22/10/2026
🐀လယ်သမားတစ်ယောက်ဟာ သေဆုံးနေတဲ့ ဝက်သေကောင်ကိုကြည့်ပြီး အကြံဆိုးတစ်ခု ရလိုက်ပါတယ်။
ဒီမြေမြှုပ်ပစ်ရမယ့် ဝက်သေကောင်ကို ထိုးကြွေးကာ သူ့စပါးကျီကို မွှေနှောက်ပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတဲ့ ကြွက်တွေကို အပြတ်ရှင်းနိုင်မယ့်နည်းကို တွေးလိုက်တာပါ။
လယ်သမားဟာ ဝက်သေကောင်ပုပ်ကို လယ်စပ်က စွန့်ပစ်ထားတဲ့ ရေတွင်းဟောင်းကြီးတစ်ခုထဲ ပစ်ချလိုက်ပါတယ်။
အသားစိမ်းနံ့ကြောင့် ကြွက်အကောင် ပေါင်းများစွာဟာ ရေတွင်းပျက်နှုတ်ခမ်းမှာ တပြုံတခေါင်းကြီး စုပြုံနေတာပေါ့။
အဲ့ဒီမှာ ကြွက်တွေအအချင်းချင်းတိုက်မိပြီး ကြွက်အချို့ဟာ ရေတွင်းပျက်ထဲကျသွားပါတယ်။
အောက်ကျသွားတဲ့ကြွက်တွေဟာ ဝက်အသေကောင်ပေါ်ရောက်သွားပြီး အသားစိမ်းကို တကျွိကျွိနဲ့ အလုအယက်စားနေတာကို တွေ့တဲ့အခါမှာ အပေါ်ကကြွက်တွေလည်း မရိုးမရွဖြစ်လာပြီး အစာငမ်းတဲ့စိတ်နဲ့ ရေတွင်းထဲခုန်ချသွားပါတော့တယ်။
အစပိုင်းမှာတော့ အင်မတန်များပြားတဲ့ ရိက္ခာအထောက်အပံ့ကြီးရှိနေတဲ့အခါမှာ ကြွက်တွေအတွက် အရာအားလုံးဟာ အဆင်ပြေနေသလို ထင်ရပါတယ်။
ရက်အတော်ကြာအောင် ဝဝလင်လင် စားနိုင်လောက်တဲ့ အစာရေစာတွေ အလျှံပယ်ရှိနေပြီး သူတို့ဟာ ဗိုက်တင်းကားနေအောင် စားသောက်ပျော်ပါး နေခဲ့ကြပါတယ်။
ဒါပေမဲ့ အစာတွေ ကုန်သွားတဲ့အခါမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုရောက်လာပါတယ်။
ရေတွင်းနံရံဟာ မတ်စောက်လွန်းတာကြောင့် ပြန်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပဲ တက်နေရင်း လမ်းတစ်ဝက်မှာ ပြန်ပြန်ပြုတ်ကျတာပါပဲ။
နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ဆာလောင်မွတ်သိပ်မှုကနေ ရန်လိုကြမ်းတမ်းမှုတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ရိက္ခာအလွယ်တကူရနေစဉ်တုန်းက ကိုယ့်အစာပဲစားကာ အတူတကွ ငြိမ်းချမ်းစွာ စားသောက်ခဲ့ကြတဲ့ ကြွက်တွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့အတူ ရန်လိုမှုတွေ၊ သွေးဆာခြင်းတွေ ပြင်းထန်နေပါတယ်။
အဲ့ဒီမှာ ရေတွင်းပေါ်ပြန်တက်ဖို့ကြိုးစားရင်း ပြုတ်ကျပြီး သေတဲ့ကြွက်တွေကို ဆာလောင်နေတဲ့ ကြွက်တွေက စားမိပြီး အချင်းချင်းပြန်စားရတဲ့အရသာကို သိသွားပါတယ်။
အဲ့ဒီကနေ အသက်ရှင်ကျန်ရစ်ဖို့အတွက် အစာကိုလုစားဖို့ရော၊ ရန်လိုဒေါသဖြစ်နေတဲ့အတွက်ရော အချင်းချင်း ပြန်လည်တိုက်ခိုက်ကြပါတော့တယ်။
သူတို့ရဲ့ပန်းတိုင်ဟာ #တွင်းနက်ကြီးထဲကလွတ်မြောက်ဖို့ထက် ဆာလောင်မွတ်သိပ်မှုပြေပျောက်ဖို့အတွက် အချင်းချင်းကို လက်ဦးသူနဲ့ အင်အားသာသူက အရင်တိုက်ခိုက်စားသောက်ရေး ဖြစ်သွားပါတယ်။
ရေတွင်းအခြေမှာ သူတို့ဟာ တစ်ကောင်ကိုတစ်ကောင် သတ်ဖြတ်ပြီး ပြန်စားလာကြတဲ့အထိ ဖြစ်သွားခဲ့ကာ နောက်ဆုံးမှာတော့ ကြွက်တစ်ကောင်တည်းသာ ကျန်ရစ်ပါတော့တယ်။
သူ့မျက်လုံးတွေဟာ သွေးကြောင့် နီရဲနေပြီး ကိုယ့်အမျိုးအနွယ်ကို ပြန်စားရင်း အသက်ဆက်ရှင်သန်လာခဲ့တာပါ။ သူ့ပါးစပ်တွေဟာ မျိုးတူချင်းရဲ့ သွေးတွေစွန်းပေနေပါတယ်။
အဲ့ဒီအချိန်ကိုစောင့်နေတဲ့ လယ်သမားဟာ ရေတွင်းဆီ ရောက်လာပြီး ကြိုးတစ်ချောင်းချပေးကာ အဲဒီနောက်ဆုံးကျန်တဲ့ ကြွက်တစ်ကောင်ကို ကယ်တင်ပေးလိုက်ပါတော့တယ်။
ကြွက်ဟာ လာကယ်တဲ့ ဟယ်လီကော်ပတာပေါ်က ချပေးတို့ကြိုးကို ဆွဲတက်လာတဲ့လူလိုပဲ ကြိုးတစ်လျှောက်တက်လာရင်း ရေတွင်းနှုတ်ခမ်းပေါ် ရောက်လာပါတယ်။
လယ်သမားအတွက်ကတော့ သူ့အကြံအောင်မြင်သွားပါပြီ။ အချင်းချင်းပြန်စားဖို့ သွေးဆာနေတဲ့ ကြွက်ဟာ တွေ့သမျှကြွက်တွေကို ရန်လိုစွာနဲ့ သတ်ဖြတ်စားသောက်ဖို့ ကြိုးစားတော့မှာပါ။
အသွင်တူခဲ့တဲ့ဘဝကနေ ရန်သူဖြစ်သွားသူဟာ ပိုကြောက်ဖို့ကောင်းပါတယ်။ သူဟာ ဘဝတူ အချင်းချင်းအပေါ် မုန်းတီးမှုအပြည့်နဲ့ ရန်လိုနေသူဖြစ်သွားပါပြီ။
ရေတွင်းနှုတ်ခမ်းပေါ်ရောက်လာတဲ့ကြွက်ဟာ Facebook ပေါ်တက်ပြီး သူပြန်လာနေပြီ ကြွက်တွေကိုရှာတိုက်တော့မယ်လို့ ကြော်ငြာလိုက်တော့သတဲ့ ...
ဒါဟာ Divide and Conquer ဆိုတဲ့ သွေးခွဲအုပ်ချုပ်ခြင်း ထောင်ချောက်နမူနာ သင်ခန်းစာတစ်ခုပါပဲ။
ထောင်ချောက်ကို ထိန်းချုပ်ထားတဲ့သူတွေဟာ ကိုယ်တိုင်တိုက်ပွဲဝင်စရာ မလိုပါဘူး။
အချင်းချင်း ရန်လိုပြီး ပြန်လည်သတ်ဖြတ်တိုက်ခိုက်လာအောင် အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်ရုံပါပဲ။
အကြီးမားဆုံး အန္တရာယ်ဆိုတာ မျက်မှောက်ကာလမှာ သင်နဲ့အချင်းဖြစ်ပွားနေတဲ့ ရန်သူချည်းပဲ မဟုတ်ပါဘူး။
ပဋိပက္ခကို ဖန်တီးပြီး အချင်းချင်း အလဲထိုးသတ်ဖြတ်အောင် ထောင်ချောက်ဆင်ပေးလိုက်တဲ့ သူလည်း ဖြစ်နေတတ်ပါတယ်။
သွေးကွဲနေခြင်းကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။
တကယ်တော့ အဓိကမေးခွန်းဟာ သင် ဘယ်ဘက်က ရပ်တည်နေသလဲဆိုတာ မဟုတ်ဘဲ၊ "ဒီရေတွင်းကြီးကို ဘယ်သူ တူးခဲ့တာလဲ"၊ ပြီးတော့ "သင်တို့ကို ဘာကြောင့် ဒီတွင်းနက်ထောင်ချောက်ထဲမှာ အချင်းချင်း သတ်ဖြတ်စေချင်နေရတာလဲ" ဆိုတာသာ ဖြစ်ပါလိမ့်မယ်။
Douglas Martin ရဲ့ Divide and Conquer ကို ပြန်ရေးပါတယ်။