14/08/2026
KBZ Bank၊ KBZ Center တို့၏ ပံ့ပိုးမှုဖြင့် ဒို့အိမ်က မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) အစီအစဉ်၏ (၁၉) ကြိမ်မြောက် Cohort ကို ဇွန်လ (၁၈) ရက်နေ့က မန္တလေးမြို့ရှိ KBZ Center Mandalay မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လူငယ်တွေ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှု၊ ဆက်သွယ်ပြောဆိုမှု၊ ကြံ့ကြံ့ခံနိုင်သည့် လူမှုစီးပွားဘဝများအတွက် ရေရှည်တည်တံ့သော နေအိမ်များ အကြောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ် (GIS) ၏ အခန်းကဏ္ဍ၊ လူငယ်နှင့် ရပ်ရွာပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို လေ့လာရမှာဖြစ်ပြီး၊ ရပ်ရွာအခြေအနေများနှင့် ကိုက်ညီတဲ့ အကြံဉာဏ်များ ဖန်တီးခြင်း၊ လူငယ်များ ဦးဆောင်သော ရပ်ရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်စာတွေ့သင်ခန်းစာများအပြင် လက်တွေ့စီမံကိန်းငယ်များကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
“ကိုယ်တိုင် ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရချိန်မှာ အခြားသူတွေရဲ့ အကူအညီတွေကြောင့် အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွေ့အကြုံကနေ လူမှုအသိုက်အဝန်းအတွက် ပြန်လည်အကျိုးပြုလိုတဲ့ စိတ်ဖြစ်စေခဲ့ပါတယ်။ ဒီ (၁၉) ကြိမ်မြောက် Cohort ကနေ ရရှိလာမယ့် အသိပညာ၊ ကျွမ်းကျင်မှုနဲ့ လက်တွေ့စီမံကိန်း အတွေ့အကြုံတွေကို အသုံးချပြီး ကိုယ့်ရပ်ရွာ၊ မြို့ပြအသိုက်အဝန်းမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်တဲ့သူတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။” ဟု (၁၉) ကြိမ် မြောက် Cohort မှာ ပါဝင်ခဲ့သူ မရီရီအောင်က ပြောကြားခဲ့ပါသည်။
(၁၉) ကြိမ်မြောက် Cohort တွင် တက်ရောက်ကြသည့် လူငယ်ဦးရေ (၃၀) ရှိခဲ့ပြီး မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ပရိုဂရမ်ကို မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ စိတ်ပါဝင်စားသူ လူငယ်များအတွက် အသိပညာ၊ ဗဟုသုတနဲ့ စွမ်းရည်များ တိုးတက်မြင့်မားလာစေဖို ရည်ရွယ်ချက်နဲ့ စီစဉ်ပေးလျက်ရှိရာ ယင်းပရိုဂရမ်နှင့် ပတ်သက်သော အချက်အလက်များအား အသေးစိတ်
သိရှိလိုပါက youngcityshapers.com တွင် ဝင်ရောက်လေ့လာနိုင်သလို [email protected] တွင်လည်း ဆက်သွယ်နိုင်ပါသည်။