Groundwater and Environmental Sustainability - Myanmar

Groundwater and Environmental Sustainability - Myanmar Life as we know it would not exit without water.

မင်္ဂလာပါ.......... 🌏မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအကျိုးပြုလုပ်ငန်းများတွင် အထူးသဖြင့် ဒေသဖွံဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိ...
30/07/2026

မင်္ဂလာပါ.......... 🌏
မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအကျိုးပြုလုပ်ငန်းများတွင် အထူးသဖြင့် ဒေသဖွံဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များအနေဖြင့် ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ မြေပုံရေးဆွဲခြင်းဆိုင်ရာ အကူအညီများ လိုအပ်ပါက Groundwater & Environmental Sustainability (Myanmar) Team ထံသို အခမဲ့ ဆက်သွယ်တောင်းခံနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ 🌱💧

30/07/2026

Earth Overshoot Day
(တနှစ်တာ အရင်းအမြစ်များ ကုန်လွန်သည့်နေ့)

July 30 2026

"Earth Overshoot Day" ဆိုသည်မှာ လူသားများ တစ်နှစ်တာအတွင်း အသုံးပြုရန် ကမ္ဘာမြေကြီးက ပြန်လည်ဖြည့်တင်းပေးနိုင်သည့် သဘာဝသယံဇာတပမာဏ (Biocapacity) ကို လူသားတို့၏ သုံးစွဲမှု (Ecological Footprint) က ကုန်စင်အောင် သုံးစွဲပြီးသွားသည့် နေ့ရက်ကို ဆိုလိုပါတယ်။

အဆိုပါနေ့ရက် ကျရောက်ပြီးပါက ကျန်ရှိသော လများအတွက် သဘာဝသယံဇာတများကို ကမ္ဘာမြေ၏ အနာဂတ် အရင်းအနှီးများထဲမှ အကြွေးယူသုံးစွဲနေရခြင်း (Ecological Deficit) ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်တွင် လူသားတို့သည် ၇ လနီးပါးအတွင်းမှာပင် ကမ္ဘာမြေက တစ်နှစ်စာ ထုတ်လုပ်ပေးနိုင်သော သဘာဝသယံဇာတ (သစ်တော၊ ရေ၊ စိုက်ပျိုးမြေ၊ ကာဗွန်စုပ်ယူနိုင်စွမ်း စသည်) ကို သုံးစွဲပြီးစီးသွားခဲ့ခြင်းဖြစ်တယ်။

လက်ရှိ သုံးစွဲမှုပုံစံအတိုင်းဆိုလျှင် လူသားတို့၏ လိုအပ်ချက်ကို လုံလောက်စေရန် ကမ္ဘာဂြိုဟ် ၁.၇၃ လုံးပမာဏ လိုအပ်နေပါတယ်။

လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၈ဘီလျံကျော်သွားပြီဖြစ်ပြီး ကမ္ဘာသယံဇာတအရင်းအမြစ်များ၏ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းအရ ကမ္ဘာ့ လူဦးရေမှာ ၃ဘီလျံခန့်သာ ရှိသင့်သည်ဟု ပညာရှင်များကဆိုတယ်။

၎င်းကို အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Footprint Network (GFN)က မြေပြင်နှင့် ကုလသမဂ္ဂ (UN) တို့၏ ကိန်းဂဏန်းအချက်အလက်များပေါ် မူတည်၍ နှစ်စဉ် စနစ်တကျ တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပါတယ်။

26/07/2026

GIS Basic သင်ခန်းစာများကို Telegram မှာ "အခမဲ့ (FREE)" ဝင်ရောက်လေ့လာနိုင်ပါပြီ။! 🆓🌏✨

Groundwater and Environmental Sustainability (Myanmar) ၏ Telegram Channel တွင် GIS အခြေခံ ဗီဒီယိုသင်ခန်းစာများကို မည်သူမဆို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🥳🎉
💡 GIS နည်းပညာကို လေ့လာချင်ပေမဲ့ ဘယ်ကစရမှန်း မသိဖြစ်နေသူများ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဘာသာရပ်/ လုပ်ငန်းခွင်ဝင်ရောက်နေသူများအတွက် အထူးသင့်တော်ပါတယ်။

ဗီဒီယိုများကို အစဉ်လိုက် တစ်ခုပြီးတစ်ခု လက်တွေ့ကိုယ်တိုင် လုပ်ဆောင်သွားရုံနဲ့ GIS ရဲ့ အခြေခံ သဘောတရားတွေကို သေချာစွာ နားလည်သွားမှာ ဖြစ်ပါတယ်။ 💻🎥
နောက်ထပ် Video သင်ခန်းစာများကိုလည်း Channel မှတစ်ဆင့် ဆက်လက် မျှဝေပေးဦးမှာပါ။

🔗 Join ရန် လင့်ခ် - https://t.me/+UXf4y57gJGBhZmJl
💬 ဆွေးနွေးမေးမြန်းရန် Discussion Group - https://t.me/+XkKBdz4HmzcyMDI9

ဝင်ရောက်လေ့လာသူ တိုင်း "GIS is fun" ဆိုတာကို လက်တွေ့ ခံစားရမှာပါ။
အားလုံးပဲ လေ့လာရတာ အဆင်ပြေကြပါစေ။ 🙏🚀

မြေအောက်ရေ စီးဆင်းမှုပြမြေပုံကို အဆင့်လိုက်ဖော်ထုတ်ရေးဆွဲနည်းGroundwater Table Mappingမြေအောက်ရေစီးဆင်းမှုပြမြေပုံဟာ မြေ...
24/07/2026

မြေအောက်ရေ စီးဆင်းမှုပြမြေပုံကို အဆင့်လိုက်ဖော်ထုတ်ရေးဆွဲနည်း
Groundwater Table Mapping

မြေအောက်ရေစီးဆင်းမှုပြမြေပုံဟာ မြေအောက်ရေစီမံခန့်ခွဲမှုနဲ့ ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်လျှော့ချရာမှာ အလွန်အရေးကြီးပါတယ်။ မြေအောက်ရေဟာလည်း မြေပြင်ပေါ်က မြစ်၊ ချောင်း၊ မြောင်းတွေလို မြင့်ရာမှ နိမ့်ရာသို့စီးဆင်းကြပါတယ်။ သူနှင့်အတူ မြေအောက်ရေထဲ ညစ်ညမ်းနေတဲ့ ပစ္စည်းတွေလည်း မျောပါသွားတာမို့ မြေအောက်ရေစီးဆင်းပျံ့နှံ့တဲ့ ဒေသတွေဟာ ရေထုညစ်ညမ်းမှုပျံ့နှံ့မယ့်ဒေသတွေလို့လည်း ယေဘုဘျမှတ်ချက်ချနိုင်ပါတယ်။

ဒါ့အပြင် မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးမယ့်ရေဝေရေလဲဒေသတွေ ထိန်းသိမ်းရမယ့်နေရာတွေသတ်မှတ်တာ၊ ရေထွက်မယ့်ပမာဏတွေကို နေရာဒေသအလိုက် ခန့်မှန်းတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

မြေအောက်ရေ ဘယ်လောက်မြန်မြန်စီးဆင်းမလဲဆိုတာ ၁ယူနစ်ဧရိယာမှာ အမှတ် A မှ B သို့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (ပေ သို့မဟုတ် မီတာ) အတိုင်း စကေးအတိအကျဖြင့် ဖြတ်ပိုင်းပုံတခု ရေးဆွဲကြည့်ရင် သူ့ရဲ့ Slope ကိုကြည့်ပြီးတော့ Hydraulic Gradient မြင့်သလား၊ နိမ့်သလား သိနိုင်ပါတယ်။ ဒါကို Hydraulic Gradient of Groundwater လို့ခေါ်ပါတယ်။
ဒါက ဒီနေရာဒေသပတ်ဝန်းကျင်မှာ ရေတွင်းတူးမယ်ဆိုရင် ရေထွက်ကောင်း၊ မကောင်း ကြိုတင်ခန့်မှန်းသိရှိနိုင်ပါတယ်။ (ပုံ-၁ ကိုကြည့်နိုင်ပါသည်)

ဒါကို မြေအောက်ရေ စီးဆင်းမှုပြမြေပုံ မြေအောက်ရေကွန်တိုမျဉ်းတွေကနေတဆင့်လည်း သိနိုင်ပါတယ်။ (ပုံ-၂ ကိုကြည့်နိုင်ပါသည်)

မြေအောက်ရေစီးဆင်းမှုပြေမြေပုံကို အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၁။ Groundwater Level Meter တခုလိုအပ်ပါတယ်။ (ပုံ-၃ ကိုကြည့်နိုင်ပါသည်) အထူးသဖြင့် အဝီစိတွင်းတွေမှာ သူမပါရင်တော့ တိုင်းဖို့မဖြစ်နိုင်ပါ။ လက်တူးတွင်းကျယ်တွေမှာတော့ (ပေ ၄၀၊ ၅၀ ဝန်းကျင်ခန့်ဆိုပါက) ရိုးရိုးပေကြိုးအသုံးပြု၍လည်း တိုင်းတာလေ့လာနိုင်ပါတယ်။

၂။ Hydraulicstatic Water Level (Potentiometric Level) ကို တွက်ချက်ရန်လိုအပ်ပါတယ်။ မြေအောက်ရေက ပြည့်ဝဇုံ (Saturated Zone) အထိ စိမ့်ဝင်စီးဆင်းသွားပြီးမှသာ မြေအောက်ထဲမှာ အလျားလိုက်စီးဆင်းမှုကို ပြုလုပ်ပါတယ်။ ဒါကြောင့်မို့ ဒီဟာကို ပင်လယ်ရေမျက်နှာပြင်အမြင့်ပေါ်အခြေခံပြီး သူ့ရဲ့ရေပြင်အမြင့်ကို တွက်ချက်ပြီး သတ်မှတ်မှသာ မှန်ကန်ပါတယ်။

၃။ ကွင်းဆင်းမှတ်တမ်းစာအုပ်တွင် ပါဝင်သင့်သည့်အချက်များ
မြေပြင်မှ ရေပြင်အနက် (ပေ သို့မဟုတ် မီတာ)၊ Sea Level Elevation (တွင်း‌ဘောင်ပေါ်မှ ယူပါက တွင်းဘောင်အမြင့်ကိုနှုတ်ရန်)၊ GPS Location၊ တွင်းမှတ်တမ်းများဖြစ်သည့် အနက်ပေအလိုက်လွန်စာတောင့်မှတ်တမ်းများ (ရနိုင်ပါက) ၊ မြေအောက်စကာအနက် (Well Screen Depth) (ရနိုင်ပါက)၊ ရေထွက်နှုန်း (ရနိုင်ပါက) ၊ တူးဖော်သည့် ရက်စွဲ (ရနိုင်ပါက) စသည်)

၃။ မြေပုံရေးဆွဲခြင်း
GPS Location များအတိုင်း မြေပုံတချပ်ပေါ်တွင် စကေးကျ နေရာချပါ။ တည်နေရာတခုချင်းစီတွင် (လုပ်ငန်းစဉ် ၂ တွင် ရှင်းပြခဲ့သောနည်းအတိုင်း တွက်ယူကာ) Hydrostatic Water Level ကို ပူးတွဲမှတ်သားပါ။

၄။ အနီးဆုံးတည်နေရာနှစ်ခုအကြား အမြင့်ပေ သို့မဟုတ် မီတာ အပိုင်းအခြား (Intervals) များကို မျဉ်းကြောင်းတခုဆွဲကာ မှတ်သားပါ။ ဥပမာ ၁၀မီတာမှ ၁၀၀ မီတာ အမှတ်ကြားဖြစ်ပါက ၁၀မီတာအပိုင်းအခြားအလိုက် မှတ်သားပါ။ ထိုအမှတ်အသားများသည် မြေအောက်ရေအမြင့်ပေများပင်ဖြစ်ပင်သည်။ ထိုနည်းအတိုင်း နီးစပ်ရာအမှတ်များကို ဆက်၍အပိုင်းအခြားများ မှတ်သားပါ။ သတိပြုရန်မှာ တည်နေရာတခုနှင့်တခု ကြား ဆွဲထားသော မျဉ်းကြောင်းသည် အခြားတခုအား ဖြတ်သွားခြင်း လုံးဝမဖြစ်ရပါ။ (ပုံ-၄ ကိုကြည့်နိုင်ပါသည်) (ဒီနည်းလမ်းဟာ ခေတ်မီနည်းပညာတွေမလိုအပ်ဘဲ ရှေးယခင်ကတည်းက ဇလဘူမိပညာရှင်ကြီးများ လက်ဆင့်ကမ်းခဲ့သော နည်းလမ်းဖြစ်တာမို့ ခေတ်မီ GIS နည်းပညာတွေ မတတ်ကျွမ်းလည်းပဲ ပြုလုပ်နိုင်ပါတယ်။)

၅။ Triangulation Method ကို သုံးကာ တူညီသော အမြင့်ပေများကို ဆက်သွားပါ။ အားလုံးပြီးဆုံးသွားသည့်အခါ မြေအောက်ရေစီးဆင်းမှုပြကွန်တိုမြေပုံတခုရရှိမှာဖြစ်ပါတယ်။ (ပုံ-၄ ကိုကြည့်နိုင်ပါသည်)။ ထို့ကြောင့် အနည်းဆုံး မြေအောက်ရေတွင်း အနက် (၃) နေရာထက် မနည်း တိုင်းတာရန်လိုအပ်ပါသည်။

၆။ မြေအောက်ရေစီးဆင်းမှုကို သိရန် ‌မြေအောက်ရေကွန်တိုမျဉ်းများအား ဒေါင့်မှန်ကျသည့် အရပ်မျက်နှာကို ရှာပါ။ ကွန်တိုအမှတ်အမြင့်ဆုံးနေရာ သို့မဟုတ် နေရာများသည် မြေအောက်ရေဖြည့်တင်းသည့် သို့မဟုတ် စတင်ဝင်ရောက်သည့် နေရာများဖြစ်ပြီး အနိမ့်ဆုံးအမှတ်များသည် မြေအောက်ရေစီးဆင်းသွားသည့် နေရာများဖြစ်ပါတယ်။ (ပုံ-၅ ကိုကြည့်နိုင်ပါသည်)

၎င်းမြေပုံများကို ကြည့်လျက် မြေအောက်ရေညစ်ညမ်းမှုများ ပျံ့နှံ့နိုင်မည့်ဒေသများကိုလည်း ခန့်မှန်းသိရှိနိုင်မည်လည်းဖြစ်ပါတယ်။

ထို့အပြင် ၎င်းမြေပုံမှတဆင့် အသစ်ထပ်မံတူးဖော်လိုသည့် အဝီစိတွင်းများ၏ ရေနေအနက်ပေကိုလည်း ခန့်မှန်နိုင်မည်လည်းဖြစ်တယ်။

မြေအောက်ရေစီးဆင်းမှုပြမြေပုံရေးဆွဲဖော်ထုတ်ခြင်းသည် မြေအောက်ရေဘူမိဗေဒဆိုင်ရာ အသိပညာများ၊ မြေအောက်ရေခိုအောင်းလွှာများကို ခွဲခြားပေးနိုင်သည့် ခြံစည်းရိုးပုံသုံးဘက်မြင်အချက်အလက်များ (Fence Diagram)ဖြင့် ပေါင်းစပ်အသုံးပြုမှသာ ပိုမို၍ ပြီးပြည့်စုံသော ရလဒ်တခုဖြစ်နိုင်ကိုလည်း သတိချပ်ရပါမည်။ ယနေ့ခေတ်တွင် GIS Software များဖြင့် မြေအောက်ရေစီးဆင်းမှုပြမြေပုံများကို လျင်မြန်စွာဖြင့် အလွယ်တကူထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

မြေအောက်ရေစီးဆင်းမှုပြမြေပုံတွေဟာ နှစ်ကာလများစွာအတွင်း အပြောင်းအလဲတွေရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမြဲစောင့်ကြည့်မှတ်တမ်းတင်နိုင်မယ့် စနစ်တွေ ရှိဖို့လိုအပ်ပါတယ်။ Water Level Meter တွေကို အဝီစိတွင်းတွေထဲမှာ ၂၄ နာရီ အချိန်ပြည့် ချထားပြီး အလိုအလျောက် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ပေးတဲ့ စနစ်တွေ နိုင်ငံတကာက မြို့ကြီးတွေမှာ အသုံးပြုနေကြပါပြီ။ (ပုံ-၆ ကိုကြည့်နိုင်ပါသည်)

ယခုလောက်ဆိုရင် မြေအောက်ရေစီးဆင်းမှုပြမြေပုံများမှတဆင့် လေ့လာသည့် နည်းစနစ်များအား ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကာ မြေအောက်ရေအသိပညာများ ကျယ်ပြန့်လာစေဖို့အတွက် အထောက်အကူပြုမည်ဟု ယူဆမိပါတယ်။

22/07/2026

ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
(ရေရှည်တည်တံ့သော သတ္တုတူးဖော်ရေးနည်းလမ်းများ ဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြချက်)

သတ္တုတူးဖော်ရေးလုပ်ငန်းများက ပတ်ဝန်းကျင်အ‌ပေါ်သက်ရောက်မှု မည်မျှရှိမလဲဆိုတာက တူးဖော်သည့်ဒေသ၏ ပကတိပတ်ဝန်းကျင်အခြေအနေပေါ်လည်းမူတည်သလို ဘယ်လိုမျိုး ထိခိုက်မှုလျှော့ချခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှုတွေကို လျှော့ချနိုင်မလဲဆိုတာကလည်း အရေးကြီးတယ်ဆိုတာကို ဒီဗွီဒီယိုမှာ ဆွေးနွေးထားပါတယ်။

21/07/2026

သတ္တုတွင်းစီမံခန့်ခွဲမှုစက်ဝန်း (Mine Life Cycle)

EIA အစီရင်ခံစာများရေးသားရာတွင် အထူးသဖြင့် လုပ်ငန်းလည်ပတ်ခြင်းအဆင့်ဆင့်ရှိသည်။ ၎င်းအဆင့်များအလိုက် ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်စွမ်းကလည်း မတူညီကြပေ။ သတ္တုတွင်းထွက်သယံဇာတများ တူးဖော်ရာတွင်လည်း အလားတူ စီမံခန့်ခွဲမှုအဆင့်များ သို့မဟုတ် စီမံခန့်ခွဲမှုစက်ဝန်း ရှိပေသည်။ အဆင့်တခုချင်းစီအလိုက် ရေ၊ မြေ၊ လေ၊ ဇီဝထုနှင့် လူမှုဘဝများအပေါ် သက်ရောက်မှုများအား လေ့လာဆန်းစစ်သုံးသပ်ခြင်း၊ လျှော့ချမည့်အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော်‌ဆောင်ရွက်ခြင်းတို့မှတဆင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို စနစ်တကျစီမံနိုင်သည်။

📢 Webinar တက်ရောက်ခွင့်ရသူများအတွက် အကြောင်းကြားစာ.....လူကြီးမင်းတို့ စောင့်မျှော်နေကြတဲ့ Webinar အတွက် Zoom Link ကို စာ...
15/07/2026

📢 Webinar တက်ရောက်ခွင့်ရသူများအတွက် အကြောင်းကြားစာ.....

လူကြီးမင်းတို့ စောင့်မျှော်နေကြတဲ့ Webinar အတွက် Zoom Link ကို စာရင်းသွင်းစဉ်က ပေးထားခဲ့တဲ့ Email များဆီသို့ ပို့ပေးထားပြီး ဖြစ်ပါတယ်ခင်ဗျာ

စာရင်းသွင်းထားသူများအနေနဲ့ မိမိတို့ရဲ့ Email ကို အခုပဲ ဝင်ရောက်စစ်ဆေးပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 📬

💡 Email စစ်ဆေးရာတွင် အဆင်ပြေစေရန် အကြံပြုချက် -

Inbox ထဲမှာ အီးမေးလ် ရှာမတွေ့ပါက Spam, Junk သို့မဟုတ် Promotions Folder များကိုပါ သေချာလေး ထပ်မံစစ်ဆေးပေးပါခင်ဗျာ

တကယ်လို့ အီးမေးလ် လုံးဝမရရှိသေးဘူးဆိုရင်တော့ ကျွန်‌တော်တို့ Page ရဲ့ Messenger သို့ (မိမိစာရင်းသွင်းထားသည့် Email address လေးနှင့်တကွ) အမြန်ဆုံး လာရောက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Webinar မှာ အားလုံးနဲ့ အတူတူ ပြန်လည်ဆုံတွေ့ဖို့ စောင့်မျှော်နေပါမယ်နော်။ ✨

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းမြေတဆက်စပ်တည်းတည်ရှိသည့် ဒုတိယအရွယ်အစားအကြီးဆုံးနိုင်ငံတခုဖြစ်ပါတယ်။ ကီလိုမီတာထောင်ချီ၊ ရာချီ ဖြတ်သန်းစီးဆင်းသွားတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်အပါအဝင် အခြား အဓိကကျသော မြစ်လက်တက်များစွာဖြင့် ဟိမဝန္တာတောင်တန်းကို အခြေပြုလျက် ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းကြပါတယ်။ ဒီလိုမျိုး နိုင်ငံတခုရဲ့နယ်နိမိတ်ထဲမှာပဲ ကီလိုမီတာ ရာချီ၊ ထောင်ချီဖြတ်သန်းစီးဆင်းသွားတဲ့ မြစ်ကြီး တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံအနည်းစုသာရှိပြီး မြန်မာမှာဆိုရင် အဲဒါက တခုမကတောင် ရှိနေတာမို့ မြန်မာနိုင်ငံဟာ ရေအရင်းအမြစ် ပေါကြွယ်ဝတဲ့နိုင်ငံတခုဖြစ်တယ်လို့ ဆိုတာဖြစ်ပါတယ်။ မုတ်သုံရာသီမိုးများနဲ့ အမြဲစိမ်းတောများက ၎င်းပထဝီဝင်အနေအထားများရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် (မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဇုံမှလွှဲ၍) ယေဘုယျအားဖြင့်ဆိုလျင် သာယာစိမ်းလန်းသည့် ရေမြေတောတောင်များဖုံးလွှမ်းနေသည့် နိုင်ငံတခုဖြစ်သည်ဟု ဆိုနိုင်ပါတယ်။

WWF ရဲ့ လွတ်လပ်စွာစီးဆင်းနေသောမြစ်များအကြောင်း ပိုစတာတခုမှာတော့ ဧရာဝတီမြစ်ဝှမ်းတခုတည်းပင်လျှင် နှစ်စဉ် ဂေဟဝန်ဆောင်မှုတန်ဖိုး ၇ ဘီလီယမ်ခန့် အထိ ရရှိတယ်လို့ တွက်ချက်ဖော်ပြထားပါတယ်။

အခြားတဘက်မှာလည်း အဆိုပါ မြစ်ကြီးတွေရဲ့ရေရှည်တည်တံ့ရေးဟာ စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလို့ လာနေပါတယ်။ အဲဒီလိုဖြစ်လာစေတဲ့အကြောင်းရင်းတွေအနက် အကြီးမားဆုံး စိန်ခေါ်မှုကြီးတခုကတော့ သတ္တုတူးဖော်ရေးလုပ်ငန်းများပဲဖြစ်ပါတယ်။

သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ မြစ်ချောင်းတွေကို တိမ်ကော၊ ပျက်စီးစေလာသလို မြစ်ရေအရည်အသွေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီးတော့ ရေနေဂေဟစနစ်ကိုလည်း ကြီးမားစွာခြိမ်းခြောက်လျက်ရှိပါတယ်။ အဲဒီလိုအချက်တွေကြောင့် နှစ်စဉ်ရရှိနေတဲ့ ဂေဟဝန်ဆောင်မှုတန်ဖိုးတွေဟာ လျှော့ကျလာမှာဖြစ်ပါတယ်။ ၎င်းတို့ကို အကြီးမားဆုံးရင်ဆိုင်နေရတာကတော့ ချင်းတွင်းမြစ်လို့ (သတ္တုတူးဖော်ရေးလုပ်ကွက်များအား ဂြိုလ်တုဓါတ်ပုံများမှတဆင့် လေ့လာချက်အရ) ယူဆရပါတယ်။

သတ္တုတူးဖော်ရေးဟု ဆိုရာမှာ ရွှေသတ္တုကဏ္ဍဟာ မြန်မာပြည် နေရာအနှံ့အပြား ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ မြစ်ချောင်းအနီးနားတလျှောက်တူးဖော်တာ၊ ရွှေမျှောတွေအနေနဲ့ မြစ်ကြမ်းပြင်ကနေ သဲတွေကို စုပ်ယူပြီးတူးဖော်တာအပါအဝင် မြစ်လက်တက်၊ ချောင်းလက်တက်တွေနဲ့ မလှမ်းမကမ်း တလျှောက်လုံးနီးနီးမှာ အထိန်းအကွပ်မဲ့တူးဖော်ကြတာ၊ လယ်မြေတွေထဲအထိ တူးဖော်ကြတာ၊ သစ်တောမြေတွေထဲအထိ တူးဖော်ကြတာတွေဟာ လက်ရှိအချိန်မှာ ထိန်းမနိုင်သိမ်းမရအခြေအနေအထိသို့ ပိုပိုတိုး၍ ရောက်ရှိလာတာကို တွေ့ရပါတယ်။

အဲဒီလိုအရာတွေကို ဆက်လက်ပြီး အထိန်းအကွပ်မဲ့ လုပ်ဆောင်နေကြမယ်ဆိုပါက လာမည့် ဆယ်စုနှစ်တွေမှာ ချင်းတွင်းမြစ်ဟာ သာမန်ချောင်းတခုအဖြစ်သို့သာ ပြောင်းလဲလာမှာဖြစ်ပြီးတော့ အခြား မြစ်ကြီးနဲ့ မြစ်လက်တက်တွေဟာလည်း အလားတူ တိမ်ကော၊ ပျက်စီး၊ ပျောက်ကွယ်လာမည့် ကပ်ဘေးသို့ ဆိုက်ရောက်လာပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

အဆိုပါ ကိစ္စပ်ရပ်များအား ထိန်းသိမ်းဆောင်ရွက်ကြတဲ့နေရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကြောင်းနိုင်ဖို့လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်နိုင်မယ့် နည်းပညာနှင့် ဗဟုသုတများကလည်း လက်လှမ်းမီဖို့က အရေးကြီးပါတယ်။

ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်သို့ စတင်ဝင်ရောက်လိုသူများ၊ အရပ်ဘက်အဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြသူများ၊ သတ္တုတူးဖော်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများအား လေ့လာလိုသူများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာရေးသားကြသူများ၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအတွက် ပညာရပ်ဆိုင်ရာ ပေါင်းကူးတံတားအဖြစ် ပံ့ပိုးကူညီပေးရန် အောက်ပါ Webinar လေးတခုကို Groundwater and Environmental Sustaianbility (Myanmar) အဖွဲ့လေးအနေဖြင့် ပြုလုပ်သွားဖို့ရှိပါတယ်။

ဆွေးနွေးပွဲလေးရဲ့ခေါင်းစဉ်ကတော့ ဖော်ပြထားတဲ့အတိုင်း "ရေရှည်တည်တံ့သော သတ္တုတူးဖော်ရေးနည်းလမ်းများ - Environmental Friendly Mining Techniques" ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာတော့ သတ္တုတူးဖော်တဲ့အခါ ရေအရင်းအမြစ်များအားအပါအဝင် မြေဆီလွှာ၊ လေထုနှင့် ဥတုရာသီ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ရေး၊ လူမှုဘဝလုံခြုံမှုနှင့် ရေရှည်တည်တံ့ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်များ စသည့် ကဏ္ဍတို့အပေါ် သက်ရောက်မှုများကို လျော့နည်းအောင် လုပ်ဆောင်ရမည့်ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးသွားမှာကို နားထောင်ရမည်ဖြစ်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ အပြန်အလှန် နှီးနှောဖလှယ်ခြင်း အစီအစဉ်တွင်လည်း တက်တက်ကြွကြွပါဝင်ခွင့်ရနိုင်မှာဖြစ်ပါတယ်။

ထိရောက်သော ဆွေးနွေးပွဲလေး ဖြစ်စေဖို့ရာ လူဦးရေကို အနည်းငယ်သာ ကန့်သတ်ထားတာမို့ စာရင်းပေးသွင်းထားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

အောက်ပါ လင့်ခ်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/aDo5pcsbVVonkarN6

10/07/2026

ဇလဘူမိရုပ်သွင်များနှင့် မြစ်ချောင်းထိန်းသိမ်းခြင်းအကြောင်း
Hydro-Geomorphologies and Protection of Rivers

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မြစ်တွေ၊ ချောင်းတွေဟာလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အရေးပါတဲ့အရာတွေပါပဲ။ သူတို့တွေဟာ သဘာဝအလျောက် နှစ်ပေါင်းများစွာအတွင်းမှာ ဘယ်လိုမျိုးပြုမူပြောင်းလဲနေကြသလဲဆိုတာအပြင် လူသားတွေရဲ့ ထိန်းသိမ်းကာကွယ်မှုအားနည်းခြင်းကြောင့် မည်ကဲ့သို့ ပိုမိုဆိုးရွာစွာ မြန်ဆန်စွာနဲ့ ပြောင်းလဲလာနေသလဲဆိုတဲ့အကြောင်းတွေကို ဒီဗွီဒီယိုလေးမှာ မျှဝေတင်ဆက်ထားပါတယ်။

07/07/2026

သဲထုတ်ယူခြင်းနှင့် မြစ်တို့ရဲ့ ကျန်းမာရေး

မြစ်၊ ချောင်းတွေအတွင်းမှာ သဲ၊ ကျောက်တွေ ထုတ်ယူတာက မြစ်၊ ချောင်းတွေကို ပိုကျယ်စေတယ်၊ ပိုနက်စေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အထိန်းအကွပ်မဲ့ ပမာဏကြီးမားစွာ ထုတ်ယူခြင်းဟာ မြစ်၊ ချောင်းတွေရဲ့ ကျန်းမာရေးရဲ့ သဘာဝပတ်ဝန်းကြီးကို ဘယ်လိုထိခိုက်စေနိုင်သလဲ‌ဆိုတာ တင်ဆက်ထားပါတယ်....။

မြေအောက်ထဲကရေ တကယ်မြင်ရသလား သို့မဟုတ်မြေအောက်ရေ ဘူမိဗေဒမြေပုံ ရေးဆွဲဖော်ထုတ်ခြင်းလွန်‌ခဲ့သော ဆယ်နှစ်လောက်ကမှစပြီးတော့ မြ...
06/07/2026

မြေအောက်ထဲကရေ တကယ်မြင်ရသလား သို့မဟုတ်
မြေအောက်ရေ ဘူမိဗေဒမြေပုံ ရေးဆွဲဖော်ထုတ်ခြင်း

လွန်‌ခဲ့သော ဆယ်နှစ်လောက်ကမှစပြီးတော့ မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့ မြေအောက်ရေရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတွေမှာ မြေအောက်အာရုံခံ ကိရိယာတွေနဲ့ မြေအောက်ရေ စမ်းသပ်ရှာဖွေကာ ကျယ်ကျယ်ပြန့်ပြန့် တူးဖော်လာကြတယ်လို့ ခန့်မှန်းသုံးသပ်မိပါတယ်။ အဲဒီနည်းပညာတွေကို "ဘူမိရူပတိုင်းတာရေး" Geophysical Survey လို့ခေါ်ဆိုပါတယ်။

ဘူမိရူပတိုင်းတာရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဟာ အတွေ့အကြုံကောင်းတွေရှိနေဖို့ လိုအပ်သလို တိုင်းတာလေ့လာမယ့် နေရာဒေသရဲ့ မြေအောက်ဘူမိဖွဲ့စည်းပုံကိုလည်း အခြေခံနားလည်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်နိုင်မှသာ မြေအောက်ရေကို ရှာဖွေစမ်းသပ်ရာမှာလည်းကောင်း၊ မြေအောက်ရေ ဘူမိဗေဒမြေပုံထုတ်ရာမှာလည်းကောင်း ကာလ၊ ဒေသအလိုက် ‌ကျိုးကြောင်းဆပ်စပ်လျက် မှန်ကန်စွာဖြင့် ဖော်ထုတ်နိုင်မှာပါ။

ဒီနေရာမှာ မြေအောက်ဘူမိဖွဲ့စည်းပုံကို တိတိကျကျ သိရအောင် မြေအောက်ရေဘူမိဗေဒပညာရှင်တွေက ဘယ်လိုလေ့လာဖော်ထုတ်ကြပြီး မြေအောက်အနက် အပိုင်းအခြားအလိုက် ရေခိုအောင်းလွှာတွေကို ဘယ်လိုလေ့လာကြသလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်တာဖြစ်ပါတယ်။

မြေအောက်ရေခိုအောင်းလွှာတွေကို ဘူမိရူပတိုင်းတာရေးနည်းလမ်းအပြင် ပိုပြီးတိတိကျကျ သတ်မှတ်ဖော်ပြပေးနိုင်တာကတော့ Fence Diagram တွေဖြစ်ပါတယ်။ အောက်ကပုံမှာမြင်ရတဲ့အတိုင်း ခြံစည်းရိုးတွေကို ဆက်ထားတဲ့ပုံနဲ့ တူပါတယ်။

ဒီလိုမျိုး ခြံစည်းရိုးတွေဆက်ထားတဲ့ Fence Diagram တခုရရှိဖို့ နမူနာတွင်း သို့မဟုတ် အဝီစိတွင်း‌ အနည်းဆုံး ၃ခုထက်မကတဲ့ တွင်းတူးမှတ်တမ်း လွန်စာတောင့် (Borehole Samples) နမူနာများကို အနက်ပေအပိုင်းအခြားအလိုက် ရယူသိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနည်းလမ်းဟာ ပိုပြီးတိကျသော်လည်း ကုန်ကျရိတ်၊ အချိန်၊ နည်းပညာနဲ့ ဧရိယာကျယ်ကျယ်ပြန့်ပြန့် လိုအပ်တာကြောင့် အစိုးရရဲ့ ပံ့ပိုးမှုတွေကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ (အစိုးရဌာနတွေမှာဆိုရင် ဆည်မြောင်းဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့အနေဖြင့်လည်း ၎င်းအချက်အလက်များကို စနစ်တကျ သိမ်းဆည်းမှတ်တမ်းတင်ထားကြတာတွေရှိပါတယ်။)

ဒီနေရာမှာ လိုအပ်တဲ့ နမူနာတွင်းမှတ်တမ်း ၃ ခုဆိုတာဟာလည်း အတော်လေးနည်းပြီး မဖြစ်မနေလိုအပ်တဲ့အရေအတွက်မျှသာဖြစ်ပြီး စာရေးသူ သုတေသနပြုခဲ့တဲ့ မြေအောက်ရေ လေ့လာရေးသုတေသနတခုမှာဆိုရင် ၁၅ ခုလောက်နဲ့ ရေးဆွဲခဲ့ရတာပါ။

ဒီနည်းလမ်းဟာ အဓိကအားဖြင့် အနည်ကျချိုင့်ဝှမ်းတွေ သို့မဟုတ် Weathered Top Soil (အထူးသဖြင့် မီးသင့်ကျောက်များမှ ရာသီဥတုခြေဖျက်တိုက်စားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံမြေစေးလွှာများ) ထဲ မှာပဲ အဓိက အလုပ်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (ယေဘုယျအနေနဲ့) မြေအောက်အနက် မီတာရာပေါင်းများစွာမှာ ထုလိုက်ထည်လိုက်ရှိတဲ့ အောက်ခံကျောက် ဟို့မဟုတ် ကျောက်မာ (Hard Rock) တွေဖြစ်တဲ့ မီးသင့်ကျောက် (Igneous Rock) နဲ့ အသွင်ပြောင်းကျောက် (Metamorphic Rock) တွေမှာဆိုရင် Drilling လုပ်ဖို့ဟာ ခက်လို့ပါ။ Karstic Region လို့ခေါ်တဲ့ ထုံးကျောက်ဒေသ‌တွေမှာလည်း Underground Caves တွေရှိတတ်သလို Bedding Thickness တွေကလည်း ထုလိုက်ထည်လိုက် ကြီးမားစွာ ရှိနေတတ်တာမို့ သိပ်ပြီးမရိုးရှင်းလှပါဘူး။ အကန့်အသတ်တွေ ရှိတတ်ပါတယ်။

မြေအောက်ရေဘူမိဗေဒမြေပုံ မဖော်ထုတ်ရသေးတဲ့ဒေသတွေမှာဆိုရင် အဆိုပါ တွင်းတူးမှတ်တမ်းများကို လိုက်လံစုဆောင်းခြင်း၊ လိုအပ်ပါက နမူနာတွင်းများ တူးဖော်မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ရရှိလာသော တည်နေရာအလိုက် တွင်းတူးမှတ်တမ်းများကို စကေးကိုက် မြေပုံတခုပေါ်တွင် နေရာချကာ ကျောက်လွှာအမျိုးအစားအလိုက် ဆက်စပ်မှုကို Triangulation Method ဖြင့် ရေးဆွဲကာ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း အခြေခံဘူမိဗေဒဆိုင်ရာ အသိပညာများ၊ ဗဟုသုတများနှင့် အတွေ့အကြုံများက အရေးကြီးပါတယ်။

အခုနောက်ပိုင်းမှာတော့ Fence Diagram မှတဆင့် မြေအောက်ရေဘူမိဗေဒမြေပုံရေးဆွဲဖို့ သုံးဘက်မြင်ပုံဖော်တဲ့ 3D Software တွေ ပေါ်လာပါပြီ။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာပဲ ငွေကြေးဖြင့် ပေးဝယ်ရတဲ့ လိုင်စင်ဆော့ဖ်ဝဲတွေကပဲ ပိုပြီး အသုံးပြုရလွယ်ကူနေဆဲဖြစ်တာကတော့ စိန်ခေါ်မှုတခုဖြစ်နေပါသေးတယ်။

တကယ်တော့ Fence Diagram ရေးဆွဲပြီးရုံနဲ့လည်း မြေအောက်ရေကို ချက်ချင်းသိနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ မြေအောက်ရေကို သိုလှောင်ထားပေးနိုင်မယ့် အင်္ဂါရပ်များ (Reservoir Properties) ကို ဆက်စပ်လေ့လာကြည့်ပြီးမှသာ သိရှိနိုင်ပါတယ်။ ဒီနေရာမှာ ဘူမိရူပတိုင်းတာရေးနဲ့ ပေါင်းစပ်လိုက်ရင်တော့ ပိုပြည့်စုံသွားနိုင်ပါတယ်။ Fence Diagram က မြေအောက်အနက်ဘယ်လောက်မှာ ဘယ်လိုရေခိုအောင်းလွှာတွေရှိနိုင်တယ်ဆိုတာကိုသာ ပြောပြနိုင်ပြီးတော့ ဘူမိရူပတိုင်းတာရေးနည်းလမ်းတွေကတော့ အဲဒီမြေအောက်အနက်မှာ တကယ်မြေအောက်ရေရှိ/မရှိနှင့် ထွက်ရှိမယ့် ခန့်မှန်းပမာဏတို့ကို အာရုံခံပြီး အတည်ပြုပေးနိုင်ပါတယ်။ (ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို ပြန်ဖြေရရင် နတ်မျက်စိကဲ့သို့ မြေအောက်ရေကို ဘယ်သူကမှ မမြင်ရပါဘူး။ ကျိုးကြောင်း ဆီလျော်သော ဆင်ခြင်ဉာဏ်ဖြင့် လေ့လာ၊ သုံးသပ်၊ ခန့်မှန်းရခြင်းသာဖြစ်တယ်လို့ ဆိုချင်ပါတယ်)

ဒါကြောင့်မို့လို့ Fence Diagram ဟာ ဒေသတခုရဲ့ မြေအောက်ရေဘူမိဗေဒကို တိတိကျကျ နားလည်ဖို့ အခြေခံအကျဆုံးဖြစ်ပြီး မြေအောက်ရေဘူမိဗေဒမြေပုံများ ရေးဆွဲဖော်ထုတ်ခြင်း၊ မြေအောက်ရေစူးစမ်းရှာဖွေခြင်းနှင့် မြေအောက်ရေညစ်ညမ်းမှုအား ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရာမှာ အင်မတန်အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ မြေအောက်ရေဘူဗိဗေဒမြေပုံ‌တွေဟာ နိုင်ငံတဝန်းမှာ အသေးစိပ် မထွက်နိုင်သေးပါဘူး။ သိထားသလောက်ဆိုရင် ရန်ကုန်၊ မန္တလေး စသဖြင့် မြို့ကြီးတွေနဲ့ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်က မြေအောက်ရေဘူမိဗေဒအထူးပြု ဘွဲ့ယူစာတမ်းပြုလုပ်ထားကြတဲ့ ဒေသအချို့က မြေပုံများလောက်သာ ရှိပါသေးတယ်။ ဒါကြောင့် မြေအောက်ရေနှငိ့ပတ်သက်ရင် မှန်းဆချက်များဖြင့်သာ အဓိကပြောနေကြရတုန်းပါပဲ။

မကြာသေးခင်နှစ်တွေကနေစပြီးတော့ မြေအောက်ရေ ဘူမိဗေဒ စမ်းသပ်ရှာဖွေခြင်း၊ အဝီစိတွင်းတူးဖော်ခြင်း ဝန်ဆောင်မှု ပေးနေသည့် မြေအောက်ရေ ဘူမိဗေဒကျွမ်းကျင် ကုမ္ပဏီအချို့ဟာ ‌ဒေသအလိုက် တွင်းတူးမှတ်တမ်းများကို စနစ်တကျ ‌စုဆောင်းသိမ်းဆည်း မှတ်တမ်းတင်ထားကြတာ၊ မှတ်တမ်းယူ သိမ်းဆည်းနေကြတာကိုလည်း တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒေသအလိုက် ပိုမိုပြည့်စုံသော မြေအောက်ရေဘူမိဗေဒမြေပုံများ ထွက်ပေါ်လာရေးအတွက် အင်မတန်ကျေးဇူးတင်ထိုက်ပြီး တန်ဖိုးကြီးလှတဲ့ အမျော်အမြင်ကြီးမားသော လူမှုအကျိုးပြု လုပ်ငန်း (Social Entrepreneur) တခုဖြစ်ပါကြောင်းလည်း တင်ပြလိုက်ရပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Groundwater and Environmental Sustainability - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Groundwater and Environmental Sustainability - Myanmar:

Shortcuts

Share