ကလေးချစ်သူများ ကွန်ယက်

ကလေးချစ်သူများ ကွန်ယက် ကလေးများဖြင့်စကားပြောခြင်းသည် ကောင်းသောအနာဂတ်ကို တည်ဆောက်ပေးခြင်းဖြစ်ပါသည်

10/05/2026
02/04/2026

မြန်မာနိုင်ငံအတွင်းမှာ ကလေးပျော်စာကြည့်တိုက်တစ်ခု တည်ဆောက်နိုင်ဖို့ ဘယ်အချက်တွေက အရေးကြီးဆုံးဖြစ်မယ်ထင်သလဲ။

ရေဦးမြို့မှာ Walking Book Mobile Library ကို ဦးဆောင်လည်ပတ်နေတဲ့ ဆရာစိုးဝေဟန် ကတော့ သူရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ အခက်အခဲတွေ၊ လက်တွေ့လုပ်ဆောင်နေမှု အတွေ့အကြုံတွေကနေ ‘ကလေးပျော်စာကြည့်တိုက်ဖြစ်လာဖို့ အရေးကြီးဆုံးအချက်တွေ’ ကို ပြောပြပေးထားပါတယ်။ ဆရာက စာအုပ်မျှဝေခြင်းနဲ့ စာကြည့်တိုက်လှုပ်ရှားမှုများကို နှစ်ပေါင်း ၂၀ ကျော် တွေ့ကြုံဖြတ်သန်းလာသူဖြစ်ပြီး လက်ရှိအချိန်ထိလည်း စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေဆဲပါ။
( ဆရာပြောပြထားတဲ့ အရေးကြီးအချက်တွေကို ဆက်ဖတ်ပေးပါဦးနော်။)

၁) စိတ်ဆန္ဒရှိခြင်းနဲ့ စေတနာရှိခြင်း။
စာကြည့်တိုက် တစ်ခုဖြစ်လာဖို့ဆို အရေးကြီးဆုံးက စတင်ဆောင်ရွက်မယ့်သူရဲ့ လုပ်ချင်စိတ်ရှိမှုပဲဗျ။ ကလေးတွေ စာဖတ်ဖို့ဆိုတာ ကလေးရှိမယ်၊ စာအုပ်ရှိမယ် ဆိုရင် စလုပ်လို့ရပြီ။ ကျွန်တော်က စာဖတ်ဝါသနာပါသလို စာအုပ်တွေ လက်ဆင့်ကမ်းမျှဝေရတာ သဘောကျတယ်။ ကျောင်းသားဘဝမှာလည်း ကိုယ်ဖတ်ပြီးတဲ့စာအုပ်တွေကို စာကြည့်တိုက်တွေဆီ လှူဖြစ်တယ်။ ကျောင်းပြီးလို့ အလုပ်ရတော့ ကျောင်းဆရာ။ စတင်တာဝန်ထမ်းရတဲ့ နေရာမှာ စာကြည့်တိုက်လေးလုပ်မယ် ဆိုတဲ့ စိတ်ကူးကို လက်တွေ့လုပ်ချင်လာတယ်။ ကျောင်းအုပ်နဲ့ တိုင်ပင်ပြီး စဖြစ်တယ်။ အခန်းရယ် ဘာရယ် မရှိဘူး။ စာအုပ်စင်လေးနဲ့ စာအုပ်တွေထားပေးပြီး စာအုပ်ငှားပေးဖြစ်တယ်ပေါ့။ ကလေးတွေလည်း ဖတ်ကြတယ်။ ဒီလိုနဲ့ တာဝန်ကျတဲ့ နေရာရောက်တိုင်း ကျောင်းစာကြည့်တိုက်လုပ်ငန်းတွေ ဆက်လုပ်ဖြစ်သွားတယ်။ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း စသဖြင့် ကျောင်းသားဦးရေကွာခြားလာတာနဲ့ အမျှ စာကြည့်တိုက်လုပ်ငန်းစဉ်လေးတွေကို သင့်လျော်အောင် ပြောင်းလဲလုပ်ဆောင်တယ်။ ကိုယ်တိုင်ကလည်း သင်တန်းတွေ ဘာတွေ တက်တယ်ပေါ့။ ဒီလိုနဲ့ ၂၀၂၁ ထဲမှာ Walking Book Mobile Library ကို ထပ်ပြီးလုပ်ဆောင်ဖြစ်ရာကနေ ခုချိန်ထိဆက်သွားနေတုန်းပါ။ ဒီနေရာမှာ ကလေးတွေကို စာဖတ်စေချင်တယ်၊ ပုံပြင်လေးတွေ ဖတ်ပြီး ပျော်စေချင်တယ်၊ အခြားစာပေစိတ်ဝင်စားသူတွေလည်း စာဖတ်စေချင်တယ် စတဲ့ စေတနာတွေက တော်တာ်လေး အရေးကြီးခဲ့တယ်ပေါ့။ ဒါကြောင့် ကလေးပျော်စာကြည့်တိုက် တည်ထောင်ဖို့ဆို လုပ်ချင်ကိုင်ချင်စိတ်နဲ့ စေတနာက ပထမအဆုံးအနေနဲ့ အရေးကြီးဆုံးလို့ မြင်မိပါတယ်။

၂) တစိုက်မတ်မတ် လုပ်ဆောင်ခြင်း
ကိုယ်ရောက်တဲ့ နေရာ၊ ရှိတဲ့အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရတာမျိုးဆိုတော့ စိတ်ပျက်၊ အားလျော့၊ အားတက်၊ ပြန်လုပ် ဆိုတဲ့ စက်ဝိုင်းက လည်နေတာပဲ။ မရပ်သွားအောင် အမြဲတမ်းအလုပ်လုပ်နေမယ်၊ ကလေးတစ်ယောက်ပဲ လာဖတ်ရင်တောင် ဖွင့်ထားမယ်၊ ဘယ်သူမှ စာအုပ်လာမငှားတဲ့ ရက်ရှိရင်လည်း ဖွင့်ထားမယ် စသဖြင့်ပေါ့ဗျာ။ အလုပ် လုပ်နေရင် ရှေ့ကို ရွေ့နိုင်သွားမှာပါ။

၃) ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးများပျော်အောင် ဖန်တီးပေးခြင်း
ကိုယ်လုပ်ဆောင်ရမယ့် စာကြည့်တိုက်ပတ်ဝန်းကျင်က ကလေးတွေရဲ့ နေရာဒေသ၊နောက်ခံ ယဉ်ကျေးမှု၊ ဓလေ့စရိုက် စတာတွေကို လေ့လာပြီး သူတို့နှစ်သက်အောင် ကြိုးစားဖန်တီးပေးခြင်းက တကယ်အလုပ်ဖြစ်ပါတယ်။ ကလေးတွေ စာအုပ်လာငှားပြီ။ နောက် အမြဲလာငှားကြပြီဆို ကျန်တဲ့ စာကြည့်တိုက်လုပ်ငန်းတွေ တိုးလို့ရသွားပြီပေါ့။ စာကြည့်တိုက်အဖွဲ့ဝင်ပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကိုလည်း လုပ်ဆောင်စေပါ။ ဒါဆို သူတို့ရင်ထဲမှာ ငါတို့စာကြည့်တိုက်ပါလား ဆိုတဲ့ ခံစားမှု၊ မြတ်နိုးမှုတွေ ဖြစ်လာမယ်။ နောက် စာကြည့်တိုက် နဲ့ သူငယ်ချင်းတွေကို သံယောဇဉ်တွယ်လာမယ်။ စသဖြင့် စသဖြင့် ကာယလုပ်အား ပေးကြတဲ့အပြင် စိတ်ခံစားမှုတန်ဖိုးတွေ ဖြစ်လာတဲ့အခါ စာကြည့်တိုက် ရေရှည်တည်တံ့စေဖို့ အထောက်အကူပြုပါတယ်။ ကလေးတွေလည်း ပျော်ကြပါတယ်။

၄) စာအုပ်ခွဲခြားခြင်းနှင့်နည်းပညာအသုံးပြုမှု
စာအုပ်တွေ စနစ်တကျခွဲခြားပေးထားခြင်းက ကလေးတွေအကြိုက်ပါ။ စိတ်ဝင်စားစေမယ့် စာအုပ်မျက်နှာဖုံးလေးတွေကို မြင်သာအောင် စီပေးတဲ့ စာအုပ်နေရာချထားခြင်းကလည်း အရေးကြီးပါတယ်။ စာအုပ်ရှာရတာ လွယ်တယ်၊ သူတို့ကြိုက်တဲ့ စာအုပ်တွေရှိတယ်ဆို ကလေးတွေက အမြဲလာဖတ်တယ်။ နောက်ဆို သူတို့ကိုယ်တိုင်ကပါ ပုံပြင်အသစ်တွေရောက်လာရင် စာအုပ်အမျိုးအစားခွဲပေးတာ လုပ်ဆောင်လာနိုင်ပါတယ်။
နောက်တစ်ခုက အင်တာနက်ခေတ်မှာ ကလေးတွေကို လျှပ်စစ်ပစ္စည်းတွေနဲ့ ကင်းကွာနေထိုင်စေဖို့က တော်တော်လေးခက်ခဲနေပါပြီ။ ဒါကြောင့် စာအုပ်ဖတ်ချိန်၊ ကာတွန်းဇာတ်လမ်းကြည့်ချိန်၊ ယူကျုက ပုံပြင်နားထောင်ချိန် စသဖြင့် သူတို့တွေ မပျင်းရအောင် စီမံပေးနိုင်ဖို့ လိုပါတယ်။ နောက်ပိုင်းကျယ်ပြန့်လာတဲ့အခါ ကွန်ပျူတာ သင်တန်းဖွင့်ပေးတာ၊ လက်ရှိ ဆယ်ကျော်သက်တွေတော်တော်လေး စိတ်ဝင်စားတဲ့ BLOG ရိုက်နည်းသင်ပေးတာ စသဖြင့် ပြုလုပ်ပေးနိုင်ရင် သူတို့အနာဂတ်အတွက်လည်း အထောက်အကူဖြစ်စေနိုင်မှာပါ။

၅) စာကြည့်တိုက်မှူး၏ သင်ယူလေ့လာမှုနှင့် Network ချိတ်ဆက်ခြင်း
ဒီအချက်ကလည်း တော်တော်လေး အရေးကြီးပါတယ်။ ကျွန်တော် စတင်တုန်းကလည်း ဒါတွေသိလို့ရယ်တော့ မဟုတ်ဘူး။ နောက်ပိုင်း လက်တွေ့ အတွေ့အကြုံလေးတွေရလာတဲ့အခါ စာကြည့်တိုက်စီမံနည်းသင်တန်းတက်တာ၊ ပုံပြင်ပြောနည်း၊ ပုံပြင်ရေးနည်း သင်တန်းတွေတက်တာ စသဖြင့် လုပ်ဆောင်ခဲ့ရတယ်ပေါ့။
စာကြည့်တိုက်မှူးရဲ့ Network ချိတ်ဆက်နိုင်ခြင်းကလည်း အရေးကြီးပြန်ပါတယ်။ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကနေ စပြီး စာအုပ်အလှူရှင်တွေ၊ ကလေးစာပေတိုက်တွေ၊ အခြားအဖွဲ့အစည်းတွေ စသဖြင့် ချိတ်ဆက်မှုကောင်းကောင်းရှိခြင်းက စာကြည့်တိုက်ရေရှည်ဆက်သွားနိုင်ဖို့ ၊ စနစ်တကျလည်ပတ်ဖို့ ပံ့ပိုးပေးပါတယ်။ နောက်ပြီး ဒေသခံလူထု၊ ကျောင်းက ကလေးတွေနဲ့လည်း ချိတ်ဆက်မှုရှိနေဖို့ လိုအပ်ပါတယ်။

၆) ပြင်ပလှုပ်ရှားမှုများနှင့် အဝန်းအဝိုင်းတည်ဆောက်ခြင်း
Walking Book Mobile Library မှာဆို ချိတ်ဆက်မှုတွေ အားကောင်းလာတာနဲ့အမျှ လှုပ်ရှားမှုတွေလည်း ပိုစုံလင်အောင် လုပ်ဆောင်လာနိုင်တယ်။ အစောပိုင်းကာလမှာတည်းက ကလေးတွေနဲ့ တောထဲလမ်းလျှောက်ကြတာ၊ ပုံပြင်ပြောပြတာ၊ သူတို့ကို ပုံပြောနည်းသင်ပေးပြီး ပုံပြောပွဲတွေ ပြုလုပ်ပေးတာ စသဖြင့် လုပ်ဆောင်နေတယ်ပေါ့။ နောက်ပိုင်းတော့ မြို့က ပညာရှင်တွေနဲ့ ပေါင်းပြီး စစ်တုရင်သင်တန်း၊ အေရိုးဗစ် သင်တန်း၊ ကဗျာလွတ်အကသင်တန်း စသဖြင့် ဝါသနာမျိုးစုံရှိကြတဲ့ ကလေးတွေအတွက် ရွေးချယ်စရာတွေ ပိုပိုပေးနိုင်လာတယ်။ ဒီတော့ ကလေးတွေက စာကြည့်တိုက်ကို တွယ်တာလာကြတယ်။ ကျွန်တော်မရှိရင်တောင် စာကြည့်တိုက်ကို ဖွင့်ပေးထားနိုင်တဲ့အထိ လုပ်ဆောင်လာနိုင်ကြတယ်။ ခုချိန်ထိလည်း စာကြည့်တိုက်က တစ်ရက်မှ မပိတ်ခဲ့ဖူးသေးဘူး။ လေးနှစ်ကျော်လာပြီပေါ့နော်။
သဒ်စတိုရီက ဆယ်ကျောက်သက်ပုံပြင်လေးတစ်ပုဒ်ဖတ်ပြီး ပုံပြင်ထဲက အတိုင်း ကလေးတွေက အမှိုက်ပုံကို ရှင်း၊ ကစားကွင်း တည်ဆောက်ခဲ့နိုင်တာမျိုးလည်း ရှိတယ်။ နောက်ပိုင်းမှာလည်း ကလေးတွေ ပူပေါင်းလုပ်ဆောင်သွားကြတာ အများကြီးပါပဲ။ ဒီလိုနဲ့ စာအုပ်တွေ လှည့်ငှားတာ၊ အလုပ်တွေ အတူတူစုပေါင်းလုပ်ရတာ များလာတဲ့အခါ ကလေးတွေအချင်းချင်းကြားမှာ အဝန်းအဝိုင်းကောင်းတစ်ခု ဖြစ်လာတယ်ပေါ့။ ဒါကလည်း ကလေးပျော်စာကြည့်တိုက်တည်ဆောက်ရာမှာ တဖြည်းဖြည်းချင်း တည်ဆောက်ယူရမယ့်အချက်လို့ ထင်ပါတယ်။ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်နေကြတဲ့သူ အားလုံးအတွက်လည်း ဂုဏ်ယူလျှက်ပါ။

ကျောင်းဆရာဘဝနဲ့ ရပ်ရွာတွေမှာ ကျောင်းစာကြည့်တိုက်၊ရပ်ရွာစာကြည့်တိုက်တွေကို နှစ်ပေါင်းများစွာလုပ်ဆောင်လာတဲ့ ဆရာစိုးဝေဟန် ရဲ့ ပြောပြထားမှုတွေက ကလေးပျော်စာကြည့်တိုက် လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
လက်တွေ့ဆောင်ရွက်ခဲ့မှုများနဲ့ ယှဉ်တွဲပြောပြထားပေးတဲ့ ဆရာ့ကိုလည်း သဒ်စတိုရီ မှ ကျေးဇူးတင်ရှိပါတယ်။
ကလေးပျော်စာကြည့်တိုက်များ ပိုမိုများပြားလာပါစေ။

25/02/2026

အမှားလုပ်မိတဲ့ကလေးကို
“ခုချက်ချင်း ‘Sorry’ ပြောစမ်း”
လို့ အတင်းမတိုက်တွန်းပါနဲ့လို့ ပြောရင်…

လွန်ခဲ့တဲ့ရက်ပိုင်းက
ကစားကွင်းမှာ ကလေးနှစ်ယောက်
ဆော့နေရင်း ပြဿနာတက်ကြတယ်။

ကောင်လေးတစ်ယောက်က
သူ့သူငယ်ချင်း လက်ထဲက အရုပ်ကို လုရင်း
ဒေါသထွက်ပြီး တွန်းချလိုက်တယ်။
ဟိုကလေးက လဲကျပြီး ငိုရော။

အဲ့ဒီအခါ
တွန်းလိုက်တဲ့ ကလေးရဲ့ အမေက
ရှက်ရှက်နဲ့ ချက်ချင်း ပြေးလာပြီး
သူ့သားကို ဆွဲလှုပ်ပါတော့တယ်။

“နင် ဘာလို့ သူများသွားတွန်းတာလဲ!
ခုချက်ချင်း ဆောရီးပြောစမ်း!
နင့်သူငယ်ချင်းကို သွားတောင်းပန်စမ်း”

ဆိုပြီး အော်တော့တာပါပဲ။

ကလေးက မျက်နှာကြီး စူပုပ်ပြီး
ကြမ်းပြင်ကို ငုံ့ကြည့်ရင်း
“ဆောရီး…”
လို့ ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။

အမေဖြစ်သူကလည်း
တောင်းပန်ပြီးပြီဆိုပြီး
ကျေနပ်သွားတယ်။

ဒါပေမဲ့…

အဲ့ဒီကလေးရဲ့ ရင်ထဲမှာ
တကယ် တောင်းပန်ချင်စိတ်
ရှိသွားပါသလား?

လုံးဝ မရှိပါဘူး။



ချက်ချင်းတောင်းပန်ခိုင်းတာ
ဘာလို့ မှားနေတာလဲ?

စာသင်ခန်းတွေထဲမှာ
နှစ် ၂၀ ကျော် စာသင်လာခဲ့တဲ့
သက်တမ်းတစ်လျှောက်လုံး
ကျွန်မ အမြဲသတိထားမိတဲ့
အချက်တစ်ခု ရှိတယ်။

ကလေးတွေကို
“အတင်းအကျပ် ဆောရီးပြောခိုင်းခြင်း” ဟာ
သူတို့ကို ကိုယ်ချင်းစာတရား
ရစေတာ မဟုတ်ဘဲ…

“လိမ်ညာတတ်အောင်”
သင်ပေးလိုက်တာနဲ့
အတူတူပါပဲ။

ကလေးတစ်ယောက်
ဒေါသထွက်ပြီး အမှားလုပ်မိတဲ့အချိန်မှာ
သူ့ရဲ့ ဦးနှောက်က
စိတ်ခံစားမှု အရမ်းပြင်းထန်နေတဲ့
အခြေအနေမှာ
ရှိနေပါတယ်။

အဲ့ဒီအချိန်မှာ
သူက တစ်ဖက်လူရဲ့ နာကျင်မှုကို
နားမလည်နိုင်သေးပါဘူး။

သူ့ကို အတင်း
“ဆောရီး” ပြောခိုင်းတဲ့အခါ
ကလေးရဲ့ ဦးနှောက်က
ဘာကို မှတ်သားသွားလဲဆိုတော့…

“‘Sorry’ ဆိုတာ
အမေ ဆူနေတာကို ရပ်သွားအောင်၊
ငါ့ကို အပြစ်ပေးတာကနေ
လွတ်သွားအောင် သုံးရမယ့်
မှော်စကားလုံး (Magic Word) ပဲ”

လို့ မှတ်ယူသွားပါတယ်။

ဒါဟာ
အလွန်ကြောက်စရာကောင်းတဲ့
သင်ခန်းစာပါ။



စကားလုံးတွေထက်
“လုပ်ရပ်” ကို သင်ပေးပါ

ဒါဆို ကလေး အမှားလုပ်ရင်
ဒီတိုင်း ကြည့်နေရမှာလား?

လုံးဝ မဟုတ်ပါဘူး။

“ပါးစပ်ကနေ အလွတ်ကျက်ထားတဲ့ စကား”
ပြောခိုင်းမယ့်အစား
“တာဝန်ယူမှု ကို
သင်ပေးရပါမယ်။



၁။ အရင်ဆုံး စိတ်ကို ငြိမ်အောင်ထားပေးပါ

ကလေးကို အဲ့ဒီနေရာကနေ
ခဏ ဆွဲထုတ်ပါ။

“သား အရမ်း ဒေါသထွက်သွားတယ် မလား။
မေမေ သိတယ်…
ဆိုပြီး
အရင်ဆုံး သူ စိတ်ငြိမ်သွားအောင်
(Calm down) လုပ်ပေးပါ။



၂။ တစ်ဖက်လူရဲ့ ခံစားချက်ကို ထောက်ပြပါ

စိတ်ငြိမ်သွားမှ
ငိုနေတဲ့ ကလေးဆီ ခေါ်သွားပြီး…

“သား တွန်းလိုက်လို့
သူငယ်ချင်း လဲကျသွားပြီ ကြည့်ပါဦး။
သူ အရမ်းနာသွားလို့
ငိုနေပြီ”

လို့ ပြောပြပြီး
တစ်ဖက်လူရဲ့ ခံစားချက်ကို
မြင်အောင်
လေ့ကျင့်ပေးပါ။



၃။ “Sorry” အစား
“Action” (လုပ်ရပ်) နဲ့ ပြင်ဆင်ခိုင်းပါ

“ဆောရီးပြောလိုက်”
လို့ အမိန့်မပေးပါနဲ့။

အဲဒီအစား
“သူငယ်ချင်း သက်သာသွားအောင်
သားတို့ ဘာလုပ်ပေးရင် ကောင်းမလဲ?”

လို့ မေးပါ။

လဲကျသွားတဲ့ ကလေးကို
ဆွဲထူပေးတာ၊
ဖုန်ခါပေးတာ၊
အရုပ်လေး ပြန်ကောက်ပေးတာမျိုး
လုပ်ခိုင်းပါ။

ဒါဟာ
ပါးစပ်က “ဆောရီး” ပြောတာထက်
အဆတစ်ရာ ပိုပြီး တန်ဖိုးရှိတဲ့
“အစစ်အမှန် တောင်းပန်ခြင်း” ပါပဲ။



မေမေ/ဖေဖေတို့ရေ…

လူမြင်ကောင်းအောင်၊
သူများအထင်မသေးအောင်
ကလေးကို ချက်ချင်း
အတင်းတောင်းပန်ခိုင်းတာမျိုးကို
ရပ်တန့်လိုက်ပါ။

“‘ဆောရီး’ ဆိုတဲ့ စကားဟာ
အပြစ်ပေးခံရမှာကြောက်လို့
ထွက်လာတဲ့ စကားလုံး မဟုတ်ဘဲ…

ရင်ထဲကနေ
အမှန်တကယ် နောင်တရလို့
ထွက်လာတဲ့ စကားလုံးပဲ
ဖြစ်ပါစေ။” 🙏❤️


ကြည်ပြာ ရောင် ဇတ်လမ်းမျိုးတွေ အရင်ကလည်း မန္တလေး အရပ်ဘက် အဖွဲအစည်းတွေ မှာ ဖြစ်ဘူးတာပါပဲ၊နောက်ပိုင်းအဖွဲအစည်းကို စွန့်ခွါ ...
21/02/2026

ကြည်ပြာ ရောင်

ဇတ်လမ်းမျိုးတွေ အရင်ကလည်း မန္တလေး အရပ်ဘက် အဖွဲအစည်းတွေ မှာ ဖြစ်ဘူးတာပါပဲ၊

နောက်ပိုင်းအဖွဲအစည်းကို စွန့်ခွါ သွားကြပြီ ၊အဖွဲအစည်းက ရပ်တန့် သွားပါသည်။

အတွေ့အကြုံယူနိုင်ကြပါစေ။

14/12/2025

Humanitarian project တွေမှာ ကလေးအားလုံး ပါဝင်နိုင်ဖို့ Child Friendly ဘာကြောင့် အရေးကြီးတာလဲ?
=========================================

Humanitarian project တွေကို child friendly ဖြစ်အောင် လုပ်ဖို့ မဖြစ်မနေ အရေးကြီးတာကတော့ ကလေးတွေဟာ အရေးပေါ်အခြေအနေတွေမှာ အထိခိုက်ဆုံး၊ အားနည်းဆုံး ဖြစ်ကြတဲ့အတွက် အကာအကွယ်၊ စိတ်ပိုင်းဆိုင်ရာ ကူညီမှု၊ သင်ယူမှု အခွင့်အလမ်းတွေကို အထူးပေးဖို့ လိုအပ်တဲ့အတွက်ပါ။ Activity တွေလုပ်တဲ့အခါ Child friendly ဖြစ်အောင် လုပ်ဖို့ နည်းလမ်းတွေမှာ ကလေးတွေကို အစဉ်အလာ၊ လုံခြုံမှု၊ စိတ်ကျေနပ်မှု၊ ပါဝင်ဆောင်ရွက်မှု အပြည့်အဝ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

🧍‍♂️ ကလေးတွေ အထိခိုက်ဆုံး: အရေးပေါ်အခြေအနေတွေမှာ ကလေးတွေဟာ အလွယ်တကူ အကြမ်းဖက်မှု၊ အလွဲသုံးစားမှု၊ စွန့်ပစ်ခံရမှုတွေကို ကြုံတွေ့နိုင်တယ်။

🧍‍♂️ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှု: Child friendly spaces တွေက ကလေးတွေကို စိတ်ကျေနပ်မှု၊ စိတ်အေးချမ်းမှု ပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လျော့ချနိုင်တယ်။

🧍‍♂️ သင်ယူမှုနှင့် ဖွံ့ဖြိုးမှု: ကလေးတွေ အတွက် သင်ယူမှု၊ ဖန်တီးမှု၊ အားကစား အခွင့်အလမ်းတွေ ပေးနိုင်ပြီး အနာဂတ်အတွက် စွမ်းဆောင်ရည် တိုးတက်စေတယ်။

🧍‍♂️ လုံခြုံမှု အာမခံ: Child friendly activities တွေက ကလေးတွေကို အန္တရာယ်ကင်းစေပြီး အမူအရာတွေကို လုံခြုံစွာ လုပ်နိုင်စေတယ်။

Child Friendly ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းများ
--------------------------------------------------
🎲 Safe spaces ဖန်တီးခြင်း: ကလေးတွေ အတွက် သီးသန့်၊ လုံခြုံတဲ့နေရာ (Child Friendly Spaces) ဖန်တီးပေးခြင်း။

🎲 စိတ်ပိုင်းဆိုင်ရာ ကူညီမှု: Play therapy, art, storytelling စတဲ့ psychosocial activities ထည့်သွင်းပေးခြင်း။

🎲 ပါဝင်ဆောင်ရွက်မှု: ကလေးတွေကို decision-making process ထဲ ပါဝင်စေပြီး သူတို့အမြင်ကို လေးစားပေးခြင်း။

🎲 အသက်အရွယ်နှင့် ကိုက်ညီမှု: Activity တွေကို ကလေးအသက်အရွယ်အလိုက် ခွဲခြားပြီး သင့်တင့်အောင် ပြင်ဆင်ပေးခြင်း။

🎲 Gender နှင့် Inclusion: မိန်းကလေး၊ အထိခိုက်လွယ်သူ၊ အထူးလိုအပ်သူတွေကို အထူးထည့်သွင်းစဉ်းစားခြင်း။

🎲 Community ပါဝင်မှု: မိဘတွေ၊ Caregivers တွေကိုပါ Child friendly activities ထဲ ပါဝင်စေခြင်း။

🎲 Training for staff: Staff တွေကို Child protection, safeguarding, psychosocial support အတွက် အဆင့်မြင့် သင်တန်းပေးခြင်း။

Risks & Challenges
----------------------
🚦 လုံခြုံမှု အားနည်းခြင်း: Child friendly space မရှိရင် ကလေးတွေ အန္တရာယ်တွေ့ကြုံနိုင်တယ်။

🚦 စွမ်းဆောင်ရည် အားနည်းခြင်း: Staff များမှာ Child protection နဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိပါက အကျိုးသက်ရောက်မှု လျော့နည်းနိုင်တယ်။

🚦 အရင်းအမြစ် မလုံလောက်ခြင်း: Budget, materials မလုံလောက်ပါက Child friendly activities မပြည့်စုံနိုင်ပါဘူး။

🚦 အဲတော့ ကိုယ်ကိုတိုင် Child Friendly နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတဲ့ Awareness တော့ ရှိထားမှဖြစ်ပါမယ်။






Address

Mandalay

Alerts

Be the first to know and let us send you an email when ကလေးချစ်သူများ ကွန်ယက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share