10/09/2025
https://www.facebook.com/share/p/17CKvM4FDj/?mibextid=wwXIfr
မြန်မာနိုင်ငံ၏ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အကူအညီဖြင့် မြေရှားသတ္တု နမူနာများကို ရရှိရန် အိန္ဒိယက ကြိုးပမ်းလုပ်ဆောင်နေကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၄ ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
မြေရှားသတ္တုဈေးကွက်ကို တရုတ်က တင်းကြပ်စွာ ထိန်းချုပ်ထားချိန်တွင် အခြားရရှိနိုင်မည့် နည်းလမ်းများကို အိန္ဒိယက ရှာဖွေလာခြင်းဖြစ်သည်။ အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာနက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများကို KIA ထိန်းချုပ်ဒေသ သတ္တုတွင်းများမှ နမူနာများရယူရန်၊ ကုန်ကြမ်း သယ်ယူပို့ဆောင်ရေးနည်းလမ်း ရှာဖွေရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ် ၃ ဦးက ပြောသည်။
နိုင်ငံပိုင်သတ္တုတူးဖော်ရေးကုမ္ပဏီ IREL နှင့် မြေရှားသတ္တု စီးပွားဖြစ်ထုတ်လုပ်ရန် အိန္ဒိယအစိုးရ၏ ခွင့်ပြုငွေ ရရှိခဲ့သည့် Midwest Advanced Materials ကုမ္ပဏီတို့က ဝန်ကြီးဌာန၏ ကြိုးပမ်းမှုတွင် ပါဝင်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
အိန္ဒိယအစိုးရသည် အဆိုပါမြေရှားသတ္တု နမူနာများတွင် လျှပ်စစ်ကားနှင့် အခြားအဆင့်မြင့် ပစ္စည်းကိရိယာများတွင် အသုံးပြုသည့် သံလိုက်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ရန် လုံလောက်သော အဆင့်မြင့် ရှားပါးသတ္တုများ ပါဝင်နေခြင်းရှိမရှိ စစ်ဆေးရေးအတွက် ပြည်တွင်းဓာတ်ခွဲခန်းများတွင် စမ်းသပ်ရန် မျှော်လင့်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။
အိန္ဒိယအစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ယခုကဲ့သို့ ရှားရှားပါးပါးတောင်းဆိုမှုကို ပြီးခဲ့သည့် ဇူလိုင်လကပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် ၂ ခုက ပြောသည်။
အစည်းအဝေးသို့ IREL, Midwest နှင့် အခြားကုမ္ပဏီအနည်းဆုံးတစ်ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စတုတ္ထမြောက် သတင်းရင်းမြစ်တစ်ဦးကလည်း KIA သည် အိန္ဒိယက တောင်းဆိုထားသည့် မြေရှားသတ္တု နမူနာများကို စတင်စုနေပြီဖြစ်ကြောင်း ပြောသည်။
ထို့ပြင် အိန္ဒိယသို့ မြေရှားသတ္တု အမြောက်အများ တင်ပို့နိုင်ခြင်းရှိမရှိ အကဲဖြတ်ရန်လည်း KIA က သဘောတူထားကြောင်း အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယနှင့် KIA တို့၏ ထိတွေ့ဆက်ဆံမှု အသေးစိတ်အချက်အလက်များကို ရိုက်တာသတင်းဌာနက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခြင်းဖြစ်သည်။
ရိုက်တာ၏ မေးမြန်းချက်များကို အိန္ဒိယနိုင်ငံခြားရေးနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့က ပြန်လည်ဖြေကြားခြင်း မရှိပေ။ IREL နှင့် Midwest တို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပြန်လည်ဖြေကြားခြင်းမရှိပေ။ KIA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးသည်လည်း တယ်လီဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို ပြန်လည်ဖြေကြားခြင်း မရှိပေ။
မြေရှားသတ္တုထုတ်လုပ်မှု အများအပြားရှိသော်လည်း တရုတ်က အဆိုပါသတ္တုဓာတ်များကို သံလိုက်များအဖြစ် ပြုပြင်ထုတ်လုပ်သည့် နည်းပညာအပေါ် လုံးဝနီးပါး ထိန်းချုပ်ထားသည်။ တရုတ်အစိုးရသည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေချိန်တွင် ပထဝီနိုင်ငံရေးအရ အသာစီးရရန်အတွက် ယခုနှစ်တွင် အိန္ဒိယကဲ့သို့ အဓိက စီးပွားရေးနိုင်ငံများသို့ ပြုပြင်ထုတ်လုပ်ပြီးသား မြေရှားသတ္တု တင်ပို့မှုကို တင်းကြပ်စွာ ကန့်သတ်ထားသည်။
အိန္ဒိယသည်လည်း ယင်းတွင်းထွက်ပစ္စည်းများရရှိရေး ကြိုးပမ်းနေသည်။ ဩဂုတ်လ ၃၁ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီ တရုတ်ခရီးစဉ်အတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် မြေရှားသတ္တု တူးဖော်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။
မြန်မာအာဏာသိမ်းစစ်အုပ်စုက မည်သည့်သဘောတူညီချက်ကိုမျှ လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိသလို မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်းမရှိပေ။ အိန္ဒိယသည် မြေရှားသတ္တု အဆင့်မြင့်သန့်စင်ပြုပြင်ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းအဆင့်အဆောက်အအုံများ မရှိခြင်းကိုလည်း ဖြေရှင်းရန် ကြိုးစားနေသည်။
IREL သည် မြေရှားသတ္တုသံလိုက်များကို စီးပွားဖြစ်ထုတ်လုပ်ရန် ဂျပန်နှင့် ကိုရီးယားကုမ္ပဏီများနှင့် မိတ်ဖက်ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း ရိုက်တာက ပြီးခဲ့သည့်လတွင် သတင်းဖော်ပြခဲ့သည်။ အိန္ဒိယ၏ KIA နှင့် ထိတွေ့ဆက်ဆံမှုနှင့်ပတ်သက်၍ မေးမြန်းရာ အိန္ဒိယအရာရှိတစ်ဦးက နိုင်ငံ၏အရေးပါသည့် သတ္တုဓာတ်များကို စိတ်ဝင်စားမှုမှာ လျှို့ဝှက်ချက်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"ကမ္ဘာတစ်ဝန်းလုံးက ရရှိနိုင်တဲ့ ပေးသွင်းသူတွေဆီကနေ မြေရှားသတ္တုတွေကို လုံခြုံအောင်ရရှိဖို့အတွက် လုပ်ငန်းအချင်းချင်း အခြေခံပေါ်မူတည်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ကျွန်တော်တို့ သဘာဝအတိုင်းပဲ တိုက်တွန်းအားပေးပါတယ်" ဟု အဆိုပါအရာရှိက KIA အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ ပြောဆိုသည်။
IREL သည် သယံဇာတများကို လေ့လာရန်အတွက် ဒီဇင်ဘာလတွင် ကချင်ပြည်နယ်သို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ရိုက်တာတွင် ယခင်က ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည်လည်း မြန်မာ၏ မြေရှားသတ္တုများ ဝယ်ယူရရှိရန် အိန္ဒိယနှင့်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အဆိုပြုချက်များကို လက်ခံရရှိခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
ရိုက်တာက ဆက်သွယ် မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိန္ဒိယနှင့် KIA တို့ အတူလုပ်ကိုင်နိုင်ဖွယ်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း ပြန်လည်ပြောကြားသည်။
"ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်ရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍအတွက် မြန်မာနိုင်ငံမြောက်ပိုင်းက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ကျေးဇူးတင်ပြီး ချီးကျူးကြပါတယ်" ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ်က KIA သည် ကမ္ဘာ့အဆင့်မြင့် မြေရှားသတ္တုများဖြစ်သည့် Dysprosium နှင့် Terbium တို့ အများစုကို ထွက်ရှိသည့် ကချင်ပြည်နယ်ရှိ ချီဖွေ-ပန်ဝါ သတ္တုတွင်းဒေသကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
KIA သည် တရုတ်သို့ သတ္တုများ ဆက်လက်ပေးပို့နေသော်လည်း မဟာဗျူဟာအရ အရေးပါသည့် ဗန်းမော်မြို့ကို သိမ်းပိုက်ရန် အာဏာသိမ်းတပ်များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းတို့၏ ဆက်ဆံရေးတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
တရုတ်အစိုးရက မြန်မာစစ်ကော်မရှင်ကို ၎င်း၏နောက်ဖေးခြံဝင်းရှိ တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်သူအဖြစ် ရှုမြင်ပြီး KIA ကို နောက်ဆုတ်ရန် ဖိအားပေးခဲ့သည်။ ထို့ကြောင့် KIA က အိမ်နီးချင်းအိန္ဒိယနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်မည့်အခြေအနေ ဖြစ်လာသည်။
အိန္ဒိယအစိုးရတာဝန်ရှိသူများသည် မြေရှားသတ္တုအတွက် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု တည်ဆောက်ရန် KIA နှင့် ရေရှည်သဘောတူညီမှုတစ်ခုရရန် စိတ်ဝင်စားနေကြသော်လည်း ဝေးလံပြီး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တောင်တန်းဒေသများမှတစ်ဆင့် အဆိုပါပစ္စည်းများကို အမြောက်အများ သယ်ယူပို့ဆောင်ရန် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို စိတ်ပူနေကြောင်း သတင်းရင်းမြစ် ၂ဦးက ပြောကြားခဲ့သည်။
သတ္တုများကို တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ် သယ်ယူပို့ဆောင်နေသည်။
IREL သည် အဆိုပါဆွေးနွေးမှုအချို့တွင် ပါဝင်နေသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုက သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူစေလိုကြောင်း အဆိုပါကိစ္စရပ်နှင့် ရင်းနှီးသူ ၃ဦးက ဆိုသည်။
KIA နှင့် အိန္ဒိယတို့သည် အိန္ဒိယသို့ မြေရှားသတ္တုများ ပေးပို့ခြင်းနှင့်ပတ်သက်၍ သဘောတူညီမှု ရခဲ့လျှင်ပင် တရုတ်၏အကူအညီမပါဘဲ သတ္တုဓာတ် ပြုပြင်ထုတ်လုပ်လျှင် အခက်အခဲများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် ရှားပါးမြေဓာတ်သတ္တုကျွမ်းကျင်သူ နာဘီလ် မန်ချယ်ရီက ပြောသည်။
"သီအိုရီအရ အိန္ဒိယက ဒီပစ္စည်းတွေရရင် သူတို့ ခွဲထုတ်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေ လုပ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါကို နိုင်ငံတကာဈေးကွက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ ပမာဏတွေ ထုတ်လုပ်ဖို့အတွက် အချိန်ယူရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
−−−−−−−−−−−−−−−−−−−−−−−−
တရုတ်နိုင်ငံသို့ မတင်ပို့မီ သန့်စင်ရန် စုဝေးထားသည့် မြေရှားသတ္တုအိတ်များ။ (ဓာတ်ပုံ– GLOBAL WITNESS)