03/10/2026
စစ်အုပ်စုထံ ပူးပေါင်းသွားတဲ့ မုံရွာခရိုင် အမှတ်(၁၅) တပ်ရင်းမှ တပ်ရင်းမှူးရဲ့မဟုတ်မမှန်သတင်းပေးမှုကြောင့်လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ။
By - ထက်မြတ်
Date - October 4, 2026
စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် အနောက်တောင်ခြမ်းရှိ စစ်ဘေးရှောင်များနေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ0ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့0နယ်မြေခံတော်လှန်ရေးသတင်းအရင်းအမြစ်ဆီက0သိရပါတယ်။
အောက်တိုဘာ ၂ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးဟာ ပေါင် ၅၀၀ ဗုံးသီး နဲ့ နှစ်ကြိမ် ၊ ပေါင် ၃၀၀ ဗုံးသီး နဲ့ ၃ ကြိမ် ချောင်းဦးနယ်အနောက်တောင်ခြမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့သလို Mi 35 ရဟတ်ယာဉ်နဲ့ စက်လက်နက်နဲ့ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
အဆိုပါ အကြမ်းဖက်စစ်အုပ်စု လေကြောင်းဗုံးကြဲသွားတဲ့နေရာဟာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာနေရာဖြစ်ပြီး အခုလိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့သလို စစ်ရှောင်တဲများစွာလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
“ဒဏ်ရာရတဲ့တစ်ယောက်ကတော့ ထိခိုက်ထားတာ ပြင်းထန်တယ်၊သူတို့လေကြောင်းကြဲသွားတဲ့နေရာက နှစ်ရှည်စစ်ရှောင်တဲတွေ ၊ စစ်ရှောင်တွေနေတဲ့နေရာ ၊ဘာထိတွေ့မှုမှမရှိဘူး။ ဗုံးသီးတွေ နဲ့လည်းကြဲသွားတယ် ။ရော့ကတ်တွေ နဲ့လည်းပစ်သွားတာ။ထိခိုက်ပျက်စီးမှုကတော့များတယ် ။နှစ်စဉ်စစ်ဘေးရှောင်စခန်းအဆောက်အဦးတွေ အားလုံးပျက်စီးသွားတယ်”လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အခုလိုလေကြောင်း တိုက်ခိုက်တာဟာ စက်တင်ဘာ ၁ ရက်နေ့က စစ်အုပ်စုထံ ဝင်ရောက်သွားတဲ့ မုံရွာခရိုင် PDF အမှတ်(၁၅)တပ်ရင်း − ချောင်းဦးတော်လှန်ရေးတပ် (CRA) ရဲ့တပ်ရင်းမှူး ပျံလွှား (ခ)ဝေဇင်အောင်ရဲ့မဟုတ်မမှန်သတင်းပေးမှုကြောင့် အခုလိုလေကြောင်း နဲ့ လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“ မုံရွာခရိုင်တပ်ရင်း (၁၅)က ရင်းမှူးတစ်ယောက်ပေါ့လေ။စကစဘက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဘက်ပြောင်းခိုလှုံသွားတာ အဲ့ကနေပြီးတော့မှလာပြီး ကြဲချသွားတာပေါ့လေ။သူက ၁ ရက်နေ့၊ညနေခင်း ၄ နာရီ ခွဲ ၅ နာရီလောက်မှာ ခိုလှုံသွားတာ။ မုံရွာစွမ်းရည်ထက်ဂိတ်ထဲကိုပူးပေါင်းသွားတာ။ လက်ရှိအနေအထားအရပေါ့လေ တော်လှန်ရေးဘက်တော်သားဘက်က ဘက်ပြောင်းခိုလှုံသွားတယ်ဆိုတာလည်း များသောအားဖြင့် စစ်ကောင်စီက တောက်လျှောက်ပေါ့ လေကြောင်းတိုက်ခိုက်တာမျိုး ခနခနကျနော်တို့လည်းကြုံတွေ့နေရတာကို နောက်ပြီးကျတော့ ကျနော်တို့မြေပုံတွေ၊အညွန်းတွေကို သူကကျွမ်းကျင်ပြီးသားတစ်ယောက်ဖြစ်တဲ့အတွက် စကစကို ထောက်ပြမှာပဲ။အဲလိုစစ်ကောင်စီဘက်က အကုန်အတိအကျရပြီးဆိုတာနဲ့ ကြဲမယ်ဆိုတာတော့ ကျနော်တို့အဲလိုပဲသုံးသပ်ရတာပေါ့လေ”လို့ အထက်ပါနယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ကဆက် ပြောပါတယ်။
လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့နေရာမှာ နေထိုင်တဲ့စစ်ရှောင်ပြည်သူ နဲ့ ဒေသခံတွေဟာနောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာမှာကို စိုးရိမ်တဲ့အတွက် အခြားကျေးရွာတွေဘက်ကို ရှောင်တိမ်းနေထိုင်ကြရတယ်လို့သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံပူးပေါင်းသွားတဲ့ မုံရွာခရိုင် PDF အမှတ်(၁၅)တပ်ရင်း − ချောင်းဦးတော်လှန်ရေးတပ် (CRA) ရဲ့တပ်ရင်းမှူး ပျံလွှား (ခ)ဝေဇင်အောင်ဟာ သေနတ်တစ်လက် ၊ ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ဝန်းကျင်ကိုယူဆောင်သွားပြီး စစ်အုပ်စုထံပူးပေါင်းသွားခဲ့တာပဲဖြစ်ပါတယ်။
#မုံရွာ
#စစ်ကိုင်း
#ချောင်းဦး