အထက.ခွဲ.အလက-၁၀ ရွှေပေါက္ကံကျောင်းသားများသမဂ္ဂ

  • Home
  • Myanmar
  • Yangon
  • အထက.ခွဲ.အလက-၁၀ ရွှေပေါက္ကံကျောင်းသားများသမဂ္ဂ

အထက.ခွဲ.အလက-၁၀ ရွှေပေါက္ကံကျောင်းသားများသမဂ္ဂ Political

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ
14/10/2024

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ

08/07/2024

◾️ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများ က အထွေထွေအကျပ်အတည်းဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၈

ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၈ရက်နေ့မှာ ရန်ကုန်မြို့ လိုင်းကားတစီးပေါ်တွင် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ဆန့်ကျင်ရေး နှိုးဆော်သည့် အသံဖိုင်ဖွင့်ကာ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။


#ဆဲဗင်းဂျူလိုင်

#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး

04/06/2024

🙏 အသိပေးကြေညာခြင်း 🙏

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ်အနေနဲ့ ရန်ပုံငွေအဖြစ် အင်္ကျီ၊ ရင်ထိုးနဲ့ လွယ်အိတ်တွေကို ၂၀၂၄ ခုနှစ် မေလ (၈)ရက်နေ့က စတင်ပြီးရောင်းချခဲ့ပါတယ်။

ကျနော်တို့မှာရှိနေတဲ့ ရန်ပုံငွေက အင်မတန်နည်းပါးတဲ့အတွက် ပစ္စည်းအနည်းအကျဉ်းကို အကန့်အသတ်နဲ့သာ ရောင်းချဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ သို့သော်လည်း ဗကသများအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံပေးကြတဲ့ မိဘပြည်သူတွေ မိတ်ဆွေရဲဘော်တွေရဲ့ အားပေးဝယ်ယူမှုတွေကြောင့် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေက အချိန်တိုအတွင်း ပြတ်တောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့လူထုလက်ဝယ် ပိုမိုရောက်ရှိစေရေးရည်ရွယ်ပြီး ပစ္စည်းမှာယူမှုတွေကို ကျနော်တို့အနေနဲ့ ဆက်လက်လက်ခံခဲ့ပြီး ဆက်လက်ထုတ်လုပ်နိုင်ဖို့ကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။

ကျနော်တို့ရဲ့အခက်အခဲက အထက်မှာတင်ပြခဲ့သလို ရန်ပုံငွေ အားနည်းတဲ့အတွက် ပစ္စည်းတွေ ဆက်လက်ထုတ်လုပ်ရာမှာ အကန့်အသတ်နည်းနည်းနဲ့ပဲ တသုတ်ပြီးတသုတ် ထုတ်လုပ်နေရပါသည်။ မှာယူသူအားလုံးအတွက် ပစ္စည်းအရေအတွက်ကို ထုတ်လုပ်ဖို့အရင်းအနှီး နည်းပါးတာကြောင့် ကျနော်တို့မှာလည်း ပို့ဆောင်သင့်တဲ့အချိန် မပို့ပေးနိုင်ဘဲ ကြန့်ကြာမှုတွေဖြစ်ပေါ်နေပါတယ်။ အမြန်ဆုံး ပေးပို့ပေးနိုင်အောင်လည်း ကျနော်တို့ ကြိုးစားနေကြပါတယ်။

ပစ္စည်းမှာယူသူတွေကို အစဉ်အလိုက် ပို့ဆောင်ပေးနေတာဖြစ်တဲ့အတွက် ပစ္စည်းမှာယူထားတဲ့ မိတ်ဆွေရဲဘော်တွေအနေနဲ့ အချိန်ကြန့်ကြာမှုကို သည်းခံပြီး နားလည်စောင့်ဆိုင်းပေးကြဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။

တော်လှန်ရေးသစ္စာဖြင့်
ABFSU Fundrising

#ဗကသ #ရန်ပုံငွေ

ဗကသများအဖွဲချုပ်နှင့် မဟာမိတ်များက မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှ...
04/06/2024

ဗကသများအဖွဲချုပ်နှင့် မဟာမိတ်များက မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇွန် ၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသများအဖွဲချုပ်) နှင့် တာမွေသပိတ်ကော်မတီ(Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ်(Youth For New Society)၊ Mayangone Democratic Front(MDF)၊ Kyimyindaing Networks(KMD18)၊ လင်းရောင်နီ(လူငယ်အဖွဲ့အစည်း)၊ Owl Community တို ပူးပေါင်း၍ “မတရားစစ်မှုထမ်းဥပဒေ ကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရား စစ်မှုထမ်း ဥပဒေ ဖျက်သိမ်းရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇွန်လ ၄ ရက်နေ့၌ ရန်ကုန်မြိုတွင် ပြုလုပ်ခဲ့ပါသည်။

“မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ”

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲချုပ်
#ဗကသ #လှုပ်ရှားမှု

08/05/2024

ဗကသများအဖွဲ့ချုပ် (၈၈) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၈ ရက်

တော်လှန်ရေးရဲဘော်များနဲ့ မိဘပြည်သူများခင်ဗျာ …
ရှေးဦးစွာ တော်လှန်ရေးရဲဘော်များနဲ့ တော်လှန်ရေးရဲ့ ထောက်တိုင်တခုအဖြစ် ရပ်တည်ပေးနေကြတဲ့ မိဘပြည်သူတွေအားလုံးကို အလေးနီပြုအပ်ပါတယ်။
ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူလူထုက မွေးထုတ်ပေးခဲ့တဲ့ ပြည်သူ့ရင်သွေးတွေ ပြည်သူလူထုအကျိုး သယ်ပိုးရာ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ခံ ဘဝမှာလည်း ပြည်သူလူထုအင်အားနဲ့ပဲ တိုက်ပွဲဝင် အောင်ပွဲဆင်ခဲ့သလို၊ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေမှာလည်း ပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတာဟာ ဒီကနေ့ဆိုရင် (၈၈) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဖိနှိပ်သွေးစုပ်နေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ဒီကနေ့အချိန်မှာ ပြည်သူအပေါင်းရဲ့ နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်မှုကို ခံနေရပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတို့ လက်တွဲပြီး ဖက်ဆစ်စစ်တပ်ကို အကြီးမားဆုံးထိုးနှက်မှုတွေ ဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုမထောက်ခံဘဲ ဘယ်လိုနိုင်ငံရေးအဖွဲ့အစည်းမှ မရပ်တည်နိုင်ပါ။ ဖက်ဆစ်စစ်တပ်လည်း ရပ်တည်နိုင်မှာမဟုတ်ပါ။ ပြည်သူလူထုကသာ သမိုင်းကို ဖန်တီးတာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး ရှေ့တလှမ်းတိုးနိုင်ဖို့အတွက် ဘာလုပ်ကြမလဲဆိုတာကို ဝိုင်းဝန်းကြံဆကြဖို့ မဟာမိတ်တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကလည်း အဖိနှိပ်ခံလူထု လွတ်မြောက်ရေးရသည်အထိ ပြည်သူနဲ့အတူ တသားတည်းရပ်တည်သွားမှာဖြစ်ကြောင်း ကတိပြု သစ္စာတည်ရင်း နိဂုံးချုပ်အပ်ပါတယ်။

ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

04/04/2024
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြ” ...
27/03/2024

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြ” စာသားပါ လှုံ့ဆော်စာများကို မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက ရန်ကုန်မှာ ဖြန့်ဝေခဲ့ပါတယ်။

#စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #ဗကသ

မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက် ရက်စွဲ ။      ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက...
20/03/2024

မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့

မိဘပြည်သူများခင်ဗျား . . .
မတရားမှုက မိဘပြည်သူတို့ရဲ့ အိမ်တံခါးကို လာခေါက်နေပါပြီ။ ကျနော်တို့ဟာ မဟောသဓာဇာတ်တော်ထဲကလို ရင်နှစ်သည်းချာ သားသမီးရတနာတွေကို ဘီလူးနဲ့အပြိုင်လုနေရပါပြီ။ ဒါပေမယ့် ဒီပွဲမှာတော့ အဆုံးအဖြတ်ဒိုင်လူကြီးလုပ်ပေးမယ့် မဟောသဓာသုခမိန်ဆိုတာ မရှိပါဘူး။ မဟောသဓာဇာတ်တော်ထဲကလို သားသမီးနာကျင်မှာစိုးလို့ လက်လျှော့အရှုံးပေးလိုက်လို့လည်း မရပါဘူး။ ဒီအခြေအနေမှာ ယုတ်မာကောက်ကျစ်ပြီး သားစားကျူးတဲ့ ဖက်ဆစ်စစ်ဘီလူးကို နှိမ်နင်းသုတ်သင်ပြီး ငရဲကိုပို့ဖို့ကလွဲ အခြားအဖြေမရှိပါဘူး။

“ဘယ်လိုပို့ရမှာလဲ။ လက်နက်ကိုင်တွေလည်းတိုက်နေကြတာပဲ။ တို့လက်ထဲမှာ ဘာလက်နက်မှမရှိဘူးလေ” လို့ပြောရင် ကျနော်က ရှိတယ်လို့ပြောပါ့မယ်။ ပြည်သူလူထုလက်ထဲမှာ ဝရဇိန်လက်နက်‌လို အင်မတန်အစွမ်းထက်တဲ့ ဖျက်အားပြင်းလက်နက်တခုကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကတော့ လူထုလှုပ်ရှားမှုကြီး တဖန်ပြန်လည် ဖော်ဆောင်ခြင်း တနည်းအားဖြင့်ပြောရရင် သပိတ်မှောက် ဆန္ဒပြခြင်းပါပဲ။

“ဆန္ဒပြတာဘာထူးလို့လဲ” လို့ မေးရင် သိပ်ထူးပါတယ်လို့ ပြောပါရစေ။ ဖက်ဆစ်စစ်တပ်ဟာ လူထုရဲ့တခဲနက်ချီတက်သံတွေ၊ ကြွေးကြော်သံတွေ၊ အလံတွေ၊ ဘန်နာတွေကို မြင်ရုံကြားရုံနဲ့တင် ဧရာမရန်သူကြီးကို မြင်လိုက်ရသလို တုန်လှုပ်ခြောက်ခြားပြီး အကြမ်းဖက်တာကလွဲပြီး တခြားနည်းလမ်းဘာကိုမှ စဉ်းစားလို့မတတ်အောင်ဖြစ်ပြီး အကြမ်းဖက်ပစ်လိုက်တာပါ။ ဒါကလည်း ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပါပဲ။ ဒီလိုအကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့အတွက်ကြောင့် ဖက်ဆစ်တပ်အပေါ် ပြည်သူလူထုရဲ့ နာကျည်းချက်တွေ ပိုမိုကြီးထွားပြီး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံဟာ လက်နက်ကိုင်တော်လှန်ရေးဆီကို တဆင့်တက်ခဲ့ပါတယ်။ အဲ့သလိုတက်ကြရင်းနဲ့ ဒီနေ့အချိန်မှာဆိုရင် မြို့သိမ်းတိုက်ပွဲ‌သတင်းတွေ ဝေဝေဆာဆာကို မြင်လာကြရပါပြီ။ အဲ့ဒါတွေဟာလည်း ၂၀၂၁ ခုနှစ်ကနေ အခုအထိ လူထုဆန္ဒပြပွဲကြီးတွေ သပိတ်ကြီးတွေသာ မဖြစ်ခဲ့ရင် ဖြစ်လာနိုင်စရာမရှိပါ။ အဲ့ဒီလက်နက်ကိုင်တော်လှန်ရေးကို လူထုလှုပ်ရှားမှု၊ လူထုထောက်ခံမှုက တွန်းတင်ပေးလိုက်တာပါ။ လူထုကကျွေးတဲ့ထမင်းကိုစားပြီး လူထုကပေးတဲ့ပိုက်ဆံနဲ့ ပြည်သူ့ပြောက်ကျားတွေ ရပ်တည်တိုက်ပွဲဝင်နေကြရတာပါ။ လူထုထောက်ခံမှုမရှိ၊ လူထုလှုပ်ရှားမှုသာမရှိခဲ့ရင် ဒါတွေတခုမှဖြစ်လာစရာမရှိပါဘူး။ လက်ရှိ နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူလူထုက မွေးဖွားပေးလိုက်တာပါ။

အခုလည်း စစ်ကောင်စီက မိဘပြည်သူတို့ရဲ့ သားသမီးတွေကို မတရားလုယူဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေတာ မိဘပြည်သူတို့ အမြင်ပါပဲ။ မိဘပြည်သူတို့ရဲ့ ရင်နဲ့လွယ်ပြီး တယုတယမွေးမြူထားခဲ့ရတဲ့ သားသမီးတွေကို အကြမ်းဖက်စစ်တပ်က စစ်ကျွန်ခံခိုင်းပြီး အလုပ်အကျွေးပြုခိုင်းပါတော့မယ်။ သူတို့ရာထူးဂုဏ်ရှိန် စည်းစိမ်ကို ကာကွယ်ဖို့အတွက် မိဘပြည်သူတို့ရဲ့ သားသမီးတွေကို သူတို့ကိုယ်စား အသေခံခိုင်းတော့မှာပါ။ စစ်ကောင်စီဟာ စစ်ရေးအရ နိုင်ငံအနှံ့အပြားမှာ အရှုံးနဲ့ရင်ဆိုင်နေရချိန်၊ လက်နက်ချတွေ တပ်ပြေးတွေနဲ့ သူတပ်ကိုတောင် နိုင်နင်းအောင် မထိန်းသိမ်းနိုင်ချိန်မှာ မိဘပြည်သူတို့ရဲ့ သားသမီးတွေကို ရှေ့တန်းကိုစေလွှတ်တော့မှာပါ။ ရှေ့တန်းကိုအပို့ခံရရင် အသက်မဆုံးရှုံးပါဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အသက်များဆုံးရှုံးခဲ့ရင် ပေါ်တာလည်းအဆွဲခံရသေး၊ စစ်ကောင်စီလက်ပါး‌စေအဖြစ်လည်း သမိုင်းမှတ်တမ်းအတင်ခံရသေး ဘဝက တစ်ခါတင်မက နှစ်ခါသုံးခါသေကြရမှာပါ။ အဲ့ဒီတော့ စစ်တပ်ထဲဝင်ပြီး ဘဝအသေခံမလား။ တော်လှန်ရေးတပ်တွေဆီ သွားပြီးပူးပေါင်းကြမလားဆိုတာ အရေးတကြီး စဉ်းစားရွေးချယ်ကြရမှာပါ။ အဲ့ဒီလိုပူးပေါင်းဖို့ရာ နည်းလမ်းမရှာတတ်ဘူး၊ မသိဘူး၊ ဒါမှမဟုတ် ကျန်းမာရေးအပါအဝင် အခြေအနေအမျိုးမျိုးကြောင့် မသွားချင်ဘူးဆိုတဲ့လူတွေကရော ဘာလုပ်ကြမလဲ။ အပေါ်ကတင်ပြခဲ့သလို လူထုတိုက်ပွဲနည်းလမ်း ရှိပါသေးတယ်။ ကျနော်တို့ရွေးတဲ့လမ်းဟာ အာဇာနည်ထောင်သောင်းရဲ့ သွေးနဲ့ခင်းခဲ့ရတဲ့လမ်းပါ။ ကျနော်တို့တစ်ယောက်ချင်းစီ ပေးဆပ်ရမှုတွေဟာ နေ့စဉ်သတင်းတွေမှာ ကိန်းဂဏန်း‌အနည်းငယ်လောက်သာ အရေးပါတာမျိုးဖြစ်နိုင်ပါတယ်။ သို့သော် ကျနော်တို့အားလုံးသာ ပေါင်းစည်းကြမယ်ဆိုရင် ယောယုဝငရဲကိုလည်း ကိုင်လှုပ်နိုင်တဲ့အင်အားနဲ့ ပြည့်စုံတယ်လို့ယုံကြည်ပါတယ်။ အဲ့သလိုအင်အားမျိုး ပိုင်ဆိုင်ထားပါလျက်နဲ့ ဘာကြောင့်များ တိုက်ပွဲမဝင်ရမှာလဲ။ လက်ရှိအခြေအနေမှာ အလွန်ကောင်းတဲ့အခွင့်အရေးကို ဘာကြောင့်များလက်လွတ်ခံရမှာလဲ။

အခွင့်အရေးတဲ့လား . . .
ဟုတ်ပါတယ်ခင်ဗျာ၊ လက်ရှိအခြေအနေဟာ လူထုတိုက်ပွဲကြီးဆင်နွှဲဖို့ အင်မတန်ကောင်းတဲ့ မဟာအခွင့်အရေးကြီးပါ။ တဖက်မှာ စစ်ကောင်စီဟာ စစ်ရှုံးနေပါတယ်။ ရှုံးတာတောင်မှ ခွက်ခွက်လန်အောင်ကို ရှုံးနိမ့်နေတာပါ။ တဖက်ကလည်း တပ်ထဲဝင်သူမရှိသလောက် ဖြစ်နေတဲ့အချိန်မှာ စစ်တပ်ရဲ့အဖြစ်က သေငယ်ဇောနဲ့မြောနေပြီလို့ ပြောရမှာပါပဲ။ အဲ့ဒီလိုအခြေအနေမျိုးမှာ တယောက်ရလည်း နည်းလားဆိုပြီး ပြည်သူလူထုကို အခုလိုသွေးတိုးစမ်းတာဟာ အကြမ်းဖက်စစ်တပ်က ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပါပဲ။

ဒီလောက် ဒုက္ခပတ်လည်ဝိုင်းနေတဲ့အချိန်မှာ လူထုအုံကြွမှုကြီးဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲလို့များ ယောင်လို့တောင်မတွေးကြလေသလား။ အကုန်ပစ်သတ်လိုက်မှာပေါ့လို့များ အကြမ်းဖက်စစ်တပ်အနေနဲ့ အလွယ်တွေးထားကြလေသလားပါပဲ။ ‌ဘယ်လောက်အတိုင်းအတာအထိ အကျိုးရှိမယ်၊ စစ်တပ်အတွက် ဘယ်လောက်ထိခိုက်မယ်ဆိုတာတွေဟာ ရှေ့ဖြစ်ကြိုဟောလို့တော့မရပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုကို ဟန်ချက်ညီပေါင်းစပ်နိုင်ရင် တော်လှန်ရေးအောင်ပွဲခံဖို့ အလွန်နီးစပ်မှာဖြစ်တယ်။ တော်လှန်ရေးတခုလုံးအတွက် အလွန်အကျိုးရှိလိမ့်မယ်ဆိုတာ ယခင့်ယခင်က ကမ္ဘာတဝှမ်းမှာဖြစ်ခဲ့တဲ့ တော်လှန်ရေးတွေက သက်သေပါပဲ။

ပြည်သူလူထုအနေနဲ့ ကိုယ်နဲ့နီးစပ်ရာ ယုံကြည်ချက်တူသူ၊ ယုံကြည်ရသူတွေနဲ့ စုဖွဲ့ကြ၊ ပြင်ဆင်ကြ၊ နည်းလမ်းရှာကြ၊ တိုက်ပွဲဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

ဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မဟာမိတ်တွေနဲ့ တူရာတွဲပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နိုင်ဖို့ အရေးတကြီး ပြင်ဆင်ကြဖို့လိုပြီလို့ တပ်လှန့်လိုက်ရပါတယ်။ ကျနော်တို့အနေနဲ့လည်း နောက်ဆုံးထွက်သက်အထိ ဖက်ဆစ်စစ်ဘီလူးရဲ့ ဝိဉာဉ်အသက်အိုးတွေကို တလုံးမကျန် ပျက်စီးကြေမွသွားတဲ့အထိ ‌တိုက်ပွဲဝင်သွားမှာဖြစ်ပါကြောင်း ကတိသစ္စာပြုရင်း အကြမ်းဖက်စစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

“အလံနဲ့အသံကို နားစွင့်ကြ”
“ချုပ်ချယ်ရင် ရုန်းကန်၊ ဖိနှိပ်ရင် တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ”

ကျော်သူရိန်
အတွင်းရေးမှူး (၁)
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#စစ်မှုထမ်း #ဥပဒေ #ဆန့်ကျင်ရေး #လူထုတိုက်ပွဲ #စစ်ကောင်စီ #ပြည်သူ့စစ်

11/03/2024

ဗကသဆိုတာ

⬛ အောင်ကျော်ဆန်း | ဆောင်းပါး | အိုးဝေစာစောင်

ကျနော်တို့တတွေ သမဂ္ဂမှာ တာဝန်ယူခွင့်ရတဲ့အချိန်တုန်းက ကျနော်တို့ရဲ့အထက်က မျိုးဆက်ဟောင်းရဲဘော်ကြီးတွေဟာ ကျနော်တို့ကို အင်မတန်နေရာပေးပြီးဆက်ဆံခဲ့တာကို အခုမှ ပြန်တွေးကြည့်မိပါတယ်။ ကျနော်တို့ခေတ်က သမဂ္ဂခေါင်းဆောင်ဟောင်းကြီးတွေကို မျိုးဆက်အစုံ တွေ့နိုင်ပါသေးတယ်။ ၁၉၀၃ ခုနှစ် ဘုရားမထူးသပိတ်ကိုမီခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ၊ ပထမသပိတ်၊ ဒုတိယသပိတ်၊ တတိယသပိတ်ကို မီခဲ့တဲ့ခေါင်းဆောင်ကြီးတွေ အများကြီးရှိပါတယ်။

အဲဒီတုန်းက ၁၉၀၃ နဲ့ ၁၉၃၆ အကြား ကျောင်းသားခေါင်းဆောင်ကြီးတွေဟာ အသက်အရွယ် ကြီးရင့်ကုန်ပါပြီ။ တော်ရုံတန်ရုံကိစ္စနဲ့တော့ သူတို့ကို ကျနော်တို့ ဆက်သွယ်လေ့မရှိပါ။ သိပ်အရေးကြီးတဲ့အချိန်မျိုး၊ National Concern ဖြစ်လာတဲ့အခြေအနေမျိုး၊ သူတို့မပါမဖြစ်တဲ့ အခြေအနေမျိုးမှ သွားပြီးဒုက္ခပေးရတာပါ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံမှာ အဲဒီမျိုးဆက်တွေပါ လမ်းပေါ်ထွက်လာကြတယ်။ သူတို့က ကျနော်တို့ လိုအပ်သမျှ၊ ဗကသလိုအပ်သမျှ ဘာမဆို ဝိုင်းဝန်းကူညီခဲ့ကြတာပါ။ မန္တလေးမှာ ဗကသများအဖွဲ့ချုပ် ဗြောင်ထွက်ရပ်တော့မယ်ဆိုတော့ နေရာကိစ္စ စဉ်းစားရပါတယ်။ သပိတ်ကာလဆိုတော့ နေရာက မရှားပါဘူး။ ပေါပါတယ်။ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ကာလမဟုတ်လား။

ဗကသများအဖွဲ့ချုပ်အနေနဲ့ မန္တလေးမှာ တကယ်ကို နေရာမရှားပါဘူး။ မန်းတက္ကသိုလ်မှာ၊ ရတနာဘုမ္မိမှာ၊ သပိတ်စစ်ကြောင်း အသီးသီးမှာ ဗကသကို ကြိုဆိုနေရာပေးမယ့်သူတွေ အများကြီးရှိပါတယ်။ ဒီလိုကြားထဲကပဲ ကျနော်တို့ဟာ နေရှင်နယ်ကျောင်းလို့ခေါ်တဲ့ အထက (၂) မှာ ရုံးထိုင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နေရှင်နယ်ကျောင်းသားဟောင်းထဲကတဆင့် ကျနော်တို့ ချဉ်းကပ်တယ်။ အသင်းနာယကတဦးဖြစ်တဲ့ သုခဝတီဦးစိန်တင်ကလည်း သပိတ်မှောက်ကျောင်းသားဟောင်းပါ။ သူက ဗကသများအဖွဲ့ချုပ်ဆိုတဲ့ အသံကြားတာနဲ့ ထိုင်ခုံလက်တန်းနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး ထရပ်လိုက်တယ်။

“လက်ခံမှာပေါ့ဗျ။ လက်ခံရမှာပေါ့။ ငြင်းလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ ဒီနေရာဟာ ဗကသများအဖွဲ့ချုပ်ရဲ့ ဘူမိနက်သန် နေရာမှန်ပဲ။ ကိုယ့်အိမ်ကို ပြန်လာတာ ဘယ်သူကငြင်းဆန်ရမှာတုန်း။ ကိုယ့်အမေ အိမ်ပြန်လာတာကို ဘယ်လိုသားသမီးက ငြင်းဆန်ရမှာတုန်း။ လာကြဗျ လာကြ။ ခင်ဗျားတို့ကို အားလုံးကစောင့်နေကြတာ။ လိုအပ်တာမှန်သမျှ ပြော။ ကျနော့်ကို ခိုင်း။ ခိုင်းပါ။ အဖိုးအရွယ် အဖေအရွယ်ဆိုပြီး အားမနာကြနဲ့။ ကျနော်တို့အားလုံးဟာ သမဂ္ဂရဲ့သားသမီးတွေပဲ။ သမဂ္ဂအတွက်ဆို အကုန်လုပ်ပေးကြမှာ။ လာဗျ လာကြ ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ ဟုတ်ပြီလား။”

ဗကသများအဖွဲ့ချုပ်ကို အဲဒီလို ဝမ်းပန်းတသာကြိုဆိုတဲ့ နောက်တယောက်ကတော့ အမေလူထုဒေါ်အမာပါ။ ရှစ်လေးလုံး ပထမဆုံးနေ့မှာ အမေလူထုဒေါ်အမာ လမ်းပေါ်ထွက်ပြီး ချီတက်တဲ့အထဲ မပါသေးပါဘူး။ “အမေ ခဏနေပါဦး အခြေအနေ စောင့်ကြည့်ပေးပါဦး။ အမေ ထွက်ဖို့လိုအပ်ရင် ကျနော်တို့ လာပြောပါမယ်။” လို့ ဗကသများအဖွဲ့ချုပ်က သဘောထားပေးထားတာပါ။ အမေက “ဗကသနဲ့ ပတ်သက်ရင် ငါ့ကို ဘာမဆိုခိုင်း” လို့ ခွင့်ပြုခဲ့ပါတယ်။ တကယ်လည်း ကျနော်တို့ မေတ္တာရပ်ခံတဲ့အတိုင်း လိုက်လျောပါတယ်။

သြဂုတ်လ ရှစ်ရက်နေ့ အခြေအနေဟာ အတော်ကိုတင်းမာပါတယ်။ သပိတ် ဘယ်နေရာကစမလဲ ဘယ်သူမှမသိပါဘူး။ ကိုယ်စီကိုယ်စီ အုပ်စုဖွဲ့ပြီး အသေခံဆန္ဒပြမယ့်အဖွဲ့တွေ ရှိနေကြပါပြီ။ ဒါပေမယ့် ကိုယ့်လူကိုယ်ပဲ သိတယ်။ တမြို့လုံးအခြေအနေ မှန်းလို့မရသေးဘူးပေါ့။ မန္တလေးဘုရားကြီးအရှေ့မုခ် ကုသိနာရုံတိုက်ဝ၊ မြတောင်ကျောင်းတိုက်အုတ်တံတိုင်း၊ မစိုးရိမ်တိုက်ဟောင်း ဆွမ်းစားကျောင်း၊ မန်းတက္ကသိုလ်ပင်မ၊ ရတနာဘုမ္မိနဲ့ ဂျီတီအိုင်ကျောင်းဝန်းတွေမှာ စာရွက်တွေပြန့်ကြဲ လေမှာဝဲနေပါပြီ။ အဲဒီတုန်းက နိုင်ငံရေးဝါဒဖြန့်ကြော်ငြာတွေ ကပ်တဲ့နေရာတွေကိုလည်း Democratic Wall တွေလို့ တင်စားခေါ်ဝေါ်နေပါပြီ။ သပိတ်ကဖြစ်တော့မှာပဲ။ ဘယ်လိုစကြမလဲ။ ကျနော်တို့အနေနဲ့ကတော့ ရေရှည်အမြင်စိုက်ထူပြီး အလုပ်လုပ်တာမို့ အများဆုံးရှေ့ထွက်တိုက်ပွဲဝင်ဖို့ ၃၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီအချိန်က အားလုံးသိတဲ့အတိုင်း ရန်ကုန်မှာလည်း နေ့စဉ်နဲ့အမျှ သေနတ်သံတွေ ယမ်းနံ့တွေနဲ့ ဆူညံပွက်လောရိုက်နေပါပြီ။

အခုပြန်စဉ်းစားကြည့်တော့ မန္တလေးဟာလည်း အင်မတန်ပြင်းထန်တဲ့ စစ်မြေပြင်လို ဖြစ်နေတယ်လို့ ခံစားမိပါတယ်။ စစ်ကိုင်းမှာ လူပေါင်းရာကျော် ပစ်သတ်ထားတာ ဘာမှမကြာသေးပါဘူး။ ရှေ့ကစစ်ကိုင်းလူသတ်ပွဲက သွေးမခြောက်သေးခင် နောက်ထပ်တမျိုး အန္တရာယ်ရှိတဲ့တိုက်ပွဲကို ဆက်တိုက်ကြရမှာပါ။ သတင်းတွေက ဘယ်မှာမှ မကောင်းပါဘူး။ ရန်ကုန်မှာ ပစ်ခတ်နေသလို တောင်ကြီး၊ လားရှိုးနဲ့ ပြည်တို့မှာ လူမျိုးရေးအဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးထားတာတွေလည်း ရှိပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူထုရဲ့ မကြောက်မရွံ့ နောက်မတွန့်တဲ့ သတ္တိ၊ ဇွဲနပဲ၊ အနစ်နာခံဆောင်ရွက်မှု၊ အသက်ကိုတောင်ပမာမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေကြောင့် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ မန္တလေးမြို့ရဲ့လမ်းမကြီးတွေပေါ် ရှစ်လေးလုံးတိုက်ပွဲ ခေါ်သံတွေ မြည်ဟိန်းပဲ့တင်ထပ်ခဲ့ပါတယ်။ သပိတ်စတဲ့နေရာတွေက ကုသိနာရုံတိုက်ဝ၊ ဘုရားကြီးအလယ်တိုက်၊ ဦးပေစိဘုရား၊ စျေးချိုနာရီစင်တို့ပဲလို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ သပိတ်စစ်ကြောင်းတွေဟာ တောင်ကနေမြောက် တဖြည်းဖြည်းချင်း စုပေါင်းပြီး နာရီစင်မှာ လူအုပ်ကြီးဖြစ်လာတယ်။ အဲဒီကနေ ၂၆ ဘီလမ်း၊ နောက်အဲဒီကတဆင့် ၇၃ မင်္ဂလာလမ်း၊ အဲဒီကနေ တက္ကသိုလ်၊ နောက်ရေတွင်းပျက် သိပ္ပံလမ်းကတဆင့် ဘုရားကြီး။ အဓိကစစ်ကြောင်းဟာ အဲသလိုပတ်ပါတယ်။ ကျန်တဲ့စစ်ကြောင်းတွေ လူအုပ်တွေကတော့ ရှေ့ကျွံလိုက် နောက်ပြတ်ကျန်လိုက် အမျိုးမျိုးဖြစ်ကြရတာပါ။ ဒီအူကြောင်းကနေ လမ်းလွဲပြီး အခြားနည်းနဲ့ ချီတက်နေတာတွေလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီနေ့က ပစ်ခတ်မှု နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်ပါတယ်။ လူအုပ်ထုထည်ကြီးလွန်းတဲ့အတွက်တကြောင်း၊ ပြည်သူတွေ ဝန်းရံထားတဲ့အတွက် လမ်းပိတ်ပြီး လုပ်ကြံသတ်ဖြတ်ရေးတပ်စု ပိတ်မိသွားနိုင်တဲ့အခြေအနေကြောင့်တကြောင်း စစ်တပ်က နောက်ပြန်ဆုတ်ပေးရပါတယ်။

နောက်တနေ့ သြဂုတ်လ ၉ ရက်နေ့ဟာ ကျနော်တို့အတွက် သေရေးရှင်ရေး ဖြစ်နေဆဲပါပဲ။ အဲဒီနေ့ဆက်မထွက်နိုင်ရင် ပွဲသိမ်းပြီ။ တကယ်တော့ တိုက်ပွဲဝင်လူထုတရပ်လုံးဟာ အဲဒီအခြေအနေကို အမှန်အတိုင်း မှန်းဆနိုင်ကြပါပြီ။ ကျနော်တို့ရှိသမျှ လူသူအင်အားအကုန်သုံးပြီး ဆက်တွန်းကြပါမယ်။ ကျနော်တို့ နောက်ပြန်ဆုတ်လို့ မရတော့ပါဘူး။ ရေရှည် မြေအောက်လုပ်ငန်းအတွက် ချန်ရစ်မယ့်ရဲဘော်တွေကလွဲလို့ ကျန်ရဲဘော်အားလုံးကို အဆုံးစွန်ဝင်ပါခွင့် ပေးလိုက်ကြပါပြီ။ ကိုယ်တိုင် ပိုင်းဖြတ်မှုရှိရှိနဲ့ တိုက်ပွဲကို ဆင်နွဲခွင့်ပေးလိုက်ပါတယ်။ ဒါတင်မက ကျနော်တို့ မေတ္တာရပ်ခံ ဟန့်တားထားတဲ့ သမဂ္ဂရဲဘော်ကြီးတွေဆီကိုလည်း သပိတ်တိုက်ပွဲမှာ တခဲနက်ပါဝင်ကြဖို့ မေတ္တာရပ်ခံစာတွေ ပို့လိုက်ကြပါတယ်။ အဲဒီနေ့ကစပြီး အမေလူထုဒေါ်အမာ အပါအဝင် သမဂ္ဂခေါင်းဆောင်ဟောင်းမျိုးဆက်အားလုံး သပိတ်တိုက်ပွဲထဲကို တခဲနက် အုံနဲ့ကျင်းနဲ့ တိုက်ပွဲဝင်လာခဲ့ကြတာပါ။

လေးစားအပ်တဲ့ သမဂ္ဂခေါင်းဆောင်ဟောင်းကြီးတွေ အများကြီးပါ။ အခုအဲဒီခေါင်းဆောင်ဟောင်းကြီးတွေ အားလုံးနီးပါး ကွယ်လွန်သွားကြပါပြီ။ ဒီသမဂ္ဂခေါင်းဆောင်ကြီးတွေဟာ ကျနော်တို့ လိုအပ်တဲ့အချိန်တိုင်းမှာ သမဂ္ဂတာဝန်ကို ကျေပြွန် အောင် ဝင်ရောက်ထမ်းဆောင်ပေးကြပါတယ်။ ကျနော်သတိရသလောက် အဲဒီရဲဘော်ကြီးတွေရဲ့ အမည်စာရင်းကို ပြောပြချင်ပါတယ်။ အများကြီးကျန်ပါဦးမယ်။ သုခဝတီဦးစိန်တင်၊ လူထုဒေါ်အမာ၊ ကဗျာဆရာကြည်အောင်၊ စံပြကြက်ခြံပိုင်ရှင် ဦးမောင်လေး၊ မြေသူကြီး ဦးစောမောင်၊ ဒေါက်တာလှရွှေ စစ်ကိုင်း၊ ကျောင်းသားခေါင်းဆောင် ဦးသူတော်၊ သပိတ်မတိုင်ခင် အနီးကပ်မှ ကွယ်လွန်သွားတဲ့ တက္ကသိုလ်မောင်စောလွင်၊ မနတဦးဇော်ဝင်း၊ ကျောက်ဆည် ဦးစိုးဝင်းမောင်၊ ကျောက်ဆည် ဒေါ်မြရီ၊ သံမဏိမောင်မောင်၊ တတိယသပိတ်ခေါင်းဆောင် ဒေါ်တင်တင်၊ ဂျပန်တော်လှန်ရေးရဲဘော် ဗိုလ်မှူးလှဖေ၊ မြင်းခြံသပိတ်ဒုတိယခေါင်းဆောင် ဦးအောင်သူ၊ မစိုးရိမ်တိုက်ဟောင်း နာယကချုပ်ဆရာတော် ဦးကောဝိဒ၊ မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် ဦးရာဇဓမ္မ စတဲ့ ရဟန်းရှင်လူ မြို့မျက်နှာဖုံးလူကြီးတွေ အများကြီးပါ။ ဆရာတော်တွေကလွဲရင် ကျန်တဲ့လူပုဂ္ဂိုလ်တွေက သမဂ္ဂရဲဘော်ဟောင်းတွေပါ။ ဒီပုဂ္ဂိုလ်တွေဟာ သမဂ္ဂဆိုတဲ့အသံကြားရင် အားလုံးအသင့်အနေအထားနဲ့ ရှိခဲ့ကြတယ်။

ကျနော်တို့ကို လိုလေသေးမရှိ ကူညီပံပိုးခဲ့ကြတယ်။ ကျနော်တို့လည်း အမိတက္ကသိုလ်ရင်ခွင်ကထွက်ပြီး ပုလဲသီတကွဲစီ ဆိုသလို ပရိယေသနဝမ်းစာရှာစားနေရတဲ့ဘဝမှာ သမဂ္ဂဆိုတဲ့အသံကြားရင် အလိုလိုနားစွင့်မိကြတာပါ။ ကိုယ်ကျင်လည်လေရာ ဘဝဝန်းကျင်က ခဏထွက်ပြီး သမဂ္ဂမိခင်လိုအပ်သမျှ ပံ့ပိုးကူညီကြရတာပါ။ မျိုးဆက်အသီးသီးက ကျောင်းသားရဲဘော်ဟောင်းအားလုံးဟာ သမဂ္ဂမိခင်ရှေ့မှာ ရိုသေကိုင်းညွှတ်ကြရတာပါ။ လူထုဒေါ်အမာ၊ သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဒဂုန်တာရာ၊ လေထီးဗိုလ်အုန်းမောင်၊ လေထီးဒေါ်မြရီ စတဲ့ တိုင်းပြည်ရှေ့ဆောင်သူရဲကောင်းကြီးတွေတောင်မှ သမဂ္ဂမိခင်ရှေ့မှာ ရိုသေကိုင်းညွှတ်ကြရပါတယ်။ သမဂ္ဂကို ပမာမခန့်လုပ်သူ မကြုံဖူးပါဘူး။ ဒါ ကျနော် ရင်းနှီးတွေ့ကြုံဆက်ဆံမိသမျှ လူပုဂ္ဂိုလ်တွေကို တိုင်တည်သက်သေထူတာပါ။ ကျနော် လက်လှမ်းမမှီတဲ့ပုဂ္ဂိုလ်တွေ အများကြီးပါ။

ရဲဘော်များခင်ဗျား ...
ဗကသများအဖွဲ့ချုပ်ရှေ့မှောက်မှာ ကျနော်တို့အားလုံး မူလတန်းဆရာရှေ့ရောက်သလို ရိုသေလေးစားကြရပါတယ်။ ရဲဘော်တို့ဟာ သမဂ္ဂအမေရဲ့ ဂုဏ်သိက္ခာကို ဆထက်တပိုး တိုးမြှင့်နိုင်သူတွေ ဖြစ်ကြပါစေ။ သမဂ္ဂစိတ်ဓာတ်နဲ့ ညီညွတ်ကြပါစေ။ သမဂ္ဂကို ရိုသေလေးစားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ။
ရန်သူတကာ ကြောက်ဒူးတုန်ပါစေ။

⬛ အောင်ကျော်ဆန်း
(မိုးမခ)
၂၂ ဖေဖော်ဝါရီလ၊ ၂၀၁၇

#ဗကသများအဖွဲ့ချုပ် #ဗကသ

05/03/2024

ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #လှုပ်ရှားမှု

12/02/2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when အထက.ခွဲ.အလက-၁၀ ရွှေပေါက္ကံကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share