22/05/2026
စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ
__________________________
30 Minutes with the ISP (အမှတ်-၁၄)
မေ ၂၃ ရက် (စနေနေ့)၊ ၂၀၂၆ ခုနှစ်
မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀-၃:၃၀ နာရီ
ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက Zoom ကတဆင့် အွန်လိုင်းစနစ်နဲ့ မိနစ် ၃၀ ကြာ တင်ပြမှာဖြစ်ပြီး အောက်က link မှာ ကြိုတင်စာရင်းပေးထားလို့ ရပါတယ်။
https://ispmyanmar.com/community/events/ev-16/
■ အယူအဆမှတ်စု
မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းခဲကြရတာဟာ ဒေသတွင်း စွမ်းအင်လောင်စာအကျပ်အတည်းနဲ့ စားနပ်ရိက္ခာလုံခြုံမှု ပြဿနာတွေ ဖြစ်ပါတယ်။ စွမ်းအင်လောင်စာအကျပ်အတည်းက ၂၀၂၆ ခုနှစ် အီရန်စစ်ပွဲနဲ့အတူ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုနောက်ပိုင်း ဖြစ်လာခဲ့တာပါ။ အာဆီယံနိုင်ငံတွေရဲ့ ရေနံတင်သွင်းမှု အများစု (၅၆ ရာခိုင်နှုန်းခန့်) ဟာ တင်းမာမှုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးလာနေရတာပါ။ ဒီလိုနဲ့ လောင်စာစျေးနှုန်း မြင့်တက်မှု၊ ရောင်းဝယ်မှုနဲ့ စွမ်းအင်ပြတ်လပ်မှု ဖြစ်လာပါတယ်။
နိုင်ငံအလိုက် သက်ရောက်ထိခိုက်မှုတွေမှာ ဖိလစ်ပိုင်နိုင်ငံက အဆိုးဆုံးထိခိုက်ခံရတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ရေနံ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းပြီး သိုလှောင်နိုင်စွမ်းက ရက်အနည်းငယ်ပဲရှိပါတယ်။ “တနိုင်ငံလုံး စွမ်းအင် အရေးပေါ်အခြေ အနေ”လို့ မတ် ၂၄ ရက်မှာ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအဖို့ စွမ်းအင်အကျပ်အတည်းက အပူပေါ်အပူဆင့်တဲ့ နောက်တိုးပြဿနာပါပဲ။ နိုင်ငံဟာ မတည်ငြိမ်မှုနဲ့ ချည့်နဲ့ပြိုကွဲလွယ် အခြေအနေဖြစ်နေတာမို့ ဆတိုးထိခိုက်မှုတွေ ပိုကြုံလာရဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အချည့်နဲ့ဆုံးနိုင်ငံတွေထဲပါနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပိုဆိုးလာနေပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခမီး ဆက်လက်တောက်လောင်နေဆဲပါ။ နိုင်ငံ စီးပွားရေးကလည်း ချည့်နဲ့နေပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စီးပွားဖွံ့ဖြိုးမှု နှစ်ရာခိုင်နှုန်းကျုံ့သွားပါတယ်။ လာမယ့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးမယ် ဆိုပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေး မတိုင်မီကာလ စီးပွားရေးဖွံ့ဖြိုးမှုကိုမှီဖို့ အတော်ရုန်းကန်ရပါဦးမယ်။ စစ်ကိုင်း-မန္တလေး ငလျင်ကြီးဒဏ်သင့်ခဲ့လို့ ထိခိုက်နစ်နာရတာတွေလည်း ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု ကျဆင်းနေရဆဲဖြစ်ပြီး ရေနံလောင်စာရှားပါးမှုနဲ့အတူ သွင်းအားစု ဓာတ်မြေဩဇာရဖို့လည်း ခက်ခဲတဲ့အပြင် ဈေးနှုန်းကြီးမြင့်တာကိုလည်း ရင်ဆိုင်ရဦးမှာပါ။ ပြင်းထန်တဲ့ရာသီဥတုကြောင့် ပိုလို့ ထိခိုက်နစ်နာဖွယ်အကြောင်း ရှိနေပါသေးတယ်။ အဲဒါအပြင် မူဝါဒအရ ကုန်သွယ်မှုတွေ တင်းကျပ်ပိတ်ဆို့ထားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အဆိုးတွေချည်း စုပြုံပြီးကြုံကြရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မူလကတည်းက ဆင်းရဲမွဲတေမှု မြင့်မားနေတာရယ်၊ နိုင်ငံတကာပြစ်ဒဏ်ခတ်မှုနဲ့ အထီးကျန်မှုတွေကြောင့်လည်း ပိုပြီး ထိခိုက်သက်ရောက်နိုင်ပါတယ်။
ဒီအခြေအနေဆိုးကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြရသလဲဆိုတာကို ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆန်းစစ်လေ့လာခဲ့ပါတယ်။ အခုကြုံနေရတဲ့ လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ ပိုလို့ထိခိုက်နစ်နာနေကြပါတယ်။ သက်ရောက်မှုတွေကတော့ ကြီးပါတယ်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်ပါတယ်။ စီးပွားရေးပြိုလဲမှုနဲ့ ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခမီး ပြန်တောက်လောင်လာနိုင်သလို အလုပ်လက်မဲ့များလာပြီး အိုးအိမ်စွန့်ပစ် ပြောင်းရွှေ့အခြေချမှုတွေလည်း မြင့်မားလာနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံမှုကိုလည်း သက်ရောက်နိုင်ပါတယ်။ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးနိုင်ပါတယ်။ မတည်ငြိမ်မှု ပိုများလာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေလည်း ပိုကြုံနိုင်ပါတယ်။ ပြောရရင်တော့ လောင်စာအကျပ်အတည်းကနေ ချည့်နဲ့နေတဲ့ နိုင်ငံတခုမှာ အကျပ်အတည်းပေါင်းစုံ (polycrisis) အထိကို ဖြစ်စေနိုင်ပါတယ်။ လွယ်ကူတဲ့ မူဝါဒအဖြေတွေတော့ ရှိမနေပါဘူး။ လူထုရဲ့ဒုက္ခက ဘာတွေလဲဆိုတာနဲ့ ဘယ်လို ရုန်းကန်ရှင်သန်ကြမလဲဆိုတာကို ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ် (အမှတ် ၁၄) မှာ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆွေးနွေးကြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။