21/10/2025
ဖြူစင်တဲ့ကလေးအရွယ်မှာ ကြုံရတဲ့ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်ကောင်း ထိခိုက်မှုတစ်ခုက ကလေးအတွက် trauma တစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ နောက်ပိုင်းလူမှုဘဝဆက်ဆံရေးနဲ့ သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေကို အများကြီးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။
သင်လွယ်မှတ်လွယ်တဲ့ အရွယ်မှာ ကလေးတွေက ပတ်ဝန်းကျင်နဲ့ မျက်စိရှေ့မှာဖြစ်ပျက်နေတဲ့အရာတွေကနေတဆင့် လူမှုဆက်ဆံရေးတွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
ဒါကြောင့်လူကြီးမိဘတွေအနေနဲ့ ကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သတိထားရမယ့် အချက်တွေအများကြီးရှိပါတယ်။ လူကြားထဲမှာ အော်ဟစ်ဆူပူတာအမြဲခံရတဲ့ ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကျဆင်းလာပြီး လူကြားထဲမှာ ပြောဆိုဆက်ဆံဖို့ခက်ခဲတာတွေဖြစ်လာနိုင်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု၊ ပတ်ဝန်းကျင်အကြမ်းဖက်မှုတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေက သိမ်ငယ်အရှက်ရခြင်းတွေကို ခံစားရနိုင်ပြီး တွေ့ကြုံရမှုတွေ များပြားလာတဲ့အခါ မသိစိတ်ထဲမှာ ကိုယ်တီုင်အကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့ တွန်းအားတစ်ခု ရရှိသွားတတ်ပါတယ်။
သူတစ်ပါးနဲ့ အမြဲနှိုင်းယှဥ်ဆုံးမ ခံရတဲ့ကလေးက ကိုယ့်ကိုယ်ကိုယ်အမြဲအားမလိုအားမရဖြစ်လာပြီး အငုံ့စိတ်ပေါ်လာတာ၊ လျစ်လျူရှုခံရတာများတဲ့ကလေးက တစ်ယောက်တည်း အထီးကျန်ပြီး စိတ်ဓာတ်ကျလာတာ စသဖြင့် အခြေအနေအမျိုးမျိုးကနေ ကွဲပြားတဲ့ သက်ရောက်မှုတွေအများကြီးရှိလာနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် သေးငယ်တယ်လို့ထင်တဲ့ ပြဿနာတွေက နုနယ်တဲ့ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြဿနာတွေဖြစ်နိုင်တာကြောင့် တချို့လူကြီးတွေကလည်း မရည်ရွယ်ဘဲ ကလေးတွေကို စိတ်ဒဏ်ရာတွေ ပေးနေမိနိုင်ပါတယ်။
WHO ရဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ ၁၀ နှစ်ကနေ ၁၉ နှစ်အထိ ကလေးတွေရဲ့ ၇ ယောက်မှာ ၁ ယောက်က စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာနဲ့ စိတ်ကစဥ့်ကလျားဖြစ်တာတွေခံစားနေရတယ်လို့ ပါရှိပါတယ်။ ဒီလိုကလေးတွေရဲ့ အပြုအမှုနဲ့ အခြားသောပြဿနာတွေဖြစ်လာစေခြင်းက လူကြီးတွေနဲ့ရာနှုန်းပြည့်သက်ဆိုင်တာကြောင့် ဖြူစင်တဲ့ကလေးတွေကို အပြစ်မမြင်ဘဲ အနွေးထွေးဆုံးဖေးကူထိန်းကျောင်းတာက အသင့်တော်ဆုံးဖြစ်ပါတယ်။
#တန်းတူ