12/08/2025
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ အုပ်ချုပ်ရေးဖော်ဆောင်မှုနှင့် ပတ်သက်သည့်
သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့
၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့တွင် အရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဥ် (၁၀) ကိုပြုလုပ်ခဲ့ရာတွင် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူမှ မီဒီယာများ၏ မေးခွန်းများကို ဖြေကြားရာတွင် ချင်းပြည်နယ် ပလက်ဝမြို့ကို ULA/AA တော်လှန်ရေးအစိုးရ၏ ခရိုင်တခုအဖြစ် ထည့်သွင်းကာ အုပ်ချုပ်ရေး ဖော်ဆောင်နေကြောင်း ဖြေကြားခဲ့သည်ကိုသိရှိရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ Chin Civic Movement-CCM အနေဖြင့်အောက်ပါအတိုင်း သဘောထားထုတ်ပြန် အပ်ပါသည်။
၁။ မိမိတို့သည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ပြည်သူ့လွတ်မြောက် ရေးအတွက်အပြည့်အဝရပ်တည်နေသော အစုအဖွဲ့ဖြစ်သည့်နည်းတူ အာဏာရှင်စနစ်မှန်သမျှ ဖြုတ်ချ ရေး နှင့် ဖိနှိပ်ခံတိုင်းရင်းသားများ အတူလွတ်မြောက်ရေးအတွက် မိမိတို့ချင်းကိုယ်စား ပြုတော်လှန်ရေး အင်အားစုများအနေဖြင့် ဘဝတူတိုင်းရင်းသားများနှင့်အတူ လက်တွဲတိုက်ပွဲဝင်မှုများ အပါအဝင် အခြား ဘဝတူညီနောင်တိုင်းရင်းသားများ အနေဖြင့် မိမိလူမျိုး လွတ်မြောက်ရေးအတွက် ချင်းပြည်နယ်တွင် စစ်ရေးအရလှုပ်ရှားကာ တိုက်ပွဲဝင်နေမှုများကိုလည်း အပြုသဘောဖြင့် ရှုမြင်ပါသည်။
၂။ သို့ရာတွင် ၂၀၂၁ ခုနှစ် ပြည်သူ့တော်လှန်ရေးမှ စတင်ပြီး ပြည်သူတရပ်လုံးဆင်နွဲနေသည့် အာဏာရှင် တော်လှန်ရေးလမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ဆန္ဒမပါသည့် ULA/AA ၏ အဆိုပါဆောင်ရွက် မှုကို သိရှိရသည်မှာ ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သဖြင့် များစွာ စိတ်ပျက်မိပါသည်။
၃။ ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို မိမိတို့ CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။
၄။ သို့ဖြစ်ပါ၍ လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများတွင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကျော်လွှားနိုင်ရေးအတွက် ချင်း တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းများကြား ညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းနိုင်ခြင်းကသာ ရေရှည် တည်တံ့သော အဖြေတစ်ခုဟု ရှုမြင်ပါသည်။ ထို့အပြင် မိမိတို့ အနေဖြင့် ချင်းပြည်နယ် ပလက်ဝ အရေးနှင့် ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအလွန်တွင် သက်ဆိုင်သူများအားလုံးအကြား ဖက်ဒက်ရယ် ဒီမိုကရေစီနည်းကျ ပြန်လည်ဆွေးနွေးနိုင်မည်ဟု အတိအလင်းယုံကြည် မျှော်လင့်ပါကြောင်း ထုတ်ပြန် အပ်ပါသည်။
Chin Civic Movement-CCM
[email protected]