ ဒီနှစ်မှာ ကြုံရမယ့် အယ်နီညိုဟာ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ၁၈၇၇-၁၈၇၈ ခုနှစ်က သမိုင်းဝင် အယ်နီညိုကပ်ဆိုးကြီးနဲ့ ဆင်တူနေတယ်လို့ သတိပေးထားကြပါတယ်။
⚠️ အယ်နီညိုကြောင့် ကြုံရနိုင်တဲ့ အဓိကပြဿနာတွေကတော့….
၁။ မုတ်သုံလေ အားနည်းသွားတာကြောင့် တို့အာရှဒေသမှာ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်။ ရေတွင်း ရေကန်တွေ ခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်တာ၊ စံချိန်တင် အပူလှိုင်း (Heatwave) တွေ ဖြတ်သန်းတာမျိုးကို ကြုံရနိုင်ပါတယ်။ 🥵☀️
၂။ မိုးခေါင်တာ၊ အပူရှိန်ပြင်းတာတွေအပြင် မြစ်ရေနည်းလာလို့ ပင်လယ်ရေငန်တွေ ကုန်းတွင်းပိုင်းအထိ တိုးဝင်လာတဲ့ ရေငန်ဝင်ရောက်မှု (Saltwater Intrusion) ပြဿနာကြောင့် လယ်ယာမြေတွေ ပျက်စီးပြီး ဆန်၊ သကြားနဲ့ ကော်ဖီစတဲ့ အခြေခံသီးနှံ ထွက်နှုန်းတွေ ကျဆင်းသွားနိုင်ပါတယ်။ 🌾❌
၃။ စိုက်ပျိုးရေးထွက်နှုန်းတွေ လျော့ကျလာတာနဲ့အမျှ ကမ္ဘာ့ရိက္ခာထောက်ပံ့မှုစနစ် (Global Food Supply) ထိခိုက်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က သတိပေးထားပါတယ်။ 📈🍲
၄။ အပူရှိန်ပြင်းလို့ အဲယားကွန်းနဲ့ ပန်ကာ သုံးစွဲမှု မြင့်တက်လာချိန်မှာ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တွေမှာ ရေနည်းသွားမှာမို့လို့ လျှပ်စစ်မီး ပြတ်လပ်မှုပြဿနာက ပုံမှန်ထက် ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။ 💡🔌
🛡လက်ရှိမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ?
ကပ်ဘေးဆိုတာ ကြိုတင်ပြင်ဆင်ထားရင် အထိအခိုက် အနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်တာမို့လို့ အခုကတည်းက ဒါတွေကို စတင်ပြင်ဆင်ထားသင့်ပါတယ်။
ရေကို စနစ်တကျ ချွေတာစုဆောင်းပါ 💧: သောက်သုံးရေနဲ့ အသုံးချရေကို မလိုအပ်ဘဲ မဖြုန်းတီးဘဲ စနစ်တကျ သိုလှောင်အသုံးပြုပါ။
ကျန်းမာရေး ဂရုစိုက်ပါ 🌡: အပူရှိန် အပြင်းဆုံးအချိန်တွေမှာ အပြင်ထွက်တာကို ရှောင်ပါ၊ ရေဓာတ် မခမ်းခြောက်အောင် ရေများများသောက်ပြီး အပူဒဏ်ကြောင့်ဖြစ်တဲ့ Heat Stroke အန္တရာယ်ကို သတိပြုပါ။
လယ်ယာစိုက်ပျိုးရေး နည်းလမ်းများ ပြောင်းလဲပါ 🌾: တောင်သူဦးကြီးများအနေနဲ့ မိမိတို့ လယ်ကန်သင်းတွေကို မြှင့်တင်ထားခြင်း၊ ရေငန်ဝင်နိုင်တဲ့ ချောင်းမြောင်းတွေကို ယာယီတမံတွေနဲ့ ပိတ်ဆို့ခြင်းနဲ့ ဆားငန်ဒဏ်/အပူဒဏ်ခံနိုင်တဲ့ သီးနှံမျိုးစေ့များကို ပြောင်းလဲစိုက်ပျိုးဖို့ ပြင်ဆင်ရပါမယ်။
အရေးပေါ် ရိက္ခာနှင့် ဆေးဝါး အနည်းငယ် စုဆောင်းပါ 📦: ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေ ကြုံလာရနိုင်တာမို့ အခြေခံစားသောက်ကုန်နဲ့ အရေးပေါ် ဆေးဝါးတွေကို တတ်နိုင်သလောက် ကြိုတင်စုဆောင်းထားသင့်ပါတယ်။
ရာသီဥတုဘေးအန္တရာယ်ဆိုတာ မဖြစ်ခင် ကြိုကာကွယ်ပြီး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရမယ့် အရာပဲ ဖြစ်ပါတယ်။
လာမဲ့ Post မှာတော့ ရေရှည်အတွက် အယ်နီညိုလို ရာသီဥတုဆိုးရွားမှုတွေ ထပ်မဖြစ်အောင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်သွားလို့ရမလဲဆိုတာကို ဆက်လက်ဆွေးနွေးပေးသွားပါမယ်။
ဒီလို ရာသီဥတု ဆိုးဆိုးရွားရွား ပူပြင်းလာမယ့် အခြေအနေအတွက် Dreamers လေးတို့ရော အိမ်မှာ ဘာတွေ ကြိုတင်ပြင်ဆင်တာမျိုး ရှိနေပြီလဲ? ကွန်မန့်မှာ မျှဝေပေးခဲ့ကြဦးနော်။ 👇
🌱𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။
Our page - https://www.facebook.com/share/18TkJENqnK/
Our Telegram Channel - https://t.me/DreamBagsOrg
Our Tiktok Account -