25/02/2026
Framing PR အကြောင်း တစေ့တစောင်း နှင့် ၉/၁၁ ဖြစ်စဉ်
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ၉/၁၁ World Trade center ကို လေယာဉ်ပြန်ပေးဆွဲပြီး တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ သမိုင်းဖြစ်ရပ် တစ်ခုတင်မကဘဲ လူတွေရဲ့ "အတွေးအခေါ်" ကို စကားလုံးတွေနဲ့ ဆက်သွယ်ရေး tools တွေသုံးပြီး ဘယ်လို စနစ်တကျ ပုံဖော် (Framing) လုပ်သွားလဲကို ဆွေးနွေးကြည့်ရအောင်ပါ။
"စစ်ပွဲ (War)" ဆိုတဲ့ စကားလုံးရဲ့ Framing အပေါ်လေးနက်မှု
၉/၁၁ အပြီးမှာ အမေရိကန်အစိုးရဟာ "War on Terror" (အကြမ်းဖက်မှုအပေါ် စစ်ပွဲ) ဆိုတဲ့ Frame ကို စတင်အသုံးပြုခဲ့ပါတယ်။ "စစ်ပွဲ" ဆိုတဲ့ စကားလုံးကို သုံးလိုက်တာနဲ့ လူတွေရဲ့ ဦးနှောက်ထဲမှာ ဒါဟာ စစ်တပ်နဲ့ ဖြေရှင်းရမယ်၊ အနိုင်နဲ့ အရှုံးပဲ ရှိရမယ်ဆိုတဲ့ စစ်ရေးအမြင်တွေ အလိုလို ပွင့်လာပါတယ်။ တစ်ချိန်တည်းတွင် အကြမ်းဖက်မှုကို တရားဥပဒေ အကောင်အထည်ဖော်ရေး နည်းလမ်းများဖြင့်လည်း ကိုင်တွယ်နိုင်သည့် အမြင်များလည်း ရှိခဲ့သော်လည်း၊ ဒါကို "Crime" (ရာဇဝတ်မှု) လို့ Frame ခတ်ခဲ့ရင် တရားဥပဒေနဲ့ ရဲတပ်ဖွဲ့နည်းလမ်းအရ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များက စစ်ရေးဆိုင်ရာ framing ကို အဓိကထား အသုံးပြုခဲ့ခြင်းသည် နိုင်ငံရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။
Public Relations Tools များကို အသုံးပြုခြင်း (သို့) ပုံဖော်ရန် ထိရောက်သည့် လုပ်ငန်းစဉ်များ
Framing တစ်ခု အောင်မြင်စေရန် သာမန်သတင်းများထက် ရုပ်ပုံများ၊ ဇာတ်လမ်းများနှင့် လူ့စိတ်ခံစားမှုကို ထိရောက်စေသော အကြောင်းအရာများသည် ပိုမိုအရေးပါသည်။ ဆိုလိုသည်မှာ အချက်အလက်များထက် စိတ်ခံစားချက်ကို နှိုးဆွသည့် လှုပ်ရှားမှုများက ပိုအောင်မြင်သည်ဟု PR ပညာရှင်များက သုံးသပ်ကြပါတယ်။ ၉/၁၁ တိုက်ခိုက်မှု၏ ဖြစ်စဉ်အား ပြန်လည်သုံးသပ်ကြည့်ပါက အဓိကစီစဉ်သူအဖြစ် သတ်မှတ်ခံရသော Osama bin Laden ကို အမေရိကန်တပ်ဖွဲ့များက (၁၀) နှစ်အကြာ ဖြစ်သော ၂၀၁၁ ခုနှစ်တွင် သု-တ်သ-င်နိုင်ခဲ့သည်။ ထိုကာလအတွင်း မီဒီယာများတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော သတင်းများ၊ ဗီဒီယိုများနှင့် နိုင်ငံရေးဆိုင်ရာ ပြောကြားချက်များ ဆက်လက် ထုတ်လွှင့်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုအပေါ် လူထု၏အမြင်ကို ဆက်လက် ထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခု ရှိခဲ့သည်ဟု ဆိုနိုင်သည်။
ဇာတ်လမ်းများတွင် နစ်နာသူများ၏ ဆုံးရှုံးမှုများကို စိတ်ခံစားမှုအရ ထိရောက်စွာ ပုံဖော်ပြသခြင်းသည် လူထု၏ စာနာမှု (sympathy) ကို မြှင့်တင်ပေးခဲ့သည်။ အထူးသဖြင့် လေယာဉ်ပေါ်မှ ခရီးသည်များ၏ ခုခံမှုကို ပြသသည့် United 93 ကဲ့သို့သော ရုပ်ရှင်များကို လူများအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးအယူအဆများကို ပိုမို ခိုင်မာစေသည့် ဇာတ်ကွက်မျိုးအဖြစ်လည်း ရှုမြင်နိုင်သည်။ ထိုကဲ့သို့ မီဒီယာနှင့် narrative များ၏ သက်ရောက်မှုကြောင့် လူထု၏ စိတ်ထဲတွင် ဘင်လာဒင်ကို အကြမ်းဖက်မှု၏ သင်္ကေတတစ်ခုအဖြစ် မြင်မြင်သာသာ ဖော်ထုတ်နိုင်ခဲ့ပြီး၊ နောက်ပိုင်း စစ်ဆင်ရေးများအပေါ် လူထုထောက်ခံမှု ရရှိရာတွင်လည်း အထောက်အကူဖြစ်ခဲ့သည်ဟု ယူဆနိုင်သည်။
ဘင်လာဒင် သေဆုံးကြောင်း ကြေညာသည့်အခါ သမ္မတ Barack Obama က “Justice has been done” ဟု ပြောကြားခဲ့သည်။ “သ-တ်ဖြ-တ်ခဲ့သည်” ဟူသော စကားလုံးအစား “တရားမျှတမှု ရရှိခဲ့သည်” ဟု Framing ပြုလုပ်ခြင်းသည် စစ်ဆင်ရေးကို ကိုယ်ကျင့်တရားအရ အောင်မြင်မှု တစ်ခုအဖြစ် ဖော်ပြသည့် ဥပမာတစ်ခုဟု ချဉ်းကပ်လေ့လာနိုင်သည်။
ပဋိပက္ခတစ်ခု ဖြစ်ပေါ်တိုင်း ဘက်နှစ်ဘက်၏ အယူအဆများ ရှိနိုင်သော်လည်း Framing ပြုလုပ်ရာတွင် ထိခိုက်ခံရသူဘက်၏ narrative များသည် စိတ်ခံစားမှုဆိုင်ရာ Framing များ ဖြစ်ပြီး အများအားဖြင့် ပိုမိုအားကောင်းစွာ ထင်ဟပ်လာတတ်သည်။ ထို့နောက် ပြန်လည် တုံ့ပြန်မှုများ ကိုလည်း “တရားမျှတမှု” ဟူသော Framing ဖြင့် ဖော်ပြနိုင်ခြင်းကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ကြောင့်ယခုဖြစ်စဉ်အား သုံးသပ်ကြည့်ပါက ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့သကဲ့သို့ ပုံရိပ်ယောင် ကမ္ဘာ (Pseudo-environment) တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
နိဂုံး
၉/၁၁ ဖြစ်စဉ်ကပေးသည့် သင်ခန်းစာတစ်ခုမှာ အဖြစ်အပျက်တစ်ခု၏ ဖြစ်ရပ်မှန်တင်မကဘဲ အဆိုပါဖြစ်ရပ်ကို မည်သို့ Frame ခတ်ပြီး ပြောဆိုကြသည်ဆိုသည်မှာလည်း လူထု၏ အမြင်နှင့် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း တွေ့မြင်နိုင်ပါသည်။ Framing တိုက်ပွဲတွင် Public Relations tools များကို စနစ်တကျအသုံးပြုနိုင်သော PR power ရှိသူများသည် ပုံဖော်နိုင်သည့်စွမ်းအားရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
#911