16/09/2026
“အရှေ့ကို လျှောက်ပါလို့၊ အနောက်ကိုတဲ့ မျှော်လိုက်ရင်”
တီဘီရောဂါတိုက်ဖျက်ရေးကို ခရီးတစ်ခုအဖြစ် မြင်ယောင်ကြည့်မယ်ဆိုရင် ‘တီဘီလူနာတွေကို ရှာဖွေဖော်ထုတ်နိုင်ခြင်း’ ဟာ အရှေ့ကို လှမ်းလိုက်တဲ့ ‘ပထမဆုံးခြေလှမ်း’ ဖြစ်ပါတယ်။
ဒါပေမယ့် … ရှာဖွေတွေ့ရှိနိုင်ရုံနဲ့ ဒီခရီးလမ်းဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒါကြောင့် အရှေ့ကို လျှောက်နေရင်း အနောက်ကိုလည်း တစ်ချက်ပြန်မျှော်ကြည့်ဖို့ လိုအပ်လာပါတယ်။
“ရှာဖွေတွေ့ရှိခဲ့တဲ့ တီဘီလူနာတွေထဲက ဘယ်နှယောက်က သတ်မှတ်ထားတဲ့ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်နိုင်ခဲ့ကြသလဲ?”
“ဘယ်နှယောက်က မှန်ကန်တဲ့ ကုသမှုကို စတင်ခံယူနိုင်ခဲ့ကြသလဲ?”
“ကုသမှုစတင်ခဲ့သူတွေထဲက ဘယ်နှယောက်ကို သတ်မှတ်ကာလ ပြည့်မြောက်သည်အထိ အောင်မြင်စွာ ကုသနိုင်ခဲ့ကြသလဲ?”
ဒီလိုမေးခွန်းတွေနဲ့ နောက်ကို ပြန်မျှော်ကြည့်ဖို့ လိုအပ်ပါတယ်။
တီဘီလူနာတွေကို အများအပြား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပေမယ့် ရှာဖွေတွေ့ရှိသူတွေကို “မှန်ကန်တဲ့ကုသမှုနဲ့ ချိတ်ဆက်ပေးနိုင်ခြင်း၊ ကုသမှုကို ဆက်လက်ခံယူနိုင်စေခြင်း၊ ကုသမှုပြီးဆုံးသည်အထိ လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း" စတာတွေ မရှိဘူးဆိုရင် တီဘီရောဂါတိုက်ဖျက်ရေးရဲ့ ခရီးက မပြီးဆုံးတော့ဘဲ တစ်ဝက်တစ်ပျက် ဖြစ်နေဦးမှာဖြစ်ပြီး — ‘အမှန်တကယ် တီဘီရောဂါ ကင်းစင်ပပျောက်သော လူမှုပတ်ဝန်းကျင်’ ဆိုတာဟာလည်း ‘လေထဲက အိမ်’ ဆိုသလို၊ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ နေဦးမှာ ဖြစ်ပါတယ်။
တီဘီတော့ လာစစ်ဆေးပါရဲ့ —
~ လိုအပ်တဲ့ သလိပ်စစ်ဆေးဖို့ ပြောတဲ့အခါ ငြင်းဆန်သူတွေ၊
~ ရောဂါအတည်ပြုပြီးနောက် ဆေးကုသမှုခံယူဖို့ ရှောင်ပြေးနေသူတွေ၊
~ ဆေးကုသမှုစတင်ပြီးဖြစ်သော်လည်း သတ်မှတ်ကာလပြည့်အောင် ဆေးဆက်မသောက်ချင်သူတွေ နဲ့
~ နောက်ဆက်တွဲစောင့်ကြည့်ပေးသူတွေကိုပါ မျက်ခြေဖြတ် ခြေရာဖျောက်သူတွေ စသဖြင့် … ။
ဒီလို “ရှာဖွေတွေ့ရှိမှုနဲ့ ကုသမှုပြီးဆုံးခြင်းကြားက ကွာဟချက်တွေ” ရှိနေသရွေ့ တီဘီရောဂါထိန်းချုပ်ရေး ယန္တရားကြီးအတွက် စိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေး ရှိနေဦးမှာ ဖြစ်ပါတယ်။
— ဒါကြောင့် လူတွေကြားမှာ အရိုးစွဲနေတဲ့ တီဘီအယူအဆအမှားတွေကို မှန်ကန်တဲ့ တီဘီကျန်းမာရေး အသိပညာနဲ့ အစားထိုးနိုင်ဖို့အပြင်၊ အရည်အသွေးပြည့်မီတဲ့ တီဘီရောဂါ ကျန်းမာရေးဝန်ဆောင်မှုတွေကို လူတိုင်း လက်လှမ်းမီ ရရှိနိုင်စေဖို့အတွက် ကျွန်တော်တို့ ‘တီဘီဆရာဝန်’ က စဉ်ဆက်မပြတ် ကြိုးစားတင်ဆက်ပေးနေရခြင်း ဖြစ်ပါတယ်။
“ဘာပဲနေနေ အားကိုးရတဲ့ တီဘီဆရာဝန်တစ်ယောက်တော့ လိုင်းပေါ်မှာ အမြဲအသင့်ရှိနေဖို့ လိုအပ်တယ်မလားခင်ဗျာ။”
(ဒါဆို Page လေးကို Like and Follow လုပ်ပေးခဲ့ကြပါဦးနော်။)