Myanmar Polymaths' Society

Myanmar Polymaths' Society Enjoy!

Dynasty warriors က ပြောပြခဲ့တဲ့ ‘ လေ့လာခြင်း ‘ အကြောင်း PS2 ကို အမဝယ်ပေးခဲ့တုန်းက ကျတော့်အသက် ၁၁ နှစ်။အချို့အတွက်တော့ ရီ...
05/03/2026

Dynasty warriors က ပြောပြခဲ့တဲ့ ‘ လေ့လာခြင်း ‘ အကြောင်း

PS2 ကို အမဝယ်ပေးခဲ့တုန်းက ကျတော့်အသက် ၁၁ နှစ်။

အချို့အတွက်တော့ ရီစရာကောင်းနေမလားမသိပေမယ့် ကျတော့်မွေးရပ်မြေလို မြို့လေးအတွက် ps2 ဆိုတာ အများစုက ဂိမ်းဆိုင်တွေမှာပဲရှိတဲ့ အနေအထားပါ။

ဒါက ထားတော့ ။

ပထမဆုံး ကျတော် စပြီးဆော့ဖြစ်တဲ့ ဂိမ်းက dynasty warriors 5 .
အများစုကတော့ ဒီဂိမ်းကိုဆော့တာက ချဖို့ ခုတ်ဖို့ထစ်ဖို့ .
ကျတော်ကတော့ ဇာတ်ကြောင်းပြောပြတာကို နားထောင်ဖို့ ဆော့ခဲ့တာ။

ဇာတ်ကောင်တကောင်ရဲ့ story အပြီးမှာ နောက်ခံ ဇာတ်ကြောင်းပြောပြသူက အဲ့ဒီဇာတ်ကောင်အကြောင်းပြောပြတယ်။

သုံးပြည်ထောင်မှာ ဒီဇာတ်ကောင်ရဲ့ ပါဝင်ပက်သက်မှုအကြောင်း သူတို့ဘဝတွေအကြောင်း
ဇာတ်ကြောင်းပြာတဲ့သူရဲ့ အသံကနားထောင်လို့ ကောင်းသလို ဇာတ်လမ်းတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။

ပြောတာနားထောင်နေပေမယ့် အင်္ဂလိပ်စာက သိပ်နားမလည် ၊ ဒီတော့ dictionary တအုပ်ကိုကိုင်ပြီး ဇာတ်လမ်းတခုအပြီးမှာ သူပြောပြနေတဲ့ ပုံပြင်တွေ legend တွေ သမိုင်းတွေအကြောင်းကို စိတ်ဝင်တစားလေ့လာ နားလည်အောင်လုပ်ခဲ့တယ်။

အင်္ဂလိပ်စာလေ့လာနေခဲ့တာမဟုတ်ဘူးနော် ။

ဆော့နေတဲ့ဂိမ်းရဲ့ ဇာတ်လမ်းကို အဓိကနားလည်ချင်ခဲ့ရုံပဲ။
မြို့မှာလုပ်တဲ့ အင်္ဂလိပ်စာပြိုင်ပွဲကိုဝင်ပြိုင်တော့ ကျတော်က စနစ်တကျလေ့ကျင့်မထားသူ။

မြို့သေးသေးလေးမှာမှ ကျောင်းသေးသေးက ကျောင်းသား၊
တခြား ဝင်ပြိုင်သူတွေက essary တွေကို tutor တွေ guide တွေနဲ့ စနစ်တကျလေ့လာထားကြတဲ့သူတွေ ၊
ကျတော်ရေးခဲ့တဲ့ essay က grammar အမှားတွေများတယ် ဒါပေမယ့် ကိုယ်ပိုင်တော့ဆန်တယ်၊
ဒါပေမယ့် စကားပြောမှာ အောက်ကနားထောင်နေတဲ့သူတွေအကုန် ပါးစပ်အဟောင်းသားဖြစ်အောင် အသက် ၁၁ မှာလုပ်နိုင်ခဲ့တယ်။

ကျတော်ပြောရတဲ့အကြောင်းက ရှင်းရှင်းလေးပါ သွားခဲ့ဖူးတဲ့ ခရီးတခုအကြောင်း
ဒါပေမယ့် အဲ့ essay ကိုပြောနေတဲ့အချိန်မှာ ကျတော်က သာမန်ကျောင်းသားမဟုတ်နေဘူး။
သုံးပြည်ထောင်ရဲ့ ရေမြေအလှအပတွေကို ခံစားဖူးသူ
ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ကိုယ်တိုင်ကြုံဖူးလို့ တကယ်ပြောပြနေသူ။
ဂိမ်းထဲက ဇာတ်ကြောင်းပြောသူရဲ့ အသံနဲ့ စတိုင်ကို ထပ်တူနီးပါး ကျတော်ပြောခဲ့တယ်။

တခါတခါ ကျတော်ပြောတဲ့စာကြောင်းက ဘာဖြစ်လို့ဖြစ်သွားမှန်း ကျတော်မသိ , အောက်က ဆရာတွေလည်းသိမယ်မထင်။
ဒီလိုနဲ့ နောက်နှစ်တွေမှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေ ရခဲ့တဲ့ ဆုတွေ … ဆယ်တန်းမှာ 82 မှတ်ရခဲ့တဲ့ အင်္ဂလိပ်စာ ..
တက္ကသိုလ်ရောက်တော့လည်း ပြိုင်ဖြစ်နေဆဲ ဆုရခဲ့တုန်းပါပဲ။
အဲ့ဒီတော့ learning နဲ့ပတ်သက်လို့ dynasty warrior ကနေ ဘာတွေသင်ခဲ့ရလဲ?

အဲ့တုန်းက ကျတော့်မှာ objective တခုရှိတယ် ၊
ဘာလဲ ?​ ဇာတ်လမ်းနားလည်ဖို့.

Dictionary နဲ့ တခြားစာအုပ်တွေက ဒီ ရည်ရွယ်ချက်ကို ပြီးမြောက်အောင်လုပ်ဖို့ သုံးတဲ့ tool တွေသပ်သပ်ပဲ။
စာမေးပွဲမဟုတ် , english စာပိုကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ် , စနစ်တကျလေ့လာခဲ့တဲ့ သင်ရိုးလည်းမဟုတ်

ကိုယ့်အတွက်အရေးပါတာကို နားမလည်လို့ နားလည်ဖို့ကြိုးစားခဲ့တဲ့ အသက် ၁၁ အရွယ် ကလေးတယောက်ပဲ။

နောက်ပိုင်း အချိန်တွေကြာ အခု ကျတော်က AI Engineer, Software engineer , architect ဒီလို ဖြစ်လာတဲ့အခါအထိ ကျတော်အသစ်တခုခုလေ့လာတိုင်း မြန်မြန်ဆန်ဆန်လေ့လာနိုင်တုန်းပါပဲ။ ( ပျင်းနေတဲ့ ကာလတွေကို ထည့်မပြောကြေး )

စနစ်ကျတဲ့ လေ့လာမှုနဲ့ education ဟာ push architecture ဖြစ်တယ်။
သင်ရိုးတွေပါတယ် အချိန်ဇယားတွေပါတယ် လေ့လာသူက လိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေ သင်ဖို့အချိန်ရောက်ရင် သင်ကိုသင်ရမယ်။
ဒီ architecture ရဲ့ ရည်ရွယ်ချက်က ‘ စနစ်တကျ ပုံမှန် ခေါင်းထဲထည့်ပေးသွားရင် အချိန်ကြာတာနဲ့ မြန်တာပဲဖြစ်မယ် , တချိန်ချိန်မှာ နားလည်မှုရှိကိုရှိမယ် ‘
dynasty warriors ဖြစ်စဥ်က pull architecture .
မဖြစ်မနေလိုနေတဲ့ ဖြေရှင်းဖို့လိုတဲ့ ကွက်လပ်တခုရှိတယ်။
ဒီကွက်လပ်ကိုဖြည့်ဖို့ လိုတဲ့ဟာကို ချက်ချင်း သင်ယူပြီး အသုံးချတယ်။
သိပ်မကြာခင် ဖြည့်ဖို့လိုတဲ့ နောက်ကွက်လပ်တခု ပေါ်လာတယ် ,
ဒီလိုနဲ့ လည်ပတ်နေတယ်။

dynasty warrior အပြီး ပေါ်လာတဲ့ ကွက်လပ်ပေါင်းအများကြီးပါ ကျတော့်အတွက်က
မူရင်းစာအုပ် romance of the three kingdoms ကိုဖတ်ကြည့်ချင်တယ် subtitle မပါတဲ့ god of war ကိုနားမလည်လို့ listening တိုးတက်ချင်တယ်
Dota item တွေမဆက်တတ်လို့ item description တွေကို ဖတ်ကြည့်ချင်တယ်

တက္ကသိုလ်ရောက်တဲ့ စာဖတ်ပြရတဲ့အလုပ်ကိုသေချာလုပ်ချင်တော့ classic novel တွေပါဖတ်နိုင်တဲ့ level ရောက်ချင်တယ်။( ပထမဆုံး ရတဲ့ လစာနဲ့ အသက် ၁၈ မှာဝယ်ခဲ့တာက romance of the three kingdoms စာအုပ် , တအုပ်ကို စာမျက်နှာ ထောင်ကျော်တဲ့ လေးအုပ်တွဲ )

နောက်တော့ ရည်းစားစာကို အထာကျကျပေးချင်လို့ web development လေးလုပ်ချင်လို့ html ဖြည့်ဖို့လိုလာတယ်
Card ကလေးကိုနှိပ်ရင် အသဲလေးထွက်တာလိုချင်လို့ css, javascript လိုအပ်လာတယ်

Python , C , Java , Sql , security , အခုတော့ AI , ML နဲ့ ဂျပန်စာ

ဖြည့်ဖို့လိုခဲ့တဲ့ကွက်လပ်တွေ , ဖြည့်ခဲ့ပြီးတဲ့ ကွက်လပ်တွေ , ဖြည့်ရဦးမယ့် ကွက်လပ်တွေ။

ကျတော်သိတဲ့ တော်လှတဲ့ engineer တွေဟာလည်း စနစ်တကျထက် သူတို့လိုအပ်နေတဲ့ကွက်လပ်တွေကို ရတဲ့နည်းနဲ့ ဖြည့်ခဲ့သူတွေသာဖြစ်တယ်။
နောက်ပိုင်း lead လုပ်တဲ့အခါမှာလည်း လူတွေရဲ့ခေါင်းထဲကို knowledge တွေထည့်ပေးဖို့မကြိုးစားတော့ဘူး ။

သူတို့ကို မသိမသာ တကယ် သူတို့အတွက်အရေးပါတဲ့ ဖြည့်ဖို့လိုအပ်တဲ့ ကွက်လပ်လေးတွေဖန်တီးပေးလိုက်တယ်။

နောက်ပြီး နောက်ကွယ်ကနေ ခပ်ပြုံးပြုံးပဲကြည့်နေလိုက်တယ်။

Pull beats push. In RAG systems. In learning. In most things.

Ps2 game တခုကရခဲ့တဲ့ သင်ပေးခဲ့တဲ့ အချက်ပေါ့ , စကားလုံးတွေနဲ့ မပြောတတ်ခဲ့ပေမယ့်။

အဲ့ဒီတော့ စာဖတ်သူအနေနဲ့ကော ?
ဖြည့်ရမယ့် ကွက်လပ်လေးတွေ ရှိလား?

မိတ်ဆွေရဲ့ dynasty warriors က ဘာလဲ?

blog မှာ language နှစ်မျိုးလုံးနဲ့ဖတ်ရှုနိုင်ပါတယ်။

https://blog.soelwinhtun.online/post/dynasty-warriors

လူတွေက အချစ်ကို ယုံကြည်ကြတယ် ကိုယ်ချစ်တဲ့သူကတော့ ကိုယ့်အတွက် ကောင်းတာတွေကိုပဲ ဖြစ်စေချင်မှာပါလို့ထင်ကြတယ်။ တကယ်လို့များ ...
03/08/2025

လူတွေက အချစ်ကို ယုံကြည်ကြတယ်
ကိုယ်ချစ်တဲ့သူကတော့ ကိုယ့်အတွက် ကောင်းတာတွေကိုပဲ ဖြစ်စေချင်မှာပါလို့ထင်ကြတယ်။
တကယ်လို့များ ကိုယ်ချစ်တဲ့သူက .. ကိုယ့်အတွက်အကောင်းတွေပဲ တွေးပေးမှာပါလို့ထင်တဲ့သူက ကိုယ့်ကို လှည့်စားနေရင် , manipulate လုပ်နေရင်ကော?

Manipulation ဆိုတာကဘာလဲ?

စာပေဆန်ဆန် အနက်အဓိပ္ပါယ်ဖွင့်ရရင် Manipulation ဆိုတာ ( များသောအားဖြင့် ) ကိုယ်ကောင်းဖို့အတွက် လူတယောက်ရဲ့ အတွေး , အပြုအမူ နဲ့ ခံစားချက်တွေကို အဲ့ဒီလူသတိမထားမိစေပဲ ပြောင်းလဲလာအောင် လှည့်ဖြားခြင်းဖြစ်တယ်။

Manipulation ဟာ နေရာတကာမှာ အတွေ့များတဲ့အရာတခုဖြစ်ပြီး ဘဝမှာ လူတယောက်အနေနဲ့ တကြိမ်တော့သူများကို manipulate လုပ်ဖူး ဒါမှမဟုတ် ကိုယ်က အလုပ်ခံရဖူးတဲ့ အတွေ့အကြုံတော့ရှိကြလိမ့်မယ်။

မြင်သာထင်သာအောင် ပြောရရင် အာရှနိုင်ငံတွေမှာ မိဘကနေ သားသမီးကို Manipulate လုပ်နေတာမျိုးက အရမ်းများတယ်။

မိဘတွေက သားသမီးတွေကို guilt-trip, အပြစ်ရှိသလိုခံစားလာရအောင်လုပ်ပြီးသူတို့လိုချင်တဲ့ပုံစံသွင်းလေ့ရှိကြတယ်။

သားသမီးကိုမချစ်လို့မဟုတ်ပဲ ဆုံးရှုံးရမှာ တခုခုဖြစ်လာမှာ ကြောက်ကြလို့ , ကလေးလိုပဲမြင်နေကြတာတွေကြောင့်ပေါ့

အမေတို့က ဘယ်လိုချစ်ရတာ ဘယ်လိုကောင်းရတာ သားတို့သမီးတို့က အမေတို့ကဘယ်လိုပြန်ထားသင့်တာ
အမေတို့အဖေတို့က ကောင်းစေချင်လို့ပြောတာ နားထောင်လိုက်

ဒီလိုနဲ့ အပြစ်ရှိသလိုခံစားလာရပြီး ကိုယ့်စိတ်ဆန္ဒမပါပဲ လိုက်လျောလိုက်ရတာမျိုးတွေ, ဖြစ်ဖူးကြတယ်မလား?
အဲ့လိုမျိုးပဲ, ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာဖြစ်နေတဲ့ Manipulation တွေလည်းအများကြီးပါ။

Manipulation ဟာ ကောင်းတာလည်းဖြစ်စေနိုင်သလို မကောင်းတာလည်းဖြစ်စေနိုင်တဲ့ အစွန်းနှစ်ဖက်ရှိတဲ့ လက်နက်တခု,

Manipulation လုပ်သမျှအားလုံးဟာလည်း အန္တရာယ်ရှိတယ်လို့တော့ မခေါ်နိုင်ဘူး ဆရာတယောက်က ကျောင်းသားတွေ ပိုတော် ပိုကောင်းလာအောင် လှည့်ဖြားတာမျိုးဖြစ်နိုင်တယ်
Relationship တခုမှာ ကိုယ့် လက်တွဲဖော်ရဲ့မကောင်းတဲ့အကျင့်တွေပျောက်လာအောင် လှည့်ပတ် ချော့မော့ပြီး manipulate လုပ်တာမျိုးလည်းဖြစ်နိုင်တာပဲမလား။

ဒါပေမယ့် Manipulation က မရိုးသားတာတွေ, အတင်းအကြပ်တောင်းဆိုတာတွေ နဲ့ တဖက်သူရဲ့ခံစားချက်ကိုထိခိုက်စေတာတွေပါလာရင်တော့ အဲ့ဒီနေရာကနေ ချက်ချင်းထွက်ဖို့အချိန်တန်လာပါပြီ။

ဒီတော့ ဒီဘက်ခေတ် relationship တွေမှာ မြင်ရလေ့ရှိတဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဖြစ်နေကြတဲ့ manipulation အမျိုးအစားတွေကို တချက်လေ့လာကြည့်ရအောင်။

ယောက်ျားလေး မိန်းကလေး ဘယ်သူမဆိုလုပ်နိုင်ပြီး ကောင်းတဲ့ intention, မကောင်းတဲ့ intention မျိုးစုံရှိကြပါတယ်။

အရက်သောက်ဖဲရိုက်နေတဲ့သူကို နည်းပေါင်းစုံနဲ့ မသောက်အောင်လုပ်လိုက်တာက ကောင်းတယ်ပြောလို့ရပြီး ဘာမှမှားမနေပဲ ကိုယ့်ရဲ့ပုံစံကို လုံးဝကြီးပြောင်းပစ်အောင် နည်းပေါင်းစုံနဲ့ကြိုးစားနေရင်တော့ သဘောပေါ်ကလိုက်တော့ပေါ့။

တချက်ကြိုသတိပေးထားချင်တာက အောက်က နမူနာတွေက toxic ဖြစ်နေတဲ့သူက သုံးလေ့ရှိတာမျိုးကို ပြောချင်တာဖြစ်ပြီး တခါတလေ တကယ်ကြီး နာကျင်ခံစားပြီး ပြောမိသွားတဲ့ အခါတွေလည်းရှိတတ်တာမလို့ ကိုယ့်ကိုအဲ့လိုပြောတဲ့သူရဲ့ကိုယ့်အပေါ်ထားတဲ့စိတ်ထားနဲ့ ပြဿနာတက်နေချိန်ကလွဲအခြားအချိန်တွေမှာ ဆက်ဆံပုံကို သတိထားကြည့်ပြီး manipulate လုပ်နေသလား ခွဲခြားဆုံးဖြတ်ပါ။

ကိုယ့် partner ကို ကိုယ်အသိဆုံးမလား။

1. Gaslighting

“မင်း အတွေးလွန်နေတာပါ။
ဘယ်တုန်းက ငါအဲ့ဒီလို လုပ်ဖူးလို့လဲ။
အရမ်းလိုတာထက်ပိုခံစားမနေပါနဲ့ ကိစ္စကဘာမှမဟုတ်ပါဘူး။


အဲ့လိုစကားမျိုးတွေက Gaslighting ပါ
၊ ဒါပေါ့အမြဲတမ်းတော့လည်း Gaslighting လုပ်နေတာမဟုတ်ဘူး တခါတလေ တကယ်ကြီးမှန်နေတာမျိုးလည်းဖြစ်နိုင်တာပဲဆိုတော့

ဒါပေမယ့် အကြိမ်အများစုမှာ အပြစ်ရှိနေတဲ့သူ မှားနေတဲ့သူကသာ အဲ့ဒီစကားမျိုးပြောလေ့ရှိတယ်။

တချို့ကျတော့လည်း manipulate လုပ်လို့လုပ်နေမှန်းမသိပဲ ကိုယ်တကယ် ဘာလုပ်မိလို့လဲ မှားလို့မှားမှန်းမသိတဲ့အခါတွေလည်းရှိတာပဲဆိုပေမယ့်ပေါ့။

ဒီလိုစကားတွေပြောပြီး manipulator တယောက်ဟာ တဖက်သူရဲ့အမြင်ကို ပြောင်းသွားစေတယ်။

ငါပဲ တကယ်ကြီး အတွေးလွန်နေတာများလား ? ( တကယ်တော့ ပထမတွေးတာကမှန်တယ် )

ဟုတ်လား သူတကယ်မလုပ်ဖူးတာလား ငါပဲမမှတ်မိတာလား။

ငါ ကလေးဆန်နေတာဖြစ်မယ် ပြဿနာမလုပ်တော့ပါဘူး ။

အဲ့လိုတွေ ကိုယ့်အမြင်ကိုပြောင်းသွားစေတယ်။

မူလပြောထားသလိုပဲ manipulate လုပ်နေတဲ့သူက တကယ်မှားမနေပဲ သပ်သပ်အပြောခံရတဲ့အချိန်မျိုးမှာတဲ့ ဒီလိုပြောတာဟာ မှန်သင့်သလောက်မှန်ပေမယ့် modern relationship တွေမှာကတော့ အပြစ်ရှိနေတဲ့သူကသာ ကိုယ့်ကို ပြဿနာရှာတဲ့သူကို မျက်စိလည်သွားအောင်လုပ်ပြီး အနိုင်ယူလေ့ရှိပါတယ်။

2. Guilt-tripping

“ ဒါဖြင့် မင်းငါ့ကို ဂရုမစိုက်ဘူး မချစ်ဘူးပဲပေါ့။
ငါက မင်းပျော်တာပဲမြင်ချင်တာ ဒါပေမယ့် မင်းက အဆင်မပြေဘူး. ဆိုတော့လည်းနေပါ့။
မင်းကိုအဲ့လောက်ချစ်တဲ့သူကို မင်းအဲ့လိုဆက်ဆံသင့်လို့လား။


ဒီနည်းက တဖက်သူကို အပြစ်ရှိသလို ခံစားလာစေပြီး သနားလာအောင်လုပ်တဲ့နည်းပါ။

အဲ့ဒိီလိုနဲ့ ကိုယ်ကမမှားနေရင်တောင် တောင်းပန်လိုက်ရတာမျိုး။

အပေါ်က ပြောတဲ့စကားကိုထပ်ထပ်ပြီးပြောရရင် ဒီလိုစကားတွေပြေနေတဲ့သူက တကယ်ကြီး ကိုယ့်ကို ပျော်စေချင်လို့ တကယ်ကြီးသနားစရာကောင်းပြီး မှားနေတာက ကိုယ်လည်းဖြစ်နိုင်တယ်။
ဒါပေမယ့် ပြောနေတဲ့သူရဲ့စိတ်ထားကို ကိုယ့်ဦးနှောက်နဲ့သာချင့်ချိန်ပြီး ဒီလူ ငါ့ကို ကစားနေတာလား အတည်လား ဆုံးဖြတ်ပါ။

3. Withholding , Silent Punishment

“ တခုခုဆို စကားမပြောတာ
အင်း အဲ နဲ့ အကျိုးအကြောင်းလည်းမပြောပဲ ဆက်ဆံနေတာ
ပြဿနာတခုတက်ပြီးရင် ပျောက်သွားတတ်တာ


ဒါကကျ လစ်လျူရှုတဲ့နည်းနဲ့ ထိန်းချုပ်ခြင်းပါ။ ဘာမှမပြောတာက ဘာကိုပြောနေသလဲဆိုရင်

“ ငါဖြစ်စေချင်တဲ့အတိုင်းပဲပြုမူ, ဒါမှမဟုတ်ရင်ငါ့ဘက်က မနွေးထွေးနိုင်ဘူး။ ”

ဒီလိုနဲ့ပဲ တဖက်သူက မနေတတ်မထိုင်တတ်ဖြစ်လာပြီး ကိုယ်ကမမှားပဲအလျှော့ပေး တောင်းပန်လိုက်ရတာမျိုးပေါ့။

4.Love Bombing

ဒီတခုကတော့ တော်တော်လေးပညာသားပါတဲ့နည်းပါ။

မတော်တဆ manipulate လုပ်မိနေတဲ့သူတွေလည်းရှိပေမယ့် ဒီနည်းက တဖက်သူကို သေချာနားလည်ပြီး ကိုယ်လုပ်ချင်တာလုပ်လို့ရမယ့် လူတယောက်ဖြစ်လာအောင် ရေရှည်ပုံသွင်းတဲ့နည်းပါ။

ဘယ်လိုမျိုးလဲဆိုရင် relationship အစပိုင်းတွေမှာ သေချာချစ်ပေးတယ် သူများထက် အဆပေါင်းများစွာပိုချစ်တယ် ကိုယ်ဘာပြောပြောလိုက်လျောတယ်။

နောက်ကျရင် ပြဿနာအသေးတခုခုတက်တိုင်း ရုတ်တရက် ချစ်ပေးတာကိုရပ်လိုက်တယ်

တဖက်သူက ဘာလို့ပါလိမ့်ဆိုပြီး နားမလည်ဖြစ်လာပြီး “ သူက ငါ့ကို အဲ့လောက်ချစ်ခဲ့တာပဲ ဒီကိစ္စက ငါ့အမှားဖြစ်မှာ “ လို့ တွေးမိပြီး လျှော့ကြရတယ်။

ပြဿနာပြေလည်သွားရင် အရင်လိုပြန်ချစ်တယ် ပြန်ကြင်နာတယ် ဒါပေမယ့် အရင်လို 100% မဟုတ်တော့ပဲ 80% လောက်ဖြစ်သွားပြီ။

လျှော့သင့်တဲ့နေရာတွေ လျှော့လာပြီ … ထပ်ပြီးပြဿနာဖြစ်ရင် “ ငါနင့်ကို တောက်လျှောက်ချစ်လာခဲ့တာ ဘာညာလုပ်မယ် “

အဲ့လိုနဲ့ ပြဿနာပြေလည်သွားရင် 80% ကနေ 60 လောက်လျှော့မယ်။ တဖက်သူက “ ဒီတယောက်အချိုးတွေပြောင်းနေတယ် “ လို့ မြင်လာတာသတိထားမိရင် 60 ကနေ 70 လောက်ပြန်တက်ပေးမယ်။

အဲ့ဒီလိုလုပ်ရင်း နောက်ကျ တဖက်သူက ကိုယ့်ကစားချင်သလိုကစားလို့ရတဲ့သူဖြစ်လာတာပါပဲ။

*********

ဒါဖြင့် Manipulate လုပ်ခံနေရတဲ့သူတွေက relationship ကနေ ရုန်းမထွက်နိုင်ကြတာလဲ?

“ အဲ့ဒီသူရဲ့ ကောင်းတာတွေကိုမြင်နေလို့
တချိန်ချိန်မှာ ပြောင်းလဲလာရင် ကောင်းတာတွေပဲ ကျန်နေမှာပါလို့ မျှော်လင့်နေကြသေးလို့


ဒါပေမယ့် manipulation ဟာ intention မကောင်းရင် ကိုယ်ကလည်းသတိမထားမိနေဘူးဆိုရင်

ကိုယ်ချလိုက်သမျှ ဆုံးဖြတ်ချက်တိုင်းကို သံသယဝင်လာတယ်
ကိုယ့်အိပ်မက်တွေကို သူများအတွက် ပြောင်းလဲလာမိတယ်
ကိုယ့်ဘဝကိုယ် ကိုယ်တိုင်မရေးပဲ သူများပုံဖော်တာခံလာရတယ်

ဒီလိုဖြစ်တာက relationship မှာတင်မက မိသားစုမှာ အလုပ်မှာ နေရာတိုင်းမှာရှိပါတယ်။

ဒါဆို ဒီမေးခွန်းတွေ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ အချစ်ရေးမှာဖြစ်စေ မိသားစုနဲ့ သူငယ်ချင်းနဲဖြစ်စေ

“ ကိုယ်လိုအပ်တဲ့အရာတွေကို ထုတ်ပြောရမှာ ကြောက်နေတာ စိတ်ပူနေတာ တဖက်က စိတ်ဆိုးသွားမှာ စိုးရိမ်နေရလား
အချစ်ခံရဖို့ ဒါမှမဟုတ် ကိုယ်လိုချင်တာ လိုက်လျောခံရဖို့ တောက်လျှောက် ကြိုးစားနေမှရမယ်လို့ ထင်နေမိလား
ဒီဆက်ဆံရေးမှာ နေရတာ စိိတ်ကြည်လင်မှုထက် ရှုပ်ထွေးခြင်းတွေက ပိုများနေပြီလား


တကယ်လို့ မေးခွန်းတွေရဲ့ အဖြေက ဟုတ်တယ် သာဆိုရင် manipulate အလုပ်မခံရခင်က ကိုယ့်ကိုကိုယ်ကို ပြန်သတိရပြီး ဖောက်ထွက်သင့်နေပါပြီ။

ဒီတော့ တမင်တကာ လူတွေကို ကစားရတာကြိုက်တဲ့ ဆရာ့ဆရာကြီးတွေကလွဲရင် …

ချစ်တဲ့သူတွေကလည်း ကိုယ့်ချစ်သူကို မတော်တဆ manipulate မလုပ်မိနေစေဖို့လိုတယ်။

မိဘတွေကလည်း သားသမီးတွေကို သူတို့ ကိုယ်ပိုင်ဖန်တီးမှုမရှိပဲ ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ manipulate မလုပ်မိနေဖို့လိုတယ်။

ရိုးရှင်းစွာ လှည့်ဖြားခြင်းမပါတဲ့ ချစ်ခြင်းတွေနဲ့ပဲ relationship တိုင်းကို ဖြတ်သန်းဖို့လိုပါလိမ့်မယ်။ …

So, Go and love without manipulating others…

တိတ်ဆိတ်ခြင်း ၊ လှုပ်ခတ်ခြင်း ၊ ကြေကွဲခြင်း နဲ့ လူသားဆန်ခြင်း - Ran (1985)   Akira Kurosawa ရဲ့ Ran (1985) ဟာ ခမ်းနားလှတ...
10/07/2025

တိတ်ဆိတ်ခြင်း ၊ လှုပ်ခတ်ခြင်း ၊ ကြေကွဲခြင်း နဲ့ လူသားဆန်ခြင်း - Ran (1985)



Akira Kurosawa ရဲ့ Ran (1985) ဟာ ခမ်းနားလှတဲ့ ရုပ်ရှင်တခုလို့တောင် ပြောလို့မလုံလောက်နိုင်တဲ့ ရုပ်ရှင်တခုပါ . Ran ဟာ စစ်ပွဲတွေ သစ္စာတရားတွေပါတဲ့ ထုံးစံ ဂျပန်ဆာမူရိုင်းရုပ်ရှင်တခုမကပဲ ကျိုးလွယ်ပျက်လွယ်လှတဲ့ လူတွေရဲ့ ရည်ရွယ်ချက်တွေ , အဆိပ်သင့်နိုင်တဲ့ မာနတရားတွေ နောက်ပြီး ဒုက္ခရောက်နေလည်း ငေးကြည့်နေဆဲဖြစ်တဲ့ လောကရဲ့ သဘောသဘာဝတရားတွေကို ပြုစုထားတဲ့ စာတမ်းတခုလို့ပြောရင်လည်းမှားမယ်မထင်ဘူး၊

ဒီနေ့တော့ ရုပ်ရှင်ရှုထောင့်တွေမဟုတ်ပဲ ခံစားချက်တွေ နိယာမတရားတွေနဲ့ အတူဒီရုပ်ရှင်က ပြောချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေကြပါမယ်

“ ရယ်တော့ ရယ်ရသားပဲ ခရစ္စမတ်ဆိုတာ အတောက်ပဆုံးအချိန်လည်းဖြစ်နိုင်သလို အထီးကျန်ဆုံးအချိန်လည်းဖြစ်နေနိုင်တယ်မလား။”နူးညံ့ပေမ...
24/12/2024

“ ရယ်တော့ ရယ်ရသားပဲ
ခရစ္စမတ်ဆိုတာ အတောက်ပဆုံးအချိန်လည်းဖြစ်နိုင်သလို အထီးကျန်ဆုံးအချိန်လည်းဖြစ်နေနိုင်တယ်မလား။”

နူးညံ့ပေမယ့် အတည်ပြောတဲ့ လေသံနဲ့ထွက်လာတဲ့သူ့စကားပါ။

သူခပ်သဲ့သဲ့ပြုံးလိုက်တာ ကျွန်တော် သတိထားမိတယ် ၊
ဒါပေမယ့် သူ့အပြုံးက သိပ်အသက်မပါလှ ။

‘ ဘာလို့လဲ ‘

ကော်ဖီဆိုင် စားပွဲပေါ်က ခပ်မှိန်မှိန်ထွန်းထားတဲ့ မီးသီးကိုကြည့်ရင်း သူပြန်ဖြေတယ်
ဒီမီးရောင်တွေဆီက အဖြေတွေရနိုင်နေသလိုပါပဲ ။

‘ ခရစ္စမတ်ဆိုတာ မိသားစုတွေ ချစ်ရသူတွေနဲ့ တွေ့ဖို့ ကြင်နာကြဖို့ အားလပ်ရက်တခုလို့ လူတွေအမြဲပြောတယ်မလား
တကယ်လို့များ ဒါတွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ?
မိသားစုတွေ ချစ်ရတဲ့သူတွေပေါ့
မီးလှလှလေးတွေ ရောင်စုံသစ်ပင်တွေရှိနေပေမယ့်
ကျန်နေမှာက အမှတ်တရတွေပဲမဟုတ်လား’

သူ့လေသံမှာပါနေတဲ့ ကြေကွဲတဲ့အရိပ်အယောင်ကို ကျွန်တော် သတိထားမိတယ်
သူပြောနေတာ ခရစ္စမတ်အတွက်ပဲလား
ဒါမှမဟုတ် အတိတ်က အမှတ်တရတွေ မသေချာတဲ့ အနာဂတ်တွေအကြောင်းလား ဝေခွဲမရခဲ့ဘူးပေါ့လေ။

ဘာပြန်ပြောရမှန်းမသိတာနဲ့ မီးရောင်ကြားက သူ့ကိုပဲငေးကြည့်နေမိတယ်။
ဟုတ်တော့လည်းဟုတ်တယ် ။
ခရစ္စမတ်ဆိုတာ ချစ်ရတဲ့သူတွေနဲ့ တွေ့ဆုံနေရုံတော့လည်းမဟုတ်ဘူးပဲ ။
အမှတ်ရခြင်းတခုလို့လည်းဆိုရမယ်။

မရှိတော့တဲ့သူတွေ
ပြတ်တောက်သွားတဲ့ ကြိုးတွေ
ပျောက်ကွယ်သွားတဲ့ အရာရာအတွက်
တိတ်တိတ်ဆိတ်ဆိတ် အမှတ်ရနေပေးဖို့ နေ့တနေ့ဆိုလည်းမမှားဘူးပေါ့လေ။

သူ့လက်ကို ခပ်ဖွဖွပဲ ဆုပ်ကိုင်ထားလိုက်မိတယ်။
ကျွန်တော်တို့နားလည်ဖို့အတွက် သိပ်ကြီးနေတဲ့ ကမ္ဘာထဲမှာ အားခဏပေးစရာ လက်တစုံပဲဖြစ်ဖြစ်ပေါ့ ။

‘လစ်ဟာသွားတာတွေကို အမှတ်ရနေဖို့ပဲတော့လည်း ဘယ်ဟုတ်မလဲ
အခု အနားမှာရှိနေသေးတဲ့ လူတွေ ရှိနေသေးတဲ့ အရာတွေအတွက်
ရှိနေသေးကြောင်း အသိအမှတ်ပြုတဲ့ နွေးထွေးခြင်းတခုလည်း ဖြစ်နိုင်တယ်မလား’

ဒီတခါတော့ ပုံမှန်တောက်ပတဲ့အပြုံးမျိုးသူ့နှုတ်ခမ်းမှာ ပြန်တွေ့လိုက်ရတယ်။
ကျွန်တော်ပြောချင်တာကို နားလည်တဲ့အပြုံးမျိုးပေါ့ ။

အခု ဒီစာကို ရေးနေချိန် Christmas Eve မှာ ကျွန်တော်တယောက်တည်း
သူပြောခဲ့သလိုပဲ
ကျွန်တော်ဟာ အမှတ်တရတွေနဲ့ ခရစ္စမတ်ကိုဖြတ်သန်းနေရတဲ့အချိန်

ကျွန်တော့်အနားမှာ သူရှိခဲ့တာဟာ ခရစ္စမတ်တွေပဲတော့မဟုတ်
ကုန်လွန်သွားတဲ့အချိန်တွေ
အတူသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေ
အသေးအဖွဲ အမှတ်တရလေးတွေ စုံလို့ပါပဲဲ။

စာရေးနေဆဲ ဘေးနားမှာ ကော်ဖီတခွက်ကလွဲ ဘာမှမရှိနေပေမယ့်
သူ့ရဲ့အမှတ်တရတွေဟာ ကျွန်တော်ကနေတဆင့် ရှင်သန်နေဦးမှာ သိနေတာမလို့
ငြိမ်းချမ်းမှုကို ခံစားနေရဆဲပါပဲ။
သူရယ်တဲ့ပုံစံတွေ သူကြိုက်တဲ့ သီချင်းတွေ နှစ်ယောက်ကြားရှိခဲ့တဲ့အရာအားလုံးနဲ့အတူ
ခဏတာတော့
‘ဘာစာတွေရေးနေပြန်ပြီလဲ’ လို့ ဘေးနားကနေ စပ်စုနေသလိုပါပဲ။

ခရစ္စမတ်ရဲ့ တကယ့်လက်ဆောင်က ဒါဖြစ်ရင်လည်းဖြစ်နေမှာပေါ့လေ
အနားမှာရှိနေတဲ့ ရှိနေဆဲအရာတွေထက်
နှလုံးသားထဲမှာ ကျန်နေတဲ့အရာတွေအတွက်
ပြန်လည်သတိရခြင်းမျိုးပေါ့ ။

သူ့အမှတ်တရတွေအပြင် တခြားရှိခဲ့ဖူးတဲ့သူတွေ ၊ ရှိနေပေမယ့် အနားမှာမရှိနေတဲ့သူတွေ
အရာရာအတွက် သတိရပေးနေခြင်းကပဲ
ဒီညအတွက် လက်ဆောင်တခုလို့ဆိုရမှာပါပဲ ။

If you are reading this, Merry Christmas to you too.

ဒီနေ့တော့ page မှာ မတင်တာကြာပြီဖြစ်တဲ့ personality test တခုလောက် ကစားကြည့်ကြပါမယ်။ဆော့ရမှာကတော့ ရိုးရိုးလေးပါပဲ ဇာတ်လမ်း...
19/10/2024

ဒီနေ့တော့ page မှာ မတင်တာကြာပြီဖြစ်တဲ့ personality test တခုလောက် ကစားကြည့်ကြပါမယ်။

ဆော့ရမှာကတော့ ရိုးရိုးလေးပါပဲ ဇာတ်လမ်းကို ဖတ်ပြီး ရွေးချယ်မှုတခုတိုင်းမှာ ပေးထားတဲ့ point တွေကို မှတ်ထားဖို့ပါပဲ.
ရွေးချယ်မှုတွေကို ရိုးရိုးသားသားရွေးချယ်ဖို့နဲ့ ကိုယ်ကိုယ်တိုင်ပါဝင်ခံစားဖို့ကတော့အရေးကြီးပါတယ်။

Let’s begin!

The Journey to the castle

အခုကစပြီး တောင်ကုန်းတခုပေါ်မှာရှိတဲ့ ရဲတိုက်ဆီကို ခရီးထွက်တော့မယ် လူတယောက်လို့ စဉ်းစားလိုက်ပါ။
အန္တရာယ်တွေလည်းတွေ့နိုင်တယ် ထူးဆန်းတဲ့ နေရာတခုပေါ့။

၁ . မနက်စောစော ဒီခရီးကမစတင်ခင်ပေါ့ နေထွက်ခါစ သာယာတဲ့ရာသီဥတုမှာရှိနေတယ်၊
ဒီခရီးနဲ့ ပက်သက်ပြီး ဘယ်လိုခံစားရလဲ?

a. စိတ်လှုပ်ရှားတယ်. ဘာတွေကိုတွေ့ရမလဲ မစောင့်နိုင်တော့ဘူး . ( 3 points )
b. နည်းနည်းတော့ စိုးရိမ်မိတယ် ၊ ဒါပေမယ့် အဆုံးထိရောက်အောင်သွားဖို့ ဆုံးဖြတ်ထားတယ်. (2 points)
c. တည်တည်ငြိမ်ငြိမ်ပဲ ၊ အရာရာကို မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ပဲ ရှေ့ဆက်သွားမယ်. ( 1 point )
d. မသေချာဘူး ၊ အိမ်မှာနေနေတာအကောင်းသားကို မသေချာတဲ့ခရီးကို ဘာလုပ်ဖို့ထွက်နေတာလဲ. ( 0 point )

၂ . လမ်းလျှောက်နေတုန်းမှာပဲ လမ်းခွဲတခုကိုရောက်လာတယ်။ ပထမလမ်းက သေချာမမြင်နိုင်တဲ့ တောအုပ်တခုကိုဦးတည်နေတယ်​၊ ဒုတိယလမ်းက မြစ်ကမ်းဘေးကိုဦးတည်နေတယ်၊
ဘယ်လမ်းကို ရွေးမှာလဲ။

a. တောအုပ်ပေါ့ ၊ စွန့်စားခန်းတွေနဲ့စိတ်လှုပ်ရှားဖို့ကောင်းမှာပဲ . ( 3 points )
b. မြစ်ကမ်းလေ ၊ အေးအေးချမ်းချမ်းသွားရတာပဲကြိုက်တယ် . ( 2 points )
c. နေဦး မရွေးခင် သေသေချာချာ ကောင်းတာဆိုးတာ စဉ်းစားဦးမယ် (1 point )
d. ဘာလို့ဒါတွေရွေးနေရတာလဲ နောက်တောင်ပြန်လှည့်ချင်လာပြီ ၊ မရဘူးဆိုလည်း မြစ်ကွာ . ( 0 point )

၃ . လမ်းတဝက်လောက်အရောက်မှာ အသက်ကြီးကြီးခရီးသွားတယောက်နဲ့ တွေ့ပြီး သူကအကြံတချို့ပေးဖို့လုပ်တယ်။

a. သေချာနားထောင်ပြီး လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်. ( 2 points )
b. သေချာတော့နားထောင်တယ် ဒါပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ချပဲချမယ်. ( 1 points )
c. သေချာနားထောင်မယ် မသေချာတဲ့ မေးခွန်းတွေမေးမယ်် စေ့စေ့စပ်စပ်လေ့လာမယ် . ( 3 points )
d. နားထောင်မနေဘူး သူစိမ်းကို ယုံမှမယုံရတာ . ( 0 point )

၄ . ရဲတိုက်နားတော့ ရောက်လာပြီ ဒီတခါတော့ အတော်လေးမတ်စောက်တဲ့ တောင်ကုန်းတခုကိုတွေ့တယ်၊ အတော်လည်းမောနေပြီ။

a . ဒီအထိရောက်လာပြီးတော့မှ ဘာလို့ရပ်နေရမှာလဲ မရရအောင်ဆက်သွားမယ် . ( 3 points )
b. ဖြည်းဖြည်းချင်းပေါ့ အေးဆေးနားဦးမယ် မလောပါဘူး . ( 2 points )
c. ပိုလွယ်မယ့်လမ်းအရင် သေချာရှာဦးမယ်. ( 1 point )
d. နောင်တရချင်နေပြီ ဒါပေမယ့်လည်းမတတ်နိုင်ဘူး သွားမယ်ကွာ နားပြီးရင် . ( 0 point )

၅ . နောက်ဆုံးတော့ ရဲတိုက်ကိုရောက်လာပြီ တံခါးလည်းမရှိဘူး ထူးဆန်းတဲ့စာတွေပဲ နံရံပေါ်မှာတွေ့ရတယ်။

a. အခုပဲ ဒီ puzzle ကို ဖြေရှင်းဖို့ကြိုးစားမယ် . ( 3 points )
b. အေးအေးဆေးဆေး စာတွေကိုတင်မကဘူး တခြားပတ်ဝန်းကျင်ကိုပါ အရင်လေ့လာဦးမယ်. ( 2 points )
c. ရဲတိုက်မှရှိရင် လူလည်းရှိမှာပဲ အော်ခေါ်မယ်ကွာ . ( 1 point )
d. စိတ်ရှုပ်လိုက်တာကွာ အိမ်မှာပဲနေနေရင် အခုလောက်ဆို အိပ်နေရပြီ . မသိဘူး . ( 0 point )

ဒါဆို အမှတ်တွေပေါင်းကြည့်လို့ရပါပြီ.

12 - 15 : စွန့်စားတတ်သူ ။

စာဖတ်သူဟာ ရဲရင့်တယ် စူးစမ်းချင်စိတ်များတယ် မသေချာတာတွေကိုလုပ်ရတာဟာ ဘဝရဲ့အနှစ်သာရလို့သတ်မှတ်ထားတယ်။
risk ယူရမှာမကြောက်ဘူး မမျှော်လင့်ပဲကြုံရတဲ့ အရာတွေကို ပြင်ဆင်ပြီး ကြုံရတာတွေထက် ပိုကြိုက်တယ်။

8 - 11 : စေ့စေ့စပ်စပ်တွေးတတ်သူ​ ။

စာဖတ်သူက ဘဝကို တဆင့်ချင်း ဖြည်းဖြည်းချင်းပဲ သွားတယ်​ ။
လောလောလောလော မလုပ်ပဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင် အမြဲသေချာစဉ်းစားလေ့ရှိတယ်။
စိတ်ရှည်ပြီး plan ချတတ်တာကြောင့် ဘဝမှာ စွန့်စားခန်းတွေထက် အတော်များများက ကိုယ်ထင်တဲ့အတိုင်းပဲဖြစ်လာလေ့ရှိတယ်။

4 - 7 : အေးအေးဆေးဆေး ဖြတ်သန်းတတ်သူ ။

စာဖတ်သူက စိတ်အေးချမ်းခြင်းကို အရာရာထက်ပိုမြတ်နိုးတယ် ။
အတိုက်အခံတွေ အခန့်မသင့်ကြုံရတာတွေထက် ဘဝကို ရိုးရိုးပဲနေချင်တယ် ။
ပတ်ဝန်းကျင်ကို ကူညီတတ်သူဖြစ်ပြီး အကြံပေးကောင်းသူတယောက်လည်းဖြစ်တယ်။

0 - 3 : စိုးရိမ်တတ်သူ ။

စာဖတ်သူက risk ယူရတာမကြိုက်ဘူး ။
ဘဝမှာ သက်တောင့်သက်သာ ဖြစ်တဲ့နေရာတခုကိုရောက်ပြီဆိုရင် ဒီထက်ပိုမတိုးတက်လည်းနေ ဒီနေရာမှာပဲရှိချင်တယ်။
ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းရှိပြီး သေချာတဲ့နေရာတခုမှာပြ အမြဲနေချင်တဲ့သူတယောက်ဖြစ်တယ်။

And ,, that’s all.

Personality test တွေရဲ့ထုံးစံအတိုင်းပဲ average ဖြစ်တဲ့အတွက် လူတိုင်းအတွက်လည်း မှန်ချင်မှမှန်မှာပါ ။
Page မှာ စာမရေးတာနှစ်နဲ့ချီနေပြီမလို့ like and share လုပ်သွားကြပါဦး ။ ကျေးဇူးတင်ပါတယ်​။

ဖုန်း screen ကို ငေးကြည့်နေမိတဲ့ အချိန်တွေ , keyboard အပေါ်လက်ထောက်ထားရင်း ဒီစာကိုပို့ရင်ကောင်းမလား မပို့ရင်ကောင်းမလား စ...
18/10/2024

ဖုန်း screen ကို ငေးကြည့်နေမိတဲ့ အချိန်တွေ , keyboard အပေါ်လက်ထောက်ထားရင်း ဒီစာကိုပို့ရင်ကောင်းမလား မပို့ရင်ကောင်းမလား စဉ်းစားနေမိတဲ့အချိန်တွေရှိဖူးလား?

ဘယ်နှစ်ခါပဲ နာကျင်နေရပါစေ လူတွေဟာ အမှတ်မရှိထပ်ကြိုးစားကြတယ် ဟုတ်?

နှလုံးသားတွေဟာ ကွဲပြီးရင်ပြန်ဆက်နိုင်အောင် ဖြစ်တည်နေသလို ၊
ငလျင်ဲဒဏ်တွေကြောင့် ပြိုကျပြီးရင် မြန်မြန်ပဲ ပြန်တည်ဆောက်နိုင်အောင် ဖန်တီးထားတဲ့ ဂျပန်အိမ်တွေလို ၊
နောက်ကို ပြန်ဆုတ်သွားပေမယ့် ကမ်းခြေကိုပြန်ရောက်ရောက်လာတတ်တဲ့ လှိုင်းတွေလိုပေါ့။

တကယ်တော့ အချစ်ဆိုတာ နာကျင်ရတာမှန်ပေမယ့် မပါဘူးဆိုရင်လည်း ဘဝဆိုတာ နေ့စွဲတွေကိုစုထားတဲ့ collection တခုလိုပဲဖြစ်နေမှာပဲ။

ကိုယ်တိုင်လည်း အချစ်ဆိုတာ ရိုးရိုးလေးပါပဲလို့တွေးခဲ့ဖူးတယ်။
ခပ်တိုးတိုးလိုက်ငြီးလို့ရတဲ့ ရိုးရှင်းတဲ့ သီချင်းတပုဒ်လိုပေါ့။
ဒါပေမယ့်လည်း အခုမှသဘောပေါက်လာတာက အနိမ့်အမြင့်အတက်အကျများပြီး လိုက်ဖမ်းလို့မရတဲ့ မယ်လိုဒီတခုဆိုတာပဲ။

လူတယောက်နဲ့ဆုံမိတယ် ၊ ချစ်မိတယ်​ ။
ကြည်နူးစရာတွေ butterflies နဲ့ fireworks တွေပဲလိို့ထင်ရင်မှားမယ်။
ငြင်းခုန်ခြင်းတွေကနေ တိတ်ဆိတ်ခြင်းတွေဖြစ်သွားတတ်တဲ့ သန်းခေါင်ယံ conversation တွေ
Reply မလာလို့ negative အတွေးများစွာနဲ့ အချိန်ကုန်ခဲ့ရတဲ့ ညတွေ
ငါ ချစ်တာက ပိုနေတာလား ဒါမှမဟုတ် လိုနေတာလား ဝေဝါးခဲ့တဲ့အချိန်တွေ စုံလို့ပါပဲ။

ဒါပေမယ့်လည်း ဒါကပဲ အချစ်ဆိုတာကို သက်သေပြနေတာပဲမဟုတ်လား
အချစ်ဆိုတာ perfect မဟုတ်
ရှုပ်ထွေးတယ် လိုအပ်ချက်တွေများတယ် မသေချာမရေရာတာတွေ အကြောက်တရားတွေနဲ့စုဖွဲ့ထားတဲ့ အရာတခုဆိုလည်းမှားမယ်မထင်။

ဒါပေမယ့် မျှော်လင့်ခြင်းတွေလည်း အချစ်မှာမနည်းပါဘူး။
အနာဂတ်မှာ သူနဲ့ဆိုရင် ဘယ်လိုဆိုပြီး စိိတ်ကူးယဉ်မိတဲ့ ညတွေ
အတူသွားချင်တဲ့ နေရာတွေ အတူအချိန်ဖြုန်းချင်တဲ့ အရာတွေ စတာတွေပါတဲ့ မျှော်လင့်ခြင်းတွေ၊

အဲ့ဒီ မျှော်လင့်ချက်တွေ ကြောင့်ပဲ ကိုယ်တို့တွေ ဒီနေရာကို ပြန်ရောက်လာကြတာပဲ။

နာကျင်ရရင်တောင် ချစ်နေရတဲ့အလှတရားက သပ်သပ်ရှိတယ်
တခါချစ်မိလိုက်တိုင်း အရှေ့ကို နည်းနည်းတိုးလာတယ် နည်းနည်းပိုပြီး ရင့်ကျက်လာတယ်
အချစ်က ကိုယ်တွေကို တခြားဘယ်အရာနဲ့မှမတူပဲ ပုံသွင်းနိုင်တယ်
စောင့်နေရတာတွေ စိတ်ရှည်ရတာတွေ
လက်လွှတ်ပေးလိုက်ခြင်းနောက်က အလှတရားတွေ
ဆက်ပြီး ချစ်နေဖို့အတွက် လိုအပ်တဲ့ ခွန်အားတွေ ၊ စုံလို့ပါပဲ။

ဒါပေမယ့်လည်း မခံမရပ်နိုင်အောင် ဖြစ်လာတဲ့ အချိန်တွေရှိလာလိမ့်မယ်
ထာဝရလို့သတ်မှတ်ထားတဲ့ အရာတွေ ပြိုကျသွားတဲ့ အခါ အရာရာဆုံးရှုံးသွားရတဲ့ ခံစားချက်တွေ ရှိလာလိမ့်မယ်
ဒါပေမယ့်လည်း အမှတ်မရှိထပ်ပြီး ကြိုးစားနေကြသေးတာပဲလေ။

ဘာဖြစ်လို့လည်းဆို
ပြိုကျသွားတဲ့အတိတ်တွေကနေ ပိုခိုင်ခံတဲ့ အနာဂတ်တွေကို ဆောက်ဖို့ အခွင့်အရေးရှိသေးတယ် လို့ ယုံကြည်နေကြသေးလိုပဲ။

ချစ်ရတာ စက်ဘီးစီးသင်ရသလိုပဲလို့ ပြောဖူးပါရဲ့
လဲကျတဲ့ အကြိမ်တွေ
ပွန်းပဲ့နေတဲ့ လက်တွေ ဒဏ်ရာတွေကြားထဲက
တချိန်တော့ လိုအပ်တဲ့ balance ကိုရှာတွေ့မှာပါလို့ ယုံကြည်တတ်ကြတဲ့ လူတွေရဲ့ မျှော်လင့်ချက်ပေါ့။

ဒီတော့ ထပ်ပြီးကြိုးစားဖို့ တန်ရဲ့လား လို့တွေးမိနေရင် တန်တယ်လို့ပဲ ကိုယ်ကတော့ပြန်ဖြေမိမယ်။
နှလုံးသား တံခါးတွေကို ဖွင့်ပေးလိုက်တဲ့ အချိန်တိုင်းဟာ
အရမ်းလှပတဲ့အရာတွေဝင်လာဖို့ အခွင့်အရေးရှိနေလို့ပဲ။

ဒီတကြိမ်တော့ မျက်ရည်တွေနဲ့ အဆုံးသတ်ရတဲ့ ဇာတ်သိမ်းမျိုးလည်း ဖြစ်ချင်မှဖြစ်မှာပေါ့။
ဒီတကြိမ်တော့ ကိုယ်တို့အမြဲ ရှာဖွေနေတဲ့ အိမ် နဲ့တူတဲ့ ရင်ခွင်ဖြစ်ချင်လည်းဖြစ်မှာပေါ့။

မဖြစ်နေရင်တောင်မှ
လက်ရှိကိုယ်တို့တွေနဲ့ အတိတ်က ကိုယ်တို့တွေ မတူတော့ဘူး
ပိုသန်မာနေ ပိုရင့်ကျက်နေတဲ့ လူတွေဖြစ်နေကြပြီပဲမဟုတ်လား။

ဒီတော့ နာကျင်ခြင်းတွေကြားထဲက ဆက်ချစ်နေတဲ့ လူတွေအတွက်
အက်ကွဲလိုက် ပြန်ဆက်လိုက်ဖြစ်နေတဲ့ နှလုံးသားတွေအတွက် စာတပုဒ်ပဲဆိုကြပါစို့။

အချစ်စစ်နဲ့ ထိုက်တန်ဖို့က ထပ်ပြီးမကွဲအက်နိုင်တော့တဲ့ နှလုံးသားပိုင်ဆိုင်ထားတဲ့ သွေးအေးတဲ့ လူဖြစ်နေဖို့မလိုပါဘူး။
ဆက်ကြိုးစားနေဖို့ သတ္တိရှိတဲ့သူဖြစ်ဖိို့ပဲ လိုတာပါပဲ။

Relationship တွေနဲ့ ပက်သက်လာတဲ့ အခါ timing ဆိုတဲ့အရာဟာ ကိုယ်တို့တွေ သေသေချာချာနားမလည်နိုင်တဲ့ အရာလို့ပဲဆိုရမလား။ကိုယ်တို...
29/06/2024

Relationship တွေနဲ့ ပက်သက်လာတဲ့ အခါ timing ဆိုတဲ့အရာဟာ ကိုယ်တို့တွေ သေသေချာချာနားမလည်နိုင်တဲ့ အရာလို့ပဲဆိုရမလား။

ကိုယ်တို့ အိပ်မက်ထဲက သူကို သူ နိုင်ငံခြားမသွားခင် တပတ်လောက်အလိုမှာ တွေ့မိတာမျိုး
အခြား relationship ရှိပြီးသားသူတယောက်နဲ့ သိပ် အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံမှုမျိုးရှိလာကြတာမျိုးပေါ့။

တခါတလေမှာ ကိုယ်က အဆင်သင့်မဖြစ်သေးလို့ အဆုံးသတ်လိုက်ရတာမျိုူးတွေရှိသလို
တချို့အချိန်တွေမှာတော့ သူကအဆင်မပြေသေးလို့ ပြီးဆုံးသွားတာမျိုးတွေကောပေါ့။

ကိုယ်တို့ သူငယ်ချင်းတွေကို ရင်ဖွင့်ကြတယ် မလား။
တကယ်လို့ များ နှစ်အနည်းငယ်လောက်သာ စောပြီးကိုယ်တို့တွေ့ခဲ့ရင်
နည်းနည်းလောက်များ နောက်ကျပြီးသာတွေ့ခဲ့ရင်ကောင်းမှာပဲဆိုတဲ့ စကားမျိုးတွေပေါ့။

အချိန်ဟာ relationship တွေမှာ ခန့်မှန်းမရတဲ့ တတိယလူဖြစ်နေတယ်
ဒါပေမယ့် ဒါဟာဘာကြောင့်လဲဆိုတာ ကိုယ်တို့အဖြေရှာဖို့လည်း မကြိုးစားခဲ့ကြဘူးပဲလေ။

အချိန်ကိုက်ဖြစ်ခြင်းမဖြစ်ခြင်းဟာ နားလည်ရခက်တယ် ဒါပေမယ့် ကိုယ်တို့ခွင့်ပြုနေလို့သာပါ။

တို့တွေလက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတခု ကိုယ်ပြောပြမယ်။

‘ အချိန်မှားပြီးတွေ့ခဲ့တယ်လို့ ကိုယ်တို့ ယူဆတဲ့သူတွေဟာ တကယ်တော့ wrong people တွေပါပဲ ’

စစ်မှန်တဲ့ သူတွေကို ကိုယ်တို့တွေ ဘယ်တော့မှ အချိန်မှားပြီးမတွေ့ဘူး
ဘာလို့ဆို စစ်မှန်တဲ့သူတွေဟာ အချိန်နဲ့တိုင်းတာလို့မရလို့ပဲ။

စစ်မှန်တဲ့ လူတွေဟာ ကိုယ်တို့ချထားတဲ့ plan တွေကို ဖျက်ပြီး သူတို့အတွက် လမ်းကြောင်းတခု ဖောက်ပေးချင်စိတ်ဖြစ်လာစေတယ်။
စစ်မှန်တဲ့ သူသာဆို သူနဲ့ အတူရှိချင်မရှိချင် ကိုယ်တို့ စဉ်းစားနေဖို့လည်းမလိုဘူးလေ ၊
ရှိချင်တယ်ဆိုတာ အလိုအလျောက်သိနေတာမျိုးပေါ့။

စစ်မှန်တဲ့သူသာ ကိုယ်တို့အနားမှာရှိနေရင် အဲ့ဒီသူကိုထားသွားပြီး စွန့်စားခန်းတွေဖွင့်ဖို့ ကိုယ်တို့ တွေးမိမှာမဟုတ််ဘူး
ဘာလို့ဆို သူတို့မပါတဲ့ စွန့်စားခန်းတွေဟာ သူတို့နဲ့အတူရှိရတဲ့ အေးချမ်းခြင်းတွေရဲ့ တဝက်တောင်မမှီတာ ကိုယ်တို့သိလို့ပဲပေါ့။

စစ်မှန်တဲ့ သူအတွက် ကိုယ်တို့တွေ အချိန်ဇယားဆွဲနေဖို့လည်းမလိုဘူး
ဘာလို့ဆို သူတို့နဲ့ရှိနေရတဲ့ ဘဝဟာ ကိုယ်တို့ရဲ့ အချိန်ဇယားတခု ဖြစ်လာလို့ပဲ။

စစ်မှန်တဲ့သူသာအနားမှာရှိရင် ကိုယ့်အတွက်အပျော်တွေကို တကူးတကစဉ်းစားနေစရာမလိုဘူး
ဘာလို့လဲဆို သူတို့နဲ့ရှိနေရတာဟာ ကိုယ့်အတွက် ပျော်စရာတွေ ဖြစ်လာတဲ့မလို့ပဲပေါ့။

စစ်မှန်တဲ့သူတွေဟာ ကိုယ်တို့ အိပ်မက်တွေအရှေ့မှာ အတားအဆီးမဖြစ်ဘူး။
မလိုလားအပ်တဲ့ ရွေးချယ်မှုတွေဖြစ်လာအောင် တွန်းအားမပေးဘူး။
ကိုယ်တို့ပိုကြိုးစားအောင် ပိုလှပတဲ့ အိပ်မက်တွေမက်အောင်ပဲ တွန်းအားပေးတယ်။
ကိုယ့်မှာရှိတဲ့ ကောင်းကွက်တွေကို ပိုအရောင်တက်လာစေတယ်
ဘယ်လောက်ကြီးမားတဲ့ တောင်ပဲဖြစ်စေ အတူ တက်ချင်ကြတယ်။

စစ်မှန်တဲ့သူဟာ မင်းအချိန်လိုသလောက်ယူ ဂရုမစိုက်ဘူး။
စစ်မှန်တဲ့သူနဲ့သာဆိုရင် တကမ္ဘာလုံးက အချိန်တွေကို မင်းအပိုင်ရနေမှာပဲ။

စစ်မှန်တဲ့သူနဲ့သာတွေ့ရင် အချိန်ကိုအပြစ်တင်မနေပဲ ကိုယ့်တို့ကိုယ်တိုင် အချိန်ကို ဖန်တီးကြတယ်။

ဒီတော့ အမှန်တရားကဘာလဲ?

တယောက်ယောက်က အချိန်ကိုက်တွေ့ခဲ့ခြင်းမတွေ့ခဲ့ခြင်းကို အပြစ်တင်နေပြီဆိုရင်
ဖြစ်နိုင်တာက သူဒီတိုင်း စစ်မှန်တဲ့သူနဲ့မတွေ့ခဲ့တာပါပဲ။

ဒီတော့ တချိန်ချိန်မှာ အချိန်ကိုအပြစ်တင်စရာမလိုတဲ့ အချိန်ကိုထည့်စဉ်းစားစရာမလိုတဲ့ သူမျိုးနဲ့ ကိုယ်တို့ တွေ့ကြရမှာပဲ။
ဒီလိုပဲ ကိုယ်တို့ မျှော်လင့်ရတာပေ့ါ။



The truth about meeting someone at the wrong time.

This is me letting you go - by Heidi Priebe.

ကိုယ့်ကို မေ့သွားမှာ လျစ်လျူရှုခံရမှာ ကြောက်ရွံတဲ့ ဖြစ်စဉ်ကို athazagoraphobia လို့ခေါ်ပါတယ်။phobia တွေရဲ့ထုံးစံအတိုင်းပ...
12/07/2023

ကိုယ့်ကို မေ့သွားမှာ လျစ်လျူရှုခံရမှာ ကြောက်ရွံတဲ့ ဖြစ်စဉ်ကို athazagoraphobia လို့ခေါ်ပါတယ်။
phobia တွေရဲ့ထုံးစံအတိုင်းပဲ သာမန်ကြောက်ရွံ့ရုံမဟုတ်တာကိုတော့ သတိပြုရမှာပါ။
သူ့ရဲ့ နာမည်ကတော့ ဂရိကလာတာပါ။

athazagoraphobia ဖြစ်နေတဲ့သူတွေဟာ အမေ့ခံရမှာ ချန်ထားခံရမှာ ( အပြင်သွားရင် ကိုယ့်ကို မခေါ်မှာမျိုး ) လျစ်လျူရှုခံရမှာတွေကို ပုံမှန်မဟုတ်တဲ့ ကြောက်ရွံ့ခြင်းတွေနဲ့ ကြောက်ကြပါတယ်။

သူတို့တွေဟာ အချိန်တိုင်းလိုလိုမှာ သူငါ့ကို မေ့သွားရင်ဘယ်လိုလုပ်မလဲ ၊ ငါကကော သူ့ကိုမေ့သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေဝင်ပြီး ကယောင်ခြောက်ခြား ဖြစ်နေတတ်ကြပါတယ်။

ဒီလိုကိစ္စမျိုးကို သာမန်ကြောက်ရွံ့လေ့ရှိတာက ဖြစ်တတ်ပေမယ့် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ well being ကိုထိခိုက်လာတဲ့အထိဖြစ်လာရင်တော့ phobia လို့ပဲဆိုရမှာပါ။

လူတွေနဲ့ ဆက်ဆံတဲ့အခါတွေမှာ အလုပ်လုပ်တဲ့အခါတွေမှာ athazagoraphobia သမားတွေဟာ သူတို့ပြောတဲ့စကားကို တဖက်သူမေ့သွားမှာ သူတို့လုပ်တဲ့အလုပ်ကို အသိအမှတ်ပြုမှုမရမှာ သူတို့ရဲ့ဖြစ်တည်မှုကို မေ့သွားမှာ အကြောက်လွန်နေတတ်တာကြောင့် အလုပ်မတွင် ဖြစ်တတ်ကြပါတယ်။

အခုလို social media ခေတ်ကိုရောက်လာတဲ့အခါမှာ athazagoraphobia သမားတွေဟာ notification တက်လာမလား အမြဲစစ်နေတာတွေ react နေကျလူတွေ react မလုပ်ရင် စိတ်ရှုပ်ထွေးတာ စိတ်ဓာတ်ကျတာတွေဖြစ်တတ်ပါသေးတယ်။

athazagoraphobia တွေဟာ တခုခုကြောင့် memory loss ဖြစ်မှာ ကိုယ့်အနားကလူတွေလည်း ရောဂါတခုခုကြောင့် memory loss ဖြစ်ပြီးကိုယ့်ကို မေ့သွားမှာလည်း ကြံဖန်တွေးပူနေတတ်ကြပါသေးတယ်။ အလကားနေ ကားတိုက်ပြီး အတိတ်မေ့သွားမှာ ကြံဖန်ကြောက်နေတာမျိုးပါ။

အကြီးဆုံးပြဿနာကတော့ relationship တွေမှာပါ။
အမြဲတမ်းလိုလို သူငါ့ကို မေ့သွားရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးတွေက relationship မှာ မပျော်ရွှင်ရပဲ နှစ်ယောက်လုံးကို ပိုပြီးစိတ်ဒုက္ခရောက်စေပါတယ်။
ဖုန်းဆက်နေကျ အချိန်တွေဖုန်းမဆက်ရင် မေ့သွားပြီဆိုပြီး တယောက်တည်း ရူးသလိုလိုဖြစ်နေတာမျိုးပေါ့။
ဒီတော့ ကိုယ်က athazagoraphobia ဖြစ်နေတဲ့သူနဲ့ လက်တွဲနေတဲ့သူဆို အများကြီး support ပေးရပါတယ်။
ပညာရှင်တွေနဲ့ တိုင်ပင် ကုသတာမျိုးလည်းလုပ်သင့်ပါတယ်။

ပုံမှန်တော့ phobia တွေဟာ ၁၀၀ ရာနှုန်းပျောက်တဲ့ဆေးမရှိပေမယ့် exposure therapy နဲ့ CBT လိုအရာတွေကတော့ အများကြီးကူညီပေးနိုင်ပါတယ်။

phobia တွေဟာ NIMH(National institute of mental health) ရဲ့ စစ်တမ်းအရ အမေရိကန်လူဦးရေရဲ့ 7-9% လောက်မှာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဒါကြောင့် athazagoraphobia မှမဟုတ် phobia တွေဟာဖြစ်လေ့ရှိပါတယ်။
မြန်မာမှာတော့ တသက်လုံးဒီတိုင်းနေသွားကြတာ၊ တနည်းနည်းနဲ့ ပျောက်သွားကြတာတွေက ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုလုပ်တာထက် ပိုများမယ်လို့ထင်ပါတယ်။

သင်က တခုခုကို ကြောက်ရွံ့တယ်၊ အဲ့ဒီကြောက်ရွံ့ခြင်းက တောက်လျှောက်ဖြစ်လာတယ် လူနေမှုကို ထိခိုက်လာတယ်ဆို ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

ချစ်မိဖို့ ဘယ်လောက်ကြာသလဲဆိုတာကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ဒါပေမယ့် မေ့ပစ်ဖို့ကကော ဘယ်လောက်ကြာလဲ?ဒီအကြောင်းကို ကျွန်တော်...
09/07/2023

ချစ်မိဖို့ ဘယ်လောက်ကြာသလဲဆိုတာကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။
ဒါပေမယ့် မေ့ပစ်ဖို့ကကော ဘယ်လောက်ကြာလဲ?

ဒီအကြောင်းကို ကျွန်တော် တမင်မရေးခဲ့တာပဲပြောရမှာပါ။
ဘာလို့လဲ? အရမ်းကွဲပြားလို့ပါ။

လူတယောက်ရဲ့ relationship ဆိုတာက အဲ့ဒီလူရဲ့ဘဝမှာ unique ဖြစ်နေတဲ့ အတွေ့အကြုံတခုပါ။
ကိုယ်နဲ့ ခံစားခဲ့ရပုံ ဖြတ်သန်းခဲ့ရပုံတူတဲ့ အခြား relationship ဆိုတာမရှိသလောက်ပါပဲ။

ဒီနေရာမှာ " မေ့ " တယ်ဆိုတဲ့အကြောင်းကိုနည်းနည်းပြောဖို့လိုသေးတယ်။
တကယ်တော့ relationship တခု နဲ့ တဖက်သူကို မေ့ပစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အမှတ်တရတွေက ကျန်နေသေးတာပါပဲ။
မေ့ချင်ယောင်ဆောင်နေလည်း တချိန်ချိန်မှာ ပြန်ပေါ်လာတတ်တဲ့ အရာတွေပေါ့။

ဒီတော့ မေ့တာထက်ဖြစ်ခဲ့တာကိုလက်ခံပြီး ကိုယ့်ဘဝမှာ အနှုတ်ပြစေတဲ့ ခံစားချက်တွေမကြာမကြာမဖြစ်အောင် နေနိုင်တာကိုပဲ move on လုပ်တယ်လို့ဆိုရမှာပါ။
တိုက်ဆိုင်လို့ သတိရလာလည်း ဪ ငါ့ဘဝမှာ ဒီအမှတ်တရတွေရှိခဲ့ဖူးတာပဲ ဆိုတဲ့ခံစားချက်ကလွဲပြီးဘာမှမဖြစ်တော့အောင်ပေါ့။

study တွေ survey တွေအများကြီးလုပ်ခဲ့ကြပေမယ့် အတော်လေးကို ကွာခြားတဲ့ ရလဒ်တွေပဲပြန်ထွက်ပါတယ်။
ပုံမှန်တော့ ၅ပတ်လောက် ကနေ 18 လလောက်အထိကြာတတ်တယ်ဆိုပေမယ့်လည်း နှစ်ပေါင်းများစွာ၊ တခါတလေမှာ တသက်လုံးအထိ ကြာတတ်ကြပါတယ်။

လူရဲ့ စိတ်အမူအကျင့် စရိုက် relationship ရဲ့ကြာချိန်နဲ့ ဘယ်လောက် စိတ်ပိုင်းဆိုင်ရာမြှုပ်နှံခဲ့လဲဆိုတာက move on လုပ်တဲ့နေရာမှာ အများကြီးအရေးပါပါတယ်။

- စိတ်ပိုပြီး နှစ် ခဲ့လေလေ အချိန်ပိုကြာလေလေ။

ပေါ့ပေါ့ပါးပါးပဲ တွဲကြပြတ်ကြတဲ့သူတွေမှာတော့ ဒါမျိုးရှိမှာမဟုတ်ပေမယ့် တချို့လူတွေကတော့ relationship တခုမှာ အများကြီး စိတ်နှစ်လေ့ရှိကြပါတယ်။
တချို့သူတွေရှိတယ်၊ တွဲခဲ့တာက လပိုင်းတင် move on ဖို့တော့ နှစ်ပေါင်းများစွာကြာနေတာမျိုး။
ဒီလိုလူတွေက relationship တခုကို စိတ်တခုလုံး ဘဝတခုလုံးနှစ်ပြီး အတည်သဘောထားကြတဲ့သူတွေပါ။
စိတ်အရမ်းနှစ်ထားတော့ relationship ဟာ သူတို့ဘဝရဲ့ တစိတ်တပိုင်းဖြစ်လာတယ်။
တဖက်သူထွက်သွားချိန်မှာ တခြားသူထွက်သွားတယ်ဆိုတာထက် ဘဝရဲ့ အရေးကြီးတဲ့အရာတခုဆုံးရှုံးလိုက်ရသလိုခံစားတတ်ကြရလို့ move on ဖို့လည်းအများကြီးကြာတတ်ပါတယ်။

တခြားသော ပြတ်ဆဲရခြင်းရဲ့ အမှားတွေ၊ break up အပေါ် ‌ယောက်ျားနဲ့ မိန်းမကြား ခံယူချက်နဲ့ စရိုက်ကွာခြားမှုတွေ ( နောက်မှသပ်သပ်‌ရေးပါဉီးမယ်။ ) ဒါတွေလည်းအများကြီးရှိပါတယ်။
အဓိကကတော့ move on ရတာမလွယ်လှဘူးဆိုတာပါပဲ။

ဒါပေါ့ move on ဖို့တခြားသူတွေပေးနေကြအကြံတွေဖြစ်တဲ့ self care တွေ အလုပ်များအောင်နေတာတွေ ပြောလို့ရတယ်။
ဒါပေမယ့် တယောက်နဲ့တယောက်ကမတူပါဘူး ပြတ်ပြီး နောက်နေ့ နောက်တယောက်ရသွားတဲ့သူတွေလည်းရှိသလို သေတဲ့အထိ တသသ လွမ်းဆွတ်နေတဲ့သူတွေလည်းရှိတာပါပဲ။
တခြားသူက guide ပေးလို့ပဲရမယ် ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရမှာပါ။

ကိုယ်တိုင်အနေနဲ့လည်း move on ပြီးအထိုင်ကျပြီး အေးချမ်းသွားသူတွေအများကြီးတွေ့ဖူးသလို လူတချို့ကိုလည်း ကူညီပေးခဲ့ဖူးပါတယ်။

နောက်ဆုံးတော့ relationship ကော break up ကောဟာ ဘဝမှာ အ‌ရေးပါတဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေလို့ပဲ ဆိုရမှာပါပဲ ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Polymaths' Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Polymaths' Society:

Share