Trust Foundation

Trust Foundation Building sustainable peace in myanmar by promotion of people participation in peace process Encourage to be peaceful society

25/02/2026

Framing PR အကြောင်း တစေ့တစောင်း နှင့် ၉/၁၁ ဖြစ်စဉ်

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ၉/၁၁ World Trade center ကို လေယာဉ်ပြန်ပေးဆွဲပြီး တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ သမိုင်းဖြစ်ရပ် တစ်ခုတင်မကဘဲ လူတွေရဲ့ "အတွေးအခေါ်" ကို စကားလုံးတွေနဲ့ ဆက်သွယ်ရေး tools တွေသုံးပြီး ဘယ်လို စနစ်တကျ ပုံဖော် (Framing) လုပ်သွားလဲကို ဆွေးနွေးကြည့်ရအောင်ပါ။

"စစ်ပွဲ (War)" ဆိုတဲ့ စကားလုံးရဲ့ Framing အပေါ်လေးနက်မှု
၉/၁၁ အပြီးမှာ အမေရိကန်အစိုးရဟာ "War on Terror" (အကြမ်းဖက်မှုအပေါ် စစ်ပွဲ) ဆိုတဲ့ Frame ကို စတင်အသုံးပြုခဲ့ပါတယ်။ "စစ်ပွဲ" ဆိုတဲ့ စကားလုံးကို သုံးလိုက်တာနဲ့ လူတွေရဲ့ ဦးနှောက်ထဲမှာ ဒါဟာ စစ်တပ်နဲ့ ဖြေရှင်းရမယ်၊ အနိုင်နဲ့ အရှုံးပဲ ရှိရမယ်ဆိုတဲ့ စစ်ရေးအမြင်တွေ အလိုလို ပွင့်လာပါတယ်။ တစ်ချိန်တည်းတွင် အကြမ်းဖက်မှုကို တရားဥပဒေ အကောင်အထည်ဖော်ရေး နည်းလမ်းများဖြင့်လည်း ကိုင်တွယ်နိုင်သည့် အမြင်များလည်း ရှိခဲ့သော်လည်း၊ ဒါကို "Crime" (ရာဇဝတ်မှု) လို့ Frame ခတ်ခဲ့ရင် တရားဥပဒေနဲ့ ရဲတပ်ဖွဲ့နည်းလမ်းအရ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များက စစ်ရေးဆိုင်ရာ framing ကို အဓိကထား အသုံးပြုခဲ့ခြင်းသည် နိုင်ငံရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

Public Relations Tools များကို အသုံးပြုခြင်း (သို့) ပုံဖော်ရန် ထိရောက်သည့် လုပ်ငန်းစဉ်များ
Framing တစ်ခု အောင်မြင်စေရန် သာမန်သတင်းများထက် ရုပ်ပုံများ၊ ဇာတ်လမ်းများနှင့် လူ့စိတ်ခံစားမှုကို ထိရောက်စေသော အကြောင်းအရာများသည် ပိုမိုအရေးပါသည်။ ဆိုလိုသည်မှာ အချက်အလက်များထက် စိတ်ခံစားချက်ကို နှိုးဆွသည့် လှုပ်ရှားမှုများက ပိုအောင်မြင်သည်ဟု PR ပညာရှင်များက သုံးသပ်ကြပါတယ်။ ၉/၁၁ တိုက်ခိုက်မှု၏ ဖြစ်စဉ်အား ပြန်လည်သုံးသပ်ကြည့်ပါက အဓိကစီစဉ်သူအဖြစ် သတ်မှတ်ခံရသော Osama bin Laden ကို အမေရိကန်တပ်ဖွဲ့များက (၁၀) နှစ်အကြာ ဖြစ်သော ၂၀၁၁ ခုနှစ်တွင် သု-တ်သ-င်နိုင်ခဲ့သည်။ ထိုကာလအတွင်း မီဒီယာများတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော သတင်းများ၊ ဗီဒီယိုများနှင့် နိုင်ငံရေးဆိုင်ရာ ပြောကြားချက်များ ဆက်လက် ထုတ်လွှင့်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုအပေါ် လူထု၏အမြင်ကို ဆက်လက် ထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခု ရှိခဲ့သည်ဟု ဆိုနိုင်သည်။
ဇာတ်လမ်းများတွင် နစ်နာသူများ၏ ဆုံးရှုံးမှုများကို စိတ်ခံစားမှုအရ ထိရောက်စွာ ပုံဖော်ပြသခြင်းသည် လူထု၏ စာနာမှု (sympathy) ကို မြှင့်တင်ပေးခဲ့သည်။ အထူးသဖြင့် လေယာဉ်ပေါ်မှ ခရီးသည်များ၏ ခုခံမှုကို ပြသသည့် United 93 ကဲ့သို့သော ရုပ်ရှင်များကို လူများအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးအယူအဆများကို ပိုမို ခိုင်မာစေသည့် ဇာတ်ကွက်မျိုးအဖြစ်လည်း ရှုမြင်နိုင်သည်။ ထိုကဲ့သို့ မီဒီယာနှင့် narrative များ၏ သက်ရောက်မှုကြောင့် လူထု၏ စိတ်ထဲတွင် ဘင်လာဒင်ကို အကြမ်းဖက်မှု၏ သင်္ကေတတစ်ခုအဖြစ် မြင်မြင်သာသာ ဖော်ထုတ်နိုင်ခဲ့ပြီး၊ နောက်ပိုင်း စစ်ဆင်ရေးများအပေါ် လူထုထောက်ခံမှု ရရှိရာတွင်လည်း အထောက်အကူဖြစ်ခဲ့သည်ဟု ယူဆနိုင်သည်။

ဘင်လာဒင် သေဆုံးကြောင်း ကြေညာသည့်အခါ သမ္မတ Barack Obama က “Justice has been done” ဟု ပြောကြားခဲ့သည်။ “သ-တ်ဖြ-တ်ခဲ့သည်” ဟူသော စကားလုံးအစား “တရားမျှတမှု ရရှိခဲ့သည်” ဟု Framing ပြုလုပ်ခြင်းသည် စစ်ဆင်ရေးကို ကိုယ်ကျင့်တရားအရ အောင်မြင်မှု တစ်ခုအဖြစ် ဖော်ပြသည့် ဥပမာတစ်ခုဟု ချဉ်းကပ်လေ့လာနိုင်သည်။
ပဋိပက္ခတစ်ခု ဖြစ်ပေါ်တိုင်း ဘက်နှစ်ဘက်၏ အယူအဆများ ရှိနိုင်သော်လည်း Framing ပြုလုပ်ရာတွင် ထိခိုက်ခံရသူဘက်၏ narrative များသည် စိတ်ခံစားမှုဆိုင်ရာ Framing များ ဖြစ်ပြီး အများအားဖြင့် ပိုမိုအားကောင်းစွာ ထင်ဟပ်လာတတ်သည်။ ထို့နောက် ပြန်လည် တုံ့ပြန်မှုများ ကိုလည်း “တရားမျှတမှု” ဟူသော Framing ဖြင့် ဖော်ပြနိုင်ခြင်းကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ကြောင့်ယခုဖြစ်စဉ်အား သုံးသပ်ကြည့်ပါက ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့သကဲ့သို့ ပုံရိပ်ယောင် ကမ္ဘာ (Pseudo-environment) တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

နိဂုံး
၉/၁၁ ဖြစ်စဉ်ကပေးသည့် သင်ခန်းစာတစ်ခုမှာ အဖြစ်အပျက်တစ်ခု၏ ဖြစ်ရပ်မှန်တင်မကဘဲ အဆိုပါဖြစ်ရပ်ကို မည်သို့ Frame ခတ်ပြီး ပြောဆိုကြသည်ဆိုသည်မှာလည်း လူထု၏ အမြင်နှင့် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း တွေ့မြင်နိုင်ပါသည်။ Framing တိုက်ပွဲတွင် Public Relations tools များကို စနစ်တကျအသုံးပြုနိုင်သော PR power ရှိသူများသည် ပုံဖော်နိုင်သည့်စွမ်းအားရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

#911

10/02/2026
27/01/2026

ဒေါ်နယ်ထရမ့်ဟာ လူရူးတစ်ယောက်လား (သို့) PR ကျွမ်းကျင်သူတစ်ဦးလား

ဒေါ်နယ်ထရမ့် (Donald Trump) လို့ ပြောလိုက်ရင် အမေရိကန်သမ္မတတွေထဲမှာ လုပ်ချင်ရာလုပ်တတ်သူ၊ လစ်ဘရယ်စံနှုန်းတွေကို ချိုးဖောက်သူလို့ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလား၊ စိတ်ထင်ရာ လျှောက်လုပ်နေတာလားဆိုတာ စဉ်းစားစရာ ဖြစ်နေတတ်ပါတယ်။
တကယ်တော့ ထရမ့်ဟာ Public Relations (PR) ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူလို့ ပြောရင် လက်ခံရခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာကြောင့် အခုလို ယူဆနိုင်တာလဲဆိုတဲ့ အချက်ကို ရှာဖွေဖို့အတွက် PR လောကရဲ့ ဂုရုကြီး Edward Bernays အကြောင်းကို အနည်းငယ် သိထားဖို့ လိုပါတယ်။ ဒါမှသာ ထရမ့်ရဲ့ လုပ်ရပ်တွေကို ဆက်စပ်တွေးတောနိုင်မှာ ဖြစ်ပါတယ်။
Edward Bernays ဟာ လူတွေရဲ့ မသိစိတ်ကို နှိုးဆွပြီး စိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်တာကြောင့် "လူတွေကို လှည့်စားသူ" အဖြစ် နာမည်ကြီးပါတယ်။ သူ၏ PR လှုပ်ရှားမှုထဲက တစ်ခုကတော့ တစ်ခါသုံးခွက်တွေ ရောင်းအားတက်ဖို့အတွက် လူတွေရဲ့ ကျန်းမာရေး "ကြောက်စိတ်" ကို အသုံးချခဲ့တာပါ။ အများသုံးဆိုင်တွေက ဖန်ခွက်တွေဟာ သန့်ရှင်းမှုမရှိဘဲ ရောဂါကူးစက်နိုင်တယ်ဆိုတဲ့ ကြောက်စိတ်ကို မသိစိတ်ထဲ ရိုက်သွင်းပြီး တစ်ခါသုံးခွက်တွေကသာ အကောင်းဆုံးဖြေရှင်းချက် ဖြစ်တယ်ဆိုကာ ရောင်းအားမြှင့်တင်ခဲ့ပါတယ်။ ထရမ့် အသုံးပြုတဲ့ PR နည်းလမ်းအချို့မှာလည်း အခုလို လူတွေရဲ့ မသိစိတ်ကို ကစားတဲ့ သဘောတရားတွေ ပါဝင်နေပါတယ်။

Madman Theory နှင့် နစ်ဆင် (Nixon) ၏ ဗျူဟာ

ထရမ့်ရဲ့ ဗျူဟာကို နားလည်ဖို့ Madman သီအိုရီတစ်ခုနဲ့ သူရေးခဲ့တဲ့ "The Art of the Deal" စာအုပ်အကြောင်း ပြောဖို့ လိုပါလိမ့်မယ်။ "The Madman Theory" ကို ပထမဆုံး စနစ်တကျ အမည်ပေး တင်ပြခဲ့သူကတော့ ၁၉၅၉ ခုနှစ်မှာ Daniel Ellsberg ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗျူဟာကို လက်တွေ့ကမ္ဘာမှာ နာမည်အကြီးဆုံး ဖြစ်အောင် အသုံးပြုခဲ့သူကတော့ သမ္မတ Richard Nixon ပဲ ဖြစ်ပါတယ်။
Nixon ဟာ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ဖို့အတွက် "ငါဟာ နျူကလီးယားလက်နက် သုံးဖို့ ဝန်မလေးတဲ့ လူရူးတစ်ယောက်" လို့ ရန်သူတွေ ထင်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးသိပ္ပံပညာရှင် Thomas Schelling ကလည်း ဒီအယူအဆကို "The Threat that leaves something to chance" (မတော်တဆ ဖြစ်သွားနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှု) ဆိုပြီး ပိုမိုခိုင်မာအောင် ရေးသားခဲ့ပါတယ်။
ဒီနေရာမှာ Nixon က Madman Theory ကို အသုံးချခဲ့ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Kissinger က တရုတ်နဲ့ ဆိုဗီယက်ကို သွားတွေ့တဲ့အခါ "Nixon ဟာ ကွန်မြူနစ်ကို အရမ်းမုန်းတာ၊ သူ့ကို ဒေါသထွက်အောင် မလုပ်နဲ့၊ သူ ဘာလုပ်မလဲ မသိဘူး" ဆိုတဲ့ ပုံရိပ်ကို ရောင်းပါတယ်။ တစ်ဖက်က ခြိမ်းခြောက်ထားပြီးမှ Kissinger က "ဒါပေမဲ့ ငါကတော့ မင်းတို့နဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးချင်သူပါ" ဆိုပြီး ကြားဝင်ဖျန်ဖြေပေးသူအဖြစ် ချဉ်းကပ်တာပါ။ ဒီဗျူဟာကြောင့် တရုတ်ခေါင်းဆောင်တွေက နစ်ဆင်နဲ့ ရန်ဖြစ်တာထက် မဟာမိတ်လုပ်တာက ပိုဘေးကင်းတယ်လို့ ယူဆသွားပြီး ၁၉၇၂ ခုနှစ်မှာ Nixon ကိုယ်တိုင် တရုတ်ပြည်သို့ သွားရောက်ကာ သမိုင်းဝင် "Shanghai Communiqué" ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ထရမ့်၏ ဗျူဟာ- Madman Theory နှင့် The Art of the Deal ပေါင်းစပ်မှု

ထရမ့် လက်ထက်မှာလည်း ဒီဗျူဟာကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ကွာခြားတာက သူရေးခဲ့တဲ့ စာအုပ်ထဲက ဗျူဟာတွေကိုပါ ပေါင်းစပ်လိုက်တာပါ။
"အမေရိကန်က တရုတ်နဲ့ Trade War ကို ဆင်နွှဲရာမှာ ယခင်အစဉ်အလာဖြစ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ ညှိနှိုင်းမှုတွေကို အားကိုးမနေတော့ဘဲ၊ မိမိရဲ့ Social Media ကတစ်ဆင့် အကောက်ခွန်တွေ တိုးမြှင့်လိုက်ပြီဆိုပြီး အပြင်းထန်ဆုံး ဂိမ်းကို ကစားခဲ့ပါတယ်။ ဒါအပြင် ထရမ့်က WTO ဟာ အမေရိကန်အပေါ် မျက်နှာလိုက်တယ်လို့ စွပ်စွဲပြီး အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်စေခဲ့တဲ့အထိ ဖိအားပေးခဲ့ပါတယ်။ ဒါဟာ သူရေးခဲ့တဲ့ 'The Art of the Deal' ထဲကအတိုင်း မိမိဘက်က အသာစီးရဖို့အတွက် လက်ရှိရှိနေတဲ့ စနစ်ကို ရိုက်ချိုးပြီး စားပွဲဝိုင်းအသစ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။"
တစ်ဖက်မှာလည်း ရှီကျင့်ဖျင်ကို "အကောင်းဆုံး မိတ်ဆွေ" လို့ ပြောလိုက်နဲ့ လူတွေကို ဇဝေဇဝါ ဖြစ်အောင်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရုတ်ဘက်က လိုက်လျောမှုတွေ ရယူနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ "Phase One Trade Agreement" လို့ ခေါ်တဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုလည်း "Little Rocket Man" လို့ ခေါ်ဆိုပြီး နျူကလီးယားစစ်ပွဲ ဖြစ်တော့မလို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ညှိနှိုင်းမှုအတွက် အသုံးချတဲ့ ဗျူဟာတစ်ခုသာ ဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ မြောက်ကိုရီးယားမြေပေါ်ကို ပထမဆုံး ခြေချခဲ့တဲ့ အမေရိကန်သမ္မတအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။
နေတိုး (NATO) အဖွဲ့နှင့်ပတ်သက်လိုလည်း ဥရောပကို အမေရိကန်ကပဲ ကာကွယ်ပေးနေရတာထက် ဥရောပသားတွေ ကိုယ်တိုင် ကာကွယ်သင့်တယ်ဆိုတဲ့ အယူအဆကို ထရမ့်က ကိုင်စွဲထားပါတယ်။ သူဟာ အမေရိကန်ရဲ့ စစ်ရေးအင်အား (Leverage) ကို အသုံးချကာ "နေတိုးကနေ ထွက်လိုက်မယ်" ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးစိုးရိမ်စိတ်ကို နှိုးဆွခဲ့ပါတယ်။ ဒီလိုလုပ်ရခြင်းဟာ အမေရိကန်ရဲ့ စစ်သုံးစရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီး တခြားနိုင်ငံတွေကပါ ပိုမိုထည့်ဝင်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အားသာချက်နှင့် အားနည်းချက်

ထရမ့်နဲ့ နစ်ဆင်ကို နှိုင်းယှဉ်ရင် ထရမ့်မှာ Kissinger လို "လေပေါင်လိုက်လျှော့ပေးမယ့်" တွဲဖက်မျိုး မရှိပါဘူး။ ဒါဟာ အားသာချက်အနေနဲ့ ပိုပြီး ခန့်မှန်းရခက်စေသလို၊ အားနည်းချက်အနေနဲ့တော့ အထင်အမြင် မှားသွားရင် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ပါတယ်။ ဥပမာ- အမေရိကန်ရဲ့ မဟာမိတ်တွေက "ငါတို့ အမေရိကန်ကို အားကိုးလို့ မရတော့ဘူး" လို့ ယူဆပြီး ကိုယ့်အားကိုယ်ကိုးဖို့ ကြိုးစားလာရင် အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဗျူဟာ ကျဆုံးသွားနိုင်ပါတယ်။

နိဂုံးချုပ်ရရင် ထရမ့်ဟာ လူတွေရဲ့ မသိစိတ်နဲ့ စိုးရိမ်မှုကို ကစားတဲ့ Madman Theory ကို သုံးသလို၊ သူ၏ "The Art of the Deal" ထဲက အချက်တွေကိုလည်း လက်တွေ့သုံးခဲ့ပါတယ်-

ထရမ့်အနေနဲ့ The Madman Theory ကို အခြေခံပြီး သူကို လူတွေ ခန့်မှန်းရခက်အောင် ဆိုတဲ့ Unpredictable (ခန့်မှန်းရခက်ခြင်း) အခင်းအကျင်းဖြစ်လာအောင် အရှုးတစ်ယောက်သကဲ့သို့ ဖန်တီးပြီး၊ ခန့်မှန်းရခက်လေ ကစားကွက်မှာ အသာစီးရလေဆိုတဲ့ သဘောတရားကို အခြေခံကာ သူရဲ့ ကစားကွက်တွေကို အကောင်အထည်ဖော်သလို၊ တဖက်မှာ သူရေးခဲ့တဲ့ 'The Art of the Deal' စာအုပ်ထဲက အတိုင်း Think Big လိုခေါ်တဲ့ အမြဲတမ်း မဖြစ်နိုင်တာတွေကို အရင်တောင်းဆိုပြီး ဖြဲခြောက်တဲ့ ကစားကွက်ကို ဖန်တီးလေရှိပါတယ်။ အကယ်၍ ကစားကွက်မှာ အကျပ်အတည်းဖြစ်လာရင်လည်း Maximize Your Options လိုခေါ်တဲ့ ရွေးချယ်စရာ များများထားပြီး အစီအစဉ်တစ်ခုတည်းအပေါ် ပုံမအောဘဲ Plan A မအောင်မြင်ရင် B, C စသဖြင့် ပြင်ဆင်ထားတတ်တဲ့ သူ အဖြစ် မြင်တွေ့နိုင်ပါတယ်။ လူတွေရဲ့ မသိစိတ်ကို လွှမ်းမိုးနိုင်ဖို့လဲ Know Your Market ဗျူဟာကို အသုံးပြုပြီး Berneys ရဲ့ လူတွေမသိစိတ်ကိုလွှမ်းမိုးတဲ့ ဗျူဟာကို အသုံးပြုဖို့ လူတွေ ဘာကို ကြိုက်ပြီး ဘာကို ကြောက်သလဲဆိုတာ သိအောင်လုပ်ပြီး ကစားတတ်သူလည်း ဖြစ်ပါတယ်၊၊ နောက်ဆုံးအနေနဲ့ Use Your Leverage (မိမိ၏ အသာစီးရမှုကို သုံးပါ) လိုခေါ်တဲ့ ဝှက်ဖဲ တစ်ချပ်ကို အသုံးပြုကာ တစ်ဖက်လူကို မိမိမပါရင် ဒုက္ခရောက်မယ့် အခြေအနေ ဖန်တီးပြီး ကစားခြင်းကိုလည်း လိမ်မာပါးနပ်စွာ သုံးတတ်သူဖြစ်ပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ထရမ့်ဟာ တကယ်ပဲ လူရူးတစ်ယောက်လား ဒါမှမဟုတ် လူတွေရဲ့ စိတ်ကို ကစားတတ်တဲ့ PR ကျွမ်းကျင်သူတစ်ယောက်လားဆိုတာ စာဖတ်သူတို့ ဆုံးဖြတ်ကြည့်နိုင်ပါတယ်။



25/01/2026

ဗျူဟာမြောက် မြေခွေးတစ်ကောင်လို ကစားကွက်ဖော်ဆောင်သူ ဒေါ်နယ်ထရမ့်ပ်နှင့် ပြောင်းလဲသွားသော ကမ္ဘာ့အခင်းအကျင်း
***************************************************

ဖလော်ရီဒါက သာယာလှပလွန်းတဲ့ မာရာလာဂိုအပန်းဖြေစံအိမ်ကြီးရဲ့ ခမ်းနားတဲ့ စင်္ကြံလမ်းတွေ ကနေ အိမ်ဖြူတော်ရဲ့ အာဏာအဝန်းအဝိုင်းအတွင်းအထိ အလွန်အကျွံ အောင်ပွဲခံတဲ့ ပုံရိပ်တစ်ခုက ယိမ်းထိုး လွှမ်းမိုးနေတယ်။ ဒီပုံရိပ်ဟာ ခန့်မှန်းရခက်တယ်။ အင်အားအလွန်အကျွံသုံးတယ်။ ရှေ့ နောက်စကား ညီညွတ်မှုလည်း မရှိဘူး။ ကိုယ်နိုင်သူရှုံးကစားပွဲမှာ အမြဲတမ်းနိုင်အောင် ကစားဖို့ပဲ ကြိုးစားတယ်။ နှစ်ပေါင်းရာချီတိုင် သက်ဝင်လှုပ်ရှားတိုးတက်နေတဲ့ ဒီမိုကရေစီအင်စတီကျူးရှင်း ကြီးကိုတောင် မတန်မရာ ပျက်ရယ်ပြုနေတယ်။ ဒီပုံရိပ်ကို ဘယ်သူလဲ ညွှန်ပြဖို့ မလိုဘူး။ အားလုံး သိကြတဲ့ ထရမ့်ပ်ပါပဲ။

၂၀၂၆ ခုနှစ်ထဲကို ရောက်လာတဲ့အခါမှာတော့ ကမ္ဘာ့နိုင်ငံတွေဟာ ဒေါ်နယ်ထရမ့်ပ်ကို ပုံမှန်သံတမန် ရေးရာ နည်းလမ်းတွေနဲ့ ချဉ်းကပ်လို့ မရတော့ဘူးဆိုတာကို သဘောပေါက် သွားကြပါပြီ။ အခုအခါမှာတော့ ကမ္ဘာကြီးဟာ အရင်လို ကျင့်ဝတ်အခြေပြုတဲ့ စာချုပ်စာတမ်းတွေ၊ မဟာမိတ်မူဝါ ဒတွေနဲ့ လည်ပတ်နေတာ မဟုတ်တော့ဘဲ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ဖန်တီး ထား တဲ့ The Apprentice (အလုပ်သင်) လက်တွေ့ဘဝ ရုပ်သံအစီအစဉ် (Reality Show) တစ်ခုလို ဖြစ်နေပါပြီ။

ပြည်တွင်းပြိုင်ဘက်တွေကို အလဲထိုးခြင်း

ထရမ့်ပ်ရဲ့ နိုင်ငံတကာမှာ အသာစီးရယူနိုင်တဲ့ စွမ်းရည်ကို နားလည်ဖို့ဆိုရင် အရင်ဆုံး ပြည်တွင်းမှာ ပြိုင်ဘက်တွေကို ၎င်း ဘယ်လို အသာစီးယူပြီး အနိုင်ယူခဲ့သလဲဆိုတာကို ကြည့်ရပါမယ်။ သူ့ရဲ့ နည်း လမ်းဟာ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို အတင်းအဓမ္မ သိမ်းယူလိုက်တဲ့ ပုံစံမျိုးပါ။

၎င်းရဲ့ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီအတွင်းမှာ ပြိုင်ဘက်တွေကို ပါတီဝင်မိတ်ဆွေရင်းချာလို သဘောမထားဘဲ The Apprentice အစီအစဉ်က အရည်အချင်းမရှိတဲ့ မန်နေဂျာတွေလို သဘောထား ပြီး လူသိရှင်ကြား အရှက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ရောက်တဲ့အခါမှာတော့ ရီပတ်ဘလင် ကန်ပါတီတစ်ခုလုံးဟာ သူ့ရဲ့ "အမေရိကန်ဦးစားပေး" မူဝါဒအောက်မှာ အလုံးစုံရောက်ရှိသွားခဲ့ပါပြီ။

ဒီမိုကရက်တစ်ပါတီကို ဘယ်လိုလွှမ်းမိုးအနိုင်ယူခဲ့သလဲဆိုတာကို ထပ်ရှင်းပြဖို့ လိုအပ်ပါတယ်။ ထရမ့်ဟာ ၎င်းရဲ့ နာမည်ကျော် The Art of the Deal လို့ခေါ်တဲ့ စေ့စပ်ညှိနှိုင်းမှုအတတ်ပညာ စာအုပ်ထဲက နည်းဗျူဟာကို သုံးပြီး ဒီမိုကရက်တွေကို အနိုင်ယူခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်တွေရဲ့ အားနည်းချက်ကို ရှာဖွေပြီး လူထုရဲ့ စိုးရိမ်စိတ်ကို အသုံးချခဲ့ပါတယ်။ ပြိုင်ဘက်တွေက အချက် အလက်တွေနဲ့ ငြင်းခုံနေချိန်မှာ သူကတော့ ခန့်မှန်းရခက်တဲ့ စကားလုံးတွေ၊ ပြင်းထန်တဲ့ဝေဖန်မှု တွေနဲ့ ကစားကွက်ကို ထိန်းချုပ်သွားခဲ့တာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို အသာစီးရယူကစားခြင်း

ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း နိုင်ငံခြားရေးမူဝါဒဟာ အင်အားအခြေပြုပြီး အလွန်အမင်း အသာစီး ရယူကာ အပေးအယူလုပ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ တရုတ်ကို ဝါဒရေးရာအရ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်လို့ မမြင်ဘဲ အကြွေးတွေ အများ ကြီးတင်နေတဲ့ ကုမ္ပဏီကြီးတစ်ခုလို မြင်ပါတယ်။ အခွန်တိုးမြှင့်တာတွေကို ရုတ်တရက် ကြေညာပြီး ဘေဂျင်းကို အကျပ်ကိုင်ပါတယ်။ ဒီလို ခန့်မှန်းရခက်တဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံဟာ အရင် က မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ကုန်သွယ်ရေး အလျှော့ပေးမှုတွေကို လုပ်လာရပါတယ်။

ရုရှားလူသန်ကြီး Strong Man ဖြစ်သူ ပူတင်နဲ့ ဆက်ဆံရေးမှာတော့ သူဟာ "လူသန်ကြီးချင်း" ဆက် ဆံတဲ့ ပုံစံမျိုး ကျင့်သုံးပါတယ်။ ရုရှားရဲ့ အင်အားကို အသိအမှတ်ပြုသလိုလိုနဲ့ တစ်ဖက်မှာလည်း အမေရိကန်ရဲ့ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပြီး ရုရှားရဲ့ ဈေးကွက်ကို ထိုးနှက်ပါတယ်။ ဒါဟာ "သူငယ်ချင်းလို ပေါင်းပေမယ့် စီးပွားပြိုင်ဘက်လို စောင့်ကြည့်တဲ့" နည်းဗျူဟာ ဖြစ်ပါတယ်။

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) နှင့် ဥရောပသမဂ္ဂ (EU) တို့နဲ့ ပတ်သက်ရင်တော့ ဒီမဟာမိတ်အဖွဲ့တွေကို ထရန့်က အမေရိကန်ရဲ့ ကာကွယ်ရေးအပေါ် အလွန်အကျွံမှီခိုနေတဲ့ ကပ်ပါးကောင်တွေလို သဘောထားလာပါတယ်။ ဒါ့ကြောင့်ပဲ "အမေရိကန်က ဥ‌ရောပကို အခမဲ့ လုံခြုံရေးပေးနေတာ မဟုတ်ဘူး၊ ဥရောပနိုင်ငံတွေဘက်ကလည်း ထိုက်သင့်တဲ့ တန်ရာတန်ကြေး ပြန်ပေးရမယ်" ဆိုတဲ့ လေသံမျိုးနဲ့ မဟာမိတ်တွေကို ဖိအားပေးပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေ အကြားမှာ စည်းလုံးမှု ပျက်ပြားပြီး နိုင်ငံတစ်ခုချင်း စီအလိုက် အမေရိကန်နဲ့ သီးသန့် အပေးအယူ လုပ်လာကြရပါတယ်။

ထရမ့်ပ်လက်ထက် ကမ္ဘာသစ် အခင်းအကျင်း

၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာကြီးဟာ အရင်လို "စည်းမျဉ်းတွေ" နဲ့ လည်ပတ်နေတာ မဟုတ်တော့ဘဲ "အင်အားအခြေပြုနိုင်ထက်စီးနင်းလုပ်တဲ့ စေ့စပ်ညှိနှိုင်းမှု" နဲ့ လည်ပတ်နေပါတယ်။ ထရမ့်ပ်ဟာ ခန့်မှန်းရခက်ခဲလွန်းတဲ့ မြေခွေးတစ်ကောင်လို ပါးနပ်စွာနဲ့ ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲပစ်ခဲ့ပါ တယ်။ ဆိုရရင် ထရမ့်ပ်ဟာ ကမ္ဘာကျော်နိုင်ငံရေးတွေးခေါ်ပညာရှင် မာ့ခီယာဗယ်လီရဲ့ “အဆုံးသတ် ရလဒ်က နည်းလမ်းတွေကို ကျိုးကြောင်းဆီလျော်စေတယ်” ဆိုတဲ့ အယူအဆကို လက်ကုန်နှိုက် လက်တွေ့အသုံးပြုသူပါပဲ။

အနာဂတ် နိုင်ငံတကာ နိုင်ငံရေးဟာ ရေရှည်စာချုပ်တွေထက် ရေတိုအကျိုးအမြတ်တွေ၊ ပြင်းထန်တဲ့ အကျပ်ကိုင်မှုတွေနဲ့ပဲ သွားပါတော့မယ်။ ထရန့်ဟာ အမေရိကန်ကို နိုင်ငံတကာစည်းမျဉ်းတွေကို စောင့်ကြပ်ထိန်းမတ်ပေးတဲ့ ကမ္ဘာ့ပလိပ်အဖြစ်ကနေ ကမ္ဘာ့အကြီးဆုံး စီးပွားရေးပွဲစားကြီးအဖြစ် ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။ ကနေ့အချိန်မှာတော့ ကမ္ဘာ့နိုင်ငံတွေဟာ အမေရိကန်နဲ့ အပေးအယူ မလုပ်ဘဲ ရှေ့ဆက်ဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။

Solution Exist Center





25/01/2026
20/01/2026

ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလား
******************************************

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" (Board of Peace) တစ်ရပ်ကို ဖွဲ့စည်းထူထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ စစ်အေးတိုက်ပွဲလွန် အဆန်းသစ်ဆုံး သံတမန်ရေးစုဖွဲ့မှုနဲ့ဆိုင်တဲ့ ကနဦးခြေလှမ်းတစ်ခုအဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီဘုတ်အဖွဲ့ကို "ဂါဇာပဋိပက္ခအဆုံးသတ်ရေးဘက်စုံစီမံကိန်း" ရဲ့ အဓိကမဏ္ဍိုင်အနေနဲ့ ပုံဖော်ထားပြီး ဂါဇာပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ယန္တရားတစ်ခုမျှသာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခစီမံခန့်ခွဲမှုနဲ့ ငြိမ်း ချမ်းရေးတည်ဆောက်မှုတွေအတွက် ပုံစံသစ်တစ်ခုအနေနဲ့ပါ ရုပ်လုံးဖော်ထားတာပါ။ ၎င်းကို ထောက်ခံသူတွေက သမားရိုးကျ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ နှေးကွေးလေးလံမှုတွေကနေ တမူကွဲထွက်ပြီး ရဲရင့်ပြတ် သားကာ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်အနေနဲ့ ရှုမြင်နေကြပါတယ်။ တဖက်မှာတော့ ငြိမ်းချမ်းရေးဘုတ် အဖွဲ့ဟာ ပုဂ္ဂိုလ်ရေးဆန်ပြီး ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေကို ဖယ်ကြဉ်မှုများရှိနေကာ နိုင်ငံတကာ သံတမန်ရေးရာ စံနှုန်း‌တွေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒီနေရာမှာ မေးစရာမေးခွန်းက ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ လက်တွေ့မှာ အမှန်တကယ်အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာနဲ့ ၎င်းရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုဟာ အနာဂတ်နိုင်ငံတကာအခင်းအကျင်းအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲ ဆိုတာပါပဲ။

ငြိမ်းချမ်းရေးဗိသုကာအသစ်လား သို့မဟုတ် ပုဂ္ဂိုလ်ရေးဆန်သော သံတမန်ရေးရာအဖွဲ့တစ်ခုလား

ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ပဋိပက္ခဖြေရှင်းရေးအတွက် ငွေကြေးအများအပြား ထည့်ဝင်လိုစိတ်ရှိသည့် အင်အားကြီးနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့တစ်ခုလို ဖြစ်နေတယ်။ အမြဲ တမ်းအဖွဲ့ဝင် ဖြစ်ခွင့်ရ‌ရေး ဒေါ်လာတစ်ဘီလီယံအထိ ထည့်ဝင်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကတော့ အမည်ခံမည်ကာမတ္တပါဝင်မှုဆိုတာထက် လက်တွေ့ကျကျ တာဝန်ယူကြစေဖို့ ရည်ရွယ်လိုရင်းဖြစ်ဟန်တူပါတယ်။ ကုလသမဂ္ဂ ဒါမှမဟုတ် တခြားနိုင်ငံစုံအဖွဲ့အစည်းများနဲ့မတူဘဲ ဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ဗဟိုမှာသာ စုစည်းထားတာကိုလည်း တွေ့ရမှာပါ။ ဘုတ်ဖွဲ့စည်းပုံအရ သမ္မတထရမ့်ပ်ဟာ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး ဘုတ်အဖွဲ့လုပ်ငန်းစဉ်တွေ၊ အဖွဲ့ဝင်အဖြစ် သတ်မှတ်တာတွေနဲ့ ရလဒ်တွေအပေါ် အဆုံးအဖြတ်ပေးဖို့ ခြွင်းချက်မရှိ လွှမ်းမိုးထိန်းချုပ်ထားနိုင်တာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုးလုပ်ပိုင်ခွင့်ကို ဗဟိုမှာစုစည်းထားတာကြောင့် ကြာရှည်ပြီး အဆုံးမရှိသော ဆွေးနွေးညှိနှိုင်းမှုတွေကို ကျော်ဖြတ်ပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်မယ်လို့ ထောက်ခံသူတွေက ရှုမြင်ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ ကျရှုံးရတာဟာ အကြံဉာဏ်မရှိလို့မဟုတ်ဘဲ ဖွဲ့စည်းလည်ပတ်ပုံဆိုင်ရာ လေးလံတုံ့ဆိုင်းမှုတွေကြောင့်လို့ ၎င်းတို့က ယူဆနေကြတယ်။ ဒါပေမယ့် တဖက်မှာ ဒီပုံစံဟာ ဘုတ်အဖွဲ့ရဲ့ အားနည်းချက်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ခေတ်သစ်ငြိမ်းချမ်းရေး တည်ဆောက်မှုတွေမှာ အားလုံးပါဝင်နိုင်မှုနဲ့ ပဋိပက္ခဖြစ်ပွားရာ ဧရိယာအတွင်းရှိ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အဓိကကျတာကို တွေ့ရမှာပါ။ ဒါပေမယ့် ကြွယ်ဝမှုနဲ့ အုပ်ချုပ်မှုအာဏာကိုသာ အခွင့်ထူးပေးထားတဲ့ ဒီစနစ်ဟာ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ ဒေသခံပြည်သူတွေနဲ့ ဒေသတွင်း သက်ဆိုင်သူတွေကို ဘေးဖယ်ထားသလို ဖြစ်စေနိုင်ပါတယ်။

စမ်းသပ်ကွင်းဖြစ်လာမယ့် ဂါဇာ

ဂါဇာပဋိပက္ခဟာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာမယ့် စမ်းသပ်ကွင်းလည်း ဖြစ်နေတယ်။ တကယ်လို့ ဂါဇာကို တည်ငြိမ်အောင်လုပ်နိုင်ပြီး ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်နိုင်ငံရေးပြေလည်မှုကို ဖော်ဆောင်နိုင်ပါက ဘုတ်အဖွဲ့အပေါ် ယုံကြည်ကိုးစားမှုဟာ သိသိသာသာ မြင့်တက်လာဖွယ် ရှိနေပါတယ်။ တဖက်မှာ ဂါဇာအရေးဟာ ဘုတ်အဖွဲ့ရဲ့ ကန့်သတ်ချက်တွေကိုလည်း ဖော်ပြနေပါတယ်။ ဒီနေရာမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒါမှမဟုတ် ပြင်ပက ကြီးကြပ်မှုတွေထက်မက ပိုမိုလိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ နက်ရှိုင်းတဲ့ နိုင်ငံရေး မကျေနပ်ချက်တွေ၊ အချုပ်အခြာအာဏာဆိုင်ရာမေးခွန်းတွေ၊ လုံခြုံရေးအာမခံချက်တွေနဲ့ ပါလက်စတိုင်းသားတွေရဲ့ ထိရောက်တဲ့ ကိုယ်စားပြုမှုတို့ကို ဖြေရှင်းဖို့လည်း လိုအပ်နေတယ် ။ ဘုတ်အဖွဲ့ရဲ့ အဓိကဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ ပါလက်စတိုင်းသားတွေ ကင်းမဲ့နေတာဟာ လက်တွေ့မြေပြင်မှာ တရားဝင်မှုအပေါ် သံသယဖြစ်စေပါတယ်။ ဒါ့အပြင် ဤကနဦးခြေလှမ်းဟာ ကြားနေငြိမ်းချမ်းရေး ယန္တရားတစ်ခုထက် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မဟာဗျူဟာမြောက် ဦးစားပေးချက်တွေအနေနဲ့ ရှုမြင်ခံရနိုင်တဲ့ အန္တရာယ်လည်းရှိနေပြန်တယ်။

ကုလသမဂ္ဂစနစ်အပေါ် စိန်ခေါ်မှု

ဂါဇာအရေးအပြင် ဒီဘုတ်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အပေါ် ပိုမိုနက်ရှိုင်းတဲ့ ရိုက်ခတ်မှုများ ရှိလာနိုင်ပါတယ်။ ၎င်းကို ကုလသမဂ္ဂ လုပ်ငန်းစဉ်များအတွင်း အသိအမှတ်ပြုထားသော်လည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ အဓိကအစောင့်အရှောက်အဖြစ် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို သွယ်ဝိုက် စိန်ခေါ်နေတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ဆိုင်းနေမှုတွေအပေါ် စိတ်ပျက်မှုတွေကြောင့် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ထရမ့်ရဲ့ ချဉ်းကပ်မှုဟာ စနစ်ကို ပြုပြင်ပြောင်းလဲတာမဟုတ်ဘဲ ကျော်ခွလိုက်တာသာ ဖြစ်နေပါတယ်။
ဤဘုတ်အဖွဲ့က အားလုံးပါဝင်တဲ့ ကိုယ်စားပြုမှုထက် ငွေကြေး၊ ဩဇာနဲ့ ခေါင်းဆောင်မှုတို့ကတဆင့် အင်အားကြီးနိုင်ငံတွေ ပေါင်းစည်းလုပ်ဆောင်တဲ့ ပုံစံအသွင်ဆောင်နေပါတယ်။ တကယ်လို့ ဒီပုံစံ အောင်မြင်သွားမယ်ဆိုရင် အခြားနေရာတွေမှာလည်း အလားတူအစီအစဉ်တွေ ပေါ်ပေါက်လာနိုင်ပြီး ကုလသမဂ္ဂရဲ့ဗဟိုချက် အခန်းကဏ္ဍကို တဖြည်းဖြည်း လျော့ပါးသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ပါက အဖွဲ့အစည်းဆိုင်ရာ ပြိုကွဲမှုတွေကို ပိုမိုနက်ရှိုင်းစေကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အာဏာပိုင်ဆိုင်ကြောင်း သူတလူ၊ ငါတမင်း အပြိုင်အဆိုင် အရေးဆိုတဲ့ အဖွဲ့အစည်းများစွာ ပေါ်ထွက်လာနိုင်ပါတယ်။

ငွေကြေးနဲ့ ပါဝါတို့ထက်ပိုတဲ့ ငြိမ်းချမ်းရေး

ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ နိုင်ငံစုံအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းနဲ့ နှေးကွေးတဲ့ သံတမန်ရေးအပေါ် စိတ်မရှည်တော့တာတွေ စတဲ့ ကမ္ဘာ့နိုင်ငံရေးရဲ့ ပကတိအခြေအနေကို ထင်ဟပ်ပြသနေပါတယ်။ ဒီဘုတ်အဖွဲ့ဖြစ်တည်လာမှုက ပြတ်သားတဲ့ခေါင်းဆောင်မှု၊ ငွေကြေးအရင်းအနှီးတွေနဲ့ ငြိမ်းချမ်းရေးကို ဖန်တီးနိုင်သလားစတဲ့ မေးခွန်းမျိုး ထပ်ထွက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ပါဝါ၊ ငွေကြေးနဲ့ အရင်းအမြစ်တွေသာမကဘဲ တရားဝင်မှု၊ အားလုံးပါဝင်နိုင်မှုနဲ့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုအပေါ်မှာလည်း မူတည်နေတာကို သမိုင်းက သင်ခန်းစာပေးထားပြန်ပါတယ်။ ဒီအချက်‌တွေမပါဝင်ဘဲ ဘယ်လောက်ရဲရင့်တဲ့ လုပ်ဆောင် ချက်ဖြစ်စေဦးတော့ ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်ဆိုတာထက် ခေတ္တခဏကုစားမှုသာ ဖြစ်သွားနိုင်ပါတယ်။

Solution Exist Center




Address

Let Wea Min Din Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Trust Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Trust Foundation:

Share