21/07/2026
မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပတ်ဝန်းကျင် ပျက်စီးစေမှုများနှင့် ဆက်နွှယ်နေသည့် နိုင်ငံတကာကုမ္ပဏီ ၅၃ ခုကို Burma Campaign UK (BCUK) က ၎င်းတို့၏ ‘Dirty List’ ဟုခေါ်သော နာမည်ပျက်စာရင်းတွင် ယနေ့ ထပ်မံထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်သည်။
🟥မြန်မာစစ်တပ်နှင့် ပတ်သက်သည့် Microsoft နှင့် SpaceX အပါအဝင် ကုမ္ပဏီ ၅၃ ခုကို Burma Campaign UK ၏ ‘Dirty List’ နာမည်ပျက်စာရင်းတွင် အသစ်ထပ်တိုး
Karen Vibes | ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။
မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပတ်ဝန်းကျင် ပျက်စီးစေမှုများနှင့် ဆက်နွှယ်နေသည့် နိုင်ငံတကာကုမ္ပဏီ ၅၃ ခုကို Burma Campaign UK (BCUK) က ၎င်းတို့၏ ‘Dirty List’ ဟုခေါ်သော နာမည်ပျက်စာရင်းတွင် ယနေ့ ထပ်မံထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်သည်။
ယခုအသစ်ထပ်တိုးလိုက်သည့် ကုမ္ပဏီများတွင် ကမ္ဘာကျော်နည်းပညာနှင့် လောင်စာဆီကုမ္ပဏီများဖြစ်ကြသည့် Microsoft, Space X (Elon Musk ၏ ကုမ္ပဏီ), Oracle, CISCO, Fortinet, Halliburton နှင့် SLV တို့ ပါဝင်နေသည်။ ထို့ကြောင့် လက်ရှိတွင် BCUK ၏ နာမည်ပျက်စာရင်းဝင် ကုမ္ပဏီစုစုပေါင်း ၂၂၈ ခုအထိ ရှိလာပြီဖြစ်သည်။
ယခုအကြိမ်တွင် အမေရိကန်ကုမ္ပဏီ ၁၈ ခုအထိ ပါဝင်လာခြင်းမှာ မြန်မာစစ်တပ်အပေါ် ချမှတ်ထားသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဟာကွက်များ ရှိနေသေးကြောင်း ပြသနေခြင်းဖြစ်သည်ဟု BCUK က ဆိုသည်။ အဆိုပါကုမ္ပဏီများသည် စစ်တပ်ပိုင် ကုမ္ပဏီများအား နည်းပညာပိုင်းအရ ကူညီနေခြင်း သို့မဟုတ် စစ်အုပ်စုအတွက် အဓိက ဝင်ငွေရလမ်းဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ပတ်သက်နေခြင်းများ ရှိနေသည်။
Burma Campaign UK ၏ ညွှန်ကြားရေးမှူး Mark Farmaner က “ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် ပိုက်ဆံရှာပေးတာ၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းတာ၊ နည်းပညာပိုင်း ထောက်ပံ့တာတွေ လုပ်နေကြတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်နေပြီးတော့မှ ဘယ်ကုမ္ပဏီကမှ သူတို့ကိုယ်သူတို့ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်နေပါတယ်လို့ ပြောလို့မရဘူး” ဟု ဝေဖန်ပြောကြားခဲ့သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံတကာ ငွေကြေးနှင့် လက်နက်ထောက်ပံ့မှုများအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။
Mark Farmaner က ဆက်လက်ပြီး “မြန်မာစစ်တပ်ဟာ ၂ နာရီခွဲတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်နေတယ်။ ဒါဟာ အရမ်းကို ကုန်ကျစရိတ်များပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေရဲ့ ငွေကြေး၊ လက်နက်နဲ့ နည်းပညာ အကူအညီတွေသာ မရှိရင် စစ်တပ်ဟာ ဒါတွေကို လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ထောက်ပြထားသည်။ ၎င်းအပြင် မြန်မာနိုင်ငံတွင် ပျမ်းမျှ ၂၉ နာရီလျှင် ကလေးတစ်ဦးနှုန်း သေဆုံးနေရသည့် အခြေအနေအပေါ် ကုမ္ပဏီများအနေဖြင့် လျစ်လျူရှုထားခြင်းမှာ နားမလည်နိုင်စရာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
Burma Campaign UK အနေဖြင့် အဆိုပါကုမ္ပဏီများကို နာမည်ပျက်စာရင်းထဲ မထည့်သွင်းမီ စစ်တပ်နှင့် ပတ်သက်မှုများ ဖြတ်တောက်ရန် အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း လုပ်ဆောင်ခြင်းမရှိသည့် ကုမ္ပဏီများကို ယခုကဲ့သို့ ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရပြီး၊ နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ ကျော်ရှိကာ လူပေါင်း ၅ သန်းခန့်သည် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။