Think Tank Myanmar

Think Tank Myanmar Networking of Myanmar Intellectual Peoples

မြန်မာစစ်အုပ်စုဟာ ၁၉၈၈ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာက လက်နက်ဝယ်ယူဖို့ အခက်အခဲ တွေ့နေပါတယ်။စစ်အုပ်စုခေါင်းဆောင်တွေ သဘောက...
15/06/2026

မြန်မာစစ်အုပ်စုဟာ ၁၉၈၈ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာက လက်နက်ဝယ်ယူဖို့ အခက်အခဲ တွေ့နေပါတယ်။

စစ်အုပ်စုခေါင်းဆောင်တွေ သဘောကျတဲ့ အမေရိကန်ဆီက လက်နက်နဲ့ လေ့ကျင့်ပေးတာတွေ မရတော့တဲ့အပြင်၊ မြန်မာစစ်တပ်ကို အဓိကလက်နက်တပ်ဆင်ပေးနေတဲ့ ဂျာမနီနိုင်ငံဆီကလည်း လက်နက်တွေ မရတော့ပါဘူး။ အားလုံးက ထင်ကြေးပေးနေကြတဲ့ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို ထောက်ပံ့နေတယ်ဆိုတာကတော့ ရာနှုန်းပြည့် မမှန်ပါဘူး။ တရုတ်နဲ့ ရုရှားက အဓိကရောင်းချနေပါတယ်။ ဒါပေမဲ့ တခြား လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေလည်း အများအပြားရှိပါတယ်။

ဂျာမနီကလည်း ၈၈ တုန်းက အဆက်ဖြတ်ပြီးနောက်ပိုင်း တိတ်တဆိတ် ပြန်ဆက်သွယ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။

ရုရှားဆီက တိုက်လေယာဉ်တွေ (Su-30, MiG-29)၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်အပိုပစ္စည်းတွေ ဝယ်ယူနေပါတယ်။

တရုတ်နိုင်ငံကလည်း စစ်လေယာဉ်တွေ၊ တင့်ကားအဆင့်မြှင့်တင်‌ရေးပစ္စည်းတွေ၊ ဆက်သွယ်ရေး၊ ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာနဲ့ လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်းတွေ ရရှိနေပါတယ်။

ထိုင်းနိုင်ငံကတော့ တိုက်ရိုက်လက်နက်ရောင်းချမှုမရှိဘဲ စစ်တပ်ရဲ့ ဝယ်ယူ‌ရေး ကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကနေတဆင့် ပစ္စည်းတွေ ပေးပို့ခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေးရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့နေတဲ့ နိုင်ငံ ၇ နိုင်ငံ ရှိပါသတဲ့။ အဲဒါတွေကတော့ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အစ္စရေး၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ပါပဲတဲ့။

ဒါပေမဲ့ အဲဒီစာရင်းမှာ ကုလသမဂ္ဂက မသိဘဲ လိုနေတာတွေ ရှိပါသေးတယ်။ သတင်းတွေအရ ဆာဘီးယားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကလည်း လက်နက်တင်ပို့နေတယ်လို့ သိရပါတယ်။

ဩစတြေးလျနိုင်ငံ ကင်ဘာရာရှိ မဟာဗျူဟာနဲ့ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဗဟိုဌာနက ဒေါက်တာအင်ဒရူးဆတ်က စုဆောင်းထားတဲ့ သုတေသနမှာတော့ မြန်မာစစ်တပ်ကို လျှို့ဝှက်စွာ လက်နက်ရောင်းနေတဲ့ ၃ နိုင်ငံကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စင်ကာပူ၊ အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

အစ္စရေးက ဟိုးအရင် ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်ကတည်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး ဘယ်အစိုးရတက်တက် ဆက်လက်ပံ့ပိုးနေတာပါ။ ဒါပေမဲ့ အစ္စရေးက လက်နက်ကို နောက်ပိုင်း တိုက်ရိုက်မရောင်းဘဲ စင်ကာပူကနေ တဆင့်ခံ ရောင်းတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ အစ္စရေးနိုင်ငံခရီးစဉ်ကို ကြည့်ရင် သူတို့ပတ်သက်မှုကို သိသာပါတယ်။

စင်ကာပူကတော့ အာရှရဲ့ ငွေမည်းတွေ ခဝါချတဲ့နိုင်ငံ ဖြစ်ပြီး၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေရဲ့ ခိုးဝှက်ထားတဲ့ ပိုက်ဆံတွေ၊ ဘိန်းဘုရင်တွေရဲ့ မူးယစ်မှောင်ခိုကရတဲ့ ပိုက်ဆံတွေကို စင်ကာပူဘဏ်တွေမှာ ထားကြပါတယ်။ သူတို့ရဲ့ လုပ်ငန်းရုံးခန်းတွေလည်း စင်ကာပူမှာ ဖွင့်ထားကြတာ တွေ့ရပါမယ်။

စင်ကာပူအနေနဲ့ တိုက်ရိုက် လက်နက်တင်ပို့တာမျိုး မရှိပေမဲ့၊ လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ အပိုပစ္စည်းတွေနဲ့ ငွေပေးချေမှုကွန်ရက်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေကြောင်း ကုလသမဂ္ဂက ထောက်ပြထားပါတယ်။

အရှေ့တောင်အာရှမှာ ရိုင်ဖယ်သေနတ် ထုတ်လုပ်တာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မြန်မာ ၃ နိုင်ငံပဲ ရှိတယ်လို့ ဩစတြေးလျအမျိုးသားတက္ကသိုလ်က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူရေးမှာ အရေးပါတဲ့ ဂိတ်ပေါက်တခုလည်း ဖြစ်ပါတယ်။

စင်ကာပူဟာ တရုတ် ပြီးရင် မြန်မာမှာ ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်နက်ထုတ်လုပ်မှုသမိုင်းကို ကြည့်ရင် အရင်ဆုံး ထောက်ပံ့တာကတော့ ဂျာမနီနိုင်ငံပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးရပြီးကတည်းက ဆယ်စုနှစ် အတော်ကြာ ဂျာမနီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ BA စီးရီးရိုင်ဖယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ သုံးခဲ့ပါတယ်။ ဂျီသရီး၊ ဂျီဖိုး ရယ်လို့ နာမည်ကျော်ခဲ့ပါတယ်။ မြန်မာ့စစ်လက်နက်ပစ္စည်းစက်ရုံတွေ (ကပစ) နဲ့ ဂျာမန်ကုမ္ပဏီ Fritz-Werner တို့ ဖက်စပ်ပြီး လက်နက်ငယ်တွေ ထုတ်လုပ်ခဲ့တာပါ။

၁၉၈၈ နောက်ပိုင်း ဥရောပက စီးပွားရေးပိတ်ဆို့တာကြောင့် ဂျာမန်ကုမ္ပဏီ မြန်မာပြည်က ထွက်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ အစားထိုးဝင်လာတကတော့ တောင်ကိုရီးယားကုမ္ပဏီ ဒေဝူးပါ။ မြန်မာ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) နဲ့ ကိုရီးယားဒေဝူးတို့ ဖက်စပ်ပြီး BA စီးရီး ရိုင်ဖယ်တွေ နေရာမှာ MA စီးရီးရိုင်ဖယ်တွေကို အစားထိုးခဲ့ပါတယ်။ အဲဒီ MA စီးရီးတွေက အစ္စရေးလုပ် IMI Galil စီးရီးရိုင်ဖယ်တွေကို ပုံစံတူ ကူးချထားတာပါ။ ထုတ်လုပ်တာကတော့ ဆာဗီးယားနိုင်ငံကကုမ္ပဏီတခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခါစအချိန် မန္တလေး ဆန္ဒပြမှုကို ဖြိုခွင်းရာမှာ သုံးတဲ့ စနိုက်ပါက MAS I MK II အမျိုးအစား အစ္စရေးနည်းပညာ အသုံးပြုပြီး မြန်မာကိုယ်တိုင် ထုတ်လုပ်ထားတဲ့ စနိုက်ပါ ဖြစ်ပါတယ်။

လတ်တလော တော်လှန်ရေးတပ်တွေကို အများဆုံး ဒုက္ခပေးနေတဲ့ Gyrocopter နဲ့ Paramotor တွေကတော့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ဖြစ်လို့ ဘယ်နိုင်ငံကမဆို ဝယ်ယူနိုင်ပြီး အများအားဖြင့် တရုတ်နဲ့ ထိုင်းနိုင်ငံက ပစ္စည်းတွေ မှာယူပြီး တပ်ဆင်တာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ယ‌နေ့ခတ် စစ်ဆင်ရေးတွေမှာ မပါမဖြစ် တဲ့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့၊ တရုတ်နဲ့ ရုရှား၊ အရင်းအမြစ်တွေဆီက အဓိကရယူနေပြီး၊ အိန္ဒိယမှ နည်းပညာ၊ သင်တန်းနဲ့ ဆက်စပ်ပစ္စည်း အနည်းငယ် ရယူကာ၊ ဘဏ္ဍာရေးနဲ့ မှာယူပေးပို့ရေး ကွန်ရက်မှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကတဆင့် ဆောင်ရွက်နေကြောင်း ကုလစုံစမ်းမှုတွေမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံ ၇ နိုင်ငံ မှာရှိတဲ့ ဘဏ် ၁၆ ခုကနေ မြန်မာစစ်တပ်နဲ့ ငွေကြေး လွှဲပြောင်းမှုတွေ ဆောင်ရွက်ပေးနေပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံကတဆင့် ဆောင်ရွက်တာ နှစ်ဆ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ရေသောက်မြစ်တွေမှာ တရုတ်နဲ့ ရုရှားက အဓိကနေရာကရှိပြီး စင်ကာပူနဲ့ အစ္စရေးတို့ကလည်း သူ့နေရာနဲ့သူ အရေးပါနေတာ တွေ့ရမှာပါ။ ဒါ့အပြင် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလည်း မြန်မာဈေးကွက်ကို အပြိုင်ဝင်လုနေတာပါ။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာက ရုရှား ဒီဇိုင်း Kilo class တပတ်ရစ် ရေငုပ်သင်္ဘောတစင်းကို အိန္ဒိယကနေ ဝယ်ယူခဲ့ပြီး သိင်္ခသူ အမည်ဖြင့် အသုံးချနေပါတယ်။ နောက်ထပ် Ming class ရေငုပ်သင်္ဘောတစင်းကိုလည်း တရုတ်နိုင်ငံမှ အခမဲ့ ထပ်မံရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလမှာ မင်းအောင်လှိုင် ပါကစ္စတန်ကို သွား‌ရောက်လည်ပတ်ခဲ့ပြီး တိုက်လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူညီခဲ့ပါတယ်။

မြန်မာ့လေတပ်မှာ သုံးနေတဲ့ JF-17 အမျိုးအစား တိုက်လေယာဉ်တွေက တရုတ်နည်းပညာသုံးပြီး ပါကစ္စတန်က ထုတ်လုပ်တာပါ။ ၁၆ စင်း ဝယ်ယူခဲ့ပြီးး စမ်းသပ်ပျံသန်းစဉ် ပျက်ကျတာကြောင့် တိုက်လေယဉ်မှူးတယောက် သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်က မြန်မာရေတပ်က အရာရှိတွေကို ရေငုပ်သင်္ဘောနည်းပညာ သင်ပေးခဲ့ပြီး ရေတပ်အတွက် ဗျူဟာမြောက်တဲ့ ဆိပ်ကမ်းတခုကိုလည်း တည်ဆောက်ပေးနေပါတယ်။

ဒါ့အပြင် တာဝေးပစ်၊ တာတိုပစ် ဒုံးပျံနည်းပညာတွေကို မြောက်ကိုရီးယားထံက ရယူခဲ့တဲ့ ခိုင်မာတဲ့ အထောက်အထားတွေလည်း ရှိနေပြန်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ရယူရေးမှာ တရုတ်နဲ့ ရုရှားတို့ကိုပဲ မြင်ပြီး အခြားအရေးပါတဲ့ လမ်းကြောင်းများကို မျက်ခြည်မပြတ်စေဖို့ ဤဆောင်းပါးကို ရေးလိုက်ရပါတယ်။

အေးမင်း(တာမွေ)

ရည်ညွှန်း

-Small Arms productions and transfers in Southeast Asia by David Capie

fil:///C:/Users/ayemi/AppData/Local/Temp/146_Small_arms_production_and_transfers_in_Southeast_Asia.pdf

-Military Today

http://www.military-today.com/firearms/ma1.htm

-Burma’s secret military partners

fil:///C:/Users/ayemi/AppData/Local/Temp/136_Burma%E2%80%99s_secret_military_partners_(Canberra_papers_on_strategy_and_defence)_Andrew_Selth_86p_0731527755.pdf

Asia Pacific Defense Journal

https://www.asiapacificdefensejournal.com/2020/10/myanmar-commissions-kilo-class.html?utm_source=chatgpt.com

-7 countries still supplying arms to Myanmar military

https://www.aa.com.tr/en/asia-pacific/7-countries-still-supplying-arms-to-myanmar-military/1550371

-MAS sniper rifle

https://guns.fandom.com/wiki/MAS_sniper_rifle

TRT World News

China, Russia and Serbia 'supplying arms' to Myanmar junta - TRT World

Human Rights Council Report

https://www.ohchr.org/sites/default/files/documents/hrbodies/hrcouncil/sessions-regular/session56/a-hrc-56-crp-7.pdf?fbclid=IwY2xjawSSYO1leHRuA2FlbQIxMABicmlkETJ4ZGhOOGFzS051TkpyMDRUc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHqv63RiWsYfW4GkAXwIErhLPippKFG3cgs5PEqyIjSlV8rVT1JvPQiPcXEGT_aem_ou7XdboAxFCGr8SIXpfuUQ

စီအိုစီကို ရိုက်ချိုးခြင်း============စစ်တပ်တခုမှာ COC (Chain of Command) မြန်မာလိုပြန်ရင် ဆင့်ကဲအမိန့်နာခံမှုစနစ်လို့ ဆ...
22/03/2026

စီအိုစီကို ရိုက်ချိုးခြင်း
============

စစ်တပ်တခုမှာ COC (Chain of Command) မြန်မာလိုပြန်ရင် ဆင့်ကဲအမိန့်နာခံမှုစနစ်လို့ ဆိုရပါမယ်၊ အဲဒီ စီအိုစီဟာ စစ်တပ်တခုအတွက်တော့ အရေးကြီးပါတယ်။ စစ်တပ်ရဲ့ ဘယ် သို့မဟုတ် ညာကို ချီတက်မယ်၊ ရှေ့ သို့မဟုတ် နောက်ကို ချီတက်မယ်၊ ဘယ်နေရာမှာ စစ်နားမယ်၊ ဘယ်နေရာမှာ တိုက်မယ် အစရှိတဲ့အမိန့်တွေကို တသမတ်တည်း ဖြစ်ဖို့ စီအိုစီ ကသာ ဆောင်ရွက်နိုင်မှာပါ။

စီအိုစီကို တပ်မှူးက ဦးဆောင်ရပါတယ်။ အမိန့်နာခံမှုအတွက် ကောင်းကောင်းလေ့ကျင့်ထားတဲ့ စစ်တပ်ဟာ တပ်မှူးရဲ့ အမိန့်ပေးမှုအောက်မှာ ညီညီညွတ်ညွတ် စစ်ရေးရည်မှန်းချက်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ တပ်မှူးတွေကတော့ စစ်သူကြီးရဲ့ အမိန့်ကို နာခံပြီး စစ်သူကြီးကတော့ အရင်ကဆို ဘုရင်၊ အခုခေတ်ဆိုရင်တော့ နိုင်ငံရေး ဦးဆောင်အဖွဲ့ (အစိုးရလည်းဖြစ်နိုင်ပါတယ်) ရဲ့ အမိန့်ကို နာခံရမှာဖြစ်ပါတယ်။ ဒါဟာ တပ်တတပ် အတွက်ပဲ ဖြစ်ပါတယ်။

ပြောက်ကျားစစ်မဟာဗျူဟာ တရပ်လုံးအတွက်တော့ ဒီသဘောတရားနဲ့ အနည်းငယ် သွေဖည်နေပါလိမ့်မယ်။ ဒါကိုနားလည်မှ ပြောက်ကျားစစ်မှာ အနိုင်တိုက် နိုင်ပါလိမ့်မယ်။ မြန်မာပြည် ပြည်တွင်းစစ်မှာ စီအိုစီ အားအကောင်းဆုံးက မအလရဲ့ ဖက်ဆစ် စစ်တပ်ပဲ ဖြစ်ပါတယ်။ အဲဒီ စီအိုစီ အားကောင်းဖို့အတွက် ဒေါက်တိုင်တွေဖြစ်တဲ့ လစာ၊ အကျိုးခံစားခွင့်နဲ့ အကြောက်တရားကို သွတ်သွင်းပြီး ချုပ်နှောင်၊ ထိန်းမတ်ထားတာပါ။ ဒါကြောင့် မအလ ဖက်ဆစ်စစ်တပ်ကို စစ်နိုင်အောင်တိုက်ဖို့ ဆိုရာမှာ သူတို့ရဲ့ အားကောင်းတဲ့ စီအိုစီကို ရိုက်ချိုးဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မိမိတို့ တော်လှန်ရေးအင်အားစုတွေဘက်မှာ စတင်စုဖွဲ့စဉ်ကတည်းက လစာနဲ့ အကျိုးခံစားခွင့်ဆိုတာတွေနဲ့ ချုပ်နှောင်ထားတာ မရှိပါဘူး။ အဲဒါတွေအစား စစ်အုပ်စုကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ အသိတရား၊ ဘဝတွေ အသက်တွေရဲ့ ရေရှည်တည်တံ့ အေးချမ်းဖို့အတွက် လက်နက်နဲ့ တော်လှန်မှရမယ်ဆိုတဲ့ ဘဝပေး အသိတရားတွေက ဒီတော်လှန်ရေးကို တွယ်ချိတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောက်ကျားစစ် ဆင်နွှဲနေသူတွေ အတွင်းမှာ နေရာဒေသ (Localities ) အရသော်လည်းကောင်း၊ မိမိတို့ စွဲကိုင်ထားတဲ့အယူဝါဒ (Ideology) အရသော်လည်းကောင်း၊ လူမျိုး (Ethnicity) အရသော်လည်းကောင်း၊ အတွေ့အကြုံနဲ့ သက်တမ်းအရသော်လည်းကောင်း ကွဲပြားမှုတွေ အများအပြား ရှိနေပါတယ်။ ဒီလိုကွဲပြားမှုတွေကို ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းမှသည် ကျော်ကိုကိုအဆုံး ဖြေရှင်းဖို့ ညီညွတ်ရေးရဖို့ ကြိုးစားခဲ့၊ ကြိုးစားနေ ကြတာ နှစ်ပေါင်း ၈၀ ပြည့်ဖို့ ၂ နှစ်သာ လိုပါတော့တယ်။ နှစ်ပေါင်း ၈၀ လောက် လုပ်ဆောင်ခဲ့ကြပြီးတဲ့အခါမှာ ဒီကနေ့ ကျနော်တို့ ညီညွတ်နေကြပြီလား။ အဖြေကတော့ “NO“ ပါ။

ဒါကြောင့်မို့ ညီညွတ်ရေး တည်ဆောက်ခြင်းလုပ်ငန်းစဉ်ကြီးဟာ ရေအလျဉ်ကဲ့သို့ အမြဲတမ်းစီးဆင်းနေအောင် လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ် ဖြစ်သလို၊ တနေ့ တရက် တမနက်တည်းနဲ့ ပြီးသွားအောင်လုပ် ဖို့ မဖြစ်နိုင်ပါဘူး။ စစ်အုပ်စုကို နိုင်အောင်တိုက်ဖို့ ညီညွတ် ရမယ်ဆိုပေမဲ့၊ ညီညွတ်မှ တိုက်မယ်ဆိုရင်တော့ မူအရ မှားနေပြီလို့ပဲ ဆိုရပါမယ်။ ညီညွတ်တာကို ထိုင်စောင့်မနေဘဲ ညီညွတ်ရေးတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတဲ့ ရေအလျဉ်ပေါ်မှာ လိုက်ပါရင်း လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။ အဲဒီလုပ်ဆောင်စရာတွေထဲမှာ ဘုံရန်သူကို တိုက်ခိုက်ဖို့ ရန်သူကလွဲလို့ တခြား အင်အားစုတွေ ကြားမှာ မိတ်ဖက် ပဋိပက္ခအသွင်နဲ့ ဖြေရှင်းတဲ့မူဝါဒချမှတ်ပြီး လက်တွေ့ကျင့်သုံးဖို့၊ တဖွဲ့တည်းရဲ့ စီအိုစီ အောက်ကို အတင်းအကျပ်သွတ်သွင်းမဲ့အစား၊ ကွဲပြားတဲ့ အုပ်စုအသီးသီးနဲ့ လက်တွဲပြီး နိုင်ငံရေး ဘုံလိုအပ်ချက်အပေါ် ဟန်ချက်ညီတဲ့ စစ်ရေးဆောင်ရွက်ချက်၊ (Syncronised war actions) တွေကို ဒေသအသီးသီးမှာ ဖော်ဆောင်ဖို့ တော်လှန်ရေးအဖွဲ့အချင်းချင်း ညီညွတ်ရေး တည်ဆောက်ရင်း တပြိုင်နက် ပြည်သူလူထုကိုပါ စည်းရုံး ပြီး မိမိတို့ စစ်ရေးရည်မှန်းချက်တွေကို အတူတကွ အားပေးကူညီလာအောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ရန်သူနဲ့ သူ့ကို ထောက် ပံ့နေတဲ့ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး ပစ်မှတ်တွေကို ဟန်ချက်ညီညီ တိုက်ခိုက်ဖို့ လိုပါတယ်။ ဒါမှ အားကောင်းတဲ့ စစ်မိစ္ဆာတွေရဲ့ စီအိုစီကို ရိုက်ချိုးနိုင်မှာပါ၊

တော်လှန်ရေး တလျှောက်လုံးကို သုံးသပ်ရင် တော်လှန်ပြောက်ကျားတွေဘက်က အသာစီးရနေပါတယ်။ အခုလို အသာစီးရအောင် ဆောင်ရွက်ရာမှာ စီအိုစီတခုတည်းအောက်မှာ လုပ်ဆောင်ခဲ့လို့ ရခဲ့တာမဟုတ်ပါဘူး။ မိမိတို့ရှိတဲ့ ဒေသအသီးသီးမှာရှိနေတဲ့ ရန်သူကို တပြိုင်နက် ဟန်ချက်ညီညီ တိုက်ခဲ့ကြလို့ အနိုင်ရနေခဲ့ကြတာပါ။ အဆိုပါ အသာစီးကို ဆက်လက်ထိန်းသိမ်းဖို့ တရုတ်ပြည်တော်လှန်ရေး လက်တွေ့ကနေ မော်စီတုန်း ပြောခဲ့တဲ့ “အမာရှောင်၊ အမွတိုက်” ပြောက်ကျား စစ်နည်းဗျူဟာ (Guerrilla Warfare) ကို ထိထိရောက်ရောက်ကျင့်သုံးဖို့ တိုက်တွန်း လိုပါတယ်။ သူ့ရဲ့ကျော်ကြားတဲ့ ဒီနည်းဗျူဟာကို အနည်းငယ် ဖော်ပြလိုပါတယ်။

၁။ အမာရှောင် (Avoid the strong)

• ရန်သူတပ်၏ အင်အားကြီးသောနေရာ၊ အချိန်၊ တပ်ဖွဲ့ကို တိုက်မရ။

• မော်စီတုန်းက “ရန်သူအင်အားကြီးရာကိုရှောင်ပြီး အင်အားနည်းရာကို တိုက်” ဟုဆိုသည်။

• တပ်မတော်ကြီးများနှင့် မျက်နှာချင်းဆိုင်တိုက်ပွဲကို ရှောင်သည်။

၂။ အမွတိုက် (Strike the weak)

• ရန်သူ၏ အားနည်းသောနေရာများကို ရွေးပြီး တိုက်ခိုက်သည်။

• ဥပမာ

o ရန်သူ၏ supply လမ်းကြောင်း

o စခန်းငယ်များ

o သီးခြားကျန်နေသောတပ်ဖွဲ့များ

၃။ လှုပ်ရှားမှုမြန်ဆန်ခြင်း

• တိုက်ပြီး အမြန်ပြန်ဆုတ်။

• တည်နေရာတခုမှာ အချိန်ကြာကြာ မနေရ။

၄။ လူထုအပေါ် မူတည်ခြင်း

• မော်စီတုန်း၏ အမွတိုက်စစ်တွင် လူထုအထောက်အပံ့ အလွန်အရေးကြီးသည်။

သူက ထင်ရှားသော ဥပမာတခုဖြင့် ပြောခဲ့ပါသည် —

“Guerrilla fighters are like fish, and the people are the water.”

အထက်ပါ နည်းဗျူဟာကို လူထုထောက်ခံမှု မရှိလျှင် အသုံးမပြုနိုင်ပါ၊ လူထုဟာ ရေဖြစ်ပြီး ပြောက်ကျားတွေဟာ ငါးဖြစ်တဲ့အတွက် ရေမရှိရင် ငါးလည်းမရှိနိုင် ဆိုတဲ့ တန်ပြန်ဗျူဟာအရ စစ်အုပ်စုက လူထုနေထိုင်တဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကျနော်တို့ စီအိုစီ တခုတည်းအောက်မှာရှိဖို့ လုပ်ဆောင်တာဟာ ပြောက်ကျားစစ် မဟာဗျူဟာနဲ့ သဟဇာတမဖြစ်ပါဘူး။ ပြောက်ကျားတွေဟေ ဒေသအသီးသီးမှာ လူမျိုးအလိုက်၊ အယူဝါဒအလိုက်၊ ဒေသအလိုက် အမျိုးမျိုးတည်ရှိနေကြတာပါ။ ဒါတွေအားလုံးကို ညီညွတ်ဖို့ အနှစ် ၈၀ နီးပါး မြန်မာ့လူ့အဖွဲ့အစည်းက ဆောင်ရွက်ခဲ့ပြီးပါပြီ။ လက်ရှိမှာ စီအိုစီတခုတည်း အောက်ကို ရောက်လာဖို့ဆိုတာ စိတ်ကူးယဉ် သက်သက်သာဖြစ်ပြီး တော်လှန်ရေးတစုံလုံးရဲ့ အောင်မြင်နေတဲ့ ဟန်ချက်ညီနေတဲ့ အရှိန်အဟုန်ကို နှောင့်နှေးသွားစေမှာဖြစ်ပါတယ်။ ဒါကို အတင်းအကျပ် ဆောင်ရွက်ရင် ပြောက်ကျားအဖွဲ့တွေအကြား၊ သဘောထားကွဲလွဲမှုသာ အဖတ်တင်ပါလိမ့်မယ်။

ကျနော်တို့ နှစ် ၈၀ လုံး ကြိုးစားပြီပြီ၊ ဘာလို့ မဖြစ်လာတာလဲ ဆိုတာကို သုံးသပ်ရရင်၊ အကျိုးစီးပွားတွေ မတူကြလို့ ဖြစ်ပါတယ်။ ကချင်က ကချင်အကျိုးစီးပွား၊ ကရင်က ကရင်အကျိုးစီးပွား၊ ရခိုင်က ရခိုင် အကျိုးစီးပွားကိုသာ ရှေ့တန်းတင်မှာ မလွဲသလို သမိုင်းမှာ ဗမာကလည်း ဗမာ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး စစ်အုပ်စုက ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မိမိအကျိုးစီးပွားကို စတေးပြီး အလံတခုတည်းရဲ့အောက်မှာ ပါဝင်လာမှာ မဟုတ်ပါ။ အဲဒီအကျိုးစီးပွားဆိုတာမှာ မျက်မြင် ရုပ်ဝတ္ထုပစ္စည်းတွေအပြင်၊ ယဉ်ကျေးမှု၊ ဘာသာကိုးကွယ်မှု၊ ဒေသဆိုင်ရာ သီးခြားလက္ခဏာတွေ (Local Identities) လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒါတွေကို ညှိယူနိုင်ဖို့က ဖယ်ဒရယ်လွှတ်တော်ကြီးပေါ်ပေါက်မှသာ လွှတ်တော်ထဲမှာ ဆွေးနွေးညှိနိူင်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြောက်ကျားစစ်ကာလ အခင်းအကျင်းမှာ မဖြစ်နိုင်ပါဘူး။

စစ်အုပ်စုရဲ့ အားကောင်းတဲ့ စီအိုစီကို ရိုက်ချိုးဖို့အတွက် နောက်ထပ်အားကောင်းတဲ့ စီအိုစီ တခု တည်ဆောက်နေမယ်ဆို မဖြစ်နိုင်သေးသလို အချိန်လည်း မရှိပါဘူး။ ပင်မစီအိုစီကို တိုက်ရိုက် ရိုက်ချိုးတာမျိုးမဟုတ်ဘဲ အဘက်ဘက်က တစစီ ချိုးဖဲ့တာမျိုး အားဖြင့် စစ်အုပ်စုရဲ့ အားကောင်းတဲ့ စီအိုစီ ပြိုလဲအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရာမှာ ဟန်ချက်ညီဖို့က အရေးကြီးပါတယ်။ ဟန်ချက်ညီဖို့ ဆောင်ရွက်ရာမှာ အချင်းချင်းဆက်သွယ်မှု (Engagement) အားကောင်းစေဖို့လည်း အဓိကလုပ်ဆောင်ဖို့လို ပါတယ်။ လက်ရှိ EAO တွေ နဲ့ Local PDF တွေမှာ တပ် တတပ် ချင်းစီအလိုက် စီအိုစီ အားကောင်းပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ချိတ်ဆက်မှု ပိုအားကောင်းလာဖို့ ဆောင်ရွက်ရမှာပါ။

အားလုံးကိုခြုံငုံပြီး နိဂုံးချုပ်ရရင် အားကောင်းတဲ့ စီအိုစီ တခုကို ရိုက်ချိုးဖို့ အားကောင်းတဲ့ စီအိုစီ တခုကို အတင်းအကျပ်တည်ဆောက်ရင်းနဲ့ အချိန်ကုန်မနေဘဲ ဟန်ချက်ညီချိတ်ဆက်မှုကိုသာ အားကောင်းအောင် လုပ်ဆောင်ခြင်း၊ အမာရှောင် အမွတိုက် နည်းဗျူဟာကို ကျင့်သုံးပြီး အောင်ပွဲတွေ ရယူရင်းနဲ့ ရန်သူနဲ့ အင်အားချင်း ဆတူဖြစ်လာပြီဆိုရင်၊ ဖက်ဒရယ်လွှတ်တော်က ဖွဲ့ စည်းတဲ့ ဖက်ဒရယ် အစိုးရတရပ်အောက်မှာ အမြဲတမ်းစစ်တပ် (Regular Army)၊ ပုံမှန် အခြေချစစ်တပ် (Standard Army) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်ရေးကို အဆုံးသတ်ဖို့ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

အေးမင်း(တာမွေ)
https://burmese.dvb.no/post/760974

Address

Bedford Road
Ringwood, VIC
3134

Telephone

+61438840241

Website

Alerts

Be the first to know and let us send you an email when Think Tank Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Think Tank Myanmar:

Shortcuts

Share