Institute for Strategy and Policy- Myanmar

Institute for Strategy and Policy- Myanmar The Institute for Strategy and Policy – Myanmar (ISP-Myanmar) is an independent, non-partisan, and non-governmental think tank.

Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The Institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues. ISP-Myanmar supports the advancement of democracy, good

governance, federal principles and practices, and fundamental human rights. Our work aims to promote the development of a resilient and tolerant society whose government is accountable and open to the participation by all people. ISP-Myanmar values the respect for human rights and human security in Myanmar. We believe in addressing inequalities that cut across multiple divides, including race, class, gender, sexual orientation and citizenship. We encourage informed public debate and respect for diverse opinions. The mission of ISP-Myanmar is to promote democratic leadership and to strengthen civic participation by conducting policy-oriented research, analysis, public outreach with multi-media tools, capacity building training and leadership-level dialogue.

စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ__________________________30 Minutes with the ISP (အမှတ်-၁၄)မေ ၂၃ ရက် (စနေနေ...
22/05/2026

စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ

__________________________

30 Minutes with the ISP (အမှတ်-၁၄)

မေ ၂၃ ရက် (စနေနေ့)၊ ၂၀၂၆ ခုနှစ်
မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀-၃:၃၀ နာရီ

ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက Zoom ကတဆင့် အွန်လိုင်းစနစ်နဲ့ မိနစ် ၃၀ ကြာ တင်ပြမှာဖြစ်ပြီး အောက်က link မှာ ကြိုတင်စာရင်းပေးထားလို့ ရပါတယ်။

https://ispmyanmar.com/community/events/ev-16/

■ အယူအဆမှတ်စု

မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းခဲကြရတာဟာ ဒေသတွင်း စွမ်းအင်လောင်စာအကျပ်အတည်းနဲ့ စားနပ်ရိက္ခာလုံခြုံမှု ပြဿနာတွေ ဖြစ်ပါတယ်။ စွမ်းအင်လောင်စာအကျပ်အတည်းက ၂၀၂၆ ခုနှစ် အီရန်စစ်ပွဲနဲ့အတူ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုနောက်ပိုင်း ဖြစ်လာခဲ့တာပါ။ အာဆီယံနိုင်ငံတွေရဲ့ ရေနံတင်သွင်းမှု အများစု (၅၆ ရာခိုင်နှုန်းခန့်) ဟာ တင်းမာမှုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးလာနေရတာပါ။ ဒီလိုနဲ့ လောင်စာစျေးနှုန်း မြင့်တက်မှု၊ ရောင်းဝယ်မှုနဲ့ စွမ်းအင်ပြတ်လပ်မှု ဖြစ်လာပါတယ်။

နိုင်ငံအလိုက် သက်ရောက်ထိခိုက်မှုတွေမှာ ဖိလစ်ပိုင်နိုင်ငံက အဆိုးဆုံးထိခိုက်ခံရတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ရေနံ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းပြီး သိုလှောင်နိုင်စွမ်းက ရက်အနည်းငယ်ပဲရှိပါတယ်။ “တနိုင်ငံလုံး စွမ်းအင် အရေးပေါ်အခြေ အနေ”လို့ မတ် ၂၄ ရက်မှာ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအဖို့ စွမ်းအင်အကျပ်အတည်းက အပူပေါ်အပူဆင့်တဲ့ နောက်တိုးပြဿနာပါပဲ။ နိုင်ငံဟာ မတည်ငြိမ်မှုနဲ့ ချည့်နဲ့ပြိုကွဲလွယ် အခြေအနေဖြစ်နေတာမို့ ဆတိုးထိခိုက်မှုတွေ ပိုကြုံလာရဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အချည့်နဲ့ဆုံးနိုင်ငံတွေထဲပါနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပိုဆိုးလာနေပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခမီး ဆက်လက်တောက်လောင်နေဆဲပါ။ နိုင်ငံ စီးပွားရေးကလည်း ချည့်နဲ့နေပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စီးပွားဖွံ့ဖြိုးမှု နှစ်ရာခိုင်နှုန်းကျုံ့သွားပါတယ်။ လာမယ့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးမယ် ဆိုပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေး မတိုင်မီကာလ စီးပွားရေးဖွံ့ဖြိုးမှုကိုမှီဖို့ အတော်ရုန်းကန်ရပါဦးမယ်။ စစ်ကိုင်း-မန္တလေး ငလျင်ကြီးဒဏ်သင့်ခဲ့လို့ ထိခိုက်နစ်နာရတာတွေလည်း ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု ကျဆင်းနေရဆဲဖြစ်ပြီး ရေနံလောင်စာရှားပါးမှုနဲ့အတူ သွင်းအားစု ဓာတ်မြေဩဇာရဖို့လည်း ခက်ခဲတဲ့အပြင် ဈေးနှုန်းကြီးမြင့်တာကိုလည်း ရင်ဆိုင်ရဦးမှာပါ။ ပြင်းထန်တဲ့ရာသီဥတုကြောင့် ပိုလို့ ထိခိုက်နစ်နာဖွယ်အကြောင်း ရှိနေပါသေးတယ်။ အဲဒါအပြင် မူဝါဒအရ ကုန်သွယ်မှုတွေ တင်းကျပ်ပိတ်ဆို့ထားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အဆိုးတွေချည်း စုပြုံပြီးကြုံကြရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မူလကတည်းက ဆင်းရဲမွဲတေမှု မြင့်မားနေတာရယ်၊ နိုင်ငံတကာပြစ်ဒဏ်ခတ်မှုနဲ့ အထီးကျန်မှုတွေကြောင့်လည်း ပိုပြီး ထိခိုက်သက်ရောက်နိုင်ပါတယ်။

ဒီအခြေအနေဆိုးကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြရသလဲဆိုတာကို ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆန်းစစ်လေ့လာခဲ့ပါတယ်။ အခုကြုံနေရတဲ့ လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ ပိုလို့ထိခိုက်နစ်နာနေကြပါတယ်။ သက်ရောက်မှုတွေကတော့ ကြီးပါတယ်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်ပါတယ်။ စီးပွားရေးပြိုလဲမှုနဲ့ ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခမီး ပြန်တောက်လောင်လာနိုင်သလို အလုပ်လက်မဲ့များလာပြီး အိုးအိမ်စွန့်ပစ် ပြောင်းရွှေ့အခြေချမှုတွေလည်း မြင့်မားလာနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံမှုကိုလည်း သက်ရောက်နိုင်ပါတယ်။ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးနိုင်ပါတယ်။ မတည်ငြိမ်မှု ပိုများလာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေလည်း ပိုကြုံနိုင်ပါတယ်။ ပြောရရင်တော့ လောင်စာအကျပ်အတည်းကနေ ချည့်နဲ့နေတဲ့ နိုင်ငံတခုမှာ အကျပ်အတည်းပေါင်းစုံ (polycrisis) အထိကို ဖြစ်စေနိုင်ပါတယ်။ လွယ်ကူတဲ့ မူဝါဒအဖြေတွေတော့ ရှိမနေပါဘူး။ လူထုရဲ့ဒုက္ခက ဘာတွေလဲဆိုတာနဲ့ ဘယ်လို ရုန်းကန်ရှင်သန်ကြမလဲဆိုတာကို ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ် (အမှတ် ၁၄) မှာ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆွေးနွေးကြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။

မှတ်ပင်အောက်တွင် ပြန်ဆုံမည်__________________________■ မောရဇော်[မောရဇော်သည် ပြည်တွင်းတွင် နေထိုင်လျက်ရှိသည့် အလွတ်တန်းသတ...
21/05/2026

မှတ်ပင်အောက်တွင် ပြန်ဆုံမည်

__________________________

■ မောရဇော်

[မောရဇော်သည် ပြည်တွင်းတွင် နေထိုင်လျက်ရှိသည့် အလွတ်တန်းသတင်းစာဆရာဖြစ်သည်။]

နေအရမ်းပူလို့ အပြင်မထွက်ဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။ ပုပ်သိုးနံစော်နေတဲ့ စနစ်အောက်မှာ အသက်ရှူကလည်း အရမ်းကျပ်လာတယ်။ သတင်းတွေကို ဝင်ဖတ်ကြည့်လိုက်ရင်တော့ ဗုံးတွေက မိုးရွာသလို ရွာနေကြ၊ အသက်တွေက ပန်းကြွေသလို ကြွေနေကြရရှာတယ်။ မြင်အပ်မမြင်အပ်၊ ကြားအပ်မကြားအပ်တာတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတော့ နဂိုသောကကို ဖုံးဖိဖို့ အနိဋ္ဌာရုံတွေကို အာရုံလွှဲလိုက်တာဟာ အကောင်းဆုံးပဲ မဟုတ်လား။ ဒါပေမဲ့ စစ်မက်ထူပြောတဲ့ ကမ္ဘာမှာ ကျနော်တို့ရဲ့ အာရုံကို ရှောင်လွှဲဖို့ ခက်လိုက်တာ။ အခုတော့ ငယ်ဘဝတုန်းက အိပ်မက်တွေ ဖြစ်တည်ခဲ့တဲ့ ကောင်းကင်ကိုတောင် မော့မကြည့်ရဲလောက်တဲ့ အထိပါပဲ။

ငယ်ငယ်တုန်းကတော့ ဒီလိုပူအိုက်တဲ့ နွေညနေတွေမှာ သပေါ့ဖျာကလေးကို အိမ်ရှေ့ကွင်းပြင်မှာခင်းပြီး ကောင်းကင်ကို ငေးကြည့်နေခဲ့ကြတယ်။ အဖေ၊ အစ်ကိုနဲ့ ကျနော်ပေါ့။ လသာတဲ့ ညတွေဆိုရင် ခုနစ်စဉ်ကြယ် အမြီးလှည့်တဲ့အကြောင်းတွေ ပြောကြတယ်။ ကြယ်ဆိုင်းထမ်းကြီးသုံးလုံး ညီညီညာညာ တောက်ပနေတယ်၊ အဲဒီအနားလေးမှာပဲ ကြယ်ဆိုင်းထမ်းငယ်သုံးလုံးကလည်း မှိန်ဖျော့ဖျော့ စီတန်းနေတယ်လို့ အဖေက ပြောပြတယ်။ ဒီဆိုင်းထမ်းကြယ်နှစ်ခုမှာ အကြီးက ဖခင်ဖြစ်ပြီးတော့ အငယ်က သားလို့လည်း ဆိုတယ်။ သူတို့သားအဖနှစ်ယောက်ဟာ စပါးကောက်လှိုင်းတွေကို ထမ်းသယ်နေကြတာလို့လည်း ဆိုပြန်တယ်။

လပေါ်က ဆန်ဖွတ်နေတဲ့ အရိပ်ဟာ အမေနဲ့ သားငယ်လို့ ဆိုတယ်။ အဖေ့ရဲ့ ကောင်းကင်ဒဿနတွေဟာ ရွှေလမှာ ယုန်ဝပ်တဲ့အကြောင်း မဟုတ်ဘူး။ ဆိုလိုချင်တာက အဖေနဲ့ အစ်ကိုက စပါးကောက်လှိုင်းတွေ သယ်ကြတဲ့ ကြယ်ဆိုင်းထမ်းကြီးနဲ့ ကြယ်ဆိုင်းထမ်းငယ်။ စပါးတွေကို ဆုံထဲထည့်ပြီး ဆန်ဖြစ်အောင် ထောင်းတာက အမေ။ ကျနော်ကတော့ အမေ ဆန်ဖွပ်တဲ့အနားမှာ ထိုင်ရင်း ကြက်နှင်၊ ဘဲနှင်ပေါ့။
တခါတရံမှာတော့ နဂါးငွေ့တန်းကြီးအကြောင်းတွေကိုပါ ပြောပြသေးတယ်။ ကောင်းကင်ပေါ်မှာ နဂါးတကောင်လို တွန့်လိမ်နေတဲ့ အလင်းတန်းမှုန်မှုန်တခု ရှိတယ်။ ဒါကို နဂါးလို့ခေါ်ပြီးတော့ နဂါးအမြီး၊ ဦးခေါင်းတွေကို ရှင်းပြတယ်။ နဂါးပါးစပ်ကြီးက ဘယ်ဘက်ကို လှည့်နေရင် အိုးသစ်၊ အိမ်သစ်တွေ မတက်ရဘူး။ လူတွေ ထိခိုက်တတ်တယ်လို့ ဆိုတယ်။ တခါ ဓူဝံကြယ်ရဲ့ လမ်းပြမှုကြောင့် လမ်းမှန်ရောက်ခဲ့တဲ့ တောပျော်မုဆိုးတွေရဲ့ အကြောင်းကိုပါ မငြီးတမ်း နားထောင်ခဲ့ရတယ်။ အဖေ့စကြဝဠာသီအိုရီ ပြီးဆုံးချိန်မှာ ကျနော်က အဖေ့လက်ပေါ်မှာ အိပ်ပျော်သွားခဲ့ပါပြီ။

အခုလို ပူအိုက်တဲ့အချိန်တွေမှာ မြေတတင်းပေါ် သပေါ့ဖျာခင်းပြီး လေတဖြူးဖြူးနဲ့ အပူရှောင်ခဲ့ရတဲ့ ငယ်ဘဝက ကောင်းကင်ကြီးဟာ ငြိမ်းချမ်းနွေးထွေးခဲ့ပါတယ်။ အခုတော့ ကောင်းကင်ကြီးကို အသုံးချပြီး လူသတ်မှုကို ကျူးလွန်နေလိုက်ကြတာ နေ့စဉ်နဲ့အမျှပါပဲ။ ကြယ်ကို ကြယ်မှန်း သိခွင့်မရခဲ့တဲ့ ကလေးငယ်တွေဟာ ကောင်းကင်ကြီးကိုများ အပြစ်ဆိုလေကြမလား ကျနော် မသိ။ ဒါပေမဲ့ သူတို့ ဘာကြောင့် သေဆုံးသွားခဲ့ကြရတယ်ဆိုတာကို သိစေချင်လိုက်တာ။

ကျနော်တို့သားအဖတွေ သပေါ့ဖျာပေါ် ပက်လက်လှန်ပြီး ကောင်းကင်အကြောင်း၊ ကြယ်အကြောင်းတွေကို ပြောနေကြရင် အမေက ကုပ်ကုပ်ကလေးထိုင်ပြီး နားထောင်နေတတ်တယ်။ ဆေးပေါ့လိပ် ဖွာရင်း စကားဆိုက်ကျတဲ့အခါ အမေက ဝင်ပြောတတ်တယ်။ အမေပြောတဲ့အထဲ ‘မေ့ပင်’နဲ့ ‘မှတ်ပင်’ကို ကျနော် ကောင်းကောင်းမှတ်မိပါသေးတယ်။

လူတွေ သေဆုံးသွားကြရင် ဝိညာဉ်ဟာ မေ့ပင်နဲ့ မှတ်ပင်ဆိုတဲ့ အပင်နှစ်ပင်အောက်ကို အရင်ဆုံး ဖြတ်လျှောက်ကြရတယ်လို့ ဆိုတယ်။ ဒီသစ်ပင်နှစ်ပင်မှာ အရင်ဆုံး ဖြတ်ကြရတာကတော့ မေ့ပင်ပါ။ မေ့ပင်အောက်မှာ အလွန်ငြိမ့်ညောင်းတဲ့ တူရိယာတွေ၊ ချိုသာတဲ့ အသံတွေနဲ့ တီးမှုတ်ကခုန်လေ့ရှိကြတယ်။ ရေတံခွန်တွေ၊ ကျေးငှက်တွေ၊ ဥယျာဉ်ကြီးတွေရှိတယ်။ နောက်ပြီးတော့ စားစရာတွေကလည်း အလွယ်တကူရတယ်။ ဗိုက်ဆာရင် ဝင်စားရုံ၊ ရေဆာရင် ခပ်သောက်ရုံ။ ဒီလိုမျိုး ပြည့်စုံသာယာဖွယ်ကောင်းတဲ့အပင်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သေဆုံးသွားတဲ့ ဝိညာဉ်ဟာ မေ့ပင်အောက်ကို ရောက်ပြီဆိုရင် ကိုယ်လာတဲ့ အတိတ်ဘဝတွေကို မေ့သွားတတ်ကြတယ်လို့ ဆိုပါတယ်။

နောက်တပင်က မှတ်ပင်။ မေ့ပင်ကို ကျော်ဖြတ်သွားနိုင်ပြီဆိုရင် မှတ်ပင်အောက်ကို ဖြတ်ရတယ်။ မှတ်ပင်ဟာ မေ့ပင်လိုမျိုး မဟုတ်ဘဲ တကယ့်ကိုယ့်ဇာတိမြေလို၊ အိမ်လို၊ အမေ၊ အဖေနဲ့ မိသားစုဝင်တွေကို သတိရစေတဲ့ ရုပ်ပုံမျိုးတွေကို မြင်လာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မှတ်ပင်အောက်ကို ရောက်ရင် လူတွေက ကိုယ်လာခဲ့တဲ့ ဘဝဟောင်းတွေကို သတိရကြပြီးတော့ ဘဝသစ်တခုမှာ ဝင်စားတဲ့အခါမှာလည်း အဖြစ်မှန်တွေကို ပြောနိုင်ကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မှတ်ပင်အောက်ကို ရောက်ဖို့အတွက် မေ့ပင်ကို ဖြတ်ရတာဟာ မလွယ်ကူဘူး။ လူတသိန်းမှာ တယောက်လောက်ပဲ မေ့ပင်ကို ကျော်ပြီး မှတ်ပင်ကို ရောက်နိုင်တယ်လို့ ဆိုတယ်။

အမေက ဆက်ပြောသေးတယ်။ အခု မပြောကောင်းမဆိုကောင်း ငါသေသွားလို့ ရှိရင် မှတ်ပင်အောက်ကို ရောက်အောင်သွားမှာ။ မေ့ပင်အောက်က အသံတွေ၊ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို ကျော်ဖို့အတွက် နားနဲ့ မျက်စိကို ပိတ်ပြီး မှတ်ပင်အောက်ကို ရောက်တဲ့အထိ သွားမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် မင်းတို့ကို စိတ်မချလို့ပေါ့။ အမေ့အသံဟာ ရှိုက်ငင် တိမ်ဝင်သွားခဲ့တယ်။

အမေအသက် ၄၀ ကျော်မှာ ကျနော့်ကို မွေးခဲ့တယ်။ အခုတော့ အမေဟာ အသက် ၈၀ ကျော်ခဲ့ပြီ။ အိုခြင်းဝေဒနာတွေနဲ့ အထီးကျန်ဝေဒနာတွေဟာ အမေ့ဆီကို တစတစ ချဉ်းကပ်လာနေကြပြီ။ အခုတလော အမေက ကျနော့်ဆီ မကြာမကြာ ဖုန်းဆက်တယ်။ ရိုးမတဖက်က အမေအိုဟာ ကျနော့်မျက်နှာကို မြင်ချင်လွန်းလို့ အင်တာနက်ဖိုး ငွေ ၅,၀၀၀ ကျပ် ပေးရတယ်။ နောက်ပြီးတော့ ကျနော့်ကို မှာတယ်။ မင်းလာလို့မရဘူးလား၊ ငါသေရင် ဘယ်သူမှ ငါ့အနားရှိကြမှာ မဟုတ်ဘူးလို့ ရှိုက်ငင်သံတွေနဲ့ ပြောရှာတယ်။
စစ်ပွဲကြီးတွေထဲမှာ အထီးကျန်စွာနဲ့ အသက်ရှင်သန်ခဲ့တဲ့ အမေဟာ အခုလည်း အထီးကျန်စွာနဲ့ပဲ ကျနော့်ကို အိမ်ပြန်လာဖို့ ခေါ်နေတာပါ။ ရိုးမကိုကျော်ဖို့ သိန်းနှစ်ဆယ်၊ အစိတ်ဆိုတာဟာ လက်ရှိကျနော့်ဘဝမှာ ဘယ်လိုမှ မတတ်နိုင်တဲ့အရာ။ ဒါကြောင့် အမေ ဖုန်းဆက်ခေါ်တိုင်း သီတင်းကျွတ်အလွန်၊ သင်္ကြန်အလွန်ဆိုပြီး မုသားကို မျက်ရည်တွေနဲ့ ကျနော် ဆိုခဲ့ရဖူးပါတယ်။

တကယ်တော့ ကျနော် သိပ်လာချင်တာပေါ့ အမေ။ ဒုက္ခတွေနဲ့ အာရက္ခပြည်ကြီးထဲမှာ အမေနဲ့အတူ ဒုက္ခတွေ ခံနေလိုက်ချင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်ရှင်သန်ရတာကလည်း အလွန်ခက်ပါတယ်။ စာလေး၊ ပေလေး မတောက်တခေါက်ရေးပြီး ဝမ်းရေးကို ဖြတ်သန်းရတဲ့ ကျနော်ဟာ အမေ့ဆီပြန်လာဖို့ လိုအပ်တဲ့ငွေကို အခုထိ စုဆောင်းမရသေးပါဘူး။ တခါတရံ ညလုံးပေါက် မအိပ်ဘဲရေးတဲ့ စာမူတွေကို အယ်ဒီတာတွေ မကြိုက်လို့ရှိရင် ကျနော့်မှာ စာမူခလေး မရရှာပါဘူး။ တခါတရံမှာ ရေးလိုက်တဲ့စာမူတွေကို ပြန်ပြင်ပါဆိုလို့ သုံးလေးကြိမ်အထိ ပြန်ပြန်ရေးရပါတယ်။ တခါတရံမှာတော့ သတင်းမီဒီယာတွေကလည်း အကုန်လုံးခက်ခဲနေကြတဲ့အတွက် စာမူခလေးတွေ မပေးနိုင်ကြရှာပါဘူး။ ဘဝတူတွေမို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ကျနော် ရေးနေဆဲပါ အမေ။

အခုတော့ အရင်လို အမေ့ကို ကျနော် မညာချင်တော့ပါဘူး။ ကျနော် ပြန်လာခဲ့ပါ့မယ် အမေ။ ဘယ်တော့လဲဆိုတဲ့ ကတိကိုတော့ ကျနော် မပေးနိုင်သေးပါဘူး။ တကယ်လို့ ဒီစပ်ကြားထဲ ကျနော် ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။

ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။ ပြီးတော့လေ အမေ၊ စစ်အတွင်းမှာ ကောင်းကင်ကြီး ပြာတဲ့အကြောင်း၊ ကြယ်တွေနဲ့ စကြဝဠာပုံပြင်တွေအကြောင်းကို သိမသွားခဲ့တဲ့ ကလေးတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ကြရတဲ့ ပြည်သူတွေဟာ သူတို့ ဘာကြောင့် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာလေးတွေကို သိသွားကြအောင် မှတ်ပင်ကို အရောက်လာကြဖို့ တိုက်တွန်းကြမယ်။ ကံကောင်းရင်တော့ အဖေလည်း မှတ်ပင်အောက်က စောင့်နေပါလိမ့်မယ်။

အသက်ကို ဖက်ရွက်နဲ့ ထုပ်ပိုးထားရတဲ့ စစ်ပွဲအတွင်းမှာ ကတိကို လွယ်လွယ်မပေးရဲတော့ပါဘူး အမေ။ ကောင်းကင်ကို မော့မကြည့်ရဲတော့သလို သတင်းဆိုးတွေကိုလည်း မကြားလိုတော့ပါ။ ကျနော် ပေးနိုင်တဲ့ တခုတည်းသော ကတိကတော့ ရောက်အောင် ပြန်ခဲ့ပါ့မယ် ဆိုတာပါပဲ အမေ။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်__________________________■ အကျဉ်းချုပ်ကရင်ပြည်နယ်အတွင်းက ပဋိပက္ခစီး...
19/05/2026

ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်
__________________________

■ အကျဉ်းချုပ်

ကရင်ပြည်နယ်အတွင်းက ပဋိပက္ခစီးပွားရေးအပေါ် အခြေခံတဲ့ မက်လုံးနဲ့ အကျိုးစီးပွားတွေထဲမှာ ကုန်သွယ်လမ်းကြောင်းတွေကနေရရှိတဲ့ အခွန်ဝင်ငွေဟာ အဓိကကျပါတယ်။ တည်နေရာ၊ စီးပွားရေးနဲ့ လုံခြုံရေးအရ အရေးပါတဲ့ အခြေခံအဆောက်အအုံ၊ ကုန်သွယ်လမ်းကြောင်းအများစုကို မြန်မာစစ်တပ်အပြင် သူတို့နဲ့ အကျိုးစီးပွားယှက်နွယ်နေတဲ့ ကရင်လက်နက်ကိုင်တွေက ဆက်လက်ထိန်းချုပ်ထားပါတယ်။ သတ္တုတွင်းကဏ္ဍမှာတော့ ဗျူဟာမြောက်ဖြစ်တဲ့ ခနောက်စိမ်းသတ္တုတွင်းတွေကို မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့ ထက်ဝက်စီ ထိန်းချုပ်ထားပါတယ်။ စီးပွားရေးနဲ့ ပထဝီအနေအထားအရ ဆက်နွှယ်မှုရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကရင်လက်နက်ကိုင်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း အကန့်အသတ်ရှိနေပါတယ်။ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းအပါအဝင် သယံဇာတရောင်းချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအသွင်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တွေ ဆက်လက်ရပ်တည်နေနိုင်ဖို့နဲ့ ကြီးထွားဖို့ကို အထောက်အပံ့ပေးနေပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို ဆန်းစစ်တဲ့အခါ စီးပွားရေးအရ အရေးပါတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ဦးတည်ကြိုးပမ်းတာ တွေ့ရပါတယ်။ လက်ရှိမှာ တဖက်ဖက်က အပြတ်မနိုင်တော့တဲ့၊ ဘယ်သူမှ ယတိပြတ် မရှုံးနိုင်တော့ဘူး (stalemate) ဆိုတဲ့အဆင့်ကို ရောက်နေပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးက ကိုယ့်ရဲ့ရပ်တည်မှုကို ခိုင်မာအောင် ကြိုးစားနေမှာဖြစ်လို့ တိုက်ပွဲတွေ ဆက်ပြီး ရှည်ကြာနေဦးမယ့် အလားအလာမျိုး တွေ့ရပါတယ်။

➥ အပြည့်အစုံကို ‘ISP ကပြင်ရပ်ဝန်း’ မှာ download ရယူနိုင်ပါတယ်။ https://ispmyanmar.com/community/isp-publications/analysis-of-conflict-economy-in-karen-state-2026/

➥ ‘ISP ကပြင်ရပ်ဝန်း’ အဖွဲ့ဝင် ဖြစ်ဖို့ အခမဲ့ လျှောက်ထားလို့ရပါပြီ။
https://ispmyanmar.com/community/

မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ__________________________■ မောင်လွမ်းဝေ[မောင်လွမ်းဝေသည် ပြည်သူ့ရေးရာမူဝ...
18/05/2026

မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ

__________________________

■ မောင်လွမ်းဝေ

[မောင်လွမ်းဝေသည် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ပညာရပ်ဖြင့် သုတေသနပြုနေသော လူငယ်သုတေသီ ဖြစ်သည်]

ကျနော့်ကိုယ်ကျနော် ‘ရွာသား’ လို့ ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ ရွာမှာကြီးလာလို့ ရွာသားလို့ ဆိုတာမဟုတ်ဘဲ မိဘမဲ့ တကောင်ကြွက်ဘဝမှာ တရွာလုံးက ဝိုင်းဝန်းကျွေးမွေးထားခဲ့လို့ ‘တရွာလုံးရဲ့သား၊ ရွာသား’ လို့ ဆိုချင်တာပါ။ ကြွားရရင် ကျနော် ရှင်ပြုတုန်းက ရွာဦးကျောင်း ဘုန်းကြီးကတောင် ငါးထောင်ကျပ် မတည်လှူဒါန်းဖူးသေးတယ်။

ရွာနဲ့ အခု အဆက်အသွယ် ပြန်ရတော့ ကျနော့်ကို ကျွေးမွေးခဲ့တဲ့ လူတွေ အဆင်မပြေဖြစ်နေတာ ကြားရပြီး စိတ်ထဲမကောင်း ဖြစ်မိတယ်။ ကျနော့်ကို အရင်က ကျွေးမွေးခဲ့တဲ့ တောင်သူရဲ့အိမ်က အခုဆို ကျနော့်လို တကောင်ကြွက် နောက်တယောက်ကို ကြီးပြင်းလာအောင် ထပ်ကျွေးမွေးပျိုးထောင်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေ ဆိုက်နေပါပြီ။ မြေဩဇာဈေး၊ ဆီဈေးတွေက အဆမတန် တက်နေတော့ စိုက်လေရှုံးလေ သံသရာထဲမှာ သူတို့ပါ ပါသွားတယ် ထင်ပါရဲ့။ ဘယ်လောက်တောင် ဆိုးနေသလဲဆိုတော့ သူ့အိမ်က ကျောင်းနေအရွယ် လူပျိုပေါက်ကလေးကိုတောင် အတိုးနဲ့ငွေချေးယူပြီး ထိုင်းနိုင်ငံကို ပို့နေရပါပြီ။ အတိုးသက်သာအောင် လက်ငုတ်လက်ရင်း လယ်ကို ရောင်းဖို့ ကြိုးစားပြန်တော့လည်း အဝယ်မရှိ၊ အရောင်းအဝယ်တွေက ရပ်တန့်နေတယ်။ နောက်လူပျိုပေါက်တယောက်ကတော့ ရန်ကုန်တက်ပြီး ဂျပန်စာသင်တန်း တက်နေလေရဲ့။ အိတ်စိုက် သိန်းလေးငါးရာလောက် ကုန်မယ့်အပြင် ဂျပန်ရောက်တာနဲ့ ချက်ချင်း ပိုက်ဆံရမှာလည်း မဟုတ်သေး။ အေဂျင်စီဆီ ပြန်သွင်းရမယ့် ငွေက ရှိသေးတယ်။ ဒါတောင် ပိုက်ဆံရှိလို့ သွားနိုင်တာ မဟုတ်ဘူး။ စင်ကာပူထွက်ပြီး အလုပ်သွားလုပ်နေတဲ့ အစ်မဖြစ်သူက ရှိတာလေး စု၊ မလောက်ရင် ဂျပန်မှာနေတဲ့ သူ့ရည်းစားဆီကနေ ချေးငှားပြီး ပို့ပေးရမယ့်သဘော။ အခုဆို ရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလောက်ပဲ ကျန်တော့တဲ့အထိ လူပျိုပေါက်အရွယ်တွေ တိုင်းပြည်ကနေ ထွက်ပြေးနေရတဲ့ မြင်ကွင်းဟာ ရင်နာစရာ ကောင်းလှပါတယ်။

ဒီအခြေအနေကို မြင်ရတော့ အရာအားလုံးဟာ ကျနော့်အဖို့ မေးခွန်းထုတ်စရာ၊ စိတ်နာကြည်းစရာ ဖြစ်နေပါတယ်။ ဒီလပိုင်းတွေမှာ ဣရိယာပုတ် ပြောင်းထားတဲ့ အစိုးရက ရက် (၁၀၀) စီမံချက်တွေအကြောင်း ပြောနေတာတွေကို မြင်နေကြားနေရပါတယ်။ တိုင်းပြည်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မယ်၊ အတူတကွ ကြိုးစားရမယ် ဆိုတာလည်း ပါလိုက်သေး။ တခြားတဖက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတို့၊ တပ်ပေါင်းစုတို့က အွန်လိုင်းပေါ်မှာ ပြောကြဆိုကြပေါ့။ ဒါတွေအားလုံးက ကျနော်တို့ ရပ်ရွာလူထုနဲ့ မအပ်စပ်တော့သလို ခံစားလာရတယ်။ နေပြည်တော်ကွန်ဗင်းရှင်းစင်တာမှာ ပွဲတွေ အလီလီလုပ်နေတော့ နေပြည်တော်နဲ့ တတိုင်းပြည်လုံးဟာ တခြားစီ ဖြစ်နေသလိုပါပဲ။ ကျနော်တို့လို ကျေးလက်နေပြည်သူက အွန်လိုင်းက ပြောကြဆိုကြ ဆွေးနွေးကြတာကို စိတ်ဝင်စားတော့မယ် မထင်ဘူး။ အတ္တကြီးတယ်ပဲ ပြောပြော၊ ရှင်သန်ဖို့က လိုအပ်လာတယ်လေ။ ဒါကြောင့် လူထုက နေ့စဉ်လူမှုစီးပွားအခက်အခဲ၊ စားဝတ်နေရေးအတွက် သောကရောက်နေချိန်မှာ အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေရဲ့ စကားလုံးတိုင်း၊ ကတိတိုင်းဟာ စိတ်နာကြည်းစရာတွေပါပဲ။

ဒီအခြေအနေမှာ ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ မူဝါဒ စကားလုံးနဲ့ ဆိုရရင် တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ပြန်ကြည့်ရရင် ဦးသိန်းစိန် လက်ထက်တုန်းကဆို တိုင်းပြည်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ လူများစုက ခံစားချက် ရှိခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပိုမိုသာလွန်တဲ့ အပြောင်းအလဲ ဖြစ်မယ်လို့လည်း ယုံကြည်ခဲ့ကြတယ်။ ကျနော်ခံစားလွန်းတယ်ပဲ ပြောပြော၊ လူထုဟာ ဒီလိုခံစားချက်မျိုးတွေကို ဘယ်ဘက်ကမှ၊ ဘယ်အစိုးရဆီကမှ မရတော့တာ ကြာပါပြီ။

အခုတော့ ရေးတတ်၊ ဖတ်တတ်ရုံအထိ စာသင်ကျောင်းပို့၊ ပြီးတာနဲ့ ထိုင်းကို ကြိုးစားပို့။ ဒါဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုတခုလို၊ ဓလေ့တခုလို ဖြစ်နေတာဟာ ကျနော်တို့ တိုင်းပြည် ဘယ်လောက်တောင် နောက်ပြန်ရောက်သွားပြီလဲဆိုတာကို ပြနေတာပါပဲ။ ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ကျေးလက်မှာ ကြီးပြင်းရတဲ့ လူငယ်မျိုးဆက်ဟာ ‘ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ် စီးပွားရေး’ စတာတွေနဲ့ ထိတွေ့ရဖို့ ဝေလာဝေး၊ ထိုင်းနဲ့ အခြားနိုင်ငံ သွားအလုပ်လုပ်ရဖို့ကပဲ ငယ်ဘဝအိိပ်မက်တွေ ဖြစ်လာကြတယ်။ တိုင်းပြည်အနာဂတ် ဘယ်ဆီဘယ်ဝယ် ဦးတည်နေတယ် ဆိုတာကို လူငယ်တွေရဲ့ အိပ်မက်တွေကနေ တွေးကြည့်လို့ရပါတယ်။

ဒါကြောင့် အစီအမံတွေနဲ့ မူဝါဒတိုင်းမှာ လူထုအတွက် ‘မျှော်လင့်ချက်’ ပါဝင်သင့်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သူတို့ရဲ့ နေ့စဉ်ဘဝ၊ စားဝတ်နေရေး အဆင်ပြေစေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေကနေ ပေါက်ဖွားလာရမှာပါ။ ဒါကြောင့် လူမှုစီးပွားအဆင်ပြေရေးအတွက် စဉ်းစားအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။ လက်ရှိမှာတော့ အစီအမံတိုင်း၊ မူဝါဒတိုင်းမှာ လူထုအတွက် မျှော်လင့်စရာ ပါမလာပါဘူး။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

16/05/2026

🚨အခုချိန်မှာတော့ ကရင်မြေလို့ ပြောလိုက်မယ်ဆိုရင် ကျားဖြန့်ကို ထိပ်ဆုံးက ပြေးမြင်ကြတဲ့အထိ ဖြစ်လာပါတယ်🚨

16/05/2026

🚨ပုံဖျက်တံဆိပ်ကပ် ထောင်ချောက်တွေကြားထဲမှာ ကရင်လူထုတန်ဖိုးထားတဲ့ သရုပ်သကန်ကြန်အင်လက္ခဏာတွေ တဖြည်းဖြည်းလုံးပါးပါးမယ့် အန္တရာယ်ဟာ လက်တကမ်းမှာ ရောက်နေပြီ🚨

16/05/2026

🚨KNU အနေနဲ့ နယ်စပ်စခန်းတွေကို သိမ်းပြီး ထိုင်းနိုင်ငံနဲ့ တိုက်ရိုက်ကုန်သွယ်ဖို့၊ ထိုင်းနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်တွေ့မှာ အရာမထင်ခဲ့ပါဘူး🚨

15/05/2026

🚨မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ ကျားဖြန့်၊ လူကုန်ကူးမှုလို လုပ်ငန်းတွေကတော့ လူသားမျိုးနွယ်အပေါ် ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် ဘာကောင်းကျိုးမှ ရနိုင်မှာ မဟုတ်ပါဘူး🚨

မည်သို့ချည်မှ မြဲမည်နည်း__________________________■ ထက်ရှိန်လင်း[ထက်ရှိန်လင်းသည် ISP-Myanmar ၏ Conflict, Peace and Secur...
15/05/2026

မည်သို့ချည်မှ မြဲမည်နည်း

__________________________

■ ထက်ရှိန်လင်း

[ထက်ရှိန်လင်းသည် ISP-Myanmar ၏ Conflict, Peace and Security Program က လူငယ်သုတေသီဖြစ်သည်]

TNLA အပစ်ရပ်လိုက်တော့ မိုးကုတ်၊ မိုးမိတ်မြို့တွေ ပြန်ပေးရပါတယ်။ အတူတိုက်ခဲ့တဲ့ ပြည်မက တော်လှန်ရေးတပ်တွေကတော့ ဆုတ်မပေးဘူး ခံတိုက်မယ် ဆိုခဲ့ပါတယ်။ ကျနော်ကြားခဲ့ဖူးတဲ့ မေးခွန်းတခုကို အဲဒီတုန်းက ပြန်သတိရလာမိပါတယ်။ ကျနော့်ရှေ့မှာ လူတယောက်က အခြားတယောက်ကို မေးခဲ့တာပါ။ “ပြည်မက PDF တွေ တော်လှန်ရေးသမားတွေသာ မရှိရင် အာရက္ခတပ်တော်က ခုလောက်ထိ အောင်မြင်မှု ရပါ့မလား” ဆိုတဲ့ မေးခွန်းပါ။ TNLA ကလည်း စစ်ဆင်ရေး ၁၀၂၇ ကာလတွေတုန်းက သိမ်းပိုက်လိုက်နိုင်တဲ့ နယ်မြေတွေကို ပြည်မတော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။ MNDAA နဲ့ လားရှိုးကိစ္စမှာလည်း ဒီလိုပါပဲ။ ဒါဆို ခြုံကြည့်လိုက်ရင် ပြည်မက တော်လှန်ရေးတပ်တွေသာ မရှိခဲ့ရင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အခုလောက်အထိ နယ်မြေနဲ့ အောင်ပွဲတွေ ရနေနိုင်မလားဆိုတဲ့ မေခွန်းထွက်လာပါတယ်။ လက်ရှိမှာ တနိုင်ငံလုံးရဲ့ နယ်မြေ ၃၈ ရာခိုင်နှုန်းလောက်ကို စစ်တပ်က လုံးဝလက်လွှတ်ထားရတဲ့ အနေအထားပါ။

ဒါပေမဲ့ ဒီမေးခွန်းကို ဖြေဖို့က သိပ်ပြီး စိတ်ကူးခန့်မှန်းချက်ဆန်လွန်း (speculative) ပါတယ်။ ဟစ်တလာသာ အောင်မြင်တဲ့ ပန်းချီဆရာ ဖြစ်ခဲ့ရင် ဒုတိယကမ္ဘာစစ်က ဖြစ်ဦးမှာလား ဆိုတာကို ဖြေရသလိုပါပဲ။ လူပုဂ္ဂိုလ်အဆင့်မှာ ကြည့်ရင်တော့ ဟစ်တလာဟာ ဆိုးရွားလွန်းလို့ ရက်စက်လွန်းလို့သာ သူ့ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာစစ်ဖြစ်ရတာ၊ သူသာ အာဏာမရလာရင် ဖြစ်ချင်မှ ဖြစ်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဆောက်အအုံရှုထောင့် (structuralist point of view) ကနေ တစုံလုံး ခြုံကြည့်ရရင်တော့ အဲဒီတုန်းက အရင်းရှင်နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ လက်နက်ပြိုင်ဆိုင်မှု၊ ဗာဆိုင်းစာချုပ်ကြောင့် အရှက်ခွဲခံရတယ်လို့ ခံစားရတဲ့ ဂျာမာန်တွေရဲ့ ခံစားရမှု စတဲ့အချက်တွေကြောင့် ဟစ်တလာ မွေးမလာလည်း တနည်းမဟုတ် တနည်း စစ်က ဖြစ်မှာပဲလို့လည်း ခန့်မှန်းနိုင်ပါတယ်။ အပေါ်က မေးခွန်းအတွက်လည်း အဲဒီလိုပါပဲ။ ဒါကြောင့် အဲဒီအစား “တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ၂၀၂၁ ခုနှစ် နောက်ပိုင်းရလာတဲ့ နယ်မြေနဲ့ အောင်မြင်မှုတွေက ပြည်မက တော်လှန်ရေးတပ်တွေကြောင့်လား” လို့ ပြန်လှည့်ကြည့်ရင် အဖြေရှာရတာ ပိုရေရာပါလိမ့်မယ်။

တစိတ်တပိုင်းအားဖြင့် ဟုတ်ပါတယ်လို့ ဖြေချင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြည်မက ဒီမိုကရေစီအင်အားစုတွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခွင့်သာခဲ့ရပါတယ်။ ရန်မီးနှစ်ဖက် မညှပ်ချင်တဲ့ စစ်တပ်ကလည်း မျက်နှာပေးသလို (ဥပမာ - အာဏာသိမ်းပြီးစမှာပဲ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ခဲ့တာမျိုး) ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲဆိုပြီး ပူးပေါင်းတိုက်ခိုက်ချင်တဲ့ ပြည်မအတိုက်အခံတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မျက်နှာချိုခဲ့ရပါတယ်။ စစ်တပ် အထိနာပြီး အလျှော့ပေးလာရေးမှာ ပြည်မအတိုက်အခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အကျိုးစီးပွားဆုံချက် ကျယ်ပြန့်လာပါတယ်။ ဒါကို ဗျူဟာမြောက် အသုံးချနိုင်မှုနဲ့ ကိုယ့်တပ်ရဲ့ ပင်ကိုတိုက်ခိုက်စွမ်းရည်တို့ကို ပေါင်းစပ်နိုင်တဲ့ တပ်တွေဟာ နယ်မြေနဲ့ အောင်ပွဲတွေ ကျယ်ပြန့်လာပါတယ်။ ဥပမာ - ညီနောင်မဟာမိတ်သုံးဖွဲ့ပါ။ အကွက်ရွှေ့နှေးပြီး ဗျူဟာမကြွယ်သူတွေကတော့ ဒုံရင်းကျန်ခဲ့ပါတယ်။ ဥပမာ RCSS ဟာ အာဏာသိမ်းခါစက သူ့နယ်ထဲ ခိုဝင်လာတဲ့ ပြည်မတော်လှန်ရေးသမားအချို့ကို စစ်သင်တန်းတွေ ပေးပြီး ထောက်ပံ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှမ်းမြောက်က သူ့နယ်မြေတွေ TNLA နဲ့ SSPP ဆီမှာ ဆုံးရှုံးလိုက်ရတာရယ် ကျန်သေးတဲ့ ရှမ်းတောင်က နယ်မြေတွေကလည်း အစဉ်အလာပြိုင်ဘက် ဝတပ်နဲ့ စစ်တပ်အကြား ညပ်နေတာရယ်ကြောင့် စစ်ကောင်စီကို မတိုက်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် အခုထိ ဒုံရင်းအတိုင်းပဲ ကျန်နေပါတယ်။ တချို့ဆို အရင်းမကျန်တဲ့အပြင် ရှုံးပါတယ်။ မွန်ပြည်သစ်ပါတီဟာ စစ်မတိုက်ဖို့ ရွေးခဲ့လို့ တိုက်ချင်သူတွေ ခွဲထွက်ပြီး နှစ်ခြမ်းကွဲသွားတာမျိုးပါ။ ဆိုလိုတာက ပြည်မအတိုက်အခံတွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးလိုက်ချိန်မှာ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခွင့်သာခဲ့တာချင်း အတူတူပါပဲ။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကိုယ့်ရှိရင်းစွဲ အရင်းအမြစ်တွေနဲ့ ပေါင်းစပ်ပြီး အချိန်ကိုက် ဗျူဟာမြောက် အသုံးချနိုင်သူသာ အမြတ်ထွက်တာပါ။

ဒါဆို နောက်ဆက်တွဲမေးခွန်းတခု ပေါ်လာပါတယ်။ နယ်မြေတွေ ကျယ်ပြန့်လာတာဟာ နွေဦးတော်လှန်ရေးကြောင့်လည်း ပါတယ်ဆိုရင် ဒီလိုရလဒ်ထွက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက် ကတိကဝတ်ပြုသင့်လဲ ဆိုတာပါ။ တပ်နဲ့ နှစ်ဖက်အပစ်ရပ်ပြီး ပြည်မတော်လှန်ရေးသမားတွေကို ထားခဲ့သင့်သလားပေါ့။ သင့်တယ် မသင့်ဘူးရယ်လို့ ကိုယ်ကျင့်ရှုထောင့်တခုတည်းက ကြည့်ရင်တော့ ဒီတပ်တွေအနေနဲ့ နွေဦးတော်လှန်ရေးကို ကတိကဝတ်ပြုဖို့ ကိုယ်ကျင့်တာဝန် (moral obligation) ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီအချက်တချက်တည်းကြောင့်နဲ့တော့ ဒီတပ်တွေရဲ့ နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက်တွေကို လွှမ်းမိုး သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ပေါင်းစည်းစဉ်ကလည်း အကျိုးစီးပွားဆုံချက်ကျလို့ ပေါင်းစည်းခဲ့တာမို့ ဆုံချက်မကျတော့ရင် ခွဲခွာဖို့ ဆုံးဖြတ်ချင် ဆုံးဖြတ်မှာပါပဲ။ ခဏရပ်ရအောင် ဘောလုံးပွဲမဟုတ်ဘူးလို့ လူသိရှင် ကြားပြောခဲ့လည်း တရုတ်ဖိအား၊ ဖြတ်ငါးဖြတ်နဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုလို ဖိအား၊ ညှပ်အားတွေ ကြုံရတဲ့အခါ အပစ်ရပ်ပြီး မြို့တွေ ပြန်ပေးလိုက်ရတာမျိုးပါ။

အကျိုးစီးပွားရှုထောင့်က မဟုတ်ဘဲ ကိုယ်ကျင့်ရှုထောင့်တခုတည်းကနေ ကြည့်ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအတွက် နွေဦးတော်လှန်ရေးမှာ ကတိကဝတ်အပြည့် ထည့်ဝင်ဖို့ တန်ပြန်ငြင်းချက်တွေလည်း ရှိနိုင်ပါတယ်။ “ဟိုအရင် မင်းတို့တည့်နေတုန်းကတော့ ငါတို့ကို ပေါင်းပြီး ဗုံးကြဲတာပဲမလား” ဆိုတဲ့ ကိုယ်ကျင့်ရှုထောင့်မျိုးပါ။ အကျိုးစီးပွားဆုံချက်ရှိတယ်လို့ ယူဆရင် အရင်က ခပ်ခွာခွာနေခဲ့ပြီးမှ ပိုနီးကပ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ၂၀၂၃ ခုနှစ် ဇွန်လမှာ KNDF ရဲ့ စစ်ရေးချုပ်က “တချိန်က ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်အဖြစ်ကို ပြန်ရဖို့ တိုက်ခိုက်ရဦးမှာမို့ နေပြည်တော်ကို ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်ဘူး” လို့ မီဒီယာမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း ရှမ်းမြောက်မှာ အပစ်ရပ်လိုက်ပြီးနောက် ရှမ်းတောင်နဲ့ ကရင်နီမှာ စစ်ကော်မရှင်တပ်တွေ ပိုစုပြုံလာတဲ့အခါ KNDF ဟာ နွေဦးတော်လှန်ရေးကို ကတိကဝတ်ပြုတဲ့ SRA တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အလားတူပဲ အကျိုးစီးပွားဆုံချက် မရှိတော့ဘူးလို့ ယူဆတဲ့အခါ အရင်က နီးစပ်ခဲ့ပေမဲ့ ခွာထွက်သွားနိုင်ပါတယ်။ ABSDF တည်ထောင်စဉ်က KIO/KIA က အင်နဲ့ အားနဲ့ ကူညီခဲ့ပေမဲ့ စစ်တပ်နဲ့ အပစ်ရပ်လိုက်တော့ ABSDF တပ်စခန်းတွေကို သူ့နယ်မြေထဲက ထွက်ခွာဖို့ ပြောခဲ့သလိုပါပဲ။ ဒါကြောင့် ပြည်မအတိုက်အခံတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပါဝင်မှုအတိမ်အနက်ကို အမှန်၊ အမှား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်ရှုထောင့်တွေထက် အကျိုးစီးပွားချင်း ဘယ်လောက် တွဲချည်ထားနိုင်မလဲဆိုတာအပေါ် မူတည်ပြီး မှန်းဆသင့်တယ်လို့ ဆိုချင်ပါတယ်။

အချုပ်ဆိုရရင် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကို ပြည်မအတိုက်အခံတွေ ရွေးချယ်ခဲ့တဲ့အတွက် ဒီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ အကျိုးစီးပွားဆုံချက် ကျယ်ပြန့်လာပါတယ်။ ဒါကို ရှိရင်းစွဲအရင်းအမြစ်နဲ့ ပေါင်းစပ်ပြီး ချိန်သားကိုက် ဗျူဟာမြောက် သုံးနိုင်တဲ့ တပ်တွေ၊ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာပါတယ်။ အပြန်အလှန်အနေနဲ့ နွေဦးတော်လှန်ရေးထဲက တပ်တွေက စစ်သင်တန်း၊ တိုက်ပွဲအတွေ့အကြုံ၊ လက်နက်နဲ့ အခြေချ လှုပ်ရှားနယ်မြေတချို့ ပြန်ရပါတယ်။ ဒါပေမဲ့ ပြည်မတော်လှန်ရေးသမားတွေအတွက်တော့ ကတုတ်တကျင်းထဲ အတူဆင်းတိုက်ဖူးရုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ နွေဦး တော်လှန်ရေးအပေါ် ထည့်ဝင်မှုကို တရားသေ မှတ်ယူလို့မရနိုင်ပါဘူး။ ‘သင့်တယ်၊ မသင့်ဘူး’ ကိုယ်ကျင့်ရှုထောင့်နဲ့ တွက်ချက်နေရင် ငြင်းစရာတွေ များပြီး ရလဒ်ကို မလွှမ်းမိုးနိုင်ပါဘူး။ အကျိုးစီးပွားဆုံချက်ကို ချဲ့ထွင်ရေးနဲ့ တာရှည်ထိန်းသိမ်းနိုင်ရေးကသာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အရင်းအမြစ်တွေ နွေဦးတော်လှန်ရေးထဲ ဘယ်လောက်စီးဆင်းနေဦးမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေ ဖြစ်နိုင်ပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

15/05/2026

🚨ရှမ်းမြောက်မှာ အပြစ်ခတ်ရပ်စဲပြီးနောက်မှာတော့ စစ်တပ်အနေနဲ့ ကရင်မှာ စစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်လာခဲ့ပြီး အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်🚨

15/05/2026

🚨ကျားဖြန့်လုပ်ငန်းက ပပျောက်မသွားပါဘူး၊ ကရင်ပြည်နယ်အနှံ့၊ ကရင်ပြည်နယ်ရဲ့ အတွင်းပိုင်းအထိကို မြစ်ပွားနာလိုဘဲ ပျံ့နှံ့နေပါတယ်🚨

Address

Yagon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Website

https://ispmyanmar.com/community/

Alerts

Be the first to know and let us send you an email when Institute for Strategy and Policy- Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Institute for Strategy and Policy- Myanmar:

Share