25/06/2026
အရသာရှိလှတဲ့ အသား၊ငါး၊ပင်လယ်စာ၊အသားခြောက်၊ ငါးခြောက် ကြော်လေးတွေက ထမင်းမြိန်စေတာ အမှန်ပဲ။ ဒါပေမဲ့ နောက်ပိုင်း ဈေးကွက်ထဲက အသား/ အသားခြောက်အချို့မှာ တာရှည်ခံဖို့နဲ့ ပိုးမကျအောင် "ဖော်မလင်" တွေ၊ အရောင်လှပြီး စွဲမက်စရာဖြစ်အောင် "ယမ်းစိမ်း" တွေ ခိုးသုံးကြတာများပါတယ်..
ဒါတွေဟာ ရေရှည်မှာ ငါတို့ရဲ့ ကျန်းမာရေးကို ဖြည်းဖြည်းချင်း အဆိပ်ခတ်နေတာနဲ့ တူတူပါပဲ။
ဒီဓါတုပစ္စည်းတွေက ဘာလို့အန္တရာယ်ရှိတာလဲ။
• ဖော်မလင် (Formalin): လူသေကောင်တွေကို မပုပ်မသိုးအောင် သုံးတဲ့ ဓါတုပစ္စည်းပါ။ ဒါကို စားသုံးမိရင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းတာ၊ ပျို့အန်တာတွေအပြင် ရေရှည်မှာ "ကင်ဆာရောဂါ" ဖြစ်ပွားစေနိုင်ပါတယ်။
• ယမ်းစိမ်း
အသားကို အရောင်နီရဲပြီး လှနေအောင် သုံးကြတာပါ။ ခန္ဓာကိုယ်ထဲ ရောက်သွားရင် သွေးထဲက အောက်ဆီဂျင်သယ်ဆောင်မှုကို အနှောင့်အယှက်ပေးပြီး ကျောက်ကပ်နဲ့ အသည်းကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုမို အန္တရာယ်ကြီးမားပါတယ်။
ဖော်မလင်ကို အဓိကအားဖြင့် ပုစွန်၊ ပင်လယ်စာ၊ ငါး၊ ကြက်သား၊ ပဲပြား၊ မုန့်ဖတ်နဲ့ မျှစ်တွေမှာ သုံးလေ့ရှိပါတယ်။
• အနံ့ကို အကဲခတ်ပါ: ဖော်မလင်စိမ်ထားတဲ့ သားငါးတန်းနား သွားရင်ဖြစ်ဖြစ်၊ အသားကို အနီးကပ် နမ်းကြည့်ရင်ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ စူးရှရှ ဓာတုဗေဒအနံ့ (မျက်စိစပ်စပ်၊ နှာခေါင်းစပ်စပ် အနံ့မျိုး) ရတတ်ပါတယ်။
• ယင်ကောင် အကဲခတ်ပါ: အသားတွေ၊ ငါးတွေက လတ်ဆတ်နေပုံရပေမယ့် ယင်ကောင် တစ်ကောင်မှ မနားဘူးဆိုရင် ဖော်မလင် သုံးထားဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။
• အသား တောင့်တင်းလွန်းခြင်း: ငါးဆိုရင် ဗိုက်သားတွေက ပျော့မသွားဘဲ ခဲနေသလိုမျိုး တောင့်တောင့်မာမာကြီး ဖြစ်နေတတ်ပါတယ်။ ပဲပြားဆိုရင်လည်း ကိုင်ကြည့်ရင် အိမနေဘဲ ကြမ်းတမ်းတမ်းနဲ့ မာကျောကျော ဖြစ်နေတတ်ပါတယ်။
• အရောင် မပြောင်းခြင်း: အသားတွေကို အပြင်မှာ ဒီအတိုင်း ထားထားတာတောင် အချိန်အကြာကြီး အရောင်မပျက်ဘဲ ဖြူဖွေးလတ်ဆတ်နေရင် သံသယဝင်ရပါမယ်။
၂။
ယမ်းစိမ်းကိုတော့ အသားတွေ အရောင်နီရဲပြီး လှနေစေဖို့နဲ့ တာရှည်ခံဖို့အတွက် ဝက်အူချောင်း၊ ကြက်အူချောင်း၊ အမဲခြောက်၊ ဝက်သားခြောက်၊ ပက်စတာမီ (Ham) နဲ့ အသားလုံးတွေမှာ အသုံးများပါတယ်။
• ပုံမှန်မဟုတ်ဘဲ နီရဲလွန်းခြင်း: အသားခြောက် ဒါမှမဟုတ် ဝက်အူချောင်းတွေက သဘာဝအတိုင်း ညိုညစ်ညစ်အရောင် မရှိဘဲ၊ စူးရှတောက်ပတဲ့ ပန်းရောင် ဒါမှမဟုတ် အနီရဲရောင် ဖြစ်နေရင် ယမ်းစိမ်း အလွန်အကျွံ သုံးထားတာ ဖြစ်နိုင်ပါတယ်။
• ချက်ပြုတ်ပြီးနောက် အရောင်မပြောင်းခြင်း: ပုံမှန်အသားက ချက်ပြုတ်လိုက်ရင် (သို့) ကြော်လိုက်ရင် အညိုရောင် ပြောင်းသွားရမှာ ဖြစ်ပေမယ့်၊ ယမ်းစိမ်းပါတဲ့ အသားတွေကတော့ ချက်ပြီး၊ ကြော်ပြီးရင်တောင် တောက်တောက်ပြောင်ပြောင် ပန်းရောင်/အနီရောင်အတိုင်း ကျန်နေတတ်ပါတယ်။
• အသားအဆီပြန်ပြီး တင်းမာနေခြင်း: အသားခြောက်တွေမှာ သဘာဝအတိုင်း အမျှင်လိုက်မပြတ်ဘဲ ပလတ်စတစ်လိုမျိုး ကျစ်ကျစ်လစ်လစ်ကြီး ဖြစ်နေတတ်ပါတယ်။
စားသုံးသူများအတွက် အန္တရာယ်ကင်းဝေးစေမည့် ဆောင်ရန်/ရှောင်ရန်များကတော့..
• ရေစီးမှာ စင်ကြယ်အောင်ဆေးပါ: ဖော်မလင်က ရေမှာ ပျော်ဝင်လွယ်ပါတယ်။ ဒါကြောင့် သားငါး၊ ပဲပြားတွေကို မချက်ပြုတ်ခင် ရေစီးမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ထပ်ဖန်လဲလဲ ဆေးကြောပေးပါ။ (ဆားရေ သို့မဟုတ် မုန့်ဖုတ်ဆိုဒါရည် အနည်းငယ်ထည့်ပြီး စိမ်ဆေးရင် ပို၍ပင် စင်ကြယ်စေပါတယ်)။
• အသားခြောက်ကို ရေနွေးဖျောပါ: ဝက်အူချောင်း၊ အသားခြောက်၊ပုဇွန်ခြောက်၊ငါးခြောက် တွေကို မကြော်ခင် ရေနွေးပွက်ပွက်ဆူမှာ မိနစ်အနည်းငယ် ခေတ္တပြုတ်ပြီးမှ ချက်ပြုတ်ပါ။ ယမ်းစိမ်းဓာတ် အတော်များများ ရေနွေးထဲ ပါသွားပါလိမ့်မယ်...
"ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ အရာမို့ စားသမျှ အစားအသောက်တိုင်းကို သတိပြုပြီး ရွေးချယ်ကြပါစို့။
Ah Nar Lay
#ကျန်းမာရေး
Copy/Credit