Logos λόγος

Logos λόγος Myanmar Christian Apologetics website, Non-profit organization, Christian Education Website

🙏🙏🙏
10/05/2026

🙏🙏🙏

~ အမေကိုသတိရသောနေ့ ~

ဒီနှစ်မှာလည်း မိခင်များကို အောက်မေ့သတိရ ဂုဏ်ပြုကြတဲ့ မိခင်များနေ့ဟာ တဖန်ကျရောက်လို့လာခဲ့ပြန်ပါပြီ။ ကမ္ဘာတဝန်းရှိ ခရစ်ယာန်များဟာ သက်ဆိုင်ရာ အသင်းတော်အသီးသီးတို့မှာ ဒီအစီအစဉ်လေးကို ဝမ်းပန်းတသာလုပ်ဆောင်ကြတယ်ဆိုတာ ကျွန်ုပ်တို့အားလုံးအသိပါပဲ။ ဘုရားရှင်ပေးတဲ့ မိခင်များကို ဂုဏ်ပြုရင်း ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်တို့ကို ချီးမွမ်းရတာလည်း မင်္ဂလာတခုပါပဲ။ သို့ပေမယ့်လည်း စာရေးသူကတော့ ခရစ်တော်၌အိပ်ပျော်သွားခဲ့ပြီဖြစ်တဲ့ မိခင်ကြီးကို အောက်မေ့သတိရလျှက် အခြေအနေတူ ညီကိုမောင်နှမ အချို့ကို အားပေးတိုက်တွန်းခွန်အားပေးလိုပါတယ်။

ယေဘုယျအားဖြင့်တော့ ကျွန်ုပ်တို့တတွေဟာ မိခင်များနေ့မှစလို့ အခြားသော နေ့ထူးနေ့မြတ်တွေကို ကျင်းပကြတဲ့အခါ ပျော်ရွှင်မှုကို ဦးဆုံးရှေ့တန်းတင်လုပ်ဆောင်တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတယ် လို့ မပြောလိုပေမယ့် အဲ့ဒီနေ့ရက်နဲ့ပက်သက်ပြီး မတူညီတဲ့ခံစားချက်ရှိသူတွေ များစွာရှိနေကြတယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ အနီးစပ်ဆုံး သာဓက ကိုပြရမယ်ဆိုလျှင် ကျွန်ုပ်တို့တတွေအသုံးပြုကြတဲ့ Social Media လိုနေရာမျိုးမှာ အချို့က “မေမေကိုချစ်တယ်/ကျေးဇူးတင်တယ်” စတဲ့ စကားလုံးတွေနဲ့ ဂုဏ်ပြုစကားတွေ၊ မေတ္တာဖော်ကျူးတဲ့စကားတွေကို ဖော်ပြနေကြတဲ့အခိုက်မှာ အချို့သောသူတွေကတော့ မိခင်နဲ့ပက်သက်ပြီး သူတို့ခံစားရတဲ့နာကျဉ်းမှုတွေ၊ အားမလိုအားမရမှုတွေ၊ မေတ္တာငတ်ခဲ့ရပုံတွေ၊ အလေးမပေးခံရတာတွေ စတဲ့ပြင်းထန်တဲ့ခံစားချက်တွေကို ဖော်ပြကြတာတွေကိုလည်း တွေ့ဖူးကြမှာပါ။ မည်သို့ပင်ဖြစ်ပါစေ ကျွန်ုပ်တို့ယုံကြည်သူတွေအနေနဲ့ အသင်းတော်မှာ မိခင်များကိုဂုဏ်ပြုရင်း သားသမီးတို့အား မိခင်များကိုတန်ဖိုးထားဖို့ဟောပြောတိုက်တွန်းသလို၊ မိခင်ဘဝဟာ အင်မတန်မှတာဝန်ကြီးသော၊ ဘုရားရှင်ခွဲခန့်သော၊ ပညာလမ်းကိုသွန်သင်ပြသရသော၊ မေတ္တာအားအစဉ်သွန်းလောင်းပေးရသော အခွင့်နှင့်ဝတ္တရား ရှိခြင်းတို့ကိုလည်း တပါးတည်း တိုက်တွန်းအားပေးသင့်ပေသည်။ ဤသို့ ဆိုရခြင်းမှာ မိခင်များ၏ အားနည်းခြင်းကို ထောက်ပြလိုခြင်းမဟုတ်ဘဲ၊ မိခင်များသည် ပြောင်းလဲနေသော ခေတ်ကာလတို့၌ မပြောင်းလဲသော သခင်ဘုရားနှင့်သူ၏နည်းဥပဒေသတို့ကို မှန်ကန်စွာ လိုက်လျှောက်လျှက် သားသမီးတို့ကို အလိုတော်နှင့်အညီသွန်သင်မစနိုင်ဖို့ရာပေတည်း။

လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ် မိခင်များနေ့မှာ မိခင်ကြီးသည် ခရစ်တော်၌အိပ်ပျော်ခဲ့ပါတယ်။ စာရေးသူကတော့ မိခင်များနေ့ကို ချစ်ရသောမိခင်နှင့်အတူမဖြတ်သန်းရသည်မှာ ၁၃ နှစ်ရှိခဲ့ပါပြီ။ တိုက်ဆိုင်စွာပင် မိခင်များနေ့၌ မိခင်ကြီးသည် ဘုန်းတော်ဝင်စားသွားခဲ့ခြင်းအားဖြင့် သူမ၏သားသမီးအပေါ်၌ထားရှိသော မေတ္တာတရားကြီးမားခြင်းကို အစဉ်အောက်မေ့သတိရစေပါတယ်။ စာရေးသူအတွက်တော့ နှစ်စဉ် ဒီလိုအချိန်ရောက်လာတိုင်း မိခင်များနေ့လို့ သုံးနှုန်းခြင်းထက် “အမေကိုသတိရသောနေ့” လို့သာသုံးနှုန်းဖြစ်ပါတယ်။ အကြောင်းကတော့ မိခင်ကြီးကို အင်မတန်မှသတိရလွမ်းဆွတ်လို့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်ကြီးဟာ အငယ်ဆုံးသားဖြစ်တဲ့ စာရေးသူကို အင်မတန်မှချစ်ပြီး အစဉ်ဆုံးမသွန်သင်လမ်းပြပေးလို့ပဲဖြစ်ပါတယ်။ မိခင်တဦး၏ တာဝန်ဝတ္တရားကို အင်မတန်မှကျေပွန်သူ၊ သမ္မာတရားလမ်းကိုညွှန်ပြသူ၊ ဧဝံဂေလိတရားကိုဟောပြောသက်သေခံသောသူ၊ အချက်အပြုတ်ကောင်းသူ၊ ရယ်စရာလည်းအင်မတန်မှပြောတတ်သူ၊ ဆင်းရဲသောသူတို့ကိုအမြဲကူညီမစတတ်သူ စတဲ့အရာတွေဟာ ဘယ်လိုမျှမေ့မရနိုင်စရာတွေဖြစ်သလို၊ အသက်တာမှာသင်ယူဖို့ ပုံသက်သေကောင်းတွေကို ကြိုးစားချပြအသက်ရှင်ခဲ့တဲ့မိခင်ကြီးလို့ဆိုရင်လည်းမမှားပါဘူး။ ဤမိခင်ကြီးကို အသက်တာမှာ ဘုရားရှင်ပေးခဲ့လို့ ကျေးဇူးတော်ကိုအထူးချီးမွမ်းရပါတယ်။

စာရေးသူနည်းတူ မိခင်များနေ့မှာ အမေကိုသတိရနေသူတွေလည်းရှိကြမှာပါပဲ။ တချို့ကတော့ အိမ်နဲ့ဝေးနေရလို့၊ ရေမြေခြားနေရလို့၊ အခြေအနေတခုခုကြောင့်ကွင်းကွာနေရလို့ စသည်ဖြင့်ရှိကြမှာပါ။ သို့သော်လည်း ခေတ်ရဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် သူတို့ကို ဂုဏ်ပြုစကားပြောဖို့ဆိုတာက ခဲယဉ်းတဲ့အရာတော့မဟုတ်တော့ပါဘူး။ ခဲယဉ်းနေခဲ့ရင်တောင်မှ ရင်ထဲကနေလှိုက်လှဲစွာကျေးဇူးတင်လျှက် ဆုတောင်းပေးနေဖို့ကတော့ လွယ်ကူလွန်းပါတယ်။ ကိုယ့်အတွက် အစဉ်အမြဲစိုးရိမ်ပေးပြီး ဆုတောင်းပေးနေတတ်တဲ့ မိခင်တွေဟာ ဂုဏ်ပြုခံရဖို့ အစဉ်အောက်မေ့သတိရနေဖို့ ထိုက်တန်ပါတယ်။ ဒီလိုနေ့ထူးနေ့ရက်မျိုးမှာ မိခင်ဆိုတဲ့ ဘုရားပေးထားတဲ့ဆုကို တကယ်ပဲတန်ဖိုးထားပါရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ဖို့လည်း အားပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် စာရေးသူကိုယ်တိုင်လည်း မိခင်ကြီးအပေါ်မှာ တာဝန်မကျေခဲ့တာတွေအများကြီးရှိခဲ့လို့ပါပဲ။ အဲ့ဒီအတွက်လည်း ခုထိ ယူကြုံးမရဖြစ်ရပါတယ်။ ဒါကြောင့် အကောင်းဆုံးတွေကိုသာ အမြဲပေးတတ်၊ ပြင်ဆင်ပေးတတ် တဲ့ မိခင်အပေါ်မှာ အကောင်းဆုံးတွေပေးနိုင်ဖို့ ဆန္ဒရှိ၍ပြုသောသူများဖြစ်ကြဖို့ တိုက်တွန်းပါရစေ။ ဒီဆောင်းပါးကိုဖတ်နေရင်းနဲ့ အမေကို စကားမပြောဘဲ နေနေတဲ့သူတွေရှိခဲ့ရင် စကားမပြောဘဲမနေဖို့ မေတ္တာရပ်ခံပါရစေ။ အသက်ကြီးရင့်သောမိခင်ဖြစ်နေခဲ့သော် သည်းခံပေးပါ။ နာမကျန်းဖြစ်နေသော မိခင်ဆိုလျှင် အနားမှာအတူရှိကြောင်းအမြဲဖော်ပြပေးပါ။ ဝေးကွာနေကြသည်ဆိုလျှင် လိလိမ္မာမ္မာနေပြီး စိတ်ချမ်းသာအောင်ထားပေးပါ။ သူတို့ရဲ့ ကြီးမားတဲ့မေတ္တာနှင့်သစ်လွင်တဲ့စေတနာတွေအတွက် ကျေးဇူးတင်ပါ။ ဒါဟာ လုံလောက်ပါတယ်။ သူတို့ကို ကျေနပ်ပီတိဖြစ်စေပါတယ်။ သင်လည်း ပြည်တော်၌ကောင်းစားပြီးအသက်တာရှည်ရသော အခွင့်ကိုရှိစေပါတယ်။

အချုပ်အားဖြင့်တော့ မိခင်များနေ့ကို အသင်းတော်များ၌ မိသားစုတွေနဲ့ မိခင်တွေများစွာ ပါဝင်ရခြင်းဟာ အင်မတန်မှမွန်မြတ်ပြီး နှစ်သက်ဖွယ်ကောင်းလှပါတယ်။ အဲ့ဒီအရာတွေရဲ့အထက်မှာ သခင်ဘုရားရဲ့ အံဩဖွယ်ကျေးဇူးပြုခြင်းတို့ကိုလည်း ရေတွက်ချီးမွမ်းခြင်းဖို့ရာ ချန်လှပ်မထားသင့်ပေ။ ဘုရားရှင်ပေးသနားတော်မူသောမိခင်တို့ကို လူကိုယ်တိုင်သော်လည်းကောင်း၊ လေလှိုင်းမှသော်လည်းကောင်း၊ စိတ်နှလုံးထဲမှသော်လည်းကောင်း ဂုဏ်ပြုဆုတောင်းပေးပြီး မင်္ဂလာရှိသောမိခင်များနေ့ကိုဖြတ်သန်းကြပါမည်အကြောင်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မိခင်ကြီးကိုအောက်မေ့သတိရလျှက်

မေတ္တာဖြင့်

အမေများ အားလုံးချမ်းမြေ့ပါစေ။ “သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​...
10/05/2026

အမေများ အားလုံးချမ်းမြေ့ပါစေ။

“သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။-

မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။”

‭‭ဧဖက်‬ ‭6‬:‭1‬-‭3‬ ‭‬‬

သခင်ယေရှု တကယ်ပဲ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါသလား? *********************************************✅ FYI: အောက်တွင် ဆောင...
05/04/2026

သခင်ယေရှု တကယ်ပဲ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါသလား?
*********************************************

✅ FYI: အောက်တွင် ဆောင်းပါး၏ အနှစ်ချုပ်ကိုသာဖော်ပြထားခြင်းဖြစ်ပြီး ဤဆောင်းပါးအပြည့်အစုံကိုတော့ λόγος website တွင် အရောင်အသွေးစုံစုံလင်လင်ဖြင့် ဖတ်ရှုဆင်ခြင်နိုင်ပါကြောင်း 👇🙏🏼
https://www.thylogos.org/2026/04/05/did-jesus-really-rise-from-the-dead/

“ဤ အ ရပ်၌ မ ရှိ၊ ထ မြောက် တော် မူ ပြီ”။ 🤗
Happy Easter to you all! 🙌

ဒီနေ့ဟာ ကျွန်တော်တို့ ခရစ်ယာန်ယုံကြည်သူတွေအတွက် အင်မတန် အရေးကြီးပြီး မင်္ဂလာရှိတဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ရာနေ့ (Resurrection Sunday) ဖြစ်ပါတယ်။ ဟုတ်ကဲ့ … သခင်ယေရှု တကယ်ပဲ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒီလိုနေ့မျိုးရောက်တိုင်း ယုံကြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ဆင်နွှဲလေ့ရှိကြပေမယ့် မယုံကြည်သူတွေ သံသယဝါဒီတွေဘက်ကတော့ “မင်းတို့ရဲ့ ယေရှုက တကယ်ပဲ သေခြင်းကနေ ထမြောက်ခဲ့တာ ဟုတ်လို့လား" ဆိုတဲ့ မေးခွန်းကို အမြဲမေးလေ့ရှိကြပါတယ်။ ဒါလည်း မေးသင့်မေးထိုက်တဲ့မေးခွန်းပါ။ တကယ်သိချင်လို့ မေးတာရှိသလို မယုံလို့၊ လှောင်ချင်လို့ ငေါ့မေးတာလည်း ရှိပါတယ်။ ဘယ်အကြောင်းကြောင့်ပဲ မေးမေး၊ လူ့သမိုင်းတလျှောက်လုံးမှာ သခင်ကြိုတင်မိန့်မှာခဲ့တဲ့အတိုင်း ကိုယ်တော် သေခြင်းကနေရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံကို မျက်မြင်သက်သေတွေရှေ့မှာ တက်ကြွသွားတဲ့ သခင်ယေရှုရဲ့ သမိုင်းဝင်ဖြစ်စဉ်ဟာ သဘာဝလွန်ထူးခြားဖြစ်ရပ် ဖြစ်နေတာပဲကိုး။ ဒီမေးခွန်းအတွက် စာရေးသူဖတ်ရှုလေ့လာခဲ့ဖူးတဲ့ Dr. Frank Turek နဲ့ Norman Geisler တို့ ရေးထားတဲ့ "I Don't Have Enough Faith to Be an Atheist" စာအုပ်ရဲ့ "Did Jesus Really Rise from the Dead?" ဆိုတဲ့ အခန်းထဲက အချက်အလက်တွေကို အခြေခံပြီး သမိုင်းပညာရှင်တွေရဲ့ အမြင်တွေကို စာဖတ်သူတွေ လေ့လာဆန်းစစ်သုံးသပ်နိုင်ရန် တင်ပြလိုက်ပါတယ်။

ပထမအချက်အနေနဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေ ဘာပြောကြပါသလဲ။ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ပြီး Gary Habermas ဆိုတဲ့ ဓမ္မသစ်ကျမ်းပညာရှင်က ၁၉၇၅ ကနေ ၂၀၀၃ အတွင်းမှာ ထွက်ခဲ့တဲ့ သုတေသနစာတမ်းပေါင်း ၁,၄၀၀ ကျော်ကို လေ့လာခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကျမ်းစာကို အပြင်းအထန် ဝေဖန်တဲ့ လစ်ဘရယ်ပညာရှင်တွေကအစ ရိုးရာအစဉ်အလာကိုထိန်းသိမ်းတဲ့ ခရစ်ယာန်ပညာရှင်တွေအဆုံး အားလုံးက အောက်ပါအချက် (၁၂) ချက်ကို သမိုင်းဝင်အမှန်တရားတွေအဖြစ် တညီတညွတ်တည်း လက်ခံထားကြပါသတဲ့။

၁။ သခင်ယေရှုက ရောမခေတ် လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတယ်။
၂။ သခင့်ကို သီးသန့်ဂူသင်္ချိုင်းတော်မှာ သင်္ဂြိုဟ်ခဲ့တယ်။
၃။ တပည့်တော်တွေဟာ မျှော်လင့်ချက်မဲ့ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေခဲ့ကြတယ်။
၄။ သိပ်မကြာခင်မှာပဲ အဲ့ဒီဂူက လွတ်နေတာကို တွေ့ခဲ့ရတယ်။
၅။ တပည့်တော်တွေက ရှင်ပြန်ထမြောက်လာတဲ့ သခင်ယေရှုကို တကယ်ပဲ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ယုံကြည်တဲ့ အတွေ့အကြုံတွေ ရခဲ့တယ်။
၆။ အဲ့ဒီအတွေ့အကြုံတွေကြောင့် သူတို့အသက်တာတွေ လုံးဝပြောင်းလဲသွားပြီး သူတို့ယုံကြည်ချက်အတွက် အသေခံဖို့တောင် ဝန်မလေးခဲ့ကြတော့ဘူး။
၇။ သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းသတင်းက အသင်းတော်သမိုင်း ဟိုးအစပိုင်းကတည်းက ချက်ချင်း ပျံ့နှံ့ခဲ့တယ်။
၈။ သခင်ယေရှု ကားစင်တင်သတ်ခံရတဲ့ ယေရုရှလင်မြို့မှာတင် ဒီသတင်းကို စတင် ဟောပြောခဲ့ကြတယ်။
၉။ သတင်းကောင်း (ဧဝံဂေလိ) ရဲ့ အဓိကအချက်က သခင်ယေရှုရဲ့ အသေခံတော်မူခြင်းနဲ့ ရှင်ပြန်ထမြောက်တော်မူခြင်းပဲ ဖြစ်တယ်။
၁၀။ တမန်တော်ကြီးတွေက တနင်္ဂနွေနေ့ (Sunday) ကို အဓိက ဝတ်ပြုကိုးကွယ်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။
၁၁။ အရင်က သံသယဝင်ခဲ့တဲ့ သခင်ယေရှုရဲ့ညီတော် ရှင်ယာကုပ်တောင်မှ သခင်ယေရှု ကိုယ်ထင်ပြတာကို မြင်ပြီး ခရစ်တော်ကို ကိုးကွယ်သူဖြစ်လာခဲ့တယ်။
၁၂။ ခရစ်ယာန်တွေကို နှိပ်စက်တဲ့ တာရှုမြို့သားရှောလု (တမန်တော်မြတ် ရှင်ပေါလု) လည်း သခင်ယေရှု ကိုယ်ထင်ပြတာကို မျက်မြင်ကြုံခဲ့ရပြီး ခရစ်တော်ကို ကိုးကွယ်သူဖြစ်လာခဲ့တယ်။

ဒီအချက်တွေကို ကြည့်ရင် ဓမ္မသစ်ကျမ်းဟာ ဒဏ္ဍာရီပုံပြင်ယုံတမ်းစကားတွေ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ အဖြစ်အပျက်တွေဖြစ်ပြီး မကြာခင်မှာပဲ မျက်မြင်သက်သေတွေ ကိုယ်တိုင် ကျမ်းစာမှတ်တမ်းတွေ ရေးသားပြုစုခဲ့ကြတယ်။ ပြင်ပသမိုင်းမှတ်တမ်းတွေကလည်း ခရစ်တော်ဟာ အမှန်တကယ်ပင် ကားစင်တင်သတ်ခံခဲ့ရကြောင်း အတည်ပြုပေးထားပါတယ်။ ပြီးတော့ လိမ်လည်ထားတာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တမန်တော်ခေါင်းဆောင်ဖြစ်တဲ့ ရှင်ပေတရုက သခင်ယေရှုကို “သူ့ကို ကျွန်တော် မသိပါဘူး”လို့ လူရှေ့သူရှေ့ ၃ ကြိမ်တောင်ငြင်းပယ်ခဲ့တာတွေ၊ သူတို့ ဘုရားလိုကိုးကွယ်တဲ့ ရဗ္ဗိဆရာဟာ အရှက်တကွဲ ကားစင်တင်သတ်ခံရတာတွေစသဖြင့် သူတို့အရှက်ကွဲစရာ အဖြစ်အပျက်တွေကိုပါ ဖုံးကွယ်မထားဘဲ ရိုးရိုးသားသား ရေးထားသလို ကိုယ်တိုင် ဖန်တီးထားတဲ့ လိမ်ဆင်တစ်ခုအတွက် ဘယ်သူမှ ကိုယ့်အသားနာခံပြီး အသားလွတ် အသေမခံကြပါဘူးလေ။ နောက်တစ်ခုက ချဲ့ကားရေးထားတာလည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ သမိုင်းကြောင်းအရ တိကျမှန်ကန်တဲ့ အချက်အလက်ပေါင်း ၁၄၀ ကျော်တောင် ပါဝင်နေလို့ပဲ။

ဒါဆို သံသယဝါဒီသမားတွေက ဘယ်လို မယုံကြတာပါလဲ? သခင်ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်သူတွေ၊ သံသယဝင်သူတွေအတွက် နောက်ဆုံးထွက်ပေါက်ကတော့ “ဒါက တကယ်တော့ တပည့်တော်တွေ လှည့်စားခံရတာပါ၊ ဒါမှမဟုတ်လည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ကြတာပါ” လို့ ပြောဖို့ပဲ ကျန်တော့တယ်။ သူတို့ပြောတဲ့ သီအိုရီတွေက တကယ်ပဲ ယုတ္တိတန်ရဲ့လားဆိုတာ ကျွန်တော်တို့ စမ်းစစ်ကြည့်ရအောင်။ ခရစ်ယာန်တိုင်း သိထားသင့်ပါတယ်။

သံသယဝါဒီသမားတွေနဲ့ တခြားသော မယုံကြည်သူတွေ လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းမျိုးစုံသီအိုရီ (Conspiracy Theories) တွေထဲက ပထမသီအိုရီကတော့ “စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ကြတာပါ” ဆိုတဲ့ Hallucination Theory ပဲဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်တည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တာမျိုး ဖြစ်နိုင်ပေမယ့် လူပေါင်း ၅၀၀ ကျော်က မတူညီတဲ့ အချိန်၊ မတူညီတဲ့ နေရာတွေမှာ အတူတူ တပြိုင်နက်တည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ဖို့ဆိုတာ ဆေးပညာအရ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြီးတော့ စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တာဆိုရင် ဂူသင်္ချိုင်းတော်မှာထဲမှာ အလောင်းတော်က ရှိနေရမှာပေါ့။ အလွယ်ကူဆုံးနည်းက သခင်ဘုရားရဲ့ အလောင်းတော်ကို ရန်သူတွေက ထုတ်ပြလိုက်ရင် ခရစ်ယာန်ဘာသာဆိုတာ ချက်ချင်း ပျောက်ကွယ်သွားမှာပဲလေ။ ဒါပေမယ့် သူတို့မှာ ပြစရာ အလောင်းတော်လည်း မရှိခဲ့ပါဘူး။

နောက်သီအိုရီတခုကတော့ “ဂူသင်္ချိုင်းတော် မှားပြီး ဝင်သွားမိတာပါ” ဆိုတဲ့ Wrong Tomb Theory ဖြစ်ပါတယ်။ သခင်ဘုရားရဲ့ တပည့်တော်မ အမျိုးသမီးတွေနဲ့ တပည့်တော်ကြီးတွေဟာ တကယ်တော့ ဂူမှားပြီး ဝင်မိသွားတာလို့ ဆိုကြပြန်တယ်။ ဒါဆိုရင်လည်း ရောမအာဏာပိုင်တွေနဲ့ သခင်ယေရှုကို မုန်းတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေက အမှန်တကယ် မြှုပ်ထားတဲ့ဂူကို ပြလိုက်လို့ ရတာပဲ။ လွယ်မှလွယ်! ဒါပေမယ့် မပြနိုင်ခဲ့ဘူးလေ။ ပြီးတော့ ဂူမှားတာနဲ့ ရှင်ပြန်ထမြောက်တဲ့ သခင်ယေရှုကို လူပေါင်းများစွာ မြင်တွေ့ရတာနဲ့လည်း ဘာမှ မဆိုင်ပါဘူး။

နောက်ထပ်သီအိုရီကတော့ “သတိလစ်မေ့မြောသွားတာပါ” ဆိုတဲ့ Swoon Theory ဖြစ်ပါတယ်။ ဒီသီအိုရီမှာတော့ သခင်ယေရှု တကယ် သက်တော်မချုပ်ဘဲ မေ့မြောသွားတာပါလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ရောမစစ်သားတွေက လူသတ်ရာမှာ အင်မတန် ကျွမ်းကျင်ပါတယ်။ ကားတိုင်တော်ပေါ်ကနေ အလောင်းတော်ကို ဖြုတ်မချခင်မှာ သေချာအောင်တောင် နံဘေးတော်ကို လှံနဲ့ပါ ထိုးစစ်ခဲ့ကြသေးတာ။ သွေးနဲ့ရေနဲ့ ရောပြီးထွက်လာလို့ သက်တော်ချုပ်သွားပြီဆိုတာသေချာတဲ့အတွက် ခြေသလုံးအရိုးတော်တွေကိုတောင် မချိုးပစ်ခဲ့ကြပါဘူး။ တကယ်လို့ သခင်ဘုရား သက်တော်မချုပ်ဘဲ ဂူသင်္ချိုင်းတော်ထဲရောက်သွားတယ် ထားဦး၊ သွေးထွက်လွန်ပြီး တကိုယ်လုံး ရစရာမရှိတဲ့ လူနာတစ်ယောက်က တန်နဲ့ချီလေးတဲ့ ကျောက်တုံးကြီးကိုတွန်း၊ အပြင်က လက်နက်ကိုင် အစောင့်တွေကိုကျော်ပြီး ဘယ်လို ထွက်လာမလဲ။ စဉ်းစဉ်းစားစားလည်း လုပ်ပါဦး။ ထွက်လာရင်တောင် တပည့်တော်တွေက သနားဖို့ပဲ ရှိမယ်၊ အသေခံရဲတဲ့အထိ ရဲရင့်လာပြီး သခင်ယေရှုကို ဘုရားသခင်အဖြစ် ကိုးကွယ်ကြမှာ မဟုတ်ပါဘူးဗျာ။

နောက်ထပ်သီအိုရီကတော့ “အလောင်း ခိုးသွားတာပါ” ဆိုတဲ့ Stolen Body Theory ဖြစ်ပါတယ်။ ဒီ conspiracy Theory ကိုတော့ တော်တော်များများသိကြပါတယ်။ သူတို့စွပ်စွဲသလို တပည့်တော်ကြီးတွေက အလောင်းတော်ကို ခိုးပြီး လိမ်တယ်ထားဦး၊ ကိုယ်တိုင် ဖန်တီးထားတဲ့ လိမ်ဆင်ကြီးအတွက် ဘယ်သူက အသေခံမှာလဲ။ အဲ့လိုလိမ်လိုက်လို့ရော သူတို့က ရာထူး၊ ဂုဏ်ဒြပ်၊​ စည်းစိမ်ရစရာရှိလို့လား။ မရှိပါဘူး၊ အသက်ထွက်ဖို့ပဲရှိပါတယ်။ လက်နက်ကိုင် ရောမစစ်သားတွေကိုတောင် ကြောက်ရွံ့နေတဲ့ သာမန်အရပ်သား တပည့်တော်ကြီးတွေက well trained အစောင့်စစ်သားတွေကို ဘယ်လို ကျော်ဖြတ်မလဲ။ ရောမစစ်တပ်၊ ရောမစစ်သားဆိုတာဗျာ … အင်ပါယာတောင် တည်ထောင်နိုင်တဲ့ စစ်တပ်ကြီးလေ။ တကယ်တော့ ဒီကောလဟာလ လိမ်ဆင်ကြီးက ပထမရာစုနှစ်၊ တမန်တော်ကြီးတွေ သက်ရှိထင်ရှားရှိနေစဉ်ကတည်းက ပျံ့နှံနေခဲ့ပြီဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီးပါ၊ ဒါကို တမန်တော်မြတ် ရှင်မဿဲက သူ့ရဲ့ရှင်မဿဲခရစ်ဝင် ၂၈:၁၁-၁၅ ထဲမှာတောင် ဒီလိုမှတ်တမ်းတင်ထားခဲ့ပါသေးတယ် “ထို မိန်း မ တို့ သည် သွား ကြ စဉ် အ ခါ လူ စောင့် အ ချို့ တို့ သည် မြို့ ထဲ သို့ ဝင်၍ ဖြစ် လေ သ မျှ သော အ ခြင်း အ ရာ တို့ ကို ယဇ် ပု ရော ဟိတ် အ ကြီး တို့ အား ပြန် ကြား ကြ၏။- ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် လူ အ ကြီး အ ကဲ တို့ သည် စု ဝေး၍ တိုင် ပင် ပြီး မှ စစ် သူ ရဲ တို့ အား ငွေ အ များ ကို ပေး၍၊- ည အ ခါ ငါ တို့ အိပ် ပျော် စဉ် တွင် ထို သူ၏ တ ပည့် တို့ သည် လာ၍ အ လောင်း ကို ခိုး သွား ကြ သည် ဟု သင် တို့ ပြော ကြ လော့။- ထို အ ကြောင်း ကို မြို့ ဝန် မင်း ကြား ပြန် လျှင်၊ ငါ တို့ သည် သူ့ ကို ဖျောင်း ဖျ၍ သင် တို့၌ အ မှု မ ရှိ စေ ခြင်း ငှာ ငါ ပြု မည် ဟု၊- သွန် သင် သည် နှင့် အ ညီ စစ် သူ ရဲ တို့ သည် ငွေ ကို ယူ၍ ပြု ကြ၏။ ထို စ ကား ကို ယ ခု တိုင် အောင် ယု ဒ လူ တို့ သည် အ နှံ့ အ ပြား ပြော ဆို ကြ၏”
စိတ်ဝင်စားစရာကောင်းတာက ရှေးဟောင်းသုတေသန တွေ့ရှိချက်တစ်ခုဖြစ်တဲ့ နာဇရက်မြို့က ကျောက်စာအရ၊ အဲ့ဒီခေတ်က ဂျူးတွေဟာ "တပည့်တော်တွေ အလောင်းခိုးသွားတယ်" ဆိုပြီး သတင်းလွှင့်ခဲ့တာ သေချာတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ရပါပြီ။ ဒါက ဘာကို သက်သေပြနေလဲဆိုတော့ "ဂူက တကယ်ပဲ လွတ်နေတယ်" ဆိုတာကို သူတို့ကိုယ်တိုင် သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာပါပဲ။ နောက်ပြီး တမန်တော်မြတ် ရှင်မဿဲရဲ့ ကျမ်းမှတ်တမ်းနဲ့ ကျမ်းစာပြင်ပသက်သေအထောက်အထားဖြစ်တဲ့ နာဇရက်မြို့က ကျောက်စာမှတ်တမ်းက လုံးဝကွက်တိဖြစ်နေတာကိုလည်း တွေ့ခဲ့ရတာမို့ ဒီ “အလောင်း ခိုးသွားတာပါ” ဆိုတဲ့ Stolen Body Theory ကြီးက တမန်တော်တွေခေတ်ကတည်းက မယုံကြည်တဲ့ဂျူးတွေ လျှောက်ဖြန့်ထားတဲ့လိမ်ဆင်ကြီးဆိုတာ ထင်းနေပါပြီ။

နောက်သီအိုရီတစ်ခုကတော့ အားလုံးနဲ့ မစိမ်းတဲ့ “အခြားတယောက်နဲ့ လူစားထိုး အသတ်ခံရတာပါ” ဆိုတဲ့ Substitute Theory အယူအဆပါ။ ဒါကတော့ အစ္စလာမ်ဘာသာဝင်တွေ အပြောများဆုံး conspiracy theory ဖြစ်ပါတယ်။ တကယ်တော့ ဒီသီအိုရီက အစ္စလာမ်ဘာသာရဲ့ မူပိုင် မဟုတ်ပါဘူး။ ရှေးခေတ် နောစတစ် (Gnostic) အယူဝါဒတွေမှာကတည်းက ဒီဝါဒီသမားတွေက ဖန်တီးထားတဲ့လုပ်ကြံဇာတ်လမ်းဖြစ်ပါတယ်။ နောက်ပြီး သူတို့က မျက်မြင်သက်သေတွေလည်း မဟုတ်သလို သခင်ယေရှုရဲ့ တမန်တော်ရင်းကြီး ၁၂ ပါးအဝင်လည်း မဟုတ်ကြပါဘူး။ အစ္စလာမ်ဘာသာဆိုတာလည်း ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၆၀၀ လောက်ကြာလာမှ ပေါ်လာတဲ့ ဘာသာတရားပါ။ ကုရ်အာန်ကျမ်းရေးသူတယောက်မှာ သခင်ယေရှုရဲ့ မျက်မြင်သက်သေတွေလည်း မဟုတ်ပါဘူး။ တကယ်တော့ နောစတစ် (Gnosticism) အယူဝါဒက အစ္စလာမ်ထက်တောင် ပိုရှေးကျပါသေးတယ်။ နောစတစ်ဝါဒီတွေက သခင်ယေရှုကိုယ်စား တမန်တော် ၁၂ ပါးထဲက သစ္စာဖောက် ယုဒရှကာရုတ် အသတ်ခံရတာလို့ ပြောကြသလို၊ တချို့ကလည်း လက်ဝါးကပ်တိုင်ကို ကူထမ်းပေးခဲ့တဲ့ ကုရေနေပြည်သား ရှိမုန် အသတ်ခံရတာပါလို့ ဆိုကြပြန်တယ်။ တကယ်တော့ ဝေဖန်သူတွေ အချင်းချင်းကြားမှာတောင် ဘယ်သူအသတ်ခံရတာလဲဆိုတာကို အဲ့တုန်းကရော၊ ခုထိရော အပေါက်အလမ်း မတည့်ကြဘူးလေ။ စဉ်းစားကြည့်ပါ၊ ဒီအယူအဆက ထမြောက်ခြင်း အဖြစ်အပျက်တွေဖြစ်ပြီး နှစ်ပေါင်း ရာချီကြာမှ ပေါ်လာတာပါ။ နောက်ပြီး လက်ဝါးကပ်တိုင်တော် ခြေရင်းမှာ မျက်မြင်သက်သေတွေဖြစ်တဲ့ သခင်ယေရှုရဲ့ မိခင် မယ်တော်မာရိနဲ့ တပည့်တော်ကြီး ယောဟန်တို့ ကိုယ်တိုင် ရှိနေခဲ့ကြပါတယ်။ ကိုယ့်သားအရင်း၊ ကိုယ့်ဆရာအရင်းကို အနီးကပ်ကြည့်နေတဲ့ သူတွေက လူစားထိုးထားတာကို မသိဘဲနေပါ့မလား။ နောက်ပြီး သခင်ဘုရားကို သေစေချင်လွန်းလို့ အနီးကပ်စောင့်ကြည့်နေတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေ၊ ကွပ်မျက်တဲ့နေရာမှာ ဆရာတဆူဖြစ်တဲ့ ရောမစစ်သားတွေကိုပါ လှည့်စားဖို့ဆိုတာ ယုတ္တိဗေဒအရ လုံးဝကို အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်ပါပဲခင်ဗျ။

နောက်ထပ်သီအိုရီတခုကတော့ “ယုံကြည်ချင်စိတ်ကြောင့် ဖြစ်လာတာပါ” ဆိုတဲ့ Faith Led Belief Theory ဖြစ်ပါတယ်။ ဝေဖန်ရေးသမား John Dominic Crossan ကတော့ တပည့်တော်ကြီးတွေဟာ ယုံကြည်ချင်စိတ် လွန်ကဲပြီး ရှင်ပြန်ထမြောက်တယ်လို့ ဖန်တီးလိုက်တာလို့ ပြောပါတယ်။ တကယ်တော့ ကြောက်လို့ ပုန်းနေတဲ့ တပည့်တော်တွေဆီမှာ အဲ့ဒီလို ယုံကြည်ချင်စိတ် မရှိခဲ့ပါဘူး။ ထမြောက်တော်မူတဲ့ သခင်ယေရှုကို တကယ် ကိုယ်တွေ့ မြင်လိုက်ရမှသာ သူတို့ဆီမှာ ယုံကြည်ခြင်းတွေ ဖြစ်လာတာပါ။

နောက်ဆုံးတခုကတော့ “ရှေးနတ်ကိုးကွယ်မှုက ဒဏ္ဍာရီပုံပြင်တွေကို ကူးချထားတာပါ” ဆိုတဲ့ Copied Pagan Myths စွပ်စွဲချက်ဖြစ်ပါတယ်။ တချို့ကလည်း ရှေးခေတ် အီဂျစ်က အိုဆိုင်းရစ် (Osiris) တို့လို သေပြီးပြန်ရှင်တဲ့ ဒဏ္ဍာရီတွေကို ကူးချထားတာလို့ ပြောကြပါတယ်။ တကယ်တော့ ခရစ်ယာန်မတိုင်ခင်က "သေပြီး ပြန်ရှင်တယ်" ဆိုတဲ့ ဒဏ္ဍာရီဆိုလို့ အိုဆိုင်းရစ် တစ်ခုပဲ ရှိပါတယ်။ ဒါပေမယ့် အိုဆိုင်းရစ်ရဲ့ ဇာတ်လမ်းက သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ လုံးဝမတူပါဘူး။ အိုဆိုင်းရစ်က အပိုင်း ၁၄ ပိုင်း အဖြတ်ခံရပြီး အီဂျစ်တစ်ဝှမ်း ကြဲချခံရတယ်။ သူ့မိန်းမ အိုက်ဆစ် (Isis) က ပြန်ဆက်ပေးပေမယ့် သူက လူ့လောကထဲကို ရုပ်ခန္ဓာနဲ့ ပြန်အသက်ရှင်လာတာ မဟုတ်ဘူး။ သေဆုံးသူတွေရဲ့ကမ္ဘာ (Underworld) မှာပဲ သွားပြီး ရှင်ဘုရင်လုပ်တာပါ။ ဒါကြောင့် တကယ့် ရှင်ပြန်ထမြောက်ခြင်း (Physical Resurrection) မဟုတ်ဘဲ တမလွန်ဘဝ (Afterlife) ဇာတ်လမ်းသက်သက်ပဲ ဖြစ်တယ်လို့ ပညာရှင်တွေက ချေပထားပါတယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းလိုမျိုး "သေပြီးနောက် ရုပ်ခန္ဓာနဲ့ပါ အမှန်တကယ် ပြန်ရှင်လာတယ်" ဆိုတဲ့ တကယ့် Parallel ဖြစ်တဲ့ တခြားနတ်ဘုရား ဒဏ္ဍာရီတွေကတော့ ခရစ်ယာန်ဘာသာပေါ်ပြီး AD 150 ဝန်းကျင်လောက်မှ ပေါ်လာတာ များပါတယ်။ ကူးချတယ်ဆိုရင်တောင် ခရစ်ယာန်တွေဆီကနေ သူတို့က ပြန်ကူးချတာပဲ ဖြစ်ရမယ်။ အချုပ်ပြောရရင် ခရစ်ယာန်ဘာသာမတိုင်ခင်မှာ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ တူညီတဲ့ ဒဏ္ဍာရီ လုံးဝ မရှိခဲ့ဘူးဆိုတာ သမိုင်းအထောက်အထားတွေအရ သေချာပါတယ်။ တခြားဒဏ္ဍာရီတွေက ခရစ်ယာန်ဘာသာရဲ့ လွှမ်းမိုးမှုကြောင့် နောက်ပိုင်းမှ အတုခိုးပြီး ပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ယုံကြည်ခြင်းဆိုတာ မျက်စိစုံမှိတ် ယုံကြည်ရတဲ့ blind faith မဟုတ်ပါဘူး။ ခိုင်လုံတဲ့ သမိုင်းအထောက်အထားတွေ၊ မျက်မြင်သက်သေတွေနဲ့ ယုတ္တိကျကျ စဉ်းစားစရာတွေ အပြည့်အဝ ရှိနေပါတယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ ဒဏ္ဍာရီတစ်ခု မဟုတ်ဘဲ လူသားတွေရဲ့ သမိုင်းကြောင်းကို ထာဝရ ပြောင်းလဲစေခဲ့တဲ့ အခိုင်မာဆုံး အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆို သံသယဝါဒီ ဝေဖန်ရေးသမားတွေရဲ့ ဒီသီအိုရီတွေအားလုံးအတွက်ရော ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိပါသလား။ စာရေးသူတို့ ခရစ်ယာန်တွေက သခင်ဘုရား ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး သံသယရှိသူတွေ တီထွင်ထားတဲ့ သီအိုရီတွေကို အမြဲတမ်း ပြန်လည်ချေပလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ သံသယရှိသူတွေဘက်ကလည်း သူတို့ရဲ့ အယူအဆတွေအတွက် ပထမရာစုနှစ်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြဖို့ တာဝန်ရှိပါတယ်။ သီအိုရီဆိုတာ သက်သေ မဟုတ်ဘူးလေ။ ဘယ်သမိုင်းဝင် အဖြစ်အပျက်ကိုမဆို သီအိုရီတွေ လျှောက်ထုတ်ပြီး ငြင်းလို့ရတာပဲ။ ဥပမာ၊ နာဇီတွေရဲ့ ဂျူးတွေကို လူမျိုးတုန်းသတ်ဖြတ်မှု (Holocaust) ဟာ ဂျူးတွေ သူတို့ဘာသာ သူများ သနားတာခံချင်လို့ လုပ်ကြံဖန်တီးထားတာပါလို့ တစ်ယောက်ယောက်က သီအိုရီထုတ်ရင် ဘယ်သူယုံမလဲဗျ။ ခိုင်လုံတဲ့ သက်သေမရှိဘဲ ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမှာလည်း အဲ့ဒီအတိုင်းပါပဲ။ သံသယရှိသူ ဓမ္မမိတ်ဆွေတွေမှာ သီအိုရီတွေသာ အများကြီးရှိတာပါ၊ အဲ့ဒီသီအိုရီတွေကို ထောက်ခံတဲ့ ပထမရာစုနှစ်က သက်သေဆိုလို့ တစ်ခုမှ မရှိပါဘူး။ ဟုတ်ပါတယ်၊ တခုဆို တခုမှကို မရှိတာပါ။ တကယ်လို့ သူတို့ကို “အဆွေတို့ရဲ့ သီအိုရီအတွက် ပထမရာစုနှစ်က သတင်းရင်းမြစ် ၃၊ ၄ ခုလောက် ပြပါ" လို့ မေးလိုက်ရင် ဘာမှ ပြစရာမရှိဘဲ ဆွံ့အသွားတတ်ကြပါတယ်။ တကယ်တော့ အလောင်းခိုးသွားတယ်ဆိုတဲ့ အကြောင်းပြချက်လောက်ပဲ ပထမရာစုမှာ ရှိခဲ့ပြီး၊ အဲ့ဒါကလည်း လိမ်ညာမှုတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြပြီးသားပါ။ တကယ်တော့လေ စာတတ်ပေတတ် ပညာရှင်တချို့ကြားမှာ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြတာဟာ သမိုင်းအထောက်အထားတွေ အားနည်းလို့ မဟုတ်ပါဘူး။ သူတို့ဆီမှာ "အံ့ဖွယ်ဖြစ်ရပ် (supernatural / miracles) ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး" ဆိုတဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ဒဿနပိုင်းဆိုင်ရာ ဘက်လိုက်မှုကြီး (Philosophical bias) ရှိနေလို့ပါပဲ။ ဖန်ဆင်းရှင်ရှိတဲ့ စကြာဝဠာမှာ ဖန်ဆင်းရှင်က အံ့ဖွယ်သဘာဝလွန်ဖြစ်ရပ်တွေကို လုပ်နိုင်တယ်ဆိုတာ ယုတ္တိအရှိဆုံးပါပဲ။

ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းဆိုတာ သမိုင်းဝင် အချက်အလက်တစ်ခုသက်သက် မဟုတ်ပါဘူး။ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အသက်သွေးကြောပါ။ သခင်ယေရှုဟာ သေခြင်းတရားကို အောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ လူသားတွေရဲ့ အပြစ်တွေအတွက် ပေးဆပ်မှုဟာ ပြီးပြည့်စုံသွားပါပြီ။ ထိုအရှင်ကို ယုံကြည်ကိုးကွယ်နာခံသူဟာ ထာဝရအသက်ကို ရမယ်လို့ ဘုရားသခင်ရဲ့ ကတိတော်မြတ်ရှိပါတယ်။ ဒါဟာ ဧဝံဂေလိ သတင်းကောင်းပါပဲ။ သေခြင်းတရားကိုတောင် အောင်နိုင်တဲ့ ဘုရားသခင်က ကိုယ့်ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကို မကူညီနိုင်စရာ အကြောင်းမရှိပါဘူး .. ညီအစ်ကိုမောင်နှမတို့။ ဒီကနေ့ ကျရောက်တဲ့ Resurrection Sunday “ရှင်ပြန်ထမြောက်တော်မူရာ အီစတာ တနင်္ဂနွေနေ့” မှာ ဒဏ္ဍာရီမဟုတ်တဲ့ တကယ့် သမိုင်းဝင် အမှန်တရားပေါ်မှာ အခြေခံထားတဲ့ ဒီမျှော်လင့်ချက်ကို နှလုံးသားထဲ အပြည့်အဝ ခံစားပြီး ခွန်အားသစ်တွေ ရယူနိုင်ကြပါစေလို့ ThyLogos မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ မင်္ဂလာနှင့်ပြည့်စုံသော ရှင်ပြန်ထမြောက်ရာနေ့လေး ဖြစ်ပါစေ။ အာမင်။

သေ သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် ထ မြောက် တော် မ မူ။-
ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ ငါ တို့ ဟော ပြော ခြင်း၌ အ ကျိုး မ ရှိ။ သင် တို့ ယုံ ကြည် ခြင်း၌ လည်း အ ကျိုး မ ရှိ။-
ထို မျှ မ က၊ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု မှာ မ မှန် သော သက် သေ ခံ ဖြစ် ကြ၏။-
အ ကြောင်း မူ ကား၊ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ဘု ရား သ ခင် သည် ခ ရစ် တော် ကို ထ မြောက် စေ တော် မ မူ၊ ယ ခု မှာ၊ ခ ရစ် တော် ကို ထ မြောက် စေ တော် မူ ပြီ ဟု ငါ တို့ သည် ဘု ရား သ ခင်၏ အ ကြောင်း ကို သက် သေ ခံ ကြ၏။ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် ထ မြောက် တော် မ မူ။-
ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ သင် တို့ သည် ယုံ ကြည် သော် လည်း အ ကျိုး မ ရှိ၊ ဒု စ ရိုက် အ ပြစ် အောက်၌ ရှိ ကြ သေး၏။-
ထို မှ တစ် ပါး၊ ခ ရစ် တော် ကို ယုံ ကြည်၍ အိပ် ပျော် သော သူ တို့ သည် ဆုံး ရှုံး ခြင်း သို့ ရောက် ကြ ပြီ။-
ငါ တို့ သည် ခ ရစ် တော် ကို အ မှီ ပြု၍ ယ ခု ဘ ဝ၌ သာ မျှော် လ င့် စ ရာ ရှိ လျှင်၊ အ ခြား သော သူ အ ပေါင်း တို့ ထက် သာ၍ ဆင်း ရဲ သော သူ ဖြစ် ကြ၏။
ယ ခု မူ ကား၊ ခ ရစ် တော် သည် သေ ခြင်း မှ ထ မြောက် တော် မူ၍၊ အိပ် ပျော် သော သူ တို့ တွင် အ ဦး သီး သော အ သီး ဖြစ် တော် မူ ပြီ။-
သို့ ဖြစ်၍ လူ အား ဖြင့် သေ ခြင်း တ ရား သည် တည် သ ကဲ့ သို့၊ သေ သော သူ တို့၏ ထ မြောက် ခြင်း တ ရား သည် လူ အား ဖြင့် တည် လျက် ရှိ၏။-
လူ အ ပေါင်း တို့ သည် အာ ဒံ အား ဖြင့် သေ ခြင်း သို့ ရောက် သည် နည်း တူ၊ လူ အ ပေါင်း တို့ သည် ခ ရစ် တော် အား ဖြင့် အ သက် ရှင် ခြင်း သို့ ရောက် ရ ကြ လ တ္တံ့။-
သို့ ရာ တွင် လူ အ သီး အ သီး တို့ သည် မိ မိ တို့ အ လှည့် အ တိုင်း လိုက် ရ ကြ လိမ့် မည်။ ခ ရစ် တော် သည် အ ဦး သီး သော အ သီး ဖြစ် တော် မူ၏၊ ခ ရစ် တော် သည် ကြွ လာ တော် မူ သော အ ခါ၊ တ ပည့် တော် ဖြစ် သော သူ တို့ သည် ရှင် ခြင်း သို့ ရောက် ကြ လိမ့် မည်။
ထို အ ခါ ခ ရစ် တော် သည် အ ထွတ် အ မြတ် အာ ဏာ တန် ခိုး အ မျိုး မျိုး ကို ပယ် ရှင်း၍၊ မိ မိ နိုင် ငံ ကို ဘု ရား သ ခင် တည်း ဟူ သော ခ မည်း တော်၌ အပ် ပြန် တော် မူ ပြီး မှ က မ္ဘာ ကုန် ရ လ တ္တံ့။-
ခ ရစ် တော် သည် ရန် သူ အ ပေါင်း တို့ ကို ခြေ ဖ ဝါး တော် အောက်၌ ချ ထား တော် မ မူ မီ တိုင် အောင် အုပ် စိုး တော် မူ ရ မည်။-
နောက် ဆုံး သော ရန် သူ တည်း ဟူ သော သေ မင်း သည် ဆုံး ရှုံး ခြင်း သို့ ရောက် ရ လ တ္တံ့။- '

၁ ကောရိန္သု 15:13-26

#λόγος

⚠️ Gentle Reminder: ယခုဆောင်းပါးသည် မူရင်းစာရေးသူ နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက “Share” button နှိပ်၍သော်လည်းကောင်း၊ မူရင်း website link ကို ဖော်ပြပေးခြင်းဖြင့်သော်လည်းကောင်း ထပ်ဆင့်ဖြန့်ဝေကာ ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။ 👇
https://www.thylogos.org/license-and-terms-of-use/

မဟာသောကြာကြီးနေ့ (Good Friday 2026)~~~~~~~~~~~~~~~ဒီနေ့ “မဟာသောကြာကြီးနေ့” (Good Friday) မှာ ညီအစ်ကိုမောင်နှမတွေအားလုံး ...
03/04/2026

မဟာသောကြာကြီးနေ့

(Good Friday 2026)
~~~~~~~~~~~~~~~

ဒီနေ့ “မဟာသောကြာကြီးနေ့” (Good Friday) မှာ ညီအစ်ကိုမောင်နှမတွေအားလုံး သခင်ယေရှုရဲ့ အသေခံတော်မူခြင်းကို အောက်မေ့ဆင်ခြင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့အတွက် သမိုင်းအချက်အလက်တွေ၊ ကျမ်းစာအထောက်အထားတွေ၊ ယုတ္တိဗေဒ၊ ဒဿနိဗေဒတွေနဲ့အတူ ခွန်အားယူစရာ၊ အောက်မေ့ဆင်ခြင်စရာ ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူများအား ဝေမျှပေးချင်ပါတယ်။

သမိုင်းတစ်လျှောက်မှာရော၊ တချို့သော အယူအဆတွေမှာပါ "သခင်ယေရှု လက်ဝါးကပ်တိုင်မှာ တကယ် အသေခံတော် မမူခဲ့ဘူး၊ မေ့မြောသွားရုံပဲ" ဒါမှမဟုတ် "တခြားတယောက်နဲ့ လူစားထိုးခံလိုက်ရတာ" ဆိုတဲ့ ဒဏ္ဍာရီယုံတမ်းစကား၊ မဟုတ်မမှန် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်း (Conspiracy theories) တွေ ရှိခဲ့ဖူးပါတယ်။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သမိုင်းနဲ့ ဆေးပညာရှုထောင့်ကနေ ချက်ကျလက်ကျ အတူတကွ လေ့လာဆင်ခြင်ကြပါစို့။

ပထမအချက်အနေနဲ့ ရောမစစ်သားတွေအကြောင်း ကြည့်ရအောင်ပါ။ ရောမစစ်သားတွေဆိုတာ လူသတ်တဲ့နေရာမှာ၊ အထူးသဖြင့် ကားစင်တင် ကွပ်မျက်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်တွေပါ၊ ဆရာတဆူပါ။ ကွပ်မျက်ရမယ့်သူ တကယ်မသေဘဲ အသက်ရှင်လျက် လွတ်သွားရင် သူတို့ကိုယ်တိုင် သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် သေချာပေါက် အသက်မထွက်မချင်း အလောင်းကို ဖြုတ်ချလေ့ မရှိပါဘူး။ သခင်ယေရှုလို တလောကလုံးသိနေတဲ့ အရေးကြီးပုဂ္ဂိုလ်တော်မြတ်သာ တကယ် အသေခံတော်မမူဘဲ လွတ်သွားဖို့ဆိုတာ သမိုင်းကြောင်းအရ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

ဒုတိယအချက်အနေနဲ့ ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၃-၃၄ မှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက်လေးကို ကြည့်ရအောင်။ သာမန်အားဖြင့် ရောမစစ်သားတွေမှာ ကားတိုင်ပေါ်က ကွပ်မျက်ခံရသူတွေ မြန်မြန်သေသွားအောင် ခြေသလုံးအရိုးတွေကို ရိုက်ချိုးတဲ့ ထုံးစံ (Crucifragium) ရှိခဲ့ပါတယ်။ ဆေးပညာအရ ပြောရရင် ကားတိုင်ပေါ်မှာ အသက်ရှူဖို့ဆိုတာ ခြေထောက်ကို အားပြုပြီး ကိုယ်လုံးကို အပေါ်တွန်းတင်မှ ရတာကြောင့်ပါ။ အရိုးကျိုးသွားရင် မတွန်းတင်နိုင်တော့ဘဲ အသက်ရှူကြပ်ပြီး မြန်မြန် သေဆုံးသွားတာပေါ့။ ဒါပေမဲ့ ကားစင်တင်ပြီး အချိန်အတန်အသင့်ကြာပြီးတဲ့နောက် စစ်သားတွေက သခင်ယေရှုထံတော်ဆီ လာပြီး စစ်ဆေးကြည့်တဲ့အခါ တကယ်ပဲ သက်တော်ချုပ်တော်မူပြီးသား ဖြစ်နေတာကို မြင်လို့ ခြေသလုံးရိုးတွေကို မချိုးတော့ပါဘူး။ သေချာအောင်လို့ နံဘေးတော်ကို လှံနဲ့ပဲ ထိုးလိုက်တဲ့အခါ သွေးနဲ့ရေတွေ ရောပြီး ချက်ချင်းထွက်လာတယ်လို့ ဆိုထားတယ်။ ဒါကို ခေတ်သစ်ဆေးပညာရှင်တွေက (JAMA လို နာမည်ကြီး အမေရိကန် ဆေးပညာဂျာနယ်တွေမှာတောင်) ဘယ်လိုထောက်ပြကြလဲဆိုရင် လှံနဲ့အထိုးခံရလို့ သွေးနဲ့ရေ ထွက်လာတယ်ဆိုတာ နှလုံးနဲ့ အဆုတ်တစ်ဝိုက်မှာ အရည်တွေ စုသွားပြီး နှလုံးရပ်သွားတဲ့ လက္ခဏာ (Hypovolemic shock နဲ့ Asphyxiation) ဖြစ်တယ်လို့ အတည်ပြုထားကြပါတယ်။ ဒါဟာ သခင်ယေရှု တကယ် အသေခံတော်မူခဲ့တယ် ဆိုတဲ့ ဆေးပညာသက်သေတစ်ခုပါပဲ။

ဒီအချက်ဟာ သမိုင်းနဲ့ ဆေးပညာရှုထောင့်က သက်သေအထောက်အထားဖြစ်သလို၊ ဓမ္မဟောင်းကျမ်းစာက ကြိုတင်ပရောဖက်ပြုချက်တွေ အတိအကျ ပြည့်စုံသွားတာလည်း ဖြစ်ပါတယ်။ ထွက်မြောက်ရာကျမ်း ၁၂:၄၆ မှာပါတဲ့ ပသခါသိုးသငယ်ရဲ့ အရိုးကို မချိုးရဘူးဆိုတဲ့ ပညတ်ချက် နဲ့ ဆာလံ ၃၄:၂၀ မှာပါတဲ့ “အရိုးတချောင်းမျှ … မကျိုးမပဲ့ရ” ဆိုတဲ့ ကျမ်းပိုဒ်တွေအတိုင်း သခင်ယေရှုဆီမှာ ကွက်တိပြည့်စုံသွားတာဟာ တကယ်ကို ကြွလာတော်မူသော မေရှိယအရှင်သခင်ဖြစ်တော်မူကြောင်း ခိုင်လုံတဲ့ ကျမ်းစာ သက်သေအထောက်အထားတွေ ဖြစ်သွားပါတယ်။

တတိယအချက်အနေနဲ့ ကျမ်းစာထဲမှာတင် မဟုတ်ဘဲ၊ ခရစ်ယာန် မဟုတ်တဲ့ ပြင်ပသမိုင်းပညာရှင်တွေရဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါကြောင့် သခင်ယေရှုအသေခံတော်မူခြင်း သမိုင်းသက်သေက ပိုလို့တောင် ခိုင်လုံသွားပါတယ်။ တက်စီတပ်စ် (Tacitus) လို ထင်ရှားတဲ့ ရောမသမိုင်းပညာရှင်တွေ၊ ဂျိုစီဖတ်စ် (Josephus) လို ယုဒ သမိုင်းဆရာတွေကပါ သခင်ယေရှုဟာ ပုန္တိပိလတ်မင်း လက်ထက်မှာ ကွပ်မျက်ခံခဲ့ရတယ်ဆိုတာကို သူတို့ရဲ့ သမိုင်းမှတ်တမ်းတွေမှာ အခိုင်အမာ ရေးသားခဲ့ကြပါတယ်။ သမိုင်းပညာရှင်တွေကြားမှာ သခင်ယေရှု ကားတိုင်တော်၌ ကွပ်မျက်ခံရပြီး အသေခံတော်မူခဲ့တယ်ဆိုတဲ့အချက်ကို ဘယ်သူမှ အငြင်းမပွါးကြပါဘူး။

၁ ကောရိန္သု ၁၅:၃ မှာ တမန်တော်မြတ်ကြီး ရှင်ပေါလုရေးခဲ့သလိုပဲ သခင်ခရစ်တော်ဟာ ကျမ်းစာလာတဲ့အတိုင်း ကျွန်တော်တို့ အပြစ်တွေအတွက် အသေခံတော်မူခဲ့တယ်။ ဒါ့အပြင် ရောမ ၅:၈ မှာလည်း "ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။” ဆိုပြီး ထပ်လောင်းဖော်ပြထားပါသေးတယ်။ သခင်ယေရှု လက်ဝါးကပ်တိုင်တော်မှာ တကယ် အသေခံတော်မူခဲ့လို့သာ အပြစ်ကြွေးဆပ်ခြင်း အမှုတော်မြတ်ပြီးစီးပြီး ကျွန်တော်တို့အတွက် “ကယ်တင်ခြင်း” (Salvation) ဆိုတာ တကယ်ဖြစ်လာတာပါ။

စတုတ္ထအချက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ သခင်ယေရှု လက်ဝါးကပ်တိုင်တော်မှာ အမှန်တကယ် အသေခံတော်မမူခဲ့ဘဲ တခြားတစ်ယောက်ကို လူစားထိုးလိုက်တယ်ဆိုတဲ့ ယုံတမ်းစကားတွေ၊ လုပ်ကြံဇာတ်လမ်းတွေလည်း ရှိကြပါသေးတယ်။ ဒီအယူအဆတွေရဲ့ ဇစ်မြစ်ကို ခြေရာပြန်ကောက်ကြည့်ရင် ခရစ်ယာန်သမိုင်းဦးပိုင်းက နောစတစ် (Gnostics) လို့ခေါ်တဲ့ မိစ္ဆာဒိဌိအယူလွဲအုပ်စုတွေဆီကနေ စတင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ သူတို့က ရုပ်ခန္ဓာဆိုတာ မကောင်းဘူး၊ ဝိညာဉ်မှသာ သန့်ရှင်းတယ်လို့ ယုံကြတာကိုး။ ဒါကြောင့် သန့်ရှင်းတဲ့ ဘုရားသခင်က ရုပ်ခန္ဓာနဲ့ ဆင်းရဲဒုက္ခမခံနိုင်ဘူး ဆိုပြီး ကားတိုင်ထမ်းဖို့ ကူညီခဲ့တဲ့ ရှိမုန် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို လူစားထိုးလိုက်တယ်လို့ လုပ်ကြံဇာတ်လမ်းတွေ စတင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်း ရာစုနှစ်တွေ ကြာလာတဲ့အခါမှာ တခြားသော အယူဝါဒတွေကပါ ဒီအယူအဆကို ယူသုံးပြီး သခင်ယေရှု တကယ် အသေခံတော်မမူဘူး လို့ ပုံဖော်လာကြတာပဲ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်ကို ယုတ္တိဗေဒနဲ့ ဒဿနိကဗေဒအရ အလွယ်တကူ ချေဖျက်နိုင်ပါတယ်။ တကယ်တော့ ဘုရားသခင်ဆိုတာ သမ္မာတရား (The Truth) ဖြစ်ပါတယ်။ လိမ်လည်လှည့်စားတတ်တဲ့သူ (Deceiver) မဟုတ်ဘူး။ တကယ်လို့ ဘုရားသခင်ကသာ သခင်ယေရှုနေရာမှာ တခြားလူကို အသွင်ပြောင်းပြီး လူစားထိုးလိုက်တယ်ဆိုရင်၊ ဘုရားသခင်ဟာ တလောကလုံးကို လိမ်လိုက်တာပဲလေ။ တပည့်တော်ကြီးတွေ၊ မယ်တော်မာရိက အစ ဘာမှမသိဘဲ အလိမ်ခံလိုက်ရပြီး၊ အဲဒီအလိမ်အညာကြီးပေါ် အခြေခံပြီးမှ ခရစ်ယာန်ယုံကြည်ခြင်းကြီး ဖြစ်လာရတယ်ဆိုတဲ့ သဘောသက်ရောက်သွားပါမယ်။ ဒါဟာ အကြွင်းမဲ့ ကောင်းမြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ သဘာဝတော်နဲ့ လုံးဝကို ဆန့်ကျင်နေတဲ့ ယုတ္တိမတန်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ နောက်ပြီး လက်ဝါးကပ်တိုင်တော် ခြေရင်းမှာ သခင်ယေရှုရဲ့ မိခင် မယ်တော်မာရိနဲ့ တပည့်တော်ကြီး ယောဟန်တို့ ကိုယ်တိုင် ရှိနေခဲ့ကြပါတယ်။ ကိုယ့်သားအရင်း၊ ကိုယ့်ဆရာအရင်းကို အနီးကပ်ကြည့်နေတဲ့ သူတွေက လူစားထိုးထားတာကို မသိဘဲနေပါ့မလား။ နောက်ပြီး သခင်ဘုရားကို သေစေချင်လွန်းလို့ အနီးကပ်စောင့်ကြည့်နေတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေ၊ ကွပ်မျက်တဲ့နေရာမှာ ဆရာတဆူဖြစ်တဲ့ ရောမစစ်သားတွေကိုပါ လှည့်စားဖို့ဆိုတာ ယုတ္တိဗေဒအရ လုံးဝကို အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်ပါပဲခင်ဗျ။

ဒီလို သခင်ယေရှု တကယ် အသေခံတော်မမူဘူး၊ လူ့ဇာတိနဲ့ ဆင်းရဲဒုက္ခ မခံခဲ့ဘူးဆိုပြီး ငြင်းပယ်တာဟာ သာမန်မှားယွင်းတဲ့ အယူအဆတစ်ခုလောက်တင် မဟုတ်ဘူး၊ အန္တိခရစ် (Antichrist) ရဲ့ လက္ခဏာစစ်စစ် ဖြစ်နေပါသေးတယ်။ ရှင်ယောဟန်သြဝါဒစာ ပထမစောင် ၄:၂-၃ နဲ့ ဒုတိယစောင် ၁:၇ တွေမှာ "ယေရှုခရစ်သည် လူ့ဇာတိကိုခံယူ၍ ကြွလာတော်မူကြောင်းကို ဝန်မခံသောသူ" ဟာ လှည့်စားတတ်သောသူနဲ့ အန္တိခရစ်ဖြစ်တယ်လို့ တမန်တော်မြတ်ကြီး ရှင်ယောဟန်က ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်နော်။ သခင်ယေရှုဟာ ကိုယ်ခန္ဓာတော်နဲ့ တကယ် အသေခံတော်မူ မှသာ ကျွန်တော်တို့အတွက် အပြစ်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းဆိုတာ ရှိလာမှာကိုး။ ဒီအဓိကကျတဲ့ ကယ်တင်ခြင်း စီမံကိန်းကြီးကို ဖျက်ဆီးပြီး ယုံကြည်သူတွေကို လမ်းလွဲသွားစေချင်တာဟာ စာတန်နဲ့ အန္တိခရစ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲလေ။

ဒါကြောင့် ဒီနေ့ သန့်ရှင်းသော “မဟာသောကြာကြီးနေ့” (Good Friday) မှာ၊ မဟုတ်မမှန်တဲ့ ဒဏ္ဍာရီတွေကို ခိုင်လုံတဲ့ သမိုင်းနဲ့ ကျမ်းစာအမှန်တရားတွေနဲ့ ဖယ်ရှားပြီး၊ ကျွန်တော်တို့အတွက် ကားတိုင်ထက်၌ အသက်ပေးတော်မူခဲ့တဲ့ သခင်ယေရှုဘုရားရဲ့ ကြီးမားတဲ့ မေတ္တာတော်ကို အောက်မေ့သတိရကာ ကျေးဇူးတော်ချီးမွမ်းရင်း သခင်ဘုရား ရှင်ပြန်ထမြောက်ရာနေ့မြတ်ကို အတူတကွ စောင့်ကြိုကြပါစို့။ 🙏

#λόγος

⚠️ Gentle Reminder: ယခုဆောင်းပါးသည် မူရင်းစာရေးသူ နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက “Share” button နှိပ်၍သော်လည်းကောင်း၊ မူရင်း website link ကို ဖော်ပြပေးခြင်းဖြင့်သော်လည်းကောင်း ထပ်ဆင့်ဖြန့်ဝေကာ ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။ 👇
https://www.thylogos.org/license-and-terms-of-use/

Address

Yangon
11181

Alerts

Be the first to know and let us send you an email when Logos λόγος posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Logos λόγος:

Share