07/08/2026
အပေါ်ယံသိတာကို ဘာမဆိုသိတယ်လို့ ထင်ကြသူများ
ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆိုရှယ်မီဒီယာတွေပေါ်မှာဖြစ်ဖြစ် ကိစ္စတစ်ခုကို သေသေချာချာ နားမလည်ပေမဲ့ အကုန်သိနေသလို ဆရာကြီးလုပ်တတ်တဲ့ သူတွေကို သတိထားမိပါသလား။ တကယ့် ကျွမ်းကျင်တဲ့ ပညာရှင်တွေကျတော့ ငါ မသိတာတွေ အများကြီး ရှိသေးတယ် ဆိုပြီး နှိမ့်ချနေတတ်ကြပါတယ်။
ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ စိတ်ပညာမှာတော့ ဒီလိုဖြစ်စဉ်ကို Dunning-Kruger Effect လို့ ခေါ်ပါတယ်။
ဒီစိတ်ပညာ သုတေသနဟာ ၁၉၉၅ ခုနှစ်က အမေရိကန်မှာ ဖြစ်ခဲ့တဲ့ ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
McArthur Wheeler ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ မျက်နှာကို ဘာမျက်နှာဖုံးမှ မစွပ်ဘဲ နေ့ခင်းကြောင်တောင် ဘဏ်နှစ်ခုကို ဝင်လုခဲ့ပါတယ်။ ရဲတွေက သူ့ကို အလွယ်တကူ ဖမ်းမိတဲ့အခါ သူက အလွန်ကို အံ့ဩနေခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူက မျက်နှာကို သံပရာရည်တွေ လိမ်းထားရင် လျှို့ဝှက်စာတွေ ရေးသလိုမျိုး ကင်မရာမှာ သူ့မျက်နှာ မပေါ်တော့ဘူးလို့ အခိုင်အမာ ယုံကြည်နေခဲ့လို့ ဖြစ်ပါတယ်။
သူ့ရဲ့ ဒီလောက်တောင် မိုက်မဲပြီး ယုံကြည်မှု လွန်ကဲနေတဲ့ လုပ်ရပ်ကို စိတ်ပညာရှင် David Dunning နဲ့ Justin Kruger တို့က စိတ်ဝင်စားသွားပြီး သုတေသနတွေ စတင် လုပ်ဆောင်ခဲ့ကြပါတယ်။
Dunning-Kruger Effect ဆိုတာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မျက်ကွယ်ပြုမှု (Cognitive Bias) တစ်မျိုး ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင်
အရည်အချင်း မရှိသူတွေက သူတို့ကိုယ်သူတို့ အရမ်းတော်တယ်လို့ အထင်ကြီးနေတတ်ကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်နဲ့ မသိနားမလည်မှုကို သူတို့ကိုယ်တိုင် မမြင်နိုင်ကြပါဘူး။
တကယ် သိတဲ့ တတ်တဲ့ သူတွေက သူတို့အတွက် လွယ်ကူနေတဲ့အတွက် တခြားသူတွေအတွက်လည်း လွယ်မယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ သာမန်ပဲလို့ နှိမ့်ချ တွေးထင်တတ်ကြပါတယ်။
လူတစ်ယောက် ပညာရပ်တစ်ခုကို စတင် လေ့လာတဲ့အခါ ဖြတ်သန်းရတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့် ၄ ဆင့် ရှိပါတယ်။
၁။ Mount Stupid (မသိနားမလည်မှု တောင်ထိပ်) - အကြောင်းအရာ တစ်ခုကို အပေါ်ယံလေး စသိတဲ့ အချိန်ပါ။ ဥပမာ စာတစ်အုပ် ဖတ်ပြီးတာနဲ့၊ ဗီဒီယို တစ်ခု ကြည့်ပြီးတာနဲ့ ငါ အကုန်သိပြီ၊ ငါ တတ်ပြီ လို့ ထင်နေတတ်ပါတယ်။ ဒီအချိန်မှာ ယုံကြည်မှုက အမြင့်ဆုံး ရောက်နေတတ်ပါတယ်။
၂။ Valley of Despair (စိတ်ပျက်ဖွယ် ချိုင့်ဝှမ်း) - တဖြည်းဖြည်း လေ့လာရင်းနဲ့ ဒီပညာရပ်က ဘယ်လောက် နက်ရှိုင်းသလဲ၊ ကိုယ်မသိတာတွေ ဘယ်လောက် များသလဲ ဆိုတာကို သဘောပေါက်လာတဲ့ အချိန်ပါ။ "ငါ ဘာမှ မသိသေးပါလား" ဆိုပြီး ယုံကြည်မှုတွေ အောက်ဆုံးထိ ထိုးကျသွားပါတယ်။
၃။ Slope of Enlightenment (အလင်းပြရာ လမ်းကြောင်း) - အချိန်ပေးပြီး ဇွဲမလျှော့ဘဲ ဆက်လေ့လာတဲ့အခါ တကယ့် ပညာအစစ်ကို ရလာပါတယ်။ ယုံကြည်မှုလည်း ဖြည်းဖြည်းချင်း ပြန်တက်လာပါတယ်။
၄။ Plateau of Sustainability (တည်ငြိမ်သော ကျွမ်းကျင်မှု) - တကယ့် ပညာရှင်အဆင့် ရောက်သွားပါပြီ။ ဒါပေမဲ့ ပထမဆုံး အဆင့်တုန်းကလောက် ယုံကြည်မှု မလွန်ကဲတော့ဘဲ တည်ငြိမ်ပြီး နှိမ့်ချတတ်လာပါတယ်။
စိတ်ပညာရှင်တွေက ဒါကို Double Burden (ဝန်ထုပ်ဝန်ပိုး နှစ်ထပ်) လို့ ခေါ်ပါတယ်။
ပထမအချက်က အဲဒီအလုပ်ကို ကျွမ်းကျင်အောင် လုပ်နိုင်စွမ်း မရှိတာပါ။
ဒုတိယအချက်ကတော့ ကိုယ် မလုပ်နိုင်ဘူး၊ ကိုယ် မသိဘူး ဆိုတာကို ပြန်လည် ဆန်းစစ်နိုင်တဲ့ အသိဉာဏ် မရှိတာပဲ ဖြစ်ပါတယ်။
တချို့တွေဆို ယုံကြည်မှုလွန်ကဲစွာနဲ့ မစားရ ဝခမန်း စကားတွေကို တနေ့တမျိုး မရိုးနိုင်အောင် ပြောလေ့ရှိပါတယ်။ ခက်တာက သူပြောတဲ့ စကားတွေဟာ ဘယ်လိုမှ အဆီအငေါ် မတည့်တာကို ကြားတဲ့သူတိုင်း သိကြပေမယ့် သူကိုယ်တိုင်က သိ မနေတာပါ။
ဒီအခြေအနေဟာ တခြားသူတွေမှာပဲ ဖြစ်တာမဟုတ်ဘဲ ကျွန်တော်တို့ ကိုယ်တိုင်လည်း တခါတရံ ကဏ္ဍတစ်ခုခုမှာ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် Dunning-Kruger Effect ရဲ့ သားကောင် မဖြစ်စေဖို့ ပညာရှင်တွေက ဒီအချက်လေးတွေကို အကြံပြုထားပါတယ်။
အမြဲတမ်း သင်ယူနေပါ - ပညာရပ်တစ်ခုကို အပေါ်ယံလေး သိရုံနဲ့ ကျေနပ်မနေဘဲ နက်နက်ရှိုင်းရှိုင်း ဆက်လေ့လာပါ။
ဝေဖန်မှုကို လက်ခံပါ - တခြားသူတွေရဲ့ ဝေဖန် အကြံပြုချက်တွေကို စိတ်ဆိုးမယ့်အစား အပြုသဘောဆောင်ပြီး လက်ခံ စဉ်းစားပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ - "ငါ တကယ်ရော သိရဲ့လား၊ ငါ မှားနေနိုင်သလား" လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ မေးခွန်းထုတ်ပါ။
ဒီသဘောတရားကို သိထားခြင်းအားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်က အပေါ်ယံ လူတတ်ကြီးတွေကို နားလည် ခွင့်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်တိုင်လည်း အပေါ်ယံလေး သိရုံနဲ့ ဆရာကြီး မလုပ်မိအောင် ဆင်ခြင်နိုင်မှာဖြစ်ပါကြောင်း စိတ်ပညာ ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။
Ref:
Psychology Today - Dunning-Kruger Effect
Verywell Mind - What Is the Dunning-Kruger Effect?
Britannica - Dunning-Kruger effect - Psychology