ဒို့အထာ

ဒို့အထာ လိင်မှုဆိုင်ရာကျန်းမာရေး အသိပညာပေး အစီအစဉ်

Myanmar Youth Stars မှ ဦးဆောင်ပြီး လူငယ်များအကြား လိင်မှုဆိုင်ရာ ကျန်းမာရေးနှင့်အခွင့်အရေးများ၊ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော လိင်မှုအလေ့အထများနှင့်ပက်သက်သော အသိပညာ ဗဟုသုတများအား လူငယ်များနားလည်လွယ်အောင် သိရှိစေရန် အသိပေးလှုံ့ဆော်သည့် အစီအစဉ်ဖြစ်ပါတယ်။

မိန်းကလေးတွေမှာ လူတွေ မမြင်နိုင်တဲ့ ဖိအားတွေရှိပါတယ်။မသိမသာ ကြားနေရတဲ့ “ရင်းနှီးလို့ စတာပါ”ဆိုပြီး မသင့်တော်တဲ့ စကားတွေ ...
18/04/2026

မိန်းကလေးတွေမှာ လူတွေ မမြင်နိုင်တဲ့ ဖိအားတွေရှိပါတယ်။

မသိမသာ ကြားနေရတဲ့ “ရင်းနှီးလို့ စတာပါ”ဆိုပြီး မသင့်တော်တဲ့ စကားတွေ အပြုအမူတွေက
တခါတလေ ရယ်ရတယ်…
တခါတလေ မရယ်ချင်လည်း ရယ်ပြလိုက်ရပေမယ့် စိတ်ထဲမှာတော့ အဆင်မပြေပါဘူး။

တကယ်တော့ ရင်းနှီးချစ်ခင်လို့ စတာနဲ့ နှစ်နာစေလိုတဲ့ သဘောနှိမ်ချပြောတာ ပါးစပ်အရသာခံ သားပြောမယားပြော ပြောတာက မတူသလို ပြောလိုက်တဲ့ သူအတွက် “ပေါ့ပေါ့ပါးပါး စတာ” ဆိုတဲ့ စကားတွေက အစခံရတဲ့ မိန်းကလေးတွေအတွက်တော့ မပေါ့ပါးပါဘူး။

“ငါများ ဘာဖြစ်နေလို့လဲ”
“ငါ့ပုံစံက ရီစရာကောင်းလို့လား”
“ငါ့အဝတ်အစားကြောင့်လား”
“ငါ့ခန္တာကိုယ်က သူများအမြင် မကောင်းပြောစရာ ဖြစ်နေတာများလား”

စတဲ့ မေးခွန်းတွေက စိတ်ထဲမှာ တိတ်တိတ်လေး အမြစ်တွယ်လာရာကနေ ကိုယ့်ကိုယ်ကို အပြစ်မြင်ပြီး ယုံကြည်မှုလည်းမရှိမပြောရဲ၊ မလုပ်ရဲ၊ လူရှေ့မထွက်ရဲတော့တဲ့ လူတစ်ယောက် ဖြစ်လာစေတတ်ပါတယ်။

နောက်ပြီး ဒီလိုဖိအားတွေက နေရာမရွေး လူပေါင်းစုံဆီကနေ ကြုံရတတ်ပါတယ် ……
ကျောင်းခန်းထဲက ဟာသတွေကစလို့
လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ ကြိုးစားလို့ ရလာတဲ့ အခွင့်အရေးကိုတောင် အရည်အချင်းကို မချီးကျူးဘဲ လိင်ကိုအခြေခံပြီး လူများ အထင်မှားစေမဲ့
“မိန်းကလေးမလို့ ရတာ” လို့ ပြောသလို “မိန်းကလေးမလို့ ဒီနေရာနဲ့ မသင့်တော်ဘူး” ဆိုတဲ့ စကားတွေက ကြိုးစားထားသမျှ အရာအားလုံးကို အလေးထားမခံရဘဲ စော်ကားခံလိုက်ရတာပါပဲ။

ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း
“ယောက်ကျားက ပိုက်ဆံရှာပေးနေရင် တော်ပြီပေါ့ ဘာတွေ မျှော်လင့်နေသေးတာလဲ”
“မိန်းမဆိုတာ အိမ်မှာပဲနေ”
“အပြင်အလုပ် မလုပ်ရဘူး”
“အိမ်မှုကိစ္စပဲ လုပ် အိမ်ထောင်သည်က အပိုကုန်အောင် ပြင်ဆင်မနေနဲ့”

စတဲ့ စကားတွေက မိန်းမတစ်ယောက်ရဲ့ အသံကို ပိတ်ထားပြီး ရွေးချယ်ခွင့်မရှိတဲ့ လမ်းတစ်ခုထဲကို တွန်းပို့လိုက်သလိုပါပဲ။ ခံစားချက်တွေကို မပြောရဲတော့ဘူး။ လိုအပ်ချက်တွေကို မထုတ်ဖော်ရဲတော့ဘူး။

ဒီအရာတွေကို စုပေါင်းကြည့်လိုက်ရင်“မိန်းမဖြစ်ခြင်း” ဆိုတာ မမြင်သာပေမယ့် အမြဲ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတတ်ပါတယ်။

စကားလေးတစ်ခွန်း…
အမြင်လေးတစ်ခု…
အပြုအမူလေးတစ်ခု…

သေးသေးလေးတွေလို ထင်ရပေမယ့် ဘဝတလျှောက် ထပ်တလဲလဲ ကြုံရတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်ကို တဖြည်းဖြည်း ေ/သ စေနိုင်ပါတယ်။

ဒါကြောင့် ဒီလို စကားတွေနဲ့ စိတ်လုံခြုံမှု မရှိတဲ့ ပတ်ဝန်းကျင်မှာ ဖိအားတွေကြား တိတ်တိတ်လေး ခံစားနေရတဲ့ အမျိုးသမီးတွေကို စာနာပါ။ ကူညီပါ။ လိင်ကိုရှေ့တန်းမတင်ဘဲ လူကိုသာ ရှေ့တန်းတင်ပါ။

တကယ်တော့ အမျိုးသမီး ဖြစ်ရတာက ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး ။ ပတ်ဝန်းကျင် ဖိအားတွေကြောင့် ဝန်ထုပ်ဝန်ပိုးတခုလို့ ခံစားလာရရင် “ဒို့အထာ” မှာ ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ် ။

#ဒို့အထာ #အမျိုးသမီး

‘’I Support My Friend”🤝UNICEF မှ ပံ့ပိုးပေးသော “I Support My Friend” သင်တန်းကို MYS ရဲ့ မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လ...
10/04/2026

‘’I Support My Friend”🤝

UNICEF မှ ပံ့ပိုးပေးသော “I Support My Friend” သင်တန်းကို MYS ရဲ့ မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်များ တက်ကြွစွာနဲ့ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းမှတစ်ဆင့် လူငယ်များအကြား အပြန်အလှန် အားပေးကူညီမှုကို တိုးမြှင့်စေခဲ့ပြီး၊ ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် လိုအပ်သော နည်းလမ်းများကို လေ့လာခဲ့ကြပါတယ်။ 💙

🌸 “အမျိုးသမီးတို့ရဲ့ ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ”မတ်လ ၈ ရက်နေ့ဟာ အမျိုးသမီးများရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့နေ...
08/03/2026

🌸 “အမျိုးသမီးတို့ရဲ့ ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ”

မတ်လ ၈ ရက်နေ့ဟာ အမျိုးသမီးများရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့နေ့ပဲ မဟုတ်ပါဘူး။ ဒီနေ့ဟာ အမျိုးသမီးကျန်းမာရေးကို အထူးအရေးထားဖို့ သတိပေးတဲ့နေ့ လည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေက မိဘ ကလေးတွေကို စောင့်ရှောက်ပေးသူ၊ မိသားစုကို ထိန်းသိမ်းပေးသူများ ဖြစ်ကြပါတယ်။ဒါကြောင့် အမျိုးသမီး တစ်ယောက်ကျန်းမာရေးကို ဂရုစိုက်ခြင်းက ကိုယ့်အတွက်သာ မဟုတ်ဘဲ မိသားစုအတွက်ပါ ဂရုစိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ပုံမှန်မဟုတ်ဘဲ တခုခု ဖြစ်နေတယ်လို့ ခံစားနေရတာနဲ့ စောစောသိပြီး စောစောကုသမှုခံယူနိုင်ဖို့ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ အမျိုးသမီးများ အနေနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့
• ရင်သားကင်ဆာ စစ်ဆေးခြင်း
• သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း
• သွေးဖိအား၊ ဆီးချို စစ်ဆေးခြင်း
• သွေးအားနည်းမှု စစ်ဆေးခြင်းတွေက ဖြစ်မှ ကုမယ် မဟုတ်ဘဲ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင် ဖြစ်လာရင်လည်း စောစီးစွာ ကုသနိုင်အောင် ကြိုတင်စစ်ဆေးသင့်တဲ့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ သတိပေးချက်တွေဖြစ်တဲ့ လစဉ်သွေးဆင်းခြင်းမှ စပြီး ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးချိန်အထိ ခန္ဓာကိုယ်က အပြောင်းအလဲများစွာအပြင် အများစု ကြုံတွေ့ခံစားရတတ်တဲ့ PCOS၊ သားအိမ်ရောဂါများ၊ သွေးအားနည်းမှု၊ ဟော်မုန်းပြဿနာ၊သိုင်းရွိုက်ပြဿနာများကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ကိုယ်ကျန်းမာရေးအပြင် နောက်ထပ် ဂရုစိုက်သင့်တဲ့ စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အမျိုးသမီးများဟာ အလုပ်၊ မိသားစု၊ လူမှုရေး တာဝန်များကြားမှာ စိတ်ဖိစီးမှု၊စိတ်ပူပန်မှု၊ စိတ်ကျရောဂါတွေ အပြင် တချို့ အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက် baby blue လို့ ခေါ်တဲ့ စိတ်ဖိစီးမှုများလည်း ဖြစ်တတ်ပါတယ်။ ဒီလို စိတ်ကျန်းမာရေး ပြဿနာတွေက မသိလိုက်ဘဲ ပြင်းထန်အဆင့်ထိ ရောက်ရှိသွားတတ်တာမလို့ စောစောစီးစီး ဆေးဘက်ဆိုင်ရာ အကူအညီ ရယူသင့်ပါတယ်။

တချို့အမျိုးသမီးတွေက
“မိသားစုကို ဦးစားပေးရမယ်”
“အလုပ်ကို မပျက်စေချင်ဘူး”
ဆိုပြီး ကိုယ့်ကိုယ်ကို နောက်ဆုံးမှာ ထားတတ်ကြပါတယ်။ဒါပေမယ့် ကိုယ့်ကျန်းမာရေး မကောင်းရင် ဘာမှမလုပ်နိုင်ဘူးဆိုတာကိုတော့ မေ့နေပုံပါပဲ။

🌸 ဒါကြောင့် မတ်လ ၈ ရက်နေ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတိုင်းကို ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ *ဒို့အထာ*က တိုက်တွန်း သတိပေးလိုက်ပါတယ်။

“အမျိုးသမီးတစ်ယောက် ကျန်းမာမှ ကမ္ဘာကြီး ပိုကောင်းလာနိုင်ပါတယ်။ကျန်းမာရေး အတွက် ကြိုတင်စစ်ဆေးပါ။ တတ်သိနားလည်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ပြောဆိုဆွေးနွေးပါ။*ဒို့အထာ*က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။မေးမြန်း တိုင်ပင်ဖို့ မရှက်ပါနဲ့။ကျန်းမာရေးကောင်းတာက ဂုဏ်ယူစရာပါ။”



🌍 မတ်လ ၈ ရက်၊ ၂၀၂၆ — အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ
အမျိုးသမီးတို့ ကိုယ့်ကိုယ်ကို ပိုချစ်ကြမယ်။
ကိုယ့်ကျန်းမာရေးကို ဦးစားပေးကြမယ်။



#ဒို့အထာSafeSpace 💜

🌸 အမျိုးသမီးတွေကို ပန်းလေးတွေနဲ့ တူတယ်လို့ တင်စားကြပါတယ်🌸ဖူးပွင့်လာတဲ့အချိန်၊ဝေဆာလှပတဲ့အချိန်နောက်ဆုံးတော့ သဘာဝအရ ညိုးနွ...
19/02/2026

🌸 အမျိုးသမီးတွေကို ပန်းလေးတွေနဲ့ တူတယ်လို့ တင်စားကြပါတယ်🌸

ဖူးပွင့်လာတဲ့အချိန်၊ဝေဆာလှပတဲ့အချိန်
နောက်ဆုံးတော့ သဘာဝအရ ညိုးနွမ်းကြွေကျရမယ့်အချိန်… ဒါတွေက ကြုံကို ကြုံရမဲ့ သဘာဝရဲ့ လမ်းကြောင်း ပါပဲ။

ဒါက ပန်းလေးရဲ့ အရုပ်ဆိုးအကျဉ်းတန်မှု မဟုတ်သလို အမျိုးသမီးတစ်ယောက်ရဲ့ အားနည်းမှုလည်း မဟုတ်ပါဘူး။

🍃 အမျိုးသမီးတယောက် အရွယ်ရောက်လာပြီး
အလုပ်၊ မိသားစု၊ သားသမီးကြား ကိုယ့်ကိုယ်ကို မေ့နေတတ်တဲ့ အချိန်မှာ—

▪️ ရာသီ မညီမညာဖြစ်ခြင်း / မလာတော့ခြင်း
▪️ ချွေးထွက်လွယ်၊ ကိုယ်ပူတတ်ခြင်း
▪️ အိပ်မပျော်၊ လန့်နိုးခြင်း
▪️ စိတ်အပြောင်းအလဲ မြန်ခြင်း
▪️ မိန်းမကိုယ် ခြောက်သွေ့လာခြင်း
▪️ လိင်စိတ် လျော့နည်းလာခြင်း တွေနဲ့ ကိုယ်ခန္ဓာက အရင်ဆုံး သတိပေးလာပါတယ်။

ဒါက ရာသီသွေးဆုံးချိန် နီးလာတာ ဖြစ်နိုင်ပါတယ်။

📌 ပုံမှန်အားဖြင့် အမျိုးသမီး တယောက်က
အသက် ၄၀–၅၀ အတွင်း ရာသီသွေးဆုံးတတ်ပါတယ်။

ဒါပေမယ့်
📌 အမျိုးသမီး ၁,၀၀၀ မှာ ၁ ယောက်က
အသက် ၄၀ မပြည့်ခင် သွေးဆုံးနိုင်ပါတယ်

ဒါကို အရွယ်မတိုင်ခင် ရာသီသွေးဆုံးခြင်း လို့ ခေါ်ပါတယ်။



ဒီလိုတွေဖြစ်လာရင် ကိုယ့်ခန္ဓာကိုယ်က ပြောနေတာကို နားထောင်ပြီး မီးယက်နဲ့ဆိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေ မဖြစ်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားသမျှကို လိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်။

ဥပမာ- ဆေးလိပ်၊ အရက်၊ ကော်ဖီ တွေ အလွန်အကျွံ သောက်တာ အိပ်ရေးပျက်တာတွေ ကိုယ့်စိတ်ရော ကိုယ်ရော အနားမပေးဘဲ အလုပ်လုပ်တာတွေကို ရှောင်ပြီး သင့်တင့်မျှတတဲ့ အာဟာရ၊ အသီးအနှံ ဟင်းသီးဟင်းရွက် နွားနို့၊ ကယ်စီယမ်ပါဝင်တဲ့ အစားအစာတွေ သေချာလေး စားသုံးတာ နေ့စဉ် လမ်းလျှောက်၊Yoga၊ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပေးတာ၊ တစ်ကိုယ်တည်း မနေဘဲ မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းတာမျိုးလေးတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ဖို့ လိုပါတယ်နော်။

ဆေးပညာအရ ဘယ်လို ဂရုစိုက်ရမယ် ဘာတွေလုပ်ရမလဲဆိုတာ သေချာလေးသိချင်ရင်တော့ 👉ဒို့အထာ👈ကို ဆက်သွယ်ဖို့ မမေ့နဲ့နော် တတ်သိနားလည်းတဲ့ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပေးဖို့ အသင့်ရှိနေပါတယ်ဗျို့ ။

ရာသီသွေးဆုံးတာက အမျိုးသမီးတယောက်ရဲ့ ဘဝအစိတ်အပိုင်းတခုပဲမလို့ ဒါက အလှ ပျက်သွားတာ မဟုတ်ပါဘူး ရင့်ကျက်တည်ငြိမ်တဲ့ အခြား အလှတစ်မျိုးကို ပြောင်းလဲသွားတာပါ။ ဒါကြောင့် ဒီအခိုက်အတန့်မှာလည်း ကိုယ့်ကိုယ်ကို ပိုချစ်ပေးဖို့ မမေ့ပါနဲ့နော်။🌸

#ဒို့အထာ #ရာသီသွေးဆုံးခြင်း
#အရွယ်မတိုင်ခင်ရာသီသွေးဆုံးခြင်း
🌸

“အောင့်တယ်… နာတယ်… မခံနိုင်တော့ဘူး သော်ကေတော့မလိုပဲ ” ဆိုတာ ရာသီလာတိုင်း မိန်းကလေးတိုင်းလိုလို အနည်းနဲ့ အများ ခံစားနေရတဲ...
04/12/2025

“အောင့်တယ်… နာတယ်… မခံနိုင်တော့ဘူး သော်ကေတော့မလိုပဲ ” ဆိုတာ ရာသီလာတိုင်း မိန်းကလေးတိုင်းလိုလို အနည်းနဲ့ အများ ခံစားနေရတဲ့ ဝေဒနာ တခုပါ။

တချို့ဆို အလုပ်သွား ကျောင်းတက် နေ့စဉ်အလုပ်တွေ ဘာမှ မလုပ်နိုင်ဘဲ မစားနိုင် မသောက်နိုင် အိပ်ယာထဲ ခွေနေရတဲ့ အထိ ဆိုးလွန်းတဲ့ နာကျင်မှုမျိုး ခံစားရတတ်ပါတယ်။

ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ…?
ဘယ်လို သက်သာအောင်လုပ်လို့ရလဲ…?
ဘယ်အချိန် ဆရာဝန် ကို ပြဖို့လိုမလဲ….?



💢 ❗ Period Pain ဘာကြောင့်ဖြစ်လဲ?

ဆေးပညာအရ ရာသီလာရင် Prostaglandin ဆိုတဲ့ သဘာဝပစ္စည်းတစ်ခုက contraction လို့ ခေါ်တဲ့ သားအိမ်ကြွက်သားတွေကိုညှစ်စေတဲ့အတွက် လွယ်လွယ်​ပြောရရင် သားအိမ်ကြွက်သားတွေ တောင့်တင်း နာကျင်မှုကြောင့်
ဝမ်းဗိုက် အထူးသဖြင့် ဆီးစပ်နားတွေနဲ့ ခါး၊ကျောနောက်ဘက်၊ ခြေထောက်တွေမှာ ဆွဲဆုပ်ထားသလို ခံစားရတာ ဖြစ်ပါတယ် ။

➡ Prostaglandin ပိုများတဲ့သူ
➡ Stress(စိတ်ဖိစီးမှု)ပိုများတဲ့သူတွေကရာသီလာစဉ် နာကျင် ကိုက်ခဲခြင်းကို ပိုပြီးခံစားရပါတယ်။



သက်သာစေမဲ့ နည်းလမ်းတွေက

🌼တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ၊စိတ်ညစ်စေတဲ့ စိတ်ဖိစီးစရာတွေကို မတွေးမိအောင် နေပါ၊ အိပ်ရေးဝဝ အိပ်ပြီး အပြည့်အဝ အနားယူပါ။

🌼 သားအိမ်ကြွက်သားလေးတွေ ပျော့ပျောင်းသွားအောင် ရေနွေးအိပ်ကပ်ပေးခြင်း(Hot Pack / Warm Water Bottle)

🌼 ခန္တာကိုယ် တခုလုံး သွေးလည်ပတ်မှုကောင်းအောင် ရေနွေးနွေးနဲ့ ရေချိုးပေးခြင်း

🌼Yoga, အကြောလျော့ လေ့ကျင့်ခန်း, လမ်းလျှောက်ခြင်းစတဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေကလည်း သွေးလည်ပတ်မှုကောင်းပြီး နာကျင်မှုကို သက်သာစေပါတယ်။

🌼 ကော်ဖီ သကြား ရေခဲမုန့် ရေခဲရေ ငန်လွန်း ဆီများလွန်းတဲ့ အစားအစာတွေ ရှောင်ပြီး သံဓာတ်ပါတဲ့ အစားအစာ သင့်တင့်မျှတတဲ့ အဟာရရစေမဲ့ အစားအစာတွေနဲ့ ရိုးရိုးရေ၊ ရေနွေးများများသောက်တာကလည်း body pain ကို သက်သာစေပါတယ်။

🌼 မခံနိုင်လောက်အောင် နာကျင်လာရင် အကိုက်အခဲပျောက်ဆေး အနည်းငယ်သောက်တာမျိုးက ရေတိုအတွက် ဖြေရှင်းနိုင်ပေမဲ့ ရေရှည်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

🔴 Painkiller သောက်လည်း မသက်သာ
🔴 အလုပ်/ကျောင်း မသွားနိုင်အောင် တစ်နေ့တခြား ပိုပိုဆိုးပြီး ရက်ရှည်နာကျင်တာ
🔴 သွေးခဲတွေ များစွာ ဆင်းတာ
🔴 ပုံမှန်ထက် သိသိသာသာ သွေးများများသွန်တာ (heavy flow)
🔴 ရာသီစက်ဝန်းမမှန်တာ

ဒီလိုလေးတွေ ခံစားနေရရင် ကိုယ့်ခန္ဓာကိုယ်က အချက်ပေးနေတာ ဖြစ်လို့ အမြန်ဆုံး နီးစပ်ရာ ဆရာဝန်ဆီသွားရောက် ဆွေးနွေးတိုင်ပင်ဖို့ မမေ့ပါနဲ့နော်။



အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း လစဉ်ခံစားနေရတဲ့ ရာသီစက်ဝန်းပြဿနာတွေနဲ့ အမျိုးသမီး ရောဂါများကို တတ်သိနားလည်တဲ့ ဆရာဝန် ကျန်းမာရေး ဝန်ထမ်းများဆီကို အခမဲ့ ညွှန်းပို့ ချိတ်ဆက်ပေးဖို့ *ဒို့အထာ* မှာ နှစ်ကိုယ်ကြားတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခဗျာ။

#ဒို့အထာ pain

27/11/2025

Sexual Harassment ဆိုတာ ဘယ်သူမဆို ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာဖြစ်စေ စကားလုံးတွေကနေ ဖြစ်စေ နစ်နာသူအတွက် နာကျင် ထိခိုက်စေပါတယ်။

#ဒို့အထာ

ကိုယ်ဝန်ဆောင်တွေက နေ့တိုင်းသေမင်းတံခါးဝရှေ့မှာ လမ်းလျှောက်နေရတဲ့သူလိုပဲဆိုပြီး ပြောတဲ့စကားတွေ ကြားဖူးကြတယ်မလား ???အမျိုး...
14/11/2025

ကိုယ်ဝန်ဆောင်တွေက နေ့တိုင်းသေမင်းတံခါးဝရှေ့မှာ လမ်းလျှောက်နေရတဲ့သူလိုပဲဆိုပြီး ပြောတဲ့စကားတွေ ကြားဖူးကြတယ်မလား ???

အမျိုးသမီးတွေအတွက် ၈လလွယ် ၉လဖွား ကိုယ်ဝန်စရှိတဲ့အချိန်ကနေ မွေးဖွားချိန်အထိ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့ ကာလမျိုးတွေပေါ့။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်ဝန်ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်ဆိုပြီး ကာလတစ်ခုချင်းစီအလိုက် ကျန်းမာရေး စောင့်ရှောက်မှု ကွာခြားချက်တွေ ရှိပါတယ်။

ပထမသုံးလပတ်ကာလမှာ အမျိုးသမီးဟာ ကိုယ်ဝန်စရှိနေတာကို ရာသီမလာတော့တာ၊ ရင်းသားအနေအထားပြောင်းလဲမှုတွေနဲ့ Morning Sickness လို့ခေါ်တဲ့ မနက်ခင်းမှာသာမက အချိန်မရွေး အော့အန်ပြီး အစားမဝင်တာ အနံ့အသက်ပြင်းပြင်းတွေ မခံနိုင်တော့တာ စတဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်လှုပ်ရှား ပူပန်မှုတွေများလာခြင်းတွေလည်း သိသိသာသာဖြစ်တတ်တာမို့ ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့အရမ်းအရေးကြီးတယ်နော်။

ဒီလိုနဲ့ ဒုတိယသုံးလပတ်ထဲရောက်လာတဲ့အခါ ပထမသုံးလပတ်ထက် ခံစားရတာပိုပေါ့ပါးနေမှာဖြစ်ပေမယ့်လည်း လက္ခဏာအသစ်တွေကို ခံစားရတော့မှာပါ။ ဒီကာလတွေမှာတော့ မေမေတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ၊ Ultrasound ရိုက်ခြင်း၊ သန္ဓေသားမှာ ဒေါင်းရောဂါရှိ/ မရှိစစ်ဆေးမှု၊ သွေးနဲ့ အခြားစစ်ဆေးမှုတွေလည်း လုပ်ဆောင်ရမှာဖြစ်သလို ကိုယ်ဝန်ဆောင်ဆီးချို ရှိ/မရှိကိုလည်း သေချာလေးစစ်ဆေးဖို့ မမေ့နဲ့နော်။

ဒီအခြေအနေတွေကို ဖြတ်ကျော်ပြီးတာနဲ့ နောက်ဆုံးသုံးလပတ်တာကာလဆီရောက်ပါပြီ။ ကိုယ်ဝန်ဆောင်မေမေတိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုအများဆုံး၊ စိန်ခေါ်မှုအကြီးဆုံး ကာလတွေဟာ ဒီနောက်ဆုံး သုံးလပတ်ကာလမှာပါ။ ကလေးမွေးဖွားချိန် နီးကပ်လာတာနဲ့အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းမှုတွေ ပိုများလာတတ်တာမို့ဖြစ်ပါတယ်။

ဒီကာလတွေမှာ နှစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ်လောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုသလို ကိုယ်ဝန်သည်မိခင်ကို သွေးပေါင်ချိန်တိုင်းတာမျိုး၊ ကိုယ်အလေးချိန်တိုင်းတာမျိုးတွေအပါအဝင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုနဲ့ နှလုံးခုန်သံနားထောင်ခြင်းတွေ ပြုလုပ်ရမှာပါ။

မွေးဖို့တစ်လလောက်လိုတဲ့အခါမှာတော့ ကိုယ်ဝန်ရာဇဝင်နဲ့ သန္ဓေသားစမ်းသပ်မှုတွေ ပြုလုပ်ပြီး ရိုးရိုးမွေးမှာလား၊ ခွဲမွေးသင့်လားကို ကိုယ်ဝန်အပ်ထားတဲ့ သားဖွားဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာတွေ၊ ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်သင့်တယ်နော်။

သတိထားဖို့ရှိတာက နောက်ဆုံး ကိုယ်ဝန်ဆောင်ကာလသုံးလတာအတွင်းမှာ

-သွေးဆင်းခြင်း

-ရေမွှာယိုစိမ့်လာခြင်း

-ခန္ဓာကိုယ်ရုတ်တရက်ဖောယောင်ခြင်း

-သန္ဓေသားလှုပ်ရှားမှာ လျော့နည်းသွားခြင်း/ရပ်တန့်သွားခြင်း အစရှိသည်ဖြင့် မူမမှန်တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆေးရုံ/ဆေးခန်းကို အမြန်ဆုံး သွားရောက်ကာ ကုသမှုခံယူဖို့လည်း မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အသက်ကိုရင်းထားရတဲ့ အရေးကြီးတဲ့ကာလတစ်ခု ဖြစ်ပါတယ်။ ဒီလိုကာလမှာ အမျိုးသားဖြစ်သူ၊ မိသားစုဝင်ဖြစ်သူ၊ ပတ်ဝန်းကျင်ကအသိတွေက ဝိုင်းဝန်းစောင့်ရှောက်ပြီး ကလေးကို ချောချောမွေ့မွေ့မွေးဖွားနိုင်အောင် ကူညီစောင့်ရှောက်ပေးသင့်ပါတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်သည်တွေရှိရင် ဒီဟာလေးကိုမျှဝေပြီး သတိပေးလိုက်ပါဦးနော်။

🤰🏻🤰🏻🤰🏻>>>လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုရယူဖို့ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး ဝန်ထမ်း ဆရာဝန်များ ကျန်းမာရေး ဌာနများသို့ ချိတ်ဆက်ကူညီဖို့ ဒို့အထာ က အသင့်ရှိနေပါတယ်။

သားတို့ သမီးတို့ ကြီးရင် ဘာဖြစ်ချင်ကြတာလဲ…?မင်းသမီး ဖြစ်ချင်တယ် ပန်းချီဆရာဖြစ်ချင်တယ် ခရီးတွေသွားချင်တယ် ဆရာဝန်ကြီးလုပ်မ...
15/10/2025

သားတို့ သမီးတို့ ကြီးရင် ဘာဖြစ်ချင်ကြတာလဲ…?

မင်းသမီး ဖြစ်ချင်တယ် ပန်းချီဆရာဖြစ်ချင်တယ် ခရီးတွေသွားချင်တယ် ဆရာဝန်ကြီးလုပ်မယ် သီးပင်တွေစိုက်ပြီး ခူးစားချင်တယ် … ငယ်ဘဝ အိမ်မက်တွေဟာ ကြီးကြီးမားမားလည်း ရှိသလို အေးအေးချမ်းချမ်းလည်း ဖြစ်ကောင်းဖြစ်မယ်။

အသက်ကြီးလာတော့ တချို့ဆို အသက်တွေ ကြီးမလာခင်မှာတင် ဘဝရဲ့ တာဝန်တွေ ယူလိုက်ရပြီး စွန့်လွှတ်လိုက်ရတဲ့ အိမ်မက်တွေလည်း ရှိတယ်။ပိုဆိုးတာက ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်း ဆိုတဲ့ ဓလေ့ ထုံတမ်းတွေကြားမှာဘဝတွေ ပိတ်မိသွားတဲ့ အမျိုးသား အမျိုးသမီးလေးတွေလည်း ဒုနဲ့ ဒေးပါပဲ။

ဒါကြောင့် SRHR (လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွါးကျန်းမာရေးနှင့် အခွင့်အရေး) လို့ ပြောလိုက်တာနဲ့ လိင်မှုရေးရာသက်သက်ပဲပြောတယ်လို့ ထင်နေသေးရင် ခဏနေပါဦးးးးးး

တကယ်တော့ SRHR ဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင်ဘဝရွေးချယ်မှုနဲ့ ရပိုင်ခွင့်တွေကို နားလည်အောင် လုပ်ပေးတဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။

တို့တွေရဲ့ ရိုးရာဓလေ့နဲ့ယဉ်ကျေးမှုလူ့အဖွဲ့အစည်းမှာ "မိန်းကလေးဆို အိမ်မှုကိစ္စလုပ်၊ ယောက်ျားလေးဆို အိမ်ထောင်ဦးစီးအဖြစ် အရာရာကို ဦးဆောင်ရမယ်" စတဲ့ ကျား-မ ပုံသေကားချပ် (Gender Stereotypes) တွေ ရှိနေသေးတာ သိကြတယ်ဟုတ်။ ဒီအစွဲတွေကပဲ မိန်းကလေးတွေအပေါ် ဆုံးဖြတ်ပိုင်ခွင့်တွေ ကန့်သတ်ခံရတာမျိုး၊ ယောက်ျားလေးတွေအပေါ် တာဝန်တွေ ပိစေတာမျိုးတွေ ဖြစ်လာနိုင်စေတာပဲ။

လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွါးကျန်းမာရေးနှင့် အခွင့်အရေးကိုသာ ကောင်းကောင်းသိထားရင်

မိန်းကလေးတွေအနေနဲ့ "ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်၊ ဘယ်အချိန် ကလေးယူမယ်၊ ကျန်းမာရေးအတွက် ဘာတွေ လုပ်ဆောင်မယ်" စတဲ့ ကိုယ့်ခန္ဓာကိုယ်၊ ကျန်းမာရေးနဲ့ ဘဝအပေါ်မှာ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အတွက် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ ကိုယ်ပိုင်ဘဝကို တည်ဆောက်နိုင်ပါသေးတယ်။

အမျိုးသားတွေနေနဲ့လည်း သဘောတူညီမှု (Consent) နဲ့ တာဝန်ယူမှုမျှဝေခြင်း (Shared Responsibility) ကြား ကလေးယူဖို့ ကိစ္စ ဒါမှမဟုတ် ကျန်းမာရေးအတွက် ဆုံးဖြတ်ချက်ချတာမျိုးမှာ "ယောက်ျားလေးပဲ၊ ငါပြောသလို လုပ်ရမယ်" ဆိုတဲ့ အတွေးမျိုးတွေ မဖြစ်စေတော့ဘဲ အိမ်ထောင်ဦီးစီးတစ်ယောက်အနေနဲ့ နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး အတူတူဆုံးဖြတ်နိုင်ခြင်းဟာ အိမ်ထောင်ရေးမှာ တစ်ဦီးအပေါ် တစ်ဦး လေးစားခြင်းကြောင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။

အချင်းချင်း ချစ်ကြတာဟာ နှစ်ကြတာ မဖြစ်စေဖို့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွါးကျန်းမာရေးနှင့် အခွင့်အရေးကို ကောင်းကောင်းသိထားခြင်းက မလိုချင်တဲ့ အခြေအနေတွေကို ရဲရဲဝံ့ဝံ့ ငြင်းဆန်နိုင်အောင် “No” လို့ပြောနိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ ရွေးချယ်မှုတွေကို ကိုယ်တိုင်ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးတဲ့ အသိပညာတစ်ခု ဖြစ်တဲ့ SRHR ကို လူတိုင်း လူတိုင်း အထူးသဖြင့် လူငယ်တိုင်း သိထားသင့်ပါတယ် နော်။

#ဒို့အထာ #လိင် #မျိုးဆက်ပွား
#ကျန်းမာရေး

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူး...
08/10/2025

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….
စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူးဆိုရင် ဒီလင့်ခ်ကနေ သွားဖတ်ကြည့်ဦးနော်

https://www.facebook.com/share/p/1A6NervEW6/?mibextid=wwXIfr

မိမိရဲ့ အသိုင်းအဝန်းကို ကိုယ်စားပြုပြီး ကိုယ်တိုင်ပါဝင်ဖြေဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။
မိမိ သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ပါဝင်ဖြေဆိုဖို့ မမေ့ကြနဲ့နော်...

#စစ်တမ်း

သူငယ်ချင်းတို့ရေ ....IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျို...
22/09/2025

သူငယ်ချင်းတို့ရေ ....

IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...

ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဦးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူမယ့်ကာလ - စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ

သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။ (အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
• အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
• မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
• အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
• ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ဆုလက်ဆောင်ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်
ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....

အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။

#စစ်တမ်း

အမျိုးသမီး(၁၀) ယောက် မှာ  (၁) ယောက်က PCOS ရောဂါကို ခံစားနေရပါတယ်တဲ့…PCOS( Polycystic O***y Syndrome )  ဆိုတာ မြန်မာလိုဆိ...
11/09/2025

အမျိုးသမီး(၁၀) ယောက် မှာ (၁) ယောက်က PCOS ရောဂါကို ခံစားနေရပါတယ်တဲ့…

PCOS( Polycystic O***y Syndrome ) ဆိုတာ မြန်မာလိုဆိုရင်တော့ သားဥအိမ်မှာရေအိတ်တည်တာဖြစ်ပါတယ်။ဒီရောဂါကလိင်ဆက်ဆံမှု တကြိမ်တခါမှ မပြုရသေး သူကအစ အိမ်ထောင်သည်တွေအထိ မျိုးပွားနိုင်တဲ့ အသက်အရွယ်အတွင်းက ပျိုပျို အိုအို အမျိုးသမီးတွေကြားမှာ အရမ်းကို အဖြစ်များတဲ့ အမျိုးသမီး ရောဂါတစ်မျိုးဖြစ်ပါတယ်။

PCOS ဟာ Hyperandrogenism လို့‌ခေါ်တဲ့ ကျားဟော်မုန်းပိုများတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပြီး မျိုးရိုးလိုက်တာမျိုး၊ ကျားဟော်မုန်းတွေများလို့ သားဥမကြွေနိုင်တော့ဘဲ သားဥအိမ်မှာ ရေအိတ်သွားတည်တာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေ အနေနဲ့
* ဓမ္မတာနည်းခြင်း/ ထိမ်ခြင်း/ မမှန်ခြင်း
*ဓမ္မတာအရမ်းများခြင်း
*မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ အမွှေးအမျှင်တွေ ထူထပ်လာခြင်း
*ဝက်ခြံထွက်ခြင်း
*ကိုယ်အလေးချိန်တက်ခြင်း/ ပြန်ချဖို့ မလွယ်ခြင်း
*အဝလွန်ခြင်း
*အသံနက်လာခြင်း
*ဦးရေပြား ဆံပင်ပါးလာခြင်း
*လည်ပင်း၊ ချိုင်းနဲ့ ပေါင်လိုနေရာမျိုးတွေမှာ မည်းညစ်လာခြင်း စတဲ့ လက္ခဏာတွေ အပြင် အချိန်မီကုသမှုမခံယူပါက ဟော်မုန်းမညီမမျှဖြစ်လာစေတဲ့ အပြင် *မျိုးမအောင်ခြင်း/ ကိုယ်ဝန်ရရှိဖို့ ခက်ခဲခြင်း*များ ခံစားရနိုင်ပါတယ်။

PCOS ရောဂါကို ခံစားနေရတဲ့ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျတဲ့ အခြေအနေမျိုးတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ပုံမှန်ရာသီသွေးမဆင်းတော့တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲ ပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်တတ်ပြီး အသားအရေကအစ ခန္ဓာကိုယ်အလေးချိန်အဆုံး ပြောင်းလဲမှုရှိတာတွေကြောင့် အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင်မပြေတဲ့ ကာလတစ်ခုကို ကြုံရမှာမို့ ဒီရောဂါခံစားနေရတဲ့ ဝေဒနာရှင်ရဲ့ မိသားစုဝင်တွေက သေချာဂရုစိုက်ပေးဖို့လိုပါတယ်။

ကုသနည်းတွေအနေနဲ့ အစားအသောက် အနေထိုင် ပြောင်းလဲခြင်းအပြင် သင့်တော်တဲ့ သားအိမ်အားတိုးဆေး၊ အမျိုးသမီးဟော်မုန်းဆေးတွေဖြစ်တဲ့ Birth Control Pill တွေဖြစ်တဲ့ ကိုယ်ဝန်တားဆေးကဒ်တွေ သောက်သုံးရခြင်း နဲ့ တခြားသင့်တော်ရာ ကုထုံးတွေကို ခံယူရပါတယ်။ တချို့သော အပျိုစင်အမျိုးသမီးလေးတွေမှာလည်း ဒီလိုမျိုး Birth Control pill တွေကို PCOS ေကြာင့် သောက်သုံးနေရချိန်မှာ မိသားစုနဲ့ ပတ်ဝန်းကျင်က အထင်မြင်လွဲမှားစွပ်စွဲမှုကြောင့် စိတ်ဖိစီးမှုပိုမို ခံစားနေရပါတယ်။

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့အမျိုးသမီးက PCOS ကြောင့် ကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိလာခဲ့ရင် ပစ်ပယ်ထားတာမျိုး၊ ဂရုမစိုက်တာမျိုးတွေ မပြုလုပ်ဘဲ သူနဲ့အတူ နေထိုင်စားသောက်မှုပုံစံကူပြောင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း၊ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆေးပညာရှင်တွေနဲ့အတူ ဆွေးနွေးတိုင်ပင်ပေးခြင်းတွေအပါအဝင် စိတ်ရှည်နားလည်သည်းခံပေးဖို့လည်း အထူးကို လိုအပ်ပါတယ်။

အခုဒီစာကို ဖတ်နေရင်းနဲ့ PCOS ရောဂါလက္ခဏာတွေထဲက တချို့အချက်တွေက ကိုယ့်မှာ/ ကိုယ့်အမျိုးသမီးမှာ လက်တလောဖြစ်နေတဲ့ လက္ခဏာတွေနဲ့ တိုက်ဆိုင်နေပြီလို့ ခံစားလိုက်ရရင်တော့ အချိန်မဆွဲဘဲနဲ့ ဒို့အထာဆီ ချက်ချင်းလာရောက်မေးမြန်းလိုက်ပါ။

ဒို့အထာမှာ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေ၊ ဓမ္မတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းတွေ၊ ရေတိုရေရှည်သန္ဓေတားနည်းတွေအားလုံးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

အမျိုးသမီးရောဂါတွေအတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များ၊ ဆေးပညာရှင်များနဲ့ ကျန်းမာရေးဝန်ထမ်း/ဌာနများနဲ့ “အခမဲ့” ကူညီချိတ်ဆက်ပေးမှာမို့ ကျန်းမာရေးအတွက်ဆို ဒို့အထာကိုသာ သတိရလိုက်နော်။

#ဒို့အထာ

🔞 လိင်မှုကိစ္စကြောင့် အဆင်မပြေဖြစ်နေရတဲ့အတွဲတွေရှိတယ်ဆိုရင်ဒီ စာလေးကိုဖတ်ကြည့်လိုက်ပါ..📜လိင်ဆက်ဆံမှုမှာ အရေးကြီးတာက သဘော...
01/09/2025

🔞 လိင်မှုကိစ္စကြောင့် အဆင်မပြေဖြစ်နေရတဲ့အတွဲတွေရှိတယ်ဆိုရင်ဒီ စာလေးကိုဖတ်ကြည့်လိုက်ပါ..📜

လိင်ဆက်ဆံမှုမှာ အရေးကြီးတာက သဘောတူညီမှုပါ။ လင်မယားဖြစ်စေ၊ ချစ်သူရည်းစားဖြစ်စေ၊ ဘယ်အခြေအနေမှာ မဆို သဘောတူညီမှုမရှိရင် အလိုမတူသောလိင်ဆက်ဆံမှု (အဓမ္မ မှု) ဖြစ်ပါတယ်။

သမီးရည်းစားနှစ်ယောက်မှာ တစ်ယောက်က လိင်မှုကိစ္စလိုချင်တယ်၊ နောက်တစ်ယောက်ကမလိုချင်ဘူး
ဒီလိုနဲ့ တကယ်မချစ်ဘူးလား၊ မယုံဘူးလား ဘာညာတွေဖြစ်ကုန်ရော 😮‍💨

အဲဒီလိုအခြေအနေကြုံလာရရင် အဲဒီလိုမေးခွန်းတွေထုတ်မယ့်အစား “လိင်မှုကိစ္စကို ဘာကြောင့်မလိုချင်တာလဲ”ဆိုတဲ့အကြောင်းအရင်းကို သေသေချာချာ ဆွေးနွေးမေးမြန်းသင့်ပါတယ် 😉

တချို့သူတွေက လိင်မှုကိစ္စကိုလိုချင်ပေမဲ့လို့ သာယာချင်တဲ့စိတ်ထက် စိုးရိမ်ကြောက်ရွံ့တဲ့စိတ်ကပိုများနေတတ်ကြပါတယ်..

👉 လိင်မှုကိစ္စလုပ်လိုက်ရင် အကာအကွယ်သုံးပေမဲ့ မတော်တဆ ကိုယ်ဝန်ရသွားမှာလား

👉 လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကူးသွားမှာလား

👉 ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုထိခိုက်သွားမှာလား စသဖြင့် စိုးရိမ်စိတ်လေးတွေဝင်လာပြီး လိင်မှုကိစ္စကို အတတ်နိုင်ဆုံးရှောင်လိုက်ကြတယ် 🙅

လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းနီးပါး ဒီလိုစိတ်လေးတွေဝင်တတ်လာကြတာပုံမှန်ပါပဲ။ အကာအကွယ်အပြည့်အဝသုံးနေရက်နဲ့ မပျော်ရွှင်ရဘဲစိုးရိမ်နေရတာက လိင်မှုကိစ္စမှာ အနှောင့်ယှက်ကြီးတစ်ခုဖြစ်စေပါတယ်။

ရှောင်နိုင်ရင်အကောင်းဆုံးဆိုပေမဲ့ မရှောင်နိုင်တဲ့သူတွေအနေနဲ့

💢 လိင်မှုကိစ္စကိုရှောင်ကြဥ်နိုင်ဖို့အတင်းကြိုးစားနေမယ့်အစား

💢 လိင်ကျန်းမာရေးအသိပညာတွေကိုအမြဲလေ့လာပြီး ဆောင်ရန်၊ ရှောင်ရန်တွေနဲ့အတူ ဘေးကင်းလုံခြုံတဲ့လိင်မှုကိစ္စဖြစ်ဖို့ကိုပဲ ကြိုးစားဖန်တီးကြည့်ပါလို့ အကြံပြုချင်ပါတယ်ဗျာ 🥳

ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးအတွက် လိင်မှုနှင့်မျိုးဆက်ပွားကျန်းမာရေး အသိပညာက အရေးကြီးပါတယ်။

“ဒို့အထာ” မှာ လိင်မှုနှင့်မျိုးဆက်ပွားကျန်းမာ‌ရေး အကြောင်းအရာများဖြစ်သည့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ၊ သားဆက်ခြားကျန်းမာရေးနှင့်ဆိုင်သော ရေတို၊ ရေရှည် သန္ဓေတားနည်းတွေအပြင် ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးကျန်းမာရေး တို့ကိုလည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်သည့်အပြင် လိုအပ်ပါက တတ်သိနားလည်သည့် ဆရာဝန်၊ ဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း/ဌာနများနှင့် အခမဲ့ချိတ်ဆက်ကူညီပေးမှာမလို့ အရေးကြုံလာတဲ့အခါ ဒို့အထာ ရှိနေတာကို မမေ့နဲ့နော်။

#ဒို့အထာ

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when ဒို့အထာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဒို့အထာ:

Share