MyanHealth Media

Call Directions Website

MyanHealth Media "We make social media a place for health education, not misinformation." ( Doh Eain Mat Co.,Ltd is responsible for this page)

MyanHealth makes social media "a place for health education, not misinformation".
ကျန်းမာရေးဆိုင်ရာသတင်း၊ဆောင်းပါးများနှင့် ပေါ့ကတ်စ် အစီအစဥ်များကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်။

ကန့်သတ်ရုံနဲ့ မဖြေရှင်းနိုင်တော့တဲ့ ဒစ်ဂျစ်တယ်ခေတ် ကလေးပြဿနာကိုဘသက်ဒီကနေ့လို ဒစ်ဂျစ်တယ်ခေတ်ထဲမှာ ကလေးတွေနဲ့ အုပ်ထိန်းသူ ...
21/10/2026

ကန့်သတ်ရုံနဲ့ မဖြေရှင်းနိုင်တော့တဲ့ ဒစ်ဂျစ်တယ်ခေတ် ကလေးပြဿနာ
ကိုဘသက်

ဒီကနေ့လို ဒစ်ဂျစ်တယ်ခေတ်ထဲမှာ ကလေးတွေနဲ့ အုပ်ထိန်းသူ မိခင်/ဖခင်/အဖိုး/အဖွားကြား မကြာခဏ ပြဿနာ တက်တတ်တဲ့ ကိစ္စကို ပြပါဆိုရင် ဖုန်းလိုမျိုး ဒစ်ဂျစ်တယ် Device တွေ အကြည့်များတဲ့ ကိစ္စပါ။ "တစ်နေ့ တစ်နေ့ ဒါပဲ ကြည့်နေ၊ နင် ကျောင်းစာတွေ ပြီပြီလား။ အိမ်စာတွေ လုပ်ပြီးပြီလား" ဆိုတဲ့ အသံက မိသားစုတိုင်းလိုလိုမှာ ကြားနေရတဲ့ ပြဿနာ။

"အာ...ခဏလေး ကြည့်တာကို။ ဒီတစ်ပုဒ်ပြီးရင် တော်ပြီနော်" ဆိုတာက ပြဿနာက သိပ်မကြီးထွားသေးတဲ့ လက္ခဏာ။

"ဒါ မကြည့်ရင် ဘာလုပ်ရမှာလဲ၊ ဘယ်သူက သား/သမီးနဲံ အတူ ကစားပေးလို့လဲ။ အပြင်လည်း မထွက်ရ၊ အိမ်ထဲချည်းနေနေတော့ လုပ်စရာမှ မရှိတာ" ဆိုတဲ့ အသံကတော့ ဒီကိစ္စဟာ ပြဿနာတစ်ခုထက် ပိုတဲ့သဘောကို ပြနေတဲ့ အသံလက္ခဏာ။ ဒီစကားသံက အုပ်ထိန်းသူတွေရဲ့ ကလေးအပေါ် အချိန်မပေးနိုင်တဲ့ ပြဿနာကို ဖော်ပြနေတာ ဖြစ်တယ်။ ကလေးရဲ့ တုန့်ပြန်မှုက ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေကြား ရှင်သန်ရေးကို ဦးစား ပေးနေရတဲ့ မိဘဖြစ်သူ (အုပ်ထိန်းသူ) အတွက်တော့ သိပ်သဘောမတွေ့စေတဲ့ အခြေအနေ။ ဒီတော့ နောက် ဆက်တွဲက ကောင်းတာထက် ဆိုးတာတွေဘက်ကို တွန်းပို့လာပါတော့တယ်။ ဒီအခြေအနေမှာ မီးလောင်ရာ လေ ပင့်ဖြစ်စေတာက မိသားစုဝင်တွေက ကလေးအပေါ် စုံလုံးကန်း အလိုလိုက်လိုသူနဲ့ ကျန်းမာရေးအသိ တစုံတရာ ရှိတဲ့ မိသားစုဝင်တွေအကြား သူ့ဘက် ကိုယ့်ဘက် လွန်ဆွဲမှု။ "ဟုတ်တယ်လေ...ဘယ်သူက ကလေးကို အချိန် ပေးကြလို့လဲ" လို့ တန်ပြန်သူက ရှိသလို "ဒီလို ကြည့်နေတာက ကလေးရဲ့ မျက်စိကျန်းမာရေးအပြင် စိတ်ပိုင်း ဆိုင်ရာကိုပါ ထိခိုက်စေတယ်ဆိုတာ နင်တို့ နားမလည်ကြဘူးလား" ဆိုတဲ့ ခွန်းတုံ့ပြန်မှုတွေက မိသားစုကြားထဲ မုန်တိုင်းငယ်တစ်ခု တိုက်သလို ဖြစ်လာစေပါတယ်။ ဒီအခြေအနေမှာ မိဘတွေက သူတို့ သုံးနိုင်တဲ့ ဗီတိုအာဏာ သုံးပြီး ကလေးကို ဖုန်းလိုမျိုး ဒစ်ဂျစ်တယ် Device တွေ သုံးဖို့ ကန့်သတ်လာသလို ကန့်သတ်ခံရတဲ့ ကလေးဘက်ကလည်း လစ်ရင် လစ်သလို သုံးဖို့အတွက် ကြိုးစားလာပါတော့တယ်။ ဒါဟာ ဒီကနေ့ကာလ မြင်နေရတဲ့ မိဘ/အုပ်ထိန်းသူနဲ့ ကလေးတွေကြားက အခြေအနေပါ။

ရှင်သန်ရာ ရပ်ဝန်း ကွဲပြားမှု အခြေခံ
ဒီကနေ့ အုပ်ထိန်းသူ မိဘ/ဘိုးဘွားတွေဟာ သူတို့ရဲ့ ငယ်စဉ်ဘဝကို ဒစ်ဂျစ်တယ် Tool တွေရဲ့ ဖြတ်သန်းခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ခေတ် အသက် နှစ်နှစ်ကနေ ဆယ်ကျော်သက်အရွယ် ကလေးအများစုဟာ ဒစ်ဂျစ် တယ်ခေတ်ကို ဖြတ်ပြီး ကမ္ဘာပတ်နေကြသူတွေပါ။ ဖေ့ဘုတ်၊ တယ်လီဂရမ်လို ကမ္ဘာပတ် ဆက်သွယ်နိုင်တဲ့ ကွန် ရက်တွေ သုံးကြသလို ယူကျုကနေ ကမ္ဘာ့အနှံ့က ဂီတကို ခံစားနေသူတွေ ဖြစ်တယ်။ သိပ် ခပ်ငယ်ငယ်ကလေး တွေဆိုရင် ယူကျုကတဆင့် ဝေါဒစ္စနေး ကြည့်နေသလို ကမ္ဘာအနှံ့က ယူကျူပါ (You-tuber) တွေရဲ့ အမျိုးမျိုး သော တင်ဆက်မှုတွေကို ဒီ ဒစ်ဂျစ်တယ် Device ပေါ်ကနေ ခံစားနေသူတွေ။ ဒီလို မတူညီတဲ့ ဖြတ်သန်းရမှုက ပြဿနာရဲ့ အခြေခံတစ်ခု ဖြစ်သလို ဖိအားတွေကြားက သန်မာအောင် ရှင်သန်ဖို့ ကြိုးစားနေရတဲ့ မိဘအုပ်ထိန်း သူတွေရဲ့ အခြေအနေကလည်း ကိုယ့်သားသမီးတွေကို အချိန်ပေးနိုင်ဖို့ မဖြစ်နိုင်လာတာကလည်း မိသားစုအ တွက် အကျပ်အတည်းပါ။ သားသမီး စိတ်ပျော်အောင်၊ စိတ်ပိုင်းဆိုင်ရာအရ မိသားစုနဲ့အတူ ရှိအောင်လုပ်ဖို့ထက် မိသားစု စားဝတ်နေရေး၊ တင့်တောင်းတင့်တယ် နေနိုင်ရေးအပြင် သားသမီး လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေးဟာ သူတို့ရဲ့ အဓိက အလုပ်ဖြစ်နေပြန်တော့ ကလေးကို အချိန်မ ပေးနိုင်တာဟာလည်း မိဘအုပ်ထိန်းသူတွေရဲ့ အပြစ်လို့ မဆိုနိုင်တော့ပါဘူး။ ဒါ့အပြင် ဒစ်ဂျစ်တယ်နဲ့ မရင်းနှီးတဲ့ မိဘတွေဟာ ကလေးတွေကို ဘယ်လို သုံးသင့်တယ်ဆိုတာကို လမ်းညွှန်နိုင်ဖို့ဆိုတာကလည်း အလှမ်းဝေးပြန်တော့ ဗီတိုအာဏာသုံးခြင်း ဖြစ်လာပြီး ဒါဟာ အဆိုးကျော့သံသရာတစ်ခုကို စတင်လိုက်သလို ဖြစ်သွားပါတော့တယ်။

ထုတ်လုပ်မှုက ကလေးအတွက် မဟုတ်ဘူး
ကလေးဆိုတာ စနစ်တကျ ပြုစု ပျိုးထောင်ရတာပါ။ ဒါကြောင့်လည်း ကလေးတွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ ကစားစရာအရုပ်လိုမျိုး နည်းပညာအခြေခံ ထုတ်ကုန်တွေမှာ ဘေးကင်းရေးစမ်းသပ်မှုတွေကို မဖြစ်မနေ ခံယူ ကြရပေမယ့် ဒီကနေ့ခေတ် ဒစ်ဂျစ်တယ်မီဒီယာကဏ္ဍမှာတော့ ကောင်းမွန်တဲ့ ဘေးကင်းရေးအစီအမံတွေ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီဒစ်ဂျစ်တယ်မီဒီယာကဏ္ဍမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အလိုက် ကလေးတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘဲ လူကြီးတွေအတွက်သာ ရည်ရွယ်ဖန်တီးထားနိုင်တဲ့ ပလက် ဖောင်းနဲ့ ဆော့ဝဲလ် App တွေကိုသာ အသုံးပြုနေကြရတာကြောင့် ဖြစ်ပါတယ်။
အရင်ကတော့ ကလေးတွေအတွက် ဒစ်ဂျစ်တယ် Device သုံးတာ၊ စခရင်တိုင်း (Screen Time) သုံးတာဟာ တစ်နေ့ကို နှစ်နှစ်နာရီထက် မပိုသင့်ဘူးလို့ အကြံပြုတာ၊ လုပ်ခဲ့ကြတာ ရှိပါတယ်။ ဒီစည်းမျဉ်းပုံစံဟာ တကယ့် လက်တွေ့မှာ ကျင့်သုံးဖို့ ခက်တဲ့အတွက် အခုဆိုရင် အမေရိကန်ကလေးအထူးကုဆရာဝန်အသင်း (American Academy of Pediatrics) က မှတ်သားရလွယ်ပြီး ကလေးရဲ့ အသက်အရွယ်အလိုက် လိုက်နာနိုင်တဲ့ "5C” စည်းမျဉ်းကို အကြံပြုထားပါတယ်။ ဒါဟာ ဆန်းစစ်ထားတဲ့ သုတေသနရလဒ်တွေနဲ့ မိသားစုတွင်း ဆက်ဆံရေး၊ လူမှုဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ကျန်းမာရေးအပေါ် အထောက်အကူပြုနိုင်မယ့် အချက်တွေကို အခြေခံပြီး ထုတ်ထားတာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်မီဒီယာနဲ့ 5C’s စည်းမျဉ်း
5C’s ဆိုတာ Child – ကလေးတစ်ဦးချင်းစီရဲ့ အခြေအနေ၊ Content – ကြည့်ရှုတဲ့ အကြောင်းအရာ၊ Calm – စိတ်ခံစားမှုကို တည်ငြိမ်အောင် ထိန်းညှိပေးတာ၊ Crowning Out – တခြား အရေးကြီးတဲ့လှုပ်ရှားမှုတွေနဲ့ အစားထိုးပေးတာ၊ Communication – ဆက်သွယ်ပြောဆိုတာပါ။
ပထမဆုံး "C” ကတော့ ကလေးတစ်ဦးဟာ နောက်တစ်ဦးနဲ့ မတူတာကြောင့် ဒစ်ဂျစ်တယ်မီဒီယာ သုံးတဲ့အခါ ရလာတဲ့ အကျိုးကျေးဇူးနဲ့ ကြုံတွေ့နိုင်တဲ့ အန္တရာယ်လည်း မတူညီကြပါဘူး။ ဒီ့အတွက် မိဘအုပ်ထိန်းသူတွေ လုပ်ရမှာက ကိုယ့်ကလေးဟာ ဘယ်လို ကလေးမျိုးလဲ ဆိုတာနဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်လို ရှိသလဲ သိထားရပါမယ်။ ဒီအချက်ဟာ သူတို့ ကြည့်နေတဲ့ ဒစ်ဂျစ်တယ်မီဒီယာ အမျိုးအစားနဲ့ သူ့အပေါ် သက်ရောက်မှုက ဘယ်လောက်အထိ လွှမ်းမိုးနေသလဲဆိုတာကို ဆန်းစစ်နိုင်မှာပါ။ ဆောင်းပါးရှင် အတွေ့အကြုံအရ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး (သူတို့က သူငယ်ချင်းတွေပါ) ရဲ့ ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုကို လေ့လာဖူးပါတယ်။ ကလေးတစ်ဦးက ဖုန်းပေးလိုက်ရင် ယူကျုပေါ်က ရုပ်ရှင်တွေ၊ ကတာတွေကို ကြည့်ပေမယ့် နောက်တစ်ဦးက Ai သုံးနေတာ တွေ့ရပါတယ်။ တစ်ပတ်လောက် ကြာတဲ့အခါ ရုပ်ရှင်တွေ၊ ကတာတွေကို ကြည့်သူက ကြည့်နေပေ မယ့် Ai သုံးတဲ့ ကလေးကတော့ သူ့မိဘကို အင်္ဂလိပ်စာ စာမေးပွဲတစ်ခု ဖြေချင်တယ်။ ဒီ့အတွက် မေးခွန်းတွေကို Ai ကို ခိုင်းပြီး သုံး၊ လေးစုံစာလောက် ထုတ် လေ့ကျင့်ထားတယ်လို့ ဆိုတယ်။ စာမေးပွဲ သွားဖြေတဲ့အခါ ရလဒ်ကောင်းကောင်းထွက်တာကို တွေ့ရတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် ကိုယ့်ကလေးက ဒစ်ဂျစ်တယ်မီဒီယာသုံးပေမယ့် သူတို့ ကိုယ်ရည်ကိုယ်သွေးနဲ့ သုံးတာချင်း အတူတူ ရလဒ်မတူတာကို သတိပြုမိစေတယ်။

ဒုတိယ “C” Content ကတော့ ကလေးတွေကြည့်တဲ့ အကြောင်းအရာဟာ ကလေးတွေရဲ့ ကျန်းမာမှု ဒါမှမဟုတ် မကျန်းမာမှုနဲ့ ဆက်စပ်တဲ့ အခြေအနေကို ရောက်လာပြီလားဆိုတာကို ဆန်းစစ်တာပါ။ သူတို့လေးတွေ ကြည့်နေတဲ့ အကြောင်းအရာမှာ အလွန်အကျွံ အကြမ်းဖက်တာတွေ ပါနေပြီလား၊ ရိုင်းစိုင်းတဲ့ အပြုအမူ/အပြော အဆိုကို စံပြအဖြစ် ပြနေတာမျိုး ရှိသလား၊ လက်တွေ့ဘဝနဲ့ မကိုက်ညီတဲ့ အလှအပ/အပြုအမူစံနှုန်းတွေကို အားပေးနေပြီလား၊ ကုန်ပစ္စည်းတွေ အလွန်အကျွံ ကြော်ငြာပြတာ/ရောင်းချတာမျိုးတွေကို ပြနေပြီလား။ ဒီအကြောင်းအရာတွေဟာ လူမှုကွန်ရက်တွေပေါ် ပေါ်ပြူလာဖြစ် ခေတ်စားနိုင်သလို ကလေးတွေရဲ့ စိတ်ခံစားမှုနဲ့ အပြုအမူအပေါ်လည်း သက်ရောက်မှု ကြီးပါတယ်။ ဒီ့အတွက် မိဘအုပ်ထိန်းသူတွေဟာ ကလေးတွေ ဘာတွေ ကြည့်ပြီး ဘာတွေ ကစားနေသလဲဆိုတာ သိထားဖို့ လိုသလို အပေါ်က ပြောတဲ့အချက်အလက်တွေဟာ ကြည့်တဲ့ အထဲ ပါနေတာ ရှိ၊ မရှိနဲ့ ဆိုးကျိုးကိုလည်း စဉ်းစားလာတတ်အောင် ကူညီပေးသင့်ပါတယ်။

တတိယမြောက် "C” ဖြစ်တဲ့ "Calm” ကတော့ ကလေးတိုင်းဟာ ပြင်းထန်တဲ့ စိတ်ခံစားမှုကို ကိုင်တွယ် ဖြေ ရှင်းတတ်ဖို့နဲ ညဘက်တွေ အိပ်ပျော်နိုင်မယ့် နည်းလမ်းကနု သင်ယူဖို့ လိုပါတယ်။ ဒီကနေ့ ခေတ်မှာ တချို့ကလေးတွေ စိတ်ငြိမ်ဖို့၊ အိမ်ပျော်ဖို့အတွက် ဖုန်း၊ ဗီဒီယိုနဲ့ တခြား ဒစ်ဂျစ်တယ်မီဒီယာတွေကို အဓိကနည်းလမ်းနဲ့ အသုံးပြုလာတာတွေက အရမ်းများနေပါပြီ။ ကလေးက စိတ်ဆိုးတယ်၊ ဂျီကျတယ်၊ သောင်းကျန်းတယ်၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ မူမမှန်တာတွေ ဖြစ်လာရင် "ဖုန်းသာ ပေးထားလိုက်၊ ငြိမ် သွားလိမ့်မယ်" ဆိုတာမျိုး ဖြစ်လာပြီဆိုရင် တခြားနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မိဘအုပ်ထိန်းသူတွေက ကူညီပေးရပါမယ်။
“အခု ကလေးက သုံးနှစ်တောင် မပြည့်သေးဘူး။ ည အိပ်ချိန်တောင် မဟုတ်ဘဲ နေ့ဘက်တွေမှာတောင် ဖုန်း မပေးရင် သောင်းကျန်းကော။ ဒီတော့ ကိုယ်ကလည်း အလုပ်တစ်ဖက်နဲ့ ပင်ပန်းလာတော့၊ နားချင်တော့ ဖုန်းပေး လိုက်ကော။ ဒီတော့ သူလည်း ငြိမ်သွား၊ ကိုယ်လည်း နားရတယ်။ ဒါက မကောင်းမှန်းသိပေမယ့် အချိန်လည်း အရမ်းမကြာတော့ ပေးထားလိုက်မိတယ်" လို့ ဗဟန်းမြို့နယ်ထဲ ဖွင့်ထားတဲ့ အလှပြင်ဆိုင် မန်နေဂျာ မအသေး (အမည်လွှဲ) က MyanHealth ကို ပြောပြပါတယ်။
ကလေးဟာ ဒီအခြေအနေမျိုး ဖြစ်လာပြီဆိုရင်တော့ ကလေးအထူးကု၊ စိတ်ကျန်းမာရေးကုထုံးပညာရှင် စတာတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ် တည်ငြိမ်အောင် ကူညီပေးနိုင်မယ့် တခြားနည်းလမ်းတွေ ကို ရှာဖွေသင့်ပါတယ်။ ဥပမာ - အသက်အရွယ်အလိုက် အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စာဖတ်တာ၊ ယုံ ကြည်ရတဲ့/ခင်မင်ရတဲ့ သူနဲ့ စကားပြောတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကို နည်းလမ်းအဖြစ် သုံးနိုင် ပါတယ်။

စတုတ္ထ "C” ဖြစ်တဲ့ "Crowding Out” ကတော့ မိသားစုတစ်ခုရဲ့ ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုတဲ့ စခရင်တိုင်း/အချိန်ပမဏအပေါ် မူတည်ပြီး တခြားအရေးကြီးတဲ့ လှုပ်ရှားမှုတွေအတွက် အချိန်မကျန်တော့တဲ့ အခြေ အနေကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာဟာ သုံးစွဲသူကို သူ ရည်ရွယ်ထားတဲ့အချိန်ထက် ပိုပြီး ကြာ ကြာနေအောင် ဆွဲဆောင်ထားတဲ့ နည်းလမ်းများစွာ ရှိတယ်ဆိုတာကို ကလေးတွေ နားလည်အောင် ကူညီပေးဖို့ လိုပါတယ်။ မိသားစုအတွင်းမှာ ဒစ်ဂျစ်တယ်မီဒီယာ သုံးတာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတစ်ခုကို မိသားစုဝင်အား လုံး သဘောတူညီချက်နဲ့ ချမှတ်ထားဖို့ လိုပါတယ်။ ဘယ်အချိန်မှာ အချိန်ဘယ်လောက် သုံးကြမယ်ဆိုတာမျိုးပါ။ ဒါ့အပြင် လူမှုစီးပွားဘဝရဲ့ ဖိအားတွေ ဘယ်လောက်များနေပါစေ၊ မိသားစုဆိုတဲ့ ဝိဉာဉ်ကို အသက်သွင်းဖို့ မိသား စုနဲ့အတူ အချိန်ကောင်းတွေကို ဖြတ်သန်းနိုင်အောင် အစီအစဉ်တွေ ရှိဖို့ လိုသလို ရုပ်ရှင် အတူကြည့်တာမျိုး၊ အိမ်မွေးတိရစ္ဆာန်နဲ့ ကစားတာမျိုး၊ အိမ်ပြင်ထွက်ပြီး သဘာဝပတ်ဝန်းကျင်မှာ အချိန်ဖြုန်းတာမျိုးကို လုပ်ပေးဖို့ လိုပါတယ်။ ဒီကိစ္စတွေ မလုပ်နိုင်ရင်တောင် အိမ်ထဲမှာကိုပဲ မိသားစု ဝိုင်းထိုင်ပြီး ဒိုးဇက်ကစားတာ၊ ဘင်ဂိုကစား တာ စတဲ့ အစားထိုးနည်းတွေနဲ့ စခရင်တိုင်းမှာ အချိန်ဖြုန်းတာမျိုးကို လျှော့ချဖို့ လိုပါတယ်။

နံပါတ်ငါးမြောက် "C” ဖြစ်တဲ့ "Communication” ကတော့ ဒစ်ဂျစ်တယ်မီဒီယာ သုံးတာနဲ့ ပတ်သက်ပြီး ကလေးတွေကို ငယ်ငယ်ကတည်းက စတင်ဆွေးနွေးပေးတာ၊ ပုံမှန်ဆွေးနွေးပေးတာ လုပ်တာပါ။ ဒါဟာ ကလေးတွေရဲ့ ဒစ်ဂျစ်တယ်နည်းပညာအပေါ် နားလည်စွာ အသုံးပြုနိုင်စွမ်း (Digital Literacy) ကို တိုးတက်စေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီဗီဒီယိုကြည့်ပြီး ဘယ်လို ခံစားရသလဲ ဆိုတာမျိုး မေးဖို့ လိုသလို အွန်လိုင်းသုံးရင်း တစ်ခုခုကြောင့် စိတ်မသက်သာတာမျိုး ကြုံရရင် ပြောပြနော်လို့ တွန်းအားပေးတာမျိုးအပြင် ဖုန်းသုံးချိန်နဲ့ အိပ်ချိန်ကို ဘယ်လို မျှအောင် စီစဉ်ကြမလဲဆိုတာမျိုး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လုပ်ရပါမယ်။ ဗီတိုအာဏာသုံး ပိတ်ပင်တာထက် အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံမျိုးဟာ ကလေးတွေအတွက် အပြစ်ရှိတယ်လို့ ခံစားရမှုကို လျော့စေသလို ပြဿနာကို အတူတကွ ဖြေရှင်းတတ်တဲ့ အတွေးအခေါ်၊ အမူအကျင့်ကို တိုးတက်လာစေပါတယ်။၊ မိဘအုပ်ထိန်းသူတွေအတွက်တော့ နည်းပညာ ကွာဟမှု၊ သူက သားသမီးပဲ ဆိုတဲ့ အုပ်ထိန်းသူအမြင် ကြီးမားမှု၊ လူမှုစီးပွားဘဝ ဖိအားမျိုးစုံက ဒီအဆင့်ကို လုပ်တဲ့အခါ စိတ်ဖိစီးမှု ဖြစ်နိုင်တယ် ဆိုတာ ကိုယ့်ဘာသာ နားလည်ထားဖို့ပါ။ ဒါကြောင့် သားသမီးနဲ့ ကိုယ်က Communication လုပ်တော့မယ်ဆိုရင် စိတ်ကို အရင်တည်ငြိမ်အောင် ထားပြီး ကြိုတင်ဆုံးဖြတ်ချက်တွေ ချတာ မလုပ်ဘဲ ကလေးရဲ့ ပြောစကား ကို နားထောင်ပေးတာ၊ ပြီးမှ မေးခွန်းတွေ မေးတာ လုပ်သင့်ပါတယ်။

ကန့်သတ်မလား - ထိန်းညှိမလား
ဒီကနေ့လို ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ မိဘတိုင်း စိတ်ပူလာရတာ ကလေးတွေရဲ့ ဒစ်ဂျစ်တယ်မီဒီယာ သုံးတာနဲ့ စခရင်တိုင်းပြဿနာပါ။ တစ်ဖက်မှာလည်း လူမှုစီးပွားဘဝ ဖိအားတွေကြောင့် မိဘတွေအတွက် သားသမီးအပေါ် အချိန်ပုံမပေးနိုင်တာ၊ စျေးကွက်စီးပွားရေးသမားတွေရဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရော သဘောထားနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲ ရောက်လာတဲ့ ကလေးတွေအတွက် ထားရှိရမယ့် စည်းမျဉ်းစည်းဘောင်တွေကို ဂရုမပြုလာတော့တာ၊ ဒါတွေကို ကြီးကြပ်ရမယ့် အာဏာပိုင်တွေရဲ့ သိနားလည်မှု ခေါင်းပါးတာတွေဟာ ကမ္ဘာကို မပြောနဲ့ မြန်မာမှာတောင် စိတ်ပူစရာတွေ ဖြစ်လာနေပါပြီ။ ဖုန်းမသုံးခိုင်းလို့ အရူးတစ်ယောက်လို အော်ဟစ်နေတဲ့ ကလေးငယ်တွေ၊ လူတော မတိုးဘဲ သင့်ရာ ချောင်တစ်ခုမှာ ဖုန်းနဲ့ အချိန်ဖြုန်းနေတဲ့ ကလေးတွေကို မြင်ရင် ဒါဟာ ခေတ်နဲ့ စနစ်ရဲ့ ဆိုးကျိုးတွေလို့ မိဘတိုင်းက မှတ်ယူဖို့ လိုပါတယ်။ ဒါတွေကို သိနားမလည်ဘဲ ကလေးတွေကို "ငါ မိဘ ဟဲ့" ဆိုတဲ့ ဗီတိုအာဏာ သုံးပြီး ဖြေရှင်းရင်တော့ ကိုယ့်သားသမီးတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုရလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ ဒစ်ဂျစ်တယ် မီဒီယာသုံးမှုနဲ့ စခရင်တိုင်းကို ထိန်းညှိဖို့ဆိုရင် ကန့်သတ်ခြင်းဆိုတာ ထက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို လိုပါတယ်။ ကလေးတစ်ဦးချင်းစီရဲ့ သဘောသဘာဝကို နားလည်တာ၊ သင့်တော်တဲ့ အကြောင်းအရာကို ရွေးချယ်ပေးတာ၊ ကလေးရဲ့ စိတ်ခံစားမှုကို ကိုယ်တိုင်ထိန်းညှိစေတာ၊ ကျန်းမာရေးလိုမျိုး တခြားလှုပ်ရှားမှုတွေအတွက် အချိန်ဖယ်တတ်အောင် စည်းရုံးတာ၊ ပွင့်ပွင့်လင်းလင်း စကား ပြောတာတွေကို အလေးထားသင့်ပါပြီ။
“5Cs” "စီ ငါးလုံး" ဟာ ကလေးတွေကို ဖုန်းအသုံးပြုခွင့် ပိတ်ပင်ဖို့သာ မဟုတ်ဘဲ ဒစ်ဂျစ်တယ်မီဒီယာကို ဘေးကင်းစွာ၊ တာဝန်ယူမှု ရှိစွာ သုံးတတ်ဖို့ ရည်ရွယ်တာပါ။ ဒါ့အပြင် မိသားစုထဲမှာ ဖုန်းသုံးတာနဲ့ ပတ်သက်ပြီး မိသားစု စည်းမျဉ်းတွေကိုလည်း ဖန်တီးပါ။ မိသားစုဝင်တိုင်းဟာ ပုံစံမတူကြတာမို့ ကလေးတွေနဲ့ပါ ဆွေးနွေးပြီး လွယ်ကူတဲ့စည်းမျဉ်းတွေကို စပြီး ချမှတ်ပါ။ ဥပမာ - ညစာ စားတဲ့အချိန်၊ စာသင်ချိန်နဲ့ အိပ်ချိန်တွေရောက်ရင် ဖုန်း လုံးဝ မသုံးဖို့။ ဒစ်ဂျစ်တယ် Device တွေကို အချိန်သတ်မှတ်ပြီးရင် အလိုအလျောက် ပိတ်တဲ့၊ ဖွင့်တဲ့ စနစ်ကို သုံးကြဖို့။ သုံးတဲ့အခါ ကိုယ်ရဲ့ သင်ယူ နိုင်စွမ်းကို လှုံ့ဆော်ပေးတဲ့၊ လူမှုဆက်ဆံရေးကို အားပေးတဲ့ ဆော့ဝဲလ် App နဲ့ ပလက်ဖောင်းတွေကိုသာ သုံးကြ ဖို့။ ကြော်ငြာများတဲ့၊ အကြမ်းဖက်တဲ့၊ အသက်အရွယ်နဲ့ မသင့်တော်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့။ တခြားကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အပြုအမူတွေ လုပ်နိုင်ဖို့ ပတ်ဝန်းကျင်နဲ့ အချိန်ကို စီမံဖို့ပါ။
ကလေးတွေအတွက် ဒစ်ဂျစ်တယ် မီဒီယာ သုံးတာကို ကန့်သတ်တာဟာ အဖြေ မဟုတ်တော့ပါဘူး။ ဒီအသုံးပြု မှုကို စနစ်တကျ ရှိစေဖို့နဲ့ သူတို့ကို အထောက်အကူဖြစ်စေတဲ့ အမူအကျင့်တွေ ဖြစ်လာစေဖို့ကသာလျှင် မိသား စုတိုင်း ကြုံနေတဲ့ ပြဿနာကို အတူတကွ ပူးပေါင်းဖြေရှင်းခြင်းကသာလျှင် အဖြေ ဖြစ်ကြောင်းပါ။

ကိုးကား - https://www.healthychildren.org/English/family-life/Media/Pages/How-to-Make-a-Family-Media-Use-Plan.aspx, https://www.healthychildren.org/English/family-life/Media/Pages/kids-and-screen-time-how-to-use-the-5-cs-of-media-guidance.aspx

20/10/2026

"သန္ဓေတားဆေးနဲ့ ကွန်ဒုံး အမှန်တရား 💊❌"
(သို့မဟုတ်)
"၁၀၀ ရာခိုင်နှုန်း တကယ် ကာကွယ်နိုင်လား❓"

19/10/2026

"အမျိုးသားနဲ့အတူနေချိန် တခြားသူကို စိတ်ကူးယဉ်မိတာ စိတ်ရောဂါလား၊ အိမ်ထောင်ရေး ပြဿနာလား? 🤷‍♀️ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ခင် အမျိုးသမီးတိုင်း သိထားသင့်တဲ့ စိတ်ပညာအဖြေကို ဗီဒီယိုမှာ ကြည့်လိုက်ပါ။ ✨
"

လူသေဆုံးမှု ရှိလာတဲ့ စူပါအယ်လ်နီညိုသိမ့်ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အောက်တိုဘာ ၁၂ ရက် န...
19/10/2026

လူသေဆုံးမှု ရှိလာတဲ့ စူပါအယ်လ်နီညို

သိမ့်

ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းသွားရင်း၊ ရုတ်တရက် လဲကျ သေဆုံးခဲ့ပါတယ်။ ​
“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အခြေအနေက မကောင်းတော့ဘူး။ ကျင်ငယ်ရေတွေလည်း ထွက်နေပြီ။ အဲဒီကတည်းက အခြေအနေမကောင်းတော့ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ရလိုရငြားတော့ ကယ် ဆယ်ရေးတွေ လုပ်ခဲ့သေးတယ်” လို့ ဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ် ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ အဌားယာဉ်မောင်းတစ်ဦးဖြစ်ပြီးတော့ မျက်မြင်တွေအဆိုအရ လမ်းလျှောက်နေစဉ် လမ်းပေါ်မှာ လဲကျခဲ့တာလို့ ဆိုပါတယ်။
“သူက သွေးတိုးရောဂါ အခံလည်းရှိတယ်လို့ ပြောတယ်။ မိသားစုကိုတော့ ဆက်သွယ်ပေးလိုက်တယ်” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
သေဆုံးသူဟာ သွေးတိုးရောဂါအခံရှိပြီးတော့ သေဆုံးမှုပုံစံဟာ အပူလျှပ်ခြင်း (Heat Stoke) ကို ခံစားခဲ့ရတဲ့ အခြေအနေမှာရှိတယ်လို့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒီဖြစ်စဉ်ဟာ ရန်ကုန်မြို့မှာ စူပါအယ်လ်နီညိုဖြစ်စဉ် စတင်ဖြစ်ပွားချိန်မှာဖြစ်ခဲ့တဲ့ ပထမဆုံး လူသေဆုံးမှုလို့ ဆိုနိုင်ပါတယ်။ ဒီ့မတိုင်ခင် အောက်တိုဘာ ၁၀ ရက်ကလည်း ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာ နေတဲ့ သက်ကြီးအမျိုးသမီးတစ်ဦး အနော်ရထာလမ်းထိပ်မှာ လမ်းသွားရင်း မူးလဲတဲ့အတွက် အရေးပေါ်ကုသမှု ပေးခဲ့ရပြီး နေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာလည်း အောက်တိုဘာ ၁၃ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တောင်သူကွန်ပျူတာတက္ကသိုလ်ရှေ့ လမ်းဘေးမှာ အသက် ၆၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး သတိလစ် မေ့လဲလို့ လူမှုကူညီရေး အသင်းကားနဲ့ ဆေးရုံကို ပို့ပေးခဲ့ပေမယ့် သေဆုံးခဲ့ပါတယ်။
“လမ်းသွားရင် သတိလစ် လဲကျသွားတာ။ နေ့လယ် ၂ နာရီခွဲဆိုတော့ နေကလည်း တော်တော်ပူတယ်။ ဆေးရုံကို ပို့လိုက်ပြီး ညနေ ၄ နာရီကျော်လောက်မှာ ဆုံးသွားတာ” လို့ မြို့ခံလူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။
အောက်တိုဘာ ၈ ရက်တုန်းကလည်း မွန်ပြည်နယ်၊ သထုံမြို့မှာ အသက် ၂၈ နှစ်ခန့်အရွယ် အမျိုးသမီး တစ်ဦးဟာ နေပူထဲ ဆိုင်ကယ်စီးပြီး ခဏရပ်စဉ် သတိလစ်လဲကျပြီး သေဆုံးခဲ့ပါသေးတယ်။ သေဆုံးသူဟာ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဘုရားလမ်းမှာ နေထိုင်သူ ဖြစ်ပြီး အဲဒီနေ့ မနက်ပိုင်းကတည်းက ခေါင်းကိုက် တာကို ခံစားနေရတယ်လို့ မိသားစုဝင်တွေကို ပြောခဲ့ပြီး အပြင်ထွက် ဆိုက်ကယ်စီးလာစဉ် သထုံမြို့၊ လေယာဉ်ကွင်းလမ်းက စားသောက်ဆိုင်နားမှာ ဆိုင်ကယ်ကို ရပ်လိုက်စဉ် သတိလစ်လဲကျပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက MyanHealth ကို ပြောပြပါတယ်။
အမေရိကန်၊ ချီကာဂိုတက္ကသိုလ် ရာသီဥတု ထိခိုက်မှုဆိုင်ရာ သုတေသနဌာနက ၂၀၂၆ ခုနှစ် အောက်တိုဘာကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်အားပြင်း အယ်လ်နီညိုရာသီဥတုကို ဖြစ်ပေါ်ပြီး ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄၅၀,၀၀၀ ကျော် ထိခိုက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဖြစ်စဉ်အတွင်း အာဖရိကတိုက် ဆာဟာရသဲကန္တရအစပ်က နိုင်ငံတွေမှာ ၆၆,၈၀၀ ဦးခန့်၊ နိုင်ဂျီးရီးယားမှာ ၃၁,၄၀၀ ဦးခန့်၊ အာရှတိုက်ထဲက အင်ဒိုနီးရှားမှာ ၁၉,၃၀၀ ခန့်၊ အိန္ဒိယမှာ ၁၅,၈၀၀ ခန့်၊ ထိုင်းမှာ ၅,၀၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ ၁,၂၀၀ ဦးခန့်ဟာ အသက်ဘေးအန္တရာယ် ရှိနိုင်တယ်လို့လည်း ခန့်မှန်း ထားပါတယ်။
မြန်မာနိုင်ငံဟာ စူပါအယ်လ်နီညိုဖြစ်စဉ် မရှိခင် နွေရာသီကာလကတည်းက အပူချိန်မြင့်တက်တဲ့ဒဏ် ကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးအစရှိတဲ့ မြို့ကြီးတွေအပြင် နယ်မြို့တွေမှာပါ အပူလျှပ် တာကြောင့် သေဆုံးခဲ့ကြတာပါ။
နိုင်ငံဟာ ကြီးမားပြင်းထန်တဲ့ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်တွေကို ၁၉၉၇-၈၉၊ ၂၀၁၅-၁၆ နဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ ကြုံတွေ့၊ ခံစားခဲ့ရဖူးပါတယ်။ ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်စဉ်အတွင်း မြန်မာနိုင်ငံက မြို့ကြီး (၁၈) မြို့မှာ အမြင့်ဆုံး အပူချိန်စံချိန်သစ် တင်တာတွေ ရှိခဲ့ပြီး မြို့ကြီး (၁၅) မြို့မှာတော့ မိုးရေချိန် အနည်းဆုံးစံချိန်သစ်တွေ တင်ခဲ့ပါတယ်။ ၂၀၁၅-၁၆ ခုနှစ် ဖြစ်စဉ်မှာတော့ စံချိန်တင် ပူပြင်း ခြောက်သွေ့မှုတွေ ကြုံခဲ့ရပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့ကြီးတချို့မှာ နေ့အပူချိန်ဟာ ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြင့်မားတဲ့ အပူလှိုင်းဒဏ်ကို အပြင်းထန််ဆုံး ခံစားခဲ့ရပါတယ်။ မန္တလေးမြို့ဆိုရင် ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဝန်းကျင်အထိ အပူဒဏ်ဟာ ဆိုးဆိုးဝါးဝါး မြင့်တက််ခဲ့ပြီး မြို့ပြဧရိယာအတွင်း သိသိသာသာကို ပူပြင်းခဲ့ပါတယ်။
၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဉ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းထဲဥ မြို့နယ်အများစုမှာ အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၄၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်တာကို ခံစားခဲ့ရပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်အောက်မှာ ရွာပေါင်း ၁,၇၀၀ လောက်ဟာ သောက်သုံးရေ ရှားပါးတာကို ကြုံခဲ့ရပြီး ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုပါ ထိခိုက်စေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာဆိုရင် မီးလောင်တာတွေ များပြားခဲ့သလို ပူပြင်းခြောက်သွေ့တာနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ရောဂါတွေကိုလည်း မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၃-၂၄ ဖြစ်စဉ်မှာတော့ နိုင်ငံတစ်ဝန်း စံချိန်တင် အပူလှိုင်းဖြတ်မှုကို ရင်ဆိုင်ခဲ့ရပြီး သမိုင်းတစ်တလျှောက် အပြင်းထန်ဆုံးဖြစ်စဉ် ငါးခုအနက် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အပူဒဏ်ကြောင့် ၂၀၂၄ ခုနှစ် ဧပြီတစ်လတည်းမှာ လူပေါင်း ၁,၄၇၃ ဦးထက်မနည်းဟာ အပူဒဏ် (Heat-related Causes) ကြောင့် သေဆုံးခဲ့ရပါတယ်။
“ဒီနှစ်က ပိုပူလာမယ်။ စူပါအယ်နီညိုလည်းဖြစ်မယ် ကြေညာထားတော့ ကူညီဖို့အတွက် အသင့် ပြင်ထားဖို့လိုတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ပူတော့ ဓာတ်ဆီတန်းစီရင်းနဲ့ မူးလဲတာတွေ၊ အပူရှပ်တာတွေကို ကူညီခဲ့ရ ဖူးတယ်။ အဖိတ်အစင်တွေလည်း ရှိခဲ့တယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက MyanHealth ကို ပြောပါတယ်။​
ပြီးခဲ့တဲ့ နွေရာသီကာလကလည်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့က ပြည်သူ့ဆေးရုံကြီးတွေမှာ အပူဒဏ်နဲ့ ပတ်သက်လို့ Heat Stoke ခံစားရတဲ့သူတွေကို အရေးပေါ်ကုသပေးနိုင်ဖို့ ကြိုတင်စီစဉ်ခဲ့ရတာတွေ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီစက်ဝန်းအရ အခုဆိုရင် ဆောင်းတွင်းကာလကို ဝင်ရောက်နေပြီဆိုပေမယ့် လက်ရှိမှာတော့ အပူရှိန်တွေက မြင့်တက်လာပြီးတော့ အပြင်ကိုထွက်တဲ့အချိန်မှာ အပူရှိန်ဒဏ်ကို သိသိသာသာ ခံစားနေရတယ်လို့ ရန်ကုန်မြို့ခံအချို့က ဆိုပါတယ်။
“နွေကိုတောင် မရောက်သေးဘူး။ မနက် ၈ နာရီကျော်ကျော်လောက် အပြင်ထွက်တာနဲ့ ခေါင်းတွေ ကိုက်လာတယ်။ အရေပြားတွေက စပ်သလိုလို ခံစားရတယ်။ နေ့ခင်းဘက်ဆို ပိုပူတယ်။ တော်ရုံအလုပ်ဆိုရင် နေ့ခင်းဘက်ကို အပြင် သိပ်မထွက်ဖြစ်တော့ဘူး” လို့ ရန်ကုန်မြို့ခံ ကိုအောင်အောင်ဦးက ပြောပါတယ်။
စူပါအယ်လ်နီညို ဝင်ရောက်လာတဲ့အချိန်မှာ အပူလှိုင်း (Heatwave) နဲ့ ရေရှားပါးမှုဟာ ကျန်းမာရေးဆိုင်ရာ အဓိကအန္တရာယ်တွေအဖြစ် ဖြစ်လာပြီး အပူချိန်မြင့်တက်မှုသည် လူ့ကျန်းမာရေးအပေါ် တိုက် ရိုက် သက်ရောက်နိုင်သည်ဟု ကျန်းမာရေးပညာရှင်တွေကလည်း အသိပေးထားပါတယ်။
အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်တာ (Dehydration)၊ ခန္ဓာကိုယ်အားနည်းနွမ်းနယ်ခြင်း (Heat exhaustion)၊ အပူဒဏ်ပြင်းထန်လို့ ကိုယ်အပူချိန် အလွန်မြင့်တက်တာ (Heat stroke)၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာတွေ၊ ရေရှားပါးမှုနဲ့ ဆက်စပ်တဲ့ သန့်ရှင်းတဲ့ သောက်ရေ မလုံလောက်တာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ မျက်စိယားယံတာတွေ ဖြစ်လာနိုင်လို့ သတိထားကြဖို့ကိုလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

17/10/2026

သားဥအိမ်အရည်အိတ်ရှိတိုင်း စိုးရိမ်ရလား? 😮 ဘယ်လိုရောဂါ လက္ခဏာတွေက အန္တရာယ်ရှိနိုင်လည်းဆိုတာသိနိုင်ဖို့အဆုံးထိကြည့်ရှုပါ။ #အမျိုးသမီးကျန်းမာရေး

Weekly Health Round-Up (Third Week of October )ကိုတင်●               ဝိဇ္ဇာနည်းနဲ့ ဆေးကုသပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒ...
16/10/2026

Weekly Health Round-Up (Third Week of October )
ကိုတင်

● ဝိဇ္ဇာနည်းနဲ့ ဆေးကုသပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမ၊ မဟာဂန္ဓာရုံ ဘုန်းကြီးကျောင်းက ‘ပရဟိတ နေလင်းအောင်” ဆေးကုခန်းကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က ပိတ်လိုက်တယ်လို့ မြို့ခံတွေကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားထားပါတယ်။
● ဆေးကုသတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် နာမည်ကြီးနေတဲ့ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်၊ ရွှေလက်ပိုင်ရှင် ဒေါ်ခင်စန်းရီတို့ကို စစ်ဆေးဖို့ အောက်တိုဘာ ၁၃ ရက်မှာ လုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ဆွေးနွေးခဲ့ပါတယ်။
● လူ့သက်တမ်း မျှော်မှန်းချက်ကို နှစ် (၇၀) ကျော်အထိ တိုးမြှင့်နိုင်ရေး ရည်ရွယ်ပြီး ကျန်းမာရေးစောင့်​ရှောက်မှုလုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်လို့ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့မှာ လုပ်တဲ့ ဆရာဝန် မောင်မယ်သစ်လွင်များအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှဲပြောင်းတဲ့ပွဲမှာ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
● တိုင်းအတွင်း အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်တာမျိုး မဖြစ်စေဖို့ မြို့နယ်၊ ကျေးရွာအလိုက် လိုအပ်တဲ့ အပူရှောင်စခန်းတွေကို သဘာဝဘေးအန္တရာဘ် ကာကွယ်တားဆီးရေးဦးစီးဌာန၊ မီးသတ်၊ ကြက်ခြေနီနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဖွင့်လှစ်သွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
● အယ်နီညို အမြင့်ဆုံးအခြေအနေဟာ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
● ရန်ကုန်တိုင်းအတွင်း အပူဒဏ်ကြောင့် သက်ကြီးပိုင်းသေဆုံးမှုတွေ ရှိလာနေတယ်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက သန်လျင်မြို့မစျေးအနီး အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်နေရင်း ရုတ်တရက် လဲကျသေဆုံးခဲ့သလို အောက်တိုဘာ ၁၂ ရက်ကလည်း ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် မူးလဲခဲ့ပြီး ကူညီသူတွေ ရောက်ရှိလာချိန်မှာ သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်​နောင်ကားပစ္စည်းဝင်းအတွင်း အသက် (၆၀) အရွယ် အမျိုသားတစ်ဦး အပူရှပ် လေဖြတ်ခဲ့ပေမယ့် ပရဟိတ လူမှုကူညီရေးအဖွဲ့တွေက အင်းစိန်ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက်မှာပဲ ကျောက်တံတားမြို့နယ်အတွင်း သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အပူဒဏ်ကြောင့် မူးမေ့လဲတာမျိုး ဖြစ်ခဲ့ပြီး ပြန်သတိရလာတာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ နေအိမ်ကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အပူ ချိန်လွန်ကဲမှုတွေ ဆက်ဖြစ်နေတာမို့ အထူးသဖြင့် သက်ကြီးပိုင်းနဲ့ ရောဂါအခံရှိသူတွေဟာ ပိုပြီးသတိထားဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလျက် ရှိပါတယ်။
● မွန်ပြည်နယ်မှာ ပြင်းထန် စူပါအယ်လ်နီညိုကြောင့် အပူလျှပ် (Heat Stroke) လို့ သေဆုံးသူဟာ အောက်တိုဘာလအတွင်းမှာကို ငါးဦးအထိ ရှိလာပြီလို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အောက်တိုဘာ ပထမ နှစ်ပတ်တာအတွင်း ဘီးလင်းမှာ လေးဦးနဲ့ သထုံက တစ်ဦးတို့ ဖြစ်ပြီး သေဆုံးသူထဲမှာ အရက်သေစာ သောက်စားထားသူတွေ ပါသလို လမ်းသွားရင်း လဲကျသေဆုံးသူတွေလည်း ပါဝင်ပါတယ်။
● စျေးကွက်ထဲရှိနေပေမယ့် စံချိန်စံညွှန်းမမီတာကြောင့် ကျားနဂါး (မြိတ်ငံပြာရည်) နဲ့ ကင်းမွန် (အဆင့်မြင့်ပဲငံပြာရည်) ကို စျေးကွက်ကနေ ပြန်သိမ်းဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေး ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၄ ရက်ကလည်း Green Circle ကုမ္ပဏီထုတ် “Ve Ve” တံဆိပ် စတော်ဘယ်ရီ အရသာနို့ဘူးတွေမှာ Sodium Cyclamate ပါဝင်နှုန်းက သတ်မှတ်ချက်ထက် ကျော်လွန်နေလို့ စျေးကွက်က ပြန်သိမ်းဖို့ကို ထပ်ပြီး ထုတ်ပြန်ထားပါတယ်။
● ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို အနားပေးပြီး သူ့နေရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ပြောင်းလဲတာဝန်ပေးတယ်လို့ အောက်တိုဘာ ၉ ရက်မှာ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
● အလွန်ပြင်းထန်တဲ့ မုန်သုန်ရာသီဒဏ်ကို ထိခိုက်ခံစားရတဲ့ မြန်မာ့လူမှုအသိုက်အဝန်းအတွက် ဆေးဝါးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း (၄၆) တန်ကို ပို့ဆောင်ထားတယ်လို့ ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ထားပါတယ်။

● ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်း ဖွံဘော်ခွတ်မြို့နယ်၊ ဒေလကြိုကျေးရွာအုပ်စုမှာ တစ်နှစ်ကျော်တဲ့အထိ အရေပြားရောဂါ ဖြစ်ပွားမှု မရပ်တန့်သေးတဲ့အပြင် ပါးချိတ်ရောင်ရမ်းမှုတွေကိုပါ ကလေးငယ်တွေ ကြုံနေရတာမို့ ဆေးဝါးအကူအညီတွေ လိုအပ်တယ်လို့ မြို့နယ်ကျန်းမာရေးအရာရှိ ဆရာမ ဂျူးလစ်ကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ရေးသားထားပါတယ်။ အောက်တိုဘာလတွင်း ပါးချိတ်ရောင်ရမ်းသူ ကလေးငယ် ၁၅ ဦးအထိ ရှိလာနေပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ ကုသရေး လက်လှမ်းမမီတာနဲ့ လုံလောက်တဲ့ လိမ်းဆေးမရှိတာကြောင့်လည်း အရေပြားရောဂါတွေက ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
● ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုက မွေးရာပါ စအိုပေါက် မပါတဲ့ အသက်ခြောက်လအရွယ် ကလေးငယ်အတွက် ဆေးဝါးနဲ့ နို့မှုန့်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ ထွန်းမြန်မာ Donation က ထုတ်ပြန်ထားပါတယ်။
● ကချင်ပြည်နယ်မှာ ပြန်လည်သန်စွမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကနေ မသန်စွမ်းသူတွေအတွက် ခြေတု၊ လက်တုနဲ့ ကိုယ်ခန္ဓာအထောက်အကူပြု ပစ္စည်းတွေ ပံ့ပိုးကူညီနေတယ်လို့ ဆွစ်ဇာလန်သံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ စစ်သုံးလက်ကျန်ပစ္စည်းတွေကြောင့် လူ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာ အများအပြားဖြစ်နေဆဲ ဖြစ်ကာ ဒါဟာ အရပ်သားဘေးကင်းလုံခြုံရေး၊ သက်မွေးဝမ်းကြောင်းနဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုလို့လည်း ဆိုထားပါတယ်။
● ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကျန်းမာရေးစောင့်ရှောက်မှု ပိုရနိုင်ဖို့အတွက် မဲဆောက်ဆေးရုံနဲ့ IOM, EF, DLP, BHF အဖွဲ့တွေ ပူးပေါင်းပြီး TAK-CARE စီမံကိန်းအနေနဲ့ ဆောင်ရွက်မယ်လို့ M-Fund က ထုတ်ပြန်ထားပါတယ်။
● ကုသမှုနဲ့ မသက်သာတဲ့ စိတ်ကျရောဂါရှိသူတွေကို ဦးနှောက်တွင်း လျှပ်စစ်ပို့လွှတ်ကုသတဲ့ Deep Brain Stimulation – DBS နည်း သုံးတာဟာ ဦးနှောက်ချိတ်ဆက်မှုတချို့ကို သီးသန့်လှုံ့ဆော်ပေးသလို ဖြစ်တာမို့ ရေရှည်တိုးတက်မှုနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်၊ နယူးယောက်မြို့ အခြေစိုက် Mount Sinai (ဆေးရုံနှင့် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့) သုတေသီတွေက သူတို့ရဲ့ သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။
● ကင်ညာနိုင်ငံမှာ ဒုတိယမြောက် အီဘိုလာရောဂါ ကူးစက်ခံရသူအဖြစ် အသက် ၃၉ နှစ်အရွယ် အမျိုး သားတစ်ဦးကို အတည်ပြုထားကာ သူဟာ ပထမဆုံး ကူးစက်ခံခဲ့ရသူနဲ့ ဆွေမျိုးတော်စပ်ပြီး ကူးစက်မှုဟာ နယ်စပ်ဖြတ်ကျော် ပြန့်ပွားလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားနေကြပါတယ်။
● ယီမင်နိုင်ငံမှာ ပြီးခဲ့ဲတဲ့ သုံးပတ်အတွင်း ကာလဝမ်းရောဂါ သံသယရှိသူအရေအတွက်ဟာ သုံးဆအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပြီး တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာမို့ အရပ်သားတွေဟာ နေရပ်စွန့်ခွာရပြီး မသန့်ရှင်းတဲ့ ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုထားပါတယ်။
● ခေါင်းကိုက်၊ တုပ်ကွေး၊ ဝမ်းလျှော၊ ကြွက်သားရောင်ရမ်း၊ အစာအိမ်အက်ဆစ်များတာ၊ အက်ဆစ်များပြီး အစာပြွန်ထဲ ပြန်တက်တဲ့ ရောဂါ ခြောက်မျိုးအတွက် တစ်ဦးချင်းအာမခံစည်းမျဉ်းတွေကို ထိုင်းနိုင်ငံ အာမခံ ကော်မရှင်ရုံး (OIC) ပြောင်းလဲသတ်မှတ်လိုက်ပြီး ဒီအတွက် ဆေးကုသစရိတ် တောင်းခံတာဟာ သုံးကြိမ်နှင့် အထက်ရှိပြီး ကုန်ကျစရိတ်ဟာ နှစ်စဉ်အာမခံကြေးရဲ့ ၂၀၀ ရာခိုင်နှုန်းကျော်ခဲ့တယ်ဆိုရင် နောက်နှစ်တွေမှာ ကုသစရိတ်ရဲ့ (၃၀) ရာခိုင်နှုန်းကို ကိုယ်တိုင်ကျခံရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေရောဂါနဲ့ ဆေးကုသစရိတ် တောင်းခံတာဟာ သုံးကြိမ်နဲ့ အထက်ရှိပြီး နှစ်စဉ်အာမခံကြေးရဲ့ ၄၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ရင်လည်း ကုန်ကျစရိတ် (၃၀) ရာခိုင်နှုန်းကို ကိုယ်တိုင်ပေးဆောင်ရမှာဖြစ်ကာ ပြောင်းလဲလိုက်တဲ့ ရောဂါခြောက်မျိုးအတွက် သတ်မှတ်ချက်နဲ့ပါ ကိုက်ညီနေတယ်ဆိုရင် (၅၀) ရာခိုင်နှုန်းအထိ ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ သတ်မှတ်ချက် နှစ်ခုစလုံးနဲ့ မကိုက်ညီတော့ရင်တော့ ပူးတွဲပေးချေစေတဲ့ သတ်မှတ်ချက်ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ခံတွင်းပူလောင်မှုဝေဒနာရေးသားသူ - Dr. အောင်ကိုထက်​ရာသီဥတုတွေဖောက်ပြန်လာလို့ ပူပန်ရ၊ စီးပွားရေးတွေ ကမောက်ကမမို့ စိုးရိမ်ကြ...
15/10/2026

ခံတွင်းပူလောင်မှုဝေဒနာ

ရေးသားသူ - Dr. အောင်ကိုထက်

​ရာသီဥတုတွေဖောက်ပြန်လာလို့ ပူပန်ရ၊ စီးပွားရေးတွေ ကမောက်ကမမို့ စိုးရိမ်ကြောင့်ကြနေရ နဲ့ စားသောက်နေထိုင်ရေးတွေ ခက်ခဲလာကြတဲ့အခါ ကမ္ဘာနဲ့အဝှမ်းမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပူပန်စရာတွေများနေကြတဲ့ ကာလအတွင်းမို့လား မသိပါဘူး။ ခံတွင်းပူလို့၊ ပါးစပ်ပူလို့ဆိုပြီး လာပြကြတဲ့လူနာတွေ ဒီနှစ်ပိုင်းထဲ နည်းနည်းများလာပါတယ်။ အရင်တုန်းက အဖြစ်နည်း/ လာပြကြတာနည်းပေမဲ့ အခုဘာကြောင့် များလာသလဲစဉ်းစားကြည့်ရင် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စားသောက်နေထိုင်ပုံ၊ ဓာတုပစ္စည်းတွေ ထိတွေ့မှုနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု တွေက အရင်တုန်းက လူတွေလိုမျိုးမဟုတ်တာတော့ အသေအချာပဲဗျ။

ခံတွင်းထဲမှာရှိတဲ့ အမြှေးပါးတွေမှာ ဖြစ်ဖြစ်၊ လျှာမှာဖြစ်ဖြစ် ပူသလို/ ကျဉ်သလိုခံစားနေရတယ်ဆိုပြီး ဆေးခန်းလာပြလို့ စစ်ဆေးကြည့်ရင် ခံတွင်းထဲမှာ ယောင်တာ၊ နာတာ၊ နီတာ စတဲ့လက္ခဏာတွေမရှိဘဲ ပုံမှန်ခံတွင်း အမြှေးပါးကိုပဲ တွေ့ရပါတယ်။ ခံတွင်းအမြှေးပါးနဲ့ လျှာရဲ့မျက်နှာပြင်မှာ ဘာမှမပြောင်းလဲပေမဲ့ အာရုံကြောဆိုင်ရာ ခံစားမှုအရ ပူလောင်မှုရှိနေတာမျိုးပါ။ ဆေးပညာအရ ဒီလိုခံတွင်းထဲမှာ ပူလောင်မှုခံစားရတာကို "Burning mouth Syndrome" လို့ခေါ်ပါတယ်။

ခံတွင်းထဲမှာ ဘာမှမတွေ့ရပေမဲ့ လူနာအနေနဲ့က ပူလောင်တဲ့ခံစားမှု ရှိနေတာ၊ ခံတွင်းထဲမှာ ထုံကျဉ်သလိုခံစားရတာ၊ အရသာခါးသလို ဒါမှမဟုတ် အရသာပြောင်းလာတာ စတဲ့စိတ်အခြေအနေ အဆင်မပြေဖြစ်လာတာကနေ တနေ့တနေ့ quality of life ကို မခံစားနိုင်တာမျိုးအထိ စိတ် အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒီလိုခံစားနေရတာက နေ့ပိုင်းတွေမှာ ပိုဖြစ်တတ်ပြီး ညနေပိုင်းမှာ ပိုဆိုးလာတတ်ပါတယ်။ အစာစားတာ ရေသောက်တာတွေပြုလုပ်တဲ့ ခဏတော့သက်သာသလို ခံစားရပြီး တချိန်လုံးခံတွင်းပူလောင်​နေသလိုဖြစ်နေတတ်ပါတယ်။
Burning sensation ကိုလျှာရဲ့ အရှေ့သုံးပုံနှစ်ပုံလောက်မှာ ပိုပြီးခံစားရတတ်သလို အာခေါင်၊ သွားဖုံးနဲ့ နှုတ်ခမ်းမှာလည်း ခံစားရတာ မျိုးတွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်ပင်ပန်း လူပင်ပန်းတဲ့အခါဖြစ်ဖြစ်၊ ပူစပ်တဲ့အစားအစာနဲ့ အက်စစ်ဓာတ်အထွက်များတဲ့ အစားအစာတွေစားမိရင်ဖြစ်ဖြစ် ပိုဆိုးလာတတ်ပါတယ်။
Burning sensation က အိပ်စက်ခြင်းကိုတော့ အနှောင့်အယှက်မရှိတတ်တာ တွေ့ရပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ဆိုပါတယ်။ သို့ပါသော်လည်းဗျာ အခုကာလတွေမှာ လာပြကြ တဲ့အထဲ အမျိုးသားတွေလည်း ပါလာပါတယ်။

​အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အခါ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့အကြောင်းရင်း မှန်ကို တဆင့်ပြီးတဆင့် ခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေရတဲ့အတွက် ဒီလိုလူနာလာပြီဆိုရင်တော့ ဆွေးနွေး တိုင်ပင်ရတာတွေများပါတယ်။
Burning sensation ကို ခံတွင်းထဲမှာဖြစ်တတ်တဲ့ ရောဂါတချို့ကြောင့် ခံစားနေရခြင်း၊ ဓာတ်မတည့်တဲ့ပစ္စည်းတမျိုးမျိုး သုံးမိလို့ ဖြစ်ခြင်း၊ အံကပ်ရေရှည်တပ်ထားလို့ ပူလောင် သလိုခံစားရခြင်း စတာတွေဆိုရင်တော့ ခံတွင်းထဲကဖြစ်နေတဲ့ ပြဿနာတွေ ကုသဖြေရှင်းလိုက်တာနဲ့ သက်သာသွားမှာဖြစ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ တခြားရောဂါ/ ပြဿနာတွေကြောင့်ဆိုရင်တော့ တခြားထပ်မံ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။

​Burning sensation ကိုခံစားနေရတာ ခံတွင်းထဲက ဘယ်နေရာ ဘယ်အစိတ်အပိုင်းမှာလဲ၊ ဘယ်လောက်ကြာနေပြီလဲ၊ တခါတရံလား/ အမြဲခံစားနေရတာလား၊ သက်သာသွားတဲ့အချိန်ရှိလား/ ပိုဆိုးလာတဲ့ခံစားမှုတွေရှိလား စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားရသလို ခံတွင်းခြောက်တာ၊ အရသာ ပြောင်းတာ၊ ဆေးအသစ်စသောက်တာ၊ သွားအံကပ်တပ်ဆင်တာ၊ သွားတိုက်ဆေး/ ပလုတ်ကျင်းဆေး ရည်အသုံးပြုတာ၊ အစာအိမ်စားချဉ့်ပြန်ရောဂါ (အစာအိမ်အက်စစ်အစာမျိုပြွန်ထဲ ပြန်တက်ခြင်းရောဂါ) ရှိ/မရှိ၊ စိတ်ဖိစီးပူပန်မှုနဲ့ ညအိပ်မပျော်တဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရှိ/မရှိ၊ အစာရှောင်တာနဲ့ အာဟာရဆိုင်ရာ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း ရှိ/မရှိ စတာတွေ မေးမြန်းစစ်ဆေးရပါတယ်။ အမျိုးသမီးများသွေးဆုံးချိန်အရွယ် ဟော်မုန်းအပြောင်းအလဲများကြောင့်ဖြစ်ခြင်း၊ ဆီးချိုသွေးချိုရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း၊ ဆေးဝါးတချို့ ရေရှည်သောက်နေသူဖြစ်ခြင်း၊ တံတွေးအထွက်နည်း ရောဂါ/ အာခေါင်ခံတွင်းခြောက်ခြင်း၊ ဓာတ်မတည့်သောအခြေအနေရှိနေခြင်း၊ ကင်ဆာကုထုံးများထဲက ဓာတ်ရောင်ခြည်ကုသမှုခံယူထားခြင်း စတဲ့အခြေအနေတွေကိုလည်း တခုချင်းဆီမေးမြန်းအဖြေရှာ ရပါတယ်။

​ခံတွင်းထဲက အမြှေးပါးတွေမှာ တခြားရောဂါ ရှိ/မရှိ အရင်သေချာစွာစစ်ဆေးပြီး တံတွေးပုံမှန် ထွက်ရဲ့လား/ အထွက်နည်းသလား/ အာခြောက်တဲ့အဆင့်ဖြစ်နေပြီလား၊ ခံတွင်းထဲမှာ အံကပ်တပ်ထား ရင်အံကပ်ရဲ့ အခြေအနေနဲ့ အပေါ်အောက်သွားဖိဝါးတဲ့အနေအထား ပုံမှန်ဟုတ်/ မဟုတ်စစ်ဆေးရပါ တယ်။ ဒါမှမဟုတ် ခံတွင်းထဲမှာ ထိခိုက်ထားတာ၊ ပူလောင်မှုခံစားစေမဲ့ ခံတွင်းအမြှေးပါးတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုးနဲ့ အမြဲထိတွေ့မှုရှိနေသလားဆိုတာတွေကို အချိန်ပေးဆွေးနွေး ရပါတယ်။ တခါတရံမှာ ကြီးကြီးမားမားဘာရောဂါပြဿနာမှ မရှိပါဘဲ မေးမြန်းဆွေးနွေးပြီးချိန်မှ သွားတိုက်ဆေး အပြောင်းအလဲကြောင့် ခံစားနေရတယ်ဆိုတာမျိုး ပေါ်ပေါက်လာတဲ့အခါ အဲဒီ သွားတိုက်ဆေးသုံးတာ ရပ်လိုက်တာနဲ့ တခြားဘာကုသမှုမှ မလိုဘဲ ချက်ချင်းသက်သာအဆင်ပြေသွား ပါတယ်။ တချို့သွားတိုက်ဆေးတွေမှာ သွားတွေအတွက် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထပ်ပေါင်းထည့် ထားတဲ့ ဓာတုပစ္စည်းတချို့က သွားဖုံးနဲ့ ခံတွင်းအမြှေးပါးတွေအတွက်ကျတော့ အဆင်မပြေမှုဖြစ်စေ နိုင်တဲ့ ဓာတ်ပစ္စည်းတွေပါတတ်ပါတယ်။ သွားတိုက်ဆေးတွေမှာ အမြှုပ်ထွက်အားကောင်းအောင် ထည့်တဲ့ Sodium lauryl sulfate(SLS)၊ အနံ့အရသာကောင်းမွန်ဖို့ ထည့်ရတဲ့ Cinnamaldehyde နဲ့ Menthol ၊ သွားဖြူစေတဲ့ သွားတိုက်ဆေးအများစုမှာပါတဲ့ Carbamide peroxide ၊ hydrogen peroxide နဲ့ သွားမျက်နှာပြင်ပေါ်မှာ အစာအညှိတွေဖယ်ရှားဖို့ ဓာတ်ပစ္စည်းမဟုတ်ပေမဲ့ ပွတ်တိုက်ပစ္စည်း (arbrasive material) အဖြစ်သုံးတဲ့ hydrated silica စတာတွေက သွားအတွက် လိုအပ်တဲ့ ဖလိုရိုက်ဒ်ဓာတ်အပြင် သွားတိုက်ဆေးတွေမှာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ထပ်ပေါင်း ထည့်ထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေပါရင် မကောင်းဘူးလား မသုံးရဘူးလား ဆိုရင်တော့ အဲ့လိုဆိုလိုတာ လုံးဝမဟုတ်ပါဘူးဗျ။ သာမန်ခံတွင်းကျန်းမာတဲ့ လူတွေတိုင်း လိုအပ်ချက် အခြေအနေအရ အသုံးပြုနိုင်ဖို့ စီမံထုတ်လုပ်ထားကြတာ ဖြစ်ပါတယ်။ အခြေအနေအလိုက် သူ့ရည်ရွယ်ချက်နဲ့သူ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် သွားတိုက်ဆေး ဖော်စပ်တဲ့ formula ၊ ပါဝင်တဲ့ concentration ၊ လူတဦးချင်းစီရဲ့ ဒီပစ္စည်းတွေအပေါ်မှာ တုံ့ပြန်မှု၊ ထိတွေ့မှုကြာချိန်၊ ထိတွေ့တဲ့ အကြိမ်အရေအတွက် စတာတွေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ခံတွင်းထဲမှာ burning sensation ခံစားနေရသူဆိုရင်တော့ ဖလိုရိုက်ဒ်ဓာတ်ပါပြီး အနံ့အရသာ လုံးဝမပါတာ ဒါမှမဟုတ် နည်းနည်းပဲပါတဲ့ SLS-Free ဖြစ်တဲ့သွားတိုက်ဆေးမျိုး၊ peroxide တွေမပါတဲ့ သွားတိုက်ဆေး မျိုးပြောင်းသုံးဖို့ သွားဆရာဝန်အမျိုးစုက အကြံပြုကြပါတယ်။

​ဒီလိုအကြောင်းအရာအမျိုးမျိုးကြောင့် လူ့ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ တခုခုခံစားနေရပြီဆိုရင် social media ပေါ်ကနေ မေးမြန်းနေကြတာထက် လူကိုယ်တိုင် နီးစပ်ရာဆေးခန်းမှာ မျက်မြင်ပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကိုယ်တိုင်ကလည်း မျက်မြင်တွေ့ရှိ စစ်ဆေးနိုင်မှသာ ထိရောက်တဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်ဗျ။ လူ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ရောဂါအခြေအနေကို ဆရာဝန်နဲ့လူနာတွေ့မှသာ ရောဂါအမှန်ရှာဖွေပေးနိုင်မှာ ဖြစ်သလို ခံတွင်းထဲက ပြဿနာဆိုရင်လည်း ကိုယ်တိုင်ခံစားနေရသူက သွားဆရာဝန်ဆီမှာ မျက်မြင်သွားပြပြီး မျက်စိနဲ့ စစ်ဆေးတာ၊ လက်နဲ့စမ်းသပ်တာ၊ နှုတ်နဲ့မေးမြန်း စုံစမ်းရတာတွေ အဆင့်ဆင့်လုပ်မှသာ အကြောင်းအရင်းအမှန်၊ ကုသမှုအမှန်ကို ရနိုင်ပါတယ်။ ဒီလို ပြောရင်း ဆေးခန်းမှာ တချို့လာစုံစမ်းမေးမြန်းကြတာကို သတိရမိပါတယ်။ "ဆရာ လူနာကတော့ မပါ လာဘူး(ဆေးခန်းအပေါက်ဝမှာ ပါးစပ်ကြီးဟ လက်နဲ့ထိုးပြပြီး) ဒီနေရာ၊ ဒီနေရာတွေမှာ ဘယ်လိုခံစား နေရတယ်/ အစာစားလို့မရဘူး၊ အဲ့ဒါသောက်ဆေးဖြစ်ဖြစ်၊ လိမ်းဆေးဖြစ်ဖြစ် ပေးလိုက်လို့ရလား" ဆို တာမျိုးပါ။ ဖြစ်နေတာက တယောက်၊ ရောက်လာပြီးမေးပေးတာက တယောက်ဆိုရင် ကျွန်တော်တို့က ရောက်လာတဲ့တယောက်ရဲ့ ခံတွင်းကိုကြည့်ပြီး တကယ်ဖြစ်နေတဲ့သူရဲ့ ခံတွင်းထဲကိုမြင်ရတာမှ မဟုတ် တာဗျာ။ ဘယ်လိုကုသမှုပေးလို့ရမလဲ၊ အဲလိုပါပဲဗျ Social media ကနေတဆင့် မေးကြတာမျိုးက အဖြေမှန် ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။
လူထုကို ကျန်းမာရေးအသိ/ သတိရှိစေချင်တာ၊ ကျန်းမာရေး ဗဟုသုတနဲ့ ပြည့်ဝစေချင်တာ၊ ရောဂါဖြစ်လာရင် မှန်ကန်စနစ်ကျတဲ့ ကုသမှုယူပြီး ကျန်းကျန်းမာမာ ရှိစေချင်လို့ Social media ပေါ်မှာ ကျန်းမာရေးအသိပညာပေးတွေ ရေးကြတာဖြစ်ပါတယ်ဗျ။ ပုံမှန် မဟုတ်တာ တခုခုခံစားရပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ သက်ဆိုင်ရာဆရာဝန် ဒါမှမဟုတ် နီးစပ်ရာ ဆေးခန်းမှာ သွားရောက်ပြသဖို့ တိုက်တွန်းပါတယ်။

​ပြောလိုရင်းအကြောင်းအရာကို ပြန်ဆက်ရအောင်ဗျာ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း burning sensation ခံစားနေရတဲ့အကြောင်းရင်းမှန်ကို အရင်ရှာဖွေဖော်ထုတ်ရပါမယ်။ ပူစပ်တဲ့အစားအစာ၊ အက်စစ်ဓာတ်အထွက်များတဲ့ အစားအစာတွေရှောင်ပြီး ခံတွင်းထဲမှာ စိုစွတ်မှုရှိနေအောင် ရေခဏခဏ ငုံပေးတာ/ သောက်ပေးတာလုပ်ရပါမယ်။ တံတွေးအထွက်နည်းတာကြောင့် ခံတွင်း၊ အာခေါင်ခြောက် နေတဲ့သူဆိုရင်တော့ တံတွေးအစားထိုးဆေးဘူးလေးတွေ အသုံးပြုခိုင်းပါတယ်။ အရက်၊ ဆေးလိပ်၊ ကော်ဖီတွေ ရှောင်ရပါမယ်။ စိတ်ဖိစီးမှု၊ ပူပန်မှုတွေအတွက်လည်း relaxation technique တွေ အသုံးပြုပြီးနေထိုင်ကြည့်ဖို့ အကြံပြုရပါတယ်။ လိမ်းဆေး၊ ပလုတ်ကျင်းဆေးရည် လိုအပ်လို့ အသုံးပြုရတာမျိုးလည်းရှိပြီး ဆရာဝန်က ချိန်းဆိုတဲ့အတိုင်း ရက်ချိန်းမှန်မှန် ပြန်လည်ပြသဖို့လည်း လိုအပ်ပါတယ်။

​Burning sensation ရှိနေတာကြာနေရင်၊ အရသာပြောင်းလာရင်၊ ရေသောက်လည်း အာခြောက်တာက ပျောက်မသွားဘူး မသက်သာဘူးဆိုရင်၊ စားတာအိပ်တာ စကားပြောတာတွေမှာပါ ထိခိုက်လာပြီဆိုရင်တော့ ခံတွင်းထဲက အဆင်မပြေမှုတွေက တနေ့တာစားသောက်ပြောဆိုဆက်ဆံမှု တွေကိုပါ ထိခိုက်လာပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေလည်း များလာနိုင်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြစေလိုပါတယ်ခင်ဗျာ။ အရင်းစစ်ကြည့်လိုက်ရင် လူသားတွေပူပန်မှု၊ စိတ်ဖိစီးမှု၊ အာဟာရဆိုင်ရာ ပြဿနာ၊ ဓာတုပစ္စည်းတွေထိတွေ့မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေနည်းပြီး ကောင်းမွန်ကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်လာမယ်ဆိုရင်တော့ ဒီလိုဝေဒနာမျိုးကို တွေ့ရနည်းလာမယ်ထင် တာပဲဗျ။ ပူပန်မှုတွေကင်းပြီး စိတ်ချမ်းသာမှုများများရှိကြဖို့ တောင်းဆုပြုလိုက်ပါတယ်ခင်ဗျား။

Address

Yangon

Alerts

Be the first to know and let us send you an email when MyanHealth Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share