04/11/2024
"ကျောင်း . . လို့ခေါ်ပါ"
သင်ကြားရေးပြုလုပ်ရာနေရာ၊
မီးရထားတွဲဟောင်းတခုအပေါ်မှာ။
မခမ်းနားဘူးလို့ ထင်ရပေမယ့်
ကြီးကျယ်ခမ်းနာသော အိပ်မက်
များစွာကို မွေးဘွားပေးရာနေရာ။
သား စာမဖတ်နိုင်ဘူး ဆရာမ။
သား တောင်းပန်ပါတယ်။
ဘာဖြစ်လို့တောင်းပန်ရတာလဲ !
တောင်းပန်စရာမလိုပါဘူး။
စာဖတ်နိုင်ဖို့ ပိုကြိုးစားဖို့ပဲ
လိုတယ်လေ။ ဟုတ်ပြီလား။
သားစာမဖတ်ချင်ဘူး။
စာဖတ်ရတာ ပျင်းစရာကြီး။
ဟေ . . ဒါဆို ဒီမှာမင်းရှိနေစရာ
မလိုဘူးပေါ့။ အဲ့သလိုလား။
ဒါဆို သား အိမ်ပြန်တော့မယ်နော်။
ဟုတ်ပါပြီ။ ဒါပေမယ့် ဒီကာတွန်း
စာအုပ်လေးငှားပေးလိုက်မယ်။
သား ကြိုက်တဲ့ကာတွန်းဇာတ်ကောင်
ပါတဲ့ စာအုပ်ပဲ ဆရာမ။
ယူသွားမယ်နော်။
ဒီအတိုင်းယူသွားလို့တော့မရဘူး။
တို့နှစ်ယောက်အကြားမှာ ကတိ
တခုပြုရမယ်။ မင်း တပတ်နှစ်ကြိမ်
ဆရာမနဲ့ အတူတူ ဒီစာအုပ်ကို
ဖတ်ပြရမယ်။ သဘောတူလား ?
သဘောတူပါတယ် ဆရာမ။
ဒါက ကနဦးဇာတ်ကွက်။
နောက်ထပ်ဇာတ်ကွက် လာပါပြီ။
ကဲ မင်းတို့ကို အိမ်စာပေးမယ်။
အား . . မလုပ်ချင်ဘူး ဆရာမ။
(ကလေးများအသံ)
အိုး လွယ်ပါတယ်။ မင်းတို့မြင်နေရတဲ့
တောပန်း၊ တောပင်တွေ၊ အင်းဆက်
အကောင်လေးတွေ ယူလာခဲ့ရမယ်။
အတန်းကြီးတွေက သစ်သီး၊ ဟင်းရွက်
အဆင်ပြေတာ တောင်းယူလာပါ။
နားလည်ပြီလား အိမ်စာအကြောင်း။
နားလည်ပါပြီ ဆရာမ (ဟေး ဟေး)။
နောက်တရက်။
သက်ရှိအကောင်လေးတွေ ယူလာတဲ့
သူတိုင်း စာသင်ပြီးရင် သူတို့ကို
ယူလာတဲ့နေရာဆီ ပြန်ပို့ပေးရမယ်။
ဟုတ်ပြီလား ?။
ဟုတ်ကဲ့ပါ ဆရာမ (သံပြိုင်အော်သံ)
ကဲ ပထမဆုံး ယူလာတဲ့ 'လိပ်ပြာ'
လေးအကြောင်း အရင်ပြောပြမယ်။
လိပ်ပြာတွေက မြောက်ဘက် ကနေဒါ
တိုင်းပြည်ကနေ တို့နေထိုင်တဲ့ မက္ကဆီကို
အထိ ပျံသန်းရောက်ရှိလာကြတာ။
နောက်တယောက် ဘာယူလာလဲ !
အိုဟိုး . . 'ပုတ်သင်ညို' ပဲ။
ပုတ်သင်ညိုတွေက အလွန်ထူးခြား
ကြတဲ့သက်ရှိတွေ။ နေရာ အလိုက်
ထိန်းညှိပြီး နေထိုင်တတ်ကြတယ်။
ရွှေ့ပြောင်းလုပ်သား မိဘနှစ်ပါးရဲ့
သားငယ် 'အီကာ' ဆိုသူက အဓိက
ဇာတ်ရုပ် ကျောင်းသားငယ်လေး။
ကျောင်းသင်ခန်းစာတွေကို ဘယ်လို
ပုံစံပို့ချတယ်။ အလွန်ထူးချွန်စွာ
အောင်မြင်ကြတယ် ဆိုပါသော
ပြကွက်များ မပါပါဘူး။ ဆရာ
တဦးရဲ့ လမ်းညွှန်ဖေးကူမှုကြောင့်
ကျောင်းငယ်ငယ်က ကလေးများ
တသိုက် ဘယ်လိုမျိုး လူသားဆန်
လာကြသလဲဆိုတာပဲ တင်ဆက်
ပြသပေးထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်
စာသင်နေရတဲ့ နေရာကနေ ထပ်မံ
ရွှေ့ပြောင်းရဖို့ အကြောင်းဖန်လာသော
ကျောင်းသားလေး 'အီကာ' ကို ဆရာမ
ဖြစ်သူ ပြောလိုက်တဲ့အားပေးစကား
ကတော့ " သား မင်းကိုမင်း ဘယ်တော့
မှ အထင်အမြင် မသေးရဘူး နော်။
မင်းဟာ ထက်မြက်တဲ့ လူသား
တယောက်ပါ သားရေ "။
အီကာ ဆိုသော အညတရ ကျောင်း
သားလေး ပြန်ပြောလိုက်တဲ့ စကား
က "ဆရာမ သား ကျေးဇူးတင်ပါတယ်"။
အီကာ ရဲ့ ဘဝပန်းတိုင်က သင်ကြား
ပေးသောသူ 'ဆရာ' ဖြစ်လာဖို့ပါတဲ့။
ဇာတ်လမ်းထဲမှာ ဘယ်လိုဆက်လက်
ဖြစ်ပျက်သွားပါသလဲ ?
ကိုယ်တိုင်ပဲ ရှုစားကြည့်လိုက်ပါ။
ဇာတ်ကားနာမည်က
"Where the tracks end"
၂၀၂၃ ခုနှစ်မှာ ထွက်လာတဲ့ ရုပ်ရှင်။
မက္ကဆီကို ဒေသရဲ့ဖြစ်ရပ်မှန်အပေါ်
အခြေပြုရိုက်ကူးထားတာပါ။
သင်ကြာပေးလိုစိတ် ထက်သန်သူ
သင်ယူလိုစိတ် ထက်သန်သူ
ထိုသို့သော လူသားများရှိရင်
ထိုနေရာကို "ကျောင်း" လို့ခေါ်ပါ။
ကိုပီတိ
၇ ရက် ဧပြီလ ၂၀၂၃
မှတ်စု။
ရှာဖွေကြည့်လို့ရမယ့် နေရာ
Adrián Vázquez, Adriana Barraza, Blanca Guerra, Clementina Guadarrama, Daniel Piña, Diego Montessoro, Fátima Molina, Frida Sofía Cruz Salinas, Gabriela Cartol, Guillermo Villegas, Ikal Paredes, Jero Medina, Kaarlo Isaacs Barria, Leonardo Alonso, Nova Coronel, Tete Espinoza