Shan Highland News

Shan Highland News အမှန်တရားအတွက် ပြည်သူ့အသံ
​

ထိုင်းနိုင်ငံ မယ့်‌ဟောင်ဆောင်တွင်  “KARENNI BY BLACK KING BK” ဟု မှုတ်ဆေးဖြင့် စာရေးသားမှုအပေါ် ကရင်နီလူထု စိုးရိမ်ပူပန်...
05/07/2026

ထိုင်းနိုင်ငံ မယ့်‌ဟောင်ဆောင်တွင် “KARENNI BY BLACK KING BK” ဟု မှုတ်ဆေးဖြင့် စာရေးသားမှုအပေါ် ကရင်နီလူထု စိုးရိမ်ပူပန်မှုမြင့်တက်ကာ ဝေဖန်ပြစ်တင်နေကြ

ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ်

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ထင်ရှားသော ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ်သည့် ဒွိုင်စံဖာ ရှုခင်းသာ (Doi San Fah Viewpoint) တွင် လူမဲ့ကမ်းမဲ့ မှုတ်ဆေးဖြင့် စာရေးသားခဲ့သည့် လုပ်ရပ်တစ်ခုကြောင့် ထိုင်းနိုင်ငံရောက် ကရင်နီရွှေ့ပြောင်းလုပ်သားများနှင့် မိဘပြည်သူများအကြား ပြင်းထန်စွာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ မနက်အစောပိုင်းတွင် အဆိုပါ ဒွိုင်စံဖာ ရှုခင်းသာလမ်းဘေး လုံခြုံရေးတံတိုင်း ကွန်ကရစ်နံရံပေါ်၌ “KARENNI BY BLACK KING BK” ဟု မှုတ်ဆေးအမည်းဖြင့် အက္ခရာအကြီးကြီး ရေးသားထားသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မယ်ဟောင်ဆောင်ခရိုင်သည် မြန်မာနိုင်ငံ ကရင်နီ (ကယား) ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး စစ်ဘေးရှောင်များနှင့် ရွှေ့ပြောင်းလုပ်သား အများအပြား ခိုလှုံလုပ်ကိုင်ရာ အရေးပါသော နယ်စပ်ဒေသတစ်ခု ဖြစ်သည်။ ဒွိုင်စံဖာ ရှုခင်းသာ (Doi San Fah Viewpoint) သည် သဘာဝတောင်တန်း အလှအပများနှင့် တိမ်ပင်လယ်များကို ရှုစားနိုင်သဖြင့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာခရီးသွားများအကြား အထူးရေပန်းစားသည့် ထိန်းသိမ်းစောင့်ရှောက်ထားသော သဘာဝနယ်မြေတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် စည်းမဲ့ကမ်းမဲ့ စာရေးသားမှုအပေါ် ထိုင်းနိုင်ငံရောက် ကရင်နီမိဘပြည်သူများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများက အလွန်အမင်း မကျေမနပ်ဖြစ်ကာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေကြသည်။
လူမှုကွန်ရက်ပေါ်တွင် ကရင်နီဒေသခံတစ်ဦးက ဒေါသတကြီးဖြင့် “ လက်ကမြင်းတာလား @ ပြဿနာရှာတာလား။ ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့ မနက်အစောပိုင်းမှာ မယ်ဟောင်ဆောင် ဒွိုင်စံဖာ ရှုခင်းသာ (Doi San Fah Viewpoint) မှာ မှုတ်ဆေးနဲ့ KARENNI BY BLACK KING BK ဆိုပြီး ရေးသွားပါတယ်။ ခုချိန် နယ်စပ်ဒေသမှာ စီမံချက်တွေနဲ့ တင်းကြပ်နေတဲ့ကာလ ခုလို စည်းမဲ့ကမ်းမဲ့ သောက်လက်ကမြင်းတာဟာ ကရင်နီကနေ ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေသူတွေကို ထိခိုက်စေပါတယ်၊ ကရင်နီ ဂုဏ်သိက္ခာကျစေပါတယ်” ဟု ရေးသားကာ အပြစ်တင်ထားသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ အာဏာပိုင်များအနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအပေါ် စီမံချက်များချမှတ်ကာ စစ်ဆေးမှုများ အထူးတင်းကြပ်ထားသည့် ကာလဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ယခုကဲ့သို့ စည်းကမ်းမဲ့သည့် ရမ်းကားမှုများကြောင့် ထိုင်းအာဏာပိုင်များ၏ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံရနိုင်ပြီး၊ အခြေချနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ ကရင်နီလူထုအပေါ် သက်ရောက်မှုများ ရှိလာမည်ကို အားလုံးက စိုးရိမ်နေကြခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းရောက် မြန်မာပြည်ဖွားများက မိမိတို့ အခြေချခိုလှုံရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း အချင်းချင်း သတိပေးလျက်ရှိကြပြီး “လက်ဘေးသေးပေါက် အုတ်နံရံမြင် စာရေး စည်းမရှိ ကမ်းမရှိ လုပ်ရပ်မျိုးတွေနဲ့ သူများနိုင်ငံမှာ ပြဿနာမရှာကြပါနဲ့” ဟု တိုက်တွန်းနှိုးဆော်ကာ မိမိတို့လူမျိုး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် လူမှုကွန်ရက်များတွင် ကျယ်ကျယ်ပြန့်ပြန့် သတိပေး ပြောဆိုနေကြကြောင်း သတင်းရရှိသည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ

နှစ် (၃၀) ပြည့် ဘင်းမ်စတက်ခရီးစဉ်နှင့် မြန်မာနိုင်ငံ၏ အလှည့်ကျအတွင်းရေးမှူးချုပ် တာဝန်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သမိ...
22/06/2026

နှစ် (၃၀) ပြည့် ဘင်းမ်စတက်ခရီးစဉ်နှင့် မြန်မာနိုင်ငံ၏ အလှည့်ကျအတွင်းရေးမှူးချုပ် တာဝန်
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်တစ်ခုအဖြစ် လာမည့်နှစ်တွင် ကျရောက်မည့် ဘင်းမ်စတက် (BIMSTEC) အဖွဲ့၏ နှစ် (၃၀) ပြည့်မြောက်သည့် ကာလ၌ မြန်မာနိုင်ငံအနေဖြင့် အတွင်းရေးမှူးချုပ် တာဝန်ကို လွှဲပြောင်းရယူ ထမ်းဆောင်သွားမည် ဖြစ်သည်။

ထိပ်သီးတွေ့ဆုံမှုနှင့် ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာ မနီ ပန်ဒေး (Mr. Indra Mani Pandey) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် လာမည့်နှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့၏ အတွင်းရေးမှူးချုပ် တာဝန်ကို လွှဲပြောင်းရယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက တရားဝင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ဘင်းမ်စတက်အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ တာဝန်ထမ်းဆောင်ချိန်တွင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဘင်းမ်စတက် ဆိုသည်မှာ အဘယ်နည်း။

ဘင်းမ်စတက် (BIMSTEC) ဆိုသည်မှာ **"ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်"** (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဖြစ်သည်။
စတင်ဖွဲ့စည်းသည့်ရက်စွဲ: ၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်
ပထဝီဝင်အနေအထား: တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများကို ချိတ်ဆက်ထားသော အရေးပါသည့် ဒေသတွင်းအဖွဲ့အစည်း။
အဖွဲ့ဝင် (၇) နိုင်ငံ:
မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန် နှင့် နီပေါ။

အနှစ် (၃၀) ခရီးနှင့် မြန်မာ့အခန်းကဏ္ဍ

၁၉၉၇ ခုနှစ်တွင် စတင်မျိုးစေ့ချခဲ့သည့် ဘင်းမ်စတက်အဖွဲ့ကြီးသည် လာမည့်နှစ်တွင် သက်တမ်း နှစ် (၃၀) ပြည့်မြောက်တော့မည် ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသည့် သမိုင်းမှတ်တိုင် စိုက်ထူမည့် အချိန်အခါသမယတွင် မြန်မာနိုင်ငံက အလှည့်ကျ အတွင်းရေးမှူးချုပ် တာဝန်ကို ရယူထမ်းဆောင်ရမည် ဖြစ်ခြင်းကြောင့် ဒေသတွင်း စီးပွားရေး၊ နည်းပညာနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ့အခန်းကဏ္ဍနှင့် သံတမန်ရေးရာ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပြသခွင့်ရမည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ

တိုက်ချီဒို၏ နှုတ်ဆက်ထွက်ခွာခြင်းရန်ကုန်၊ ဇွန် ၂၁ (၂၀၂၆)လူ့လောကကြီးတစ်ခုလုံး ရုန်းကန်လှုပ်ရှားမှုတွေ၊ အတ္တတွေ၊ အမုန်းတရာ...
21/06/2026

တိုက်ချီဒို၏ နှုတ်ဆက်ထွက်ခွာခြင်း

ရန်ကုန်၊ ဇွန် ၂၁ (၂၀၂၆)
လူ့လောကကြီးတစ်ခုလုံး ရုန်းကန်လှုပ်ရှားမှုတွေ၊ အတ္တတွေ၊ အမုန်းတရားတွေနဲ့ ရှုပ်ထွေးပွေလီနေချိန်မှာ သစ္စာတရားရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို သက်ရှိတစ်ဦးက တိတ်တဆိတ် သက်သေပြသွားခဲ့ပါတယ်။ သူကတော့ လူသားတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားတွေထက် ပိုမိုနက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို ပိုင်ဆိုင်ထားတဲ့၊ အသက် (၁၆) နှစ်အရွယ်မှာပဲ လူ့လောကကြီးကို အပြီးတိုင် ကျောခိုင်းသွားခဲ့တဲ့ ခွေးလိမ္မာလေး “တိုက်ချီဒို”ပဲ ဖြစ်ပါတယ်။

တစ်ခါတရံမှာ လူသားတွေဟာ ပျောက်ဆုံးနေတဲ့ သစ္စာတရားကို ခွေးတွေဆီကနေ ပြန်လည်သင်ယူကြရတတ်ပါတယ်။ တိုက်ချီဒိုဟာလည်း အဲဒီလို သစ္စာတရားမျိုးနဲ့ ဘဝကို ဖြတ်သန်းသွားခဲ့သူပါ။ “ကျွန်တော်ဟာ ခွေးပီပီသသ သစ္စာရှိခဲ့တယ်။ သခင်ကို မြတ်နိုးချစ်ခင်ခဲ့တယ်” လို့ သူ့ရဲ့ ဖြစ်တည်မှုက တိတ်တဆိတ် စကားဆိုနေသလိုပါပဲ။
သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ အမေအိုတစ်ယောက်ရဲ့ အနားမှာ သားတစ်ယောက်လို အဖော်ပြုရင်း၊ အမေ့ရဲ့ ရင်ခွင်အောက်မှာ တစ်ကြိမ်တစ်ခါမျှ အရိုက်အနှက်မခံရဘဲ မြတ်မြတ်နိုးနိုး ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရတဲ့ ကံကောင်းလွန်းတဲ့ ခွေးလေးတစ်ကောင်လည်း ဖြစ်ခဲ့ပါတယ်။

တိုက်ချီဒိုဟာ တစ်နေ့တာလုံးမှာ သူတော်ကောင်းတွေနဲ့ သူယုတ်မာတွေကြား ဗျာများနေရတတ်တဲ့ အမေအိုကို အိမ်ဝကနေ အမြဲတမ်း စောင့်ကြိုနေတတ်သူပါ။ အမေ အိမ်ပြန်လာချိန် အပြေးအလွှား ကြိုဆိုရတဲ့ အခိုက်အတန့်ဟာ သူ့ဘဝရဲ့ အကြီးမားဆုံးသော ပျော်ရွှင်မှုနဲ့ မေတ္တာတရားပါပဲ။
အမေက သူ့ကို ချစ်လွန်းလို့ သူ့နာမည်နဲ့ “တိုက်ချီဒို ရေကစားမဏ္ဍပ်” ဆိုပြီး ဖွင့်ပေးခဲ့ဖူးတဲ့အထိ လူသိများတဲ့ ဆယ်လီခွေးလေး ဖြစ်ခဲ့ပါတယ်။ “ကျွန်တော်လို ကောင်ကိုတောင် ဒီလိုတရေးတယူချစ်တဲ့ အမေဟာ သူ့နှုတ်ဖျားက တဖွဖွပြောနေတဲ့ ပြည်သူတွေအပေါ်တော့ ဘယ်လောက်စေတနာကြီးမလဲ” ဆိုတဲ့ တွေးတောချက်က တိုက်ချီဒိုရဲ့ ရင်ထဲကနေ လူသားတွေကို မေးခွန်းထုတ်သွားခဲ့တဲ့ နာကျင်စရာ ကောက်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လောကဓံရဲ့ မုန်တိုင်းတွေအောက်မှာ တိုက်ချီဒိုတစ်ယောက် ရင်နာခဲ့ရပါတယ်။ သူ့ကို အသက်ထက်မက မြတ်နိုးခဲ့တဲ့ အမေအိုကို ဘေးဒုက္ခတွေကြားကနေ အပြည့်အဝ ကာကွယ်မပေးနိုင်ခဲ့လို့ ခွေးလေးတစ်ကောင်ရဲ့ နှလုံးသားဟာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ခဲ့ရရှာပါတယ်။
“ခွေးမှာလည်း အသည်းနဲ့ပဲမို့လား… အမေ့ကို အပြည့်အဝ ကျုပ်ကာကွယ်မပေးနိုင်ခဲ့ဘူး။ ကျုပ် ရင်နာရတယ်ဗျာ။”

ဒါဟာ လူသားတွေ သတိမထားမိခဲ့တဲ့ တိုက်ချီဒိုရဲ့ အနက်ရှိုင်းဆုံး ခံစားချက် ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။
“အမေ အားမငယ်ပါနဲ့… ကျွန်တော် နှုတ်ဆက်ခဲ့ပါပြီ”
မမြဲခြင်း သင်္ခါရတရားအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာတော့ အသက် (၁၆) နှစ်အရွယ် တိုက်ချီဒိုဟာ ချစ်ခြင်းတရားတွေ၊ ကျေးဇူးကန်းခြင်းနဲ့ ယုတ်မာခြင်းတွေ ပြည့်နှက်နေတဲ့ ဒီလူ့လောကကြီးကို စွန့်ခွာသွားခဲ့ပါပြီ။ ခရီးဝေးတစ်ခုကို ထွက်ခွာသွားခဲ့ပေမဲ့ သူချစ်တဲ့ အမေအိုကိုတော့ စိတ်ပူပန်ခြင်းများစွာနဲ့ မှာတမ်းခြွေသွားခဲ့ရှာပါတယ်။
“အမေ အားမငယ်ပါနဲ့၊ ဝမ်းမနည်းပါနဲ့။ အမေ့ကို အဖော်ပြုပေးမယ့် အမေ့နှုတ်ဖျားက တသသပြောခဲ့တဲ့ သူတွေ (ပြည်သူတွေ) ကျန်သေးတယ်လေ။ တကယ်လို့ သံသရာဟာ ရှည်လျားတယ်ဆိုရင် အမေ့အနားမှာ အဖော်ပြုဖို့ တစ်ချိန်ပြန်လာခဲ့ပါဦးမယ်။ အဲဒီအခါကျ အမေ ကျွန်တော့်အနားမှာပဲနေနော်…”

တိုက်ချီဒို မရှိတော့တဲ့ အိမ်အိုလေးရဲ့ ညနေခင်းတွေဟာ ဘယ်လောက်တောင် ခြောက်ကပ်တိတ်ဆိတ်သွားလိုက်မလဲ။ အိမ်ဝမှာ အမြီးတုတ်တုတ်နဲ့ ဆီးကြိုမယ့် သစ္စာရှိ အဖော်မွန်လေး ဆုံးပါးသွားခဲ့ပြီဖြစ်လို့ အမေအိုရဲ့ မျက်ရည်တွေနဲ့အတူ နှမြောတသခြင်းများစွာဖြင့် တိုက်ချီဒိုရဲ့ သစ္စာတရားကို ယနေ့တိုင် တလေးတစား မှတ်တမ်းတင်လိုက်ရပါတယ်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ #တိုက်ချီဒို

ရှမ်းပြည်နယ်တွင်းက လတ်တလော ပိတ်သိမ်းသွားတဲ့ ဂိတ်များ နှင့် လက်ကျန် ဂိတ်များတောင်ကြီးမှ ......လားရှိုးထိ- (၄) မိုင် အဖွဲ့...
21/06/2026

ရှမ်းပြည်နယ်တွင်းက လတ်တလော ပိတ်သိမ်းသွားတဲ့ ဂိတ်များ နှင့် လက်ကျန် ဂိတ်များ

တောင်ကြီးမှ ......လားရှိုးထိ

- (၄) မိုင် အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ် ( တည်ရှိနေဆဲ )

- (၈) မိုင် ဂိတ် ( နေမင်းရောင်တိုးဂိတ်အနီး ) - ဖျက်သိမ်း

- မိုင်းပွန်တံတားဂိတ် ( တည်ရှိနေဆဲ )

- လွိုင်လင် အဖွဲ့စုံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး နှင့် တရားမဝင်ကုန်စည် ပူးပေါင်းစစ်ဆေးရေးဂိတ် ( တည်ရှိနေဆဲ )

- ပင်လုံမြို့တွင်းဂိတ် ( - )

- ပင်လုံဂိတ် ( ပင်လုံတက္ကသိုလ်အနီး ) - ဖျက်သိမ်း

- နောင်လိုင်ဂိတ် ( ပိတ်သိမ်း ) PNO ကင်းအဖွဲ့နှင့် တပ်သီးသန့်ကျန်

- လဲချားမြို့အဝင်ဂိတ် ( တည်ဆဲ )

- လဲချားမြို့အထွက် တံတားဂိတ် ( တည်ဆဲ )

- မိုင်းနောင်ဂိတ် - ဖျက်သိမ်း

- မိုင်းနန်းရွာဂိတ် ( တည်ဆဲ - လခရ ဘဲ ဆက်လက်လုပ်ဆောင် )

- မန်ကတ်သင်တန်းကျောင်းဂိတ် ( တည်မြဲ တည်ဆဲ ငွေကောက် )

- ကောင်းလန်းဂိတ် ( တည်မြဲ တည်ဆဲ ငွေကောက် )

- တောင်/မြောက် တံတားဂိတ် ( တည်မြဲ တည်ဆဲ ငွေကောက် )

- မိုင်းရယ်ဂိတ် ( မီးသတ်ရှေ့ ဂိတ် ) ( တည်မြဲ တည်ဆဲ ငွေကောက် )

- လားရှိုးမြို့အဝင်ဂိတ် ( တည်မြဲ တည်ဆဲ ငွေကောက် )

#ရှမ်းပြည်နယ်မှပဲ့တင်သံများ #ရှမ်းပြည်

မေလအတွင်း ရှမ်းပြည်နယ်သတင်းသုံးသပ်ချက် တရားဥပဒေစိုးမိုးရေး ကျဆင်းမှုနှင့်အတူ ရိုက်ခတ်လာသော လူမှုစီးပွားအကျပ်အတည်းများEch...
19/06/2026

မေလအတွင်း ရှမ်းပြည်နယ်သတင်းသုံးသပ်ချက်

တရားဥပဒေစိုးမိုးရေး ကျဆင်းမှုနှင့်အတူ ရိုက်ခတ်လာသော လူမှုစီးပွားအကျပ်အတည်းများ

Echoofshanhighlands (သုံးသပ်ချက်)

၂၀၂၆ ခုနှစ်၊ မေလအတွင်း ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သတင်းဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်လျှင် ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေး သိသိသာသာ ကျဆင်းလာမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ရမ်းကားမှုများကြောင့် ဖြစ်ပေါ်လာရသည့် လူ့အသက်ဆုံးရှုံးမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရသည်။ ဒေသခံပြည်သူများမှာ စစ်ဘေးဒဏ်သာမက နေ့စဉ်လူမှုဘဝ လုံခြုံရေးအတွက်ပါ ထိတ်လန့်ခြောက်ခြားစွာ ဖြတ်သန်းနေရသည့် လက္ခဏာရပ်များ ပေါ်လွင်နေသည်။

၁။ မြို့ပြလုံခြုံရေး ယိုယွင်းမှုနှင့် ဆိုးရွားလှသော ရာဇဝတ်မှုများ

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့အပါအဝင် မြို့ပြဒေသများတွင် ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများမှာ သာမန်အဆင့်ထက် ကျော်လွန်ကာ လူထုကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ မေလ ၄ ရက်နေ့က တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ ကော့တေးဘားတစ်ခုတွင် အမျိုးသမီးဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရမှုနှင့် မေလ ၁၂ ရက်နေ့က ရွှေတောင်ရပ်ကွက်တွင် အသက် ၄ နှစ်အရွယ် မွေးစားသားငယ်ကို မိထွေးဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲကာ လည်ပင်းညှစ်သတ်ခဲ့သည့် ဖြစ်စဉ်များမှာ မြို့ပြလူ့အဖွဲ့အစည်းအတွင်း စိတ္တဇဆန်သော ရာဇဝတ်မှုများ မည်မျှ ထိုးဖောက်နေပြီလဲဆိုသည်ကို ပြသနေသည်။
ထို့ပြင် အေးသာယာမြို့၌ အရက်သောက်စားရင်း လိင်ပိုင်းဆိုင်ရာ ကြံစည်မှုကြောင့် လူသတ်မှုအထိ ဖြစ်ပွားခဲ့ခြင်း၊ ဆိုင်ကယ်သူခိုးများ နေ့စဉ်နှင့်အမျှ သောင်းကျန်းနေခြင်းတို့သည် မြို့ပြလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ယန္တရား လုံးဝအားနည်းနေကြောင်းကို ဖော်ညွှန်းနေသည်။ ဆိုင်ကယ်သူခိုးများရန်မှ ကာကွယ်ရန် ပြည်သူလူထုအနေဖြင့် နည်းပညာသုံး GPS များ တပ်ဆင်ခြင်း၊ သတင်းပေးကွန်ရက်များနှင့် အသိပညာပေးလုပ်ငန်းများ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရန် လိုအပ်နေသည့်အခြေအနေသို့ ဆိုက်ရောက်နေသည်။

၂။ လက်နက်ကိုင်အနိုင်ကျင့်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအသွင်ပြောင်းခြင်း

အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းမဲ့မှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများက ပြည်သူ့အသက်အိုးအိမ်ကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိသည်။ ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး နေ့ခင်းကြောင်တောင် သေနတ်ပစ်သတ်ခံရပြီး ရွှေပိဿာ ၃၀ ခန့် ဓားပြတိုက်ခံရသည့် ဖြစ်စဉ်က နယ်စပ်မြို့များ၏ လုံခြုံရေး မည်မျှထိ ခေါင်းပါးနေကြောင်း သက်သေပြနေသည်။
ထို့ပြင် ပင်လောင်းမြို့နယ် နောင်တရားဒေသ၌ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်အချို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးအောင်သိန်း သေဆုံးခဲ့ရမှုအပေါ် တောင်ရိုးတိုင်းရင်းသားများက တရားမျှတမှုအတွက် တောင်းဆိုနေကြရသည်။ ဤဖြစ်စဉ်သည် ဒေသတွင်း လက်နက်ကိုင်များ၏ အာဏာပြအနိုင်ကျင့်မှုကို ဖော်ပြနေရုံသာမက တိုင်းရင်းသားအချင်းချင်းကြား ယုံကြည်မှု ပျက်ပြားစေရန် တွန်းပို့နေသည်။
ပိုမိုဆိုးရွားသည့်အချက်မှာ ရှမ်းအရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းဆတ်ဒေသရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် မြန်မာလူငယ်များ လူကုန်ကူးခံရပြီး 'ကျွန်ပြု' ခိုင်းစေခံနေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်လာခြင်းဖြစ်သည်။ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှတစ်ဆင့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များက ရှမ်းပြည်နယ်အတွင်း ခေတ်သစ်ကျွန်စနစ် ကျင့်သုံးခံနေရသည့် အတိုင်းအတာအထိ လူသားလုံခြုံရေး ကျဆင်းနေမှုကို မီးမောင်းထိုးပြနေသည်။

၃။ ကျားဖြန့်နှိမ်နင်းမှုနှင့် ရွှေ့ပြောင်းလုပ်သားများ၏ အကျပ်အတည်း

မေလအတွင်း ရှမ်းတောင် လဲချား၊ ကျိုင်းတောင်း၊ မိုင်းပန်နှင့် ရှမ်းမြောက် မူဆယ်မြို့များတွင် 'ကျားဖြန့်' လောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာ တရုတ်နှင့် မြန်မာနိုင်ငံသား ရာနှင့်ချီ ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း ဒေသခံများ၏ ပြောကြားချက်အရ အဓိက ခေါင်းဆောင်ပိုင်းများ လွတ်မြောက်နေဆဲဖြစ်ရာ ဤနှိမ်နင်းမှုများသည် အပေါ်ယံသာဖြစ်ပြီး အမြစ်ပြတ်ရန် ခဲယဉ်းနေဦးမည်ဖြစ်သည်။
ဤကဲ့သို့သော ပြည်တွင်းစစ်ဘေး၊ ရာဇဝတ်မှုများနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် မြန်မာလူငယ်အမြောက်အမြားမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် စွန့်စားဝင်ရောက်နေကြသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသတွင် မေလအတွင်း မြန်မာလုပ်သား ရာနှင့်ချီ ဆက်တိုက်ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရခြင်းက မြန်မာပြည်သူတို့၏ ဆိုးရွားလှသော အနာဂတ်မဲ့ လူမှုစီးပွားဘဝကို ပေါ်လွင်စေသည်။

၄။ စစ်ဘေးဒဏ်၊ စစ်ရေးခြိမ်းခြောက်မှုနှင့် သဘာဝဘေးအန္တရာယ် စိုးရိမ်စရာများ

စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပင်လောင်းမြို့နယ် (ဆောင်းပြောင်း၊ တောင်မဲသင်း၊ နမ်းနိန်း စသည့်ကျေးရွာများ) မှ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စု ၃၀၀ နီးပါးမှာ လက်ရှိတွင် စားနပ်ရိက္ခာနှင့် ယာယီတဲဆောက်ရန် မိုးကာများ အရေးပေါ်လိုအပ်နေပြီး လူသားချင်းစာနာမှု အကူအညီများ ပြတ်လပ်လျက်ရှိသည်။
နိုင်ငံရေးအရ ကြည့်လျှင်လည်း ရှမ်းတောင် ခိုလမ်မြို့နယ်၌ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် လူထုနှင့် တွေ့ဆုံနေစဉ် စစ်ကောင်စီတိုက်လေယာဉ်က အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့သည့် ဖြစ်စဉ်က အပစ်အခတ်ရပ်စဲရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို များစွာ ထိခိုက်စေခဲ့သည်။
ယင်းအခြေအနေများအပြင် မြန်မာ-ထိုင်းနယ်စပ် ရေကြီးမှုကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် 'မယ်ဆိုင်မြစ်ကြောင်း တူးဖော်ရေး' လုပ်ငန်းကို မြန်မာစစ်ကော်မရှင်ဘက်က နှောင့်နှေးကြန့်ကြာနေမှုကြောင့် မိုးရာသီတွင် ဒေသခံပြည်သူများ ရေဘေးဒဏ် ထပ်မံကြုံတွေ့ရမည်ကို ထိုင်းအာဏာပိုင်များနှင့် ပြည်သူများက စိုးရိမ်ပူပန်နေကြသည်။ ဤအချက်သည် ပြည်တွင်းစီမံခန့်ခွဲမှု ယန္တရားများ ပျက်စီးနေခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကိုပါ ကြိုတင်မကာကွယ်နိုင်တော့သည့် အခြေအနေကို ပြသနေခြင်း ဖြစ်သည်။

ခြုံငုံသုံးသပ်ရသော် ၂၀၂၆ မေလအတွင်း ရှမ်းပြည်နယ်၏ အခြေအနေမှာ မြို့ပြလူသတ်မှု၊ လုယက်မှုများမှသည် နယ်စပ် လူကုန်ကူးမှု၊ ကျားဖြန့်လုပ်ငန်းများနှင့် စစ်ရေးခြိမ်းခြောက်မှုများအထိ ဘက်ပေါင်းစုံမှ ကမောက်ကမ ဖြစ်နေသည်။ ပြည်သူလူထုမှာ တရားဥပဒေအကာအကွယ် မရရှိသည့်အပြင် စီးပွားရေးအကျပ်အတည်းကြောင့် ပြည်ပသို့ စွန့်စားထွက်ခွာရာတွင်လည်း ဖမ်းဆီးနှိပ်စက်ခံနေရသည်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ပြန်လည်မတည်ဆောက်နိုင်ပါက ရှမ်းပြည်နယ်၏ လူမှုအခြေအနေမှာ ယခုထက် ပိုမိုဆိုးရွားသည့် ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားနိုင်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ

ဘတ် ၁၁ ဘီလီယံကျော် လိမ်လည်မှုဖြင့် တရုတ်ပိရမစ်ဂိုဏ်းချုပ်ကြီးအား ထိုင်းတွင် ဖမ်းဆီးရမိ၊ မြန်မာပတ်စပို့ အပါအဝင် နိုင်ငံစု...
19/06/2026

ဘတ် ၁၁ ဘီလီယံကျော် လိမ်လည်မှုဖြင့် တရုတ်ပိရမစ်ဂိုဏ်းချုပ်ကြီးအား ထိုင်းတွင် ဖမ်းဆီးရမိ၊ မြန်မာပတ်စပို့ အပါအဝင် နိုင်ငံစုံလက်မှတ်များ သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင် ခိုအောင်းနေပြီး လူပေါင်း (၅) သိန်းနီးပါးထံမှ ဘတ်ဘီလီယံချီ လိမ်လည်ခဲ့သည့် အွန်လိုင်းပိရမစ်ဂိုဏ်း (MLM) ၏ နောက်ကွယ်က ကြိုးကိုင်သူ အသက် (၃၉) နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းနိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ စမွတ်ပရာကန် (Samut Prakan) ခရိုင်ရှိ ဇိမ်ခံအိမ်ရာတစ်ခုတွင် ဝင်ရောက်စီးနင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

လူပေါင်း ၄၇၀,၀၀၀ ကျော်ကို အပိုင်တွက်ခဲ့သည့် "ACE" စနစ်

တရုတ်နိုင်ငံက အလိုရှိနေသူ တရားခံ Mr. Ju သည် "ACE" အမည်ရှိ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတစ်ခုကို ကိုယ်တိုင်စနစ်ရေးဆွဲကာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် လူလှည့်စားခဲ့သူ ဖြစ်သည်။ ၎င်း၏ ပိရမစ်စနစ် (Pyramid Scheme) အတွင်း သားကောင်ဖြစ်ခဲ့ရသူ ပေါင်း ၄၇၀,၀၀၀ နီးပါး ရှိခဲ့ပြီး စနစ်အတွင်း စီးဆင်းသွားသည့် ငွေကြေးပမာဏမှာ 3.71 Billion USDT(ထိုင်းဘတ်ငွေ ၁၁ ဘီလီယံမှ ၁၂ ဘီလီယံခန့်) အထိ ရှိကြောင်း စုံစမ်းသိရှိရသည်။

ဝင်ရောက်စီးနင်းမှုနှင့် ထူးဆန်းသော သိမ်းဆည်းရမိမှုများ

ရဲတပ်ဖွဲ့က တရားခံပုန်းအောင်းနေသည့် ဇိမ်ခံနေအိမ်ကို ရှာဖွေရာတွင် ၎င်း၏ ကြီးမားလှသော လိမ်လည်မှုကွန်ရက်နှင့် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ထားမှုများကို သက်သေပြနေသည့် အောက်ပါပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည် -
နိုင်ငံစုံ ပတ်စပို့များနှင့် သက်သေခံကတ်ပြားများ:
မြန်မာနိုင်ငံ အပါအဝင် ဗာနုအာတူ၊ ပါရာဂွေး၊ ဂရီနေဒါ နှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံကူးလက်မှတ် (Passports) များကို သိမ်းဆည်းရမိခဲ့ခြင်းမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။
အဖိုးတန်ပစ္စည်းများနှင့် ငွေသားများ:
ဘတ် (၂၀) အလေးချိန်ရှိ ရွှေတုံးများ၊ တန်ဖိုးကြီး Thailand Elite Card၊ လက်ပ်တော့ပ်များ၊ လက်ကိုင်ဖုန်းများနှင့် နိုင်ငံခြားငွေသား အမြောက်အမြား။
ထိုင်းလူမျိုး အမည်ခံ (Nominees) များဖြင့် ရုပ်ဖျက်ခြင်း
တရားခံ Mr. Ju သည် ထိုင်းနိုင်ငံအတွင်း ရုပ်ဖျက်နေထိုင်ရန်နှင့် ငွေကြေးခဝါချရန်အတွက် ထိုင်းလူမျိုး အမည်ခံ (Nominees) များကို အသုံးချကာ အိမ်ခြံမြေ ဝယ်ယူခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေပြီဖြစ်သောကြောင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု (Overstay) ဖြင့် ဦးစွာ အရေးယူခံထားရသည်။

ရှေ့ဆက်ဖြစ်လာမည့် ဥပဒေကြောင်းအရ အခြေအနေ

လောလောဆယ်တွင် ထိုင်းအာဏာပိုင်များသည် တရားခံအား မိခင်တရုတ်နိုင်ငံသို့ လွှဲပြောင်းတရားစွဲဆိုနိုင်ရေးအတွက် တရုတ်သံရုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ တရားခံလွှဲပြောင်းရေး (Extradition) လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာတွင် ဖော်ပြထားသည်။
ဒေသတွင်း နည်းပညာသုံး လိမ်လည်မှုများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများကို နှိမ်နင်းရာတွင် ယခုဖမ်းဆီးရမိမှုသည် ထိုင်းရဲတပ်ဖွဲ့အတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ

"မြန်မာအမျိုးသမီး ၁၀ ဦးတွင် ၄ ဦးကျော် ဝင်ငွေလုံးဝမရှိဘဲ စီးပွားရေးအကျပ်အတည်း၏ ဝန်ထုပ်ဝန်ပိုးကို ပိုမိုခံစားနေရ"မြန်မာနို...
19/06/2026

"မြန်မာအမျိုးသမီး ၁၀ ဦးတွင် ၄ ဦးကျော် ဝင်ငွေလုံးဝမရှိဘဲ စီးပွားရေးအကျပ်အတည်း၏ ဝန်ထုပ်ဝန်ပိုးကို ပိုမိုခံစားနေရ"

မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများနှင့် စီးပွားရေးအထွေထွေအကျပ်အတည်းများကြောင့် အမျိုးသားနှင့် အမျိုးသမီးများအကြား စီးပွားရေးမညီမျှမှုနှုန်းသည် ယခင်ကထက် ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) တို့ ပူးတွဲထုတ်ပြန်သည့် “ညီမျှမှုမရှိသော ဝန်ထုပ်ဝန်ပိုးများ၊ မြန်မာ့စီးပွားရေးအကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရှိ စစ်တမ်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်း (၁၀ ဦးတွင် ၄ ဦးကျော်) မှာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြကြောင်း သိရသည်။

ဤပမာဏသည် ဝင်ငွေလုံးဝမရှိသည့် အမျိုးသားအရေအတွက်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး ပိုမိုများပြားနေသည့် အခြေအနေဖြစ်သည်။

လုပ်အားခကွာဟမှုနှင့် အိမ်မှုကိစ္စဝန်ထုပ်ဝန်ပိုး
စစ်တမ်းအရ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေကြသည့် အမျိုးသမီးများမှာလည်း အမျိုးသားများနှင့် တူညီသောလုပ်အားကို စိုက်ထုတ်နေရသော်လည်း ပျမ်းမျှအားဖြင့် အမျိုးသားများရရှိသည့် ဝင်ငွေ၏ ၇၉ ရာခိုင်နှုန်းသာ ရရှိကြသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးများသည် လုပ်အားခမရရှိသည့် -
အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်း၊
သားသမီးနှင့် ကလေးသူငယ်များ စောင့်ရှောက်ခြင်း၊
မိသားစုရှိ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများကို ပြုစုစောင့်ရှောက်ခြင်း
စသည့် တာဝန်များကို အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုထမ်းဆောင်နေရသည်။ လုပ်သားအင်အားစုအတွင်း မပါဝင်နိုင်သည့် အမျိုးသမီး ၁၀ ဦးတွင် ၈ ဦးနီးပါးမှာ အဆိုပါ မိသားစုပြုစုစောင့်ရှောက်ရေး တာဝန်များကြောင့် အလုပ်မလုပ်နိုင်ခြင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုထားကြသည်။

ပဋိပက္ခဒေသများနှင့် ကယားပြည်နယ်၏ အခြေအနေ

လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်သည့် ဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၆၂ ရာခိုင်နှုန်းသာ ရှိပြီး အမျိုးသားများ၏ အလုပ်အကိုင်ရရှိမှု (၈၂ ရာခိုင်နှုန်း) နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းအထိ ကွာဟချက် ကြီးမားနေသည်။

အထူးသဖြင့် စစ်ရေးပဋိပက္ခပြင်းထန်ရာ ကယားပြည်နယ်တွင် အမျိုးသမီး ၃၈ ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်နိုင်တော့ပြီး အမျိုးသမီးများအကြား စားနပ်ရိက္ခာဖူလုံမှုရှိသူ ၁၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ စစ်ဘေးရှောင်ရမှု၊ လုံခြုံရေးမရှိမှု၊ သွားလာရေးကန့်သတ်ချက်များနှင့် ဈေးကွက်များ ပျက်စီးသွားခြင်းတို့သည် အမျိုးသမီးများ၏ ဝင်ငွေရှာဖွေနိုင်စွမ်းကို တိုက်ရိုက်ထိခိုက်စေသည့် အဓိကအချက်များ ဖြစ်သည်။

"တူညီတဲ့အလုပ်ကို လုပ်ကိုင်ရင်တောင် အမျိုးသားတွေက လုပ်အားခ ပိုမိုရရှိသင့်တယ်လို့ ယူဆတာနဲ့ အိမ်ထောင်စုအတွင်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အမျိုးသားတွေကသာ ချမှတ်သင့်တယ်လို့ ယူဆတဲ့ လူမှုရေးအမြင်တွေကလည်း မညီမျှမှုကို ပိုမိုခိုင်မာစေတယ်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပိုင်ဆိုင်ခွင့်နည်းပါးခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ချက်များ

ပိုင်ဆိုင်မှုကဏ္ဍတွင်လည်း စိုက်ပျိုးရေးလုပ်ကိုင်သည့် အမျိုးသမီးများထဲမှ ၄၉ ရာခိုင်နှုန်းသာ မြေယာပိုင်ဆိုင်ခွင့်ရှိပြီး၊ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်သူများထဲတွင် အမျိုးသမီးပါဝင်မှုမှာ ၈ ရာခိုင်နှုန်းသာ ရှိသည်။ မြေယာ၊ ငွေကြေး၊ ချေးငွေနှင့် ထုတ်လုပ်ရေးပစ္စည်း ပိုင်ဆိုင်ခွင့် နည်းပါးခြင်းကြောင့် အကျပ်အတည်းကြုံလာရချိန်တွင် အမျိုးသမီးများအနေဖြင့် ဘဝပြန်လည်ထူထောင်ရန် ပိုမိုခက်ခဲနေကြရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖန်တီးပေးရုံမျှဖြင့် မလုံလောက်ဘဲ အောက်ပါအချက်များကို ဦးစားပေးရင်းနှီးမြှုပ်နှံရန် ကုလသမဂ္ဂအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ကလေးထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပံ့ပိုးခြင်း။

အမျိုးသမီးစွန့်ဦးတီထွင်သူများကို ငွေကြေးနှင့် နည်းပညာ ကူညီပေးခြင်း။

မြေယာပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးပြီး တူညီသည့်အလုပ်အတွက် တူညီသည့်လုပ်အားခ ရရှိစေခြင်း။

စီးပွားရေးနှင့် အရေးကြီးဆုံးဖြတ်ချက်ချမှတ်မှုများတွင် အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ရရှိစေခြင်း။

အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၅,၄၀၅ ဦးကို စစ်တမ်းကောက်ယူထားသည့် အချက်အလက်များအပေါ် အခြေခံ၍ ပြုစုထားခြင်း ဖြစ်သည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ဟု MRTV မှထုတ်ပြန်ကြေညာ။၁။ သတ်မှတ်ထားသည်နေအိမ်ဟုသာပါရှိပြီးမည်သည...
30/04/2026

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ဟု MRTV မှထုတ်ပြန်ကြေညာ။

၁။ သတ်မှတ်ထားသည်နေအိမ်ဟုသာပါရှိပြီး
မည်သည့်နေရာတွင်ရှိသော
မည်သည့်နေအိမ်ဟုမပါရှိ။
၂။ MRTV ၏ထုတ်ပြန်ကြေညာချက်တွင်
ဒေါ်အောင်ဆန်းစုကြည်စုနှင့်
စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ယောက်
စစ်သားတစ်ယောက်စကားပြောနေသည့်
ဓာတ်ပုံသာပါရှိပြီး
ဒေါ်အောင်ဆန်းစုကြည်စု၏
ရုပ်သံအစစ်အမှန် မပါဝင်နေ။



#ရှမ်းပြည်နယ်မှပဲ့တင်သံများ

တောင်ကြီးမြို့မဈေး ဆောက်လုပ်ရေးလုပ်ငန်းခွင် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြစ်ပွား၊ သတင်းအမှန်ကို ဖုံးကွယ်ထားကြောင်း သိရှိရ...
26/04/2026

တောင်ကြီးမြို့မဈေး ဆောက်လုပ်ရေးလုပ်ငန်းခွင် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြစ်ပွား၊ သတင်းအမှန်ကို ဖုံးကွယ်ထားကြောင်း သိရှိရ

တောင်ကြီး - ဧပြီ ၂၆၊ ၂၀၂၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မဈေးအနောက်မြောက်ဘက်ထောင့်တွင် ယာယီညဈေးအတွက် အိမ်သာကျင်းတူးဖော်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဧပြီလ ၂၄ ရက် ညပိုင်းက ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ပေါ့ဆမှုကြောင့်ဖြစ်သော်လည်း သက်ဆိုင်ရာကုမ္ပဏီနှင့် တာဝန်ရှိသူများက သတင်းကို ဖုံးကွယ်ထားကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်တွင် နာရီစင်ညဈေးအား ရွှေ့ပြောင်းရန် ယာယီပြင်ဆင်နေသည့် မြို့မဈေးအနောက်မြောက်ဘက်ရှိ လုပ်ငန်းခွင်အတွင်းသို့ တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီး ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါကျင်းမှာ အိမ်သာပြုလုပ်ရန် တူးဖော်ထားသည့် ၁၀ ပေ ပတ်လည် ကျင်းကြီးဖြစ်ပြီး နောက်တစ်နေ့တွင် ကွန်ကရစ်စလစ်လောင်းရန်အတွက် သံချောင်းများကို အသင့်ထောင်ထားသည့် နေရာဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားသည် ကျင်းအတွင်းရှိ သံချောင်းများပေါ်သို့ တိုက်ရိုက်ပြုတ်ကျခဲ့ပြီး ခန္ဓာကိုယ်အတွင်း သံချောင်းများ ထိုးဖောက်ဝင်ရောက်သည့် ဒဏ်ရာများဖြင့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်အချို့က ဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ (ဧပြီ ၂၅ ရက်) နံနက်ပိုင်းတွင် ဆိုက်အလုပ်သမားများနှင့် ပျံကျဈေးသည်အချို့က သေဆုံးသူကို မြင်တွေ့ခဲ့ရသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြသော်လည်း အသက်မရှိတော့ကြောင်း သိရသည်။ သို့သော် အဆိုပါသတင်းကို ပြင်ပသို့ ပျံ့နှံ့ခြင်းမရှိစေရန် သီဟဆောက်လုပ်ရေးကုမ္ပဏီနှင့် စည်ပင်ဌာနတို့က ဖုံးကွယ်ထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။
"ဈေးသည်တွေကတော့ အကုန်သိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မပြောရဲကြဘူး။ ကိုယ်တင်လိုက်ရင် ဘယ်သူလဲဆိုတာ ချက်ချင်းသိသွားနိုင်တော့ အားလုံးက ငြိမ်နေကြရတာ" ဟု မြို့မဈေးသည်တစ်ဦးက ပြောကြားသည်။

ထို့အပြင် ထူးခြားချက်အနေဖြင့် အခင်းဖြစ်ပွားသည့်ညက ပုံမှန်အိပ်လေ့ရှိသည့် ဖရဲသီးသည်များကိုလည်း "လူကြီးလာစစ်မည်" ဟူသော အကြောင်းပြချက်ဖြင့် ဖယ်ခိုင်းထားခဲ့ကြောင်း၊ နောက်တစ်နေ့တွင်မူ လူကြီးလာမည့် အစီအစဉ်ကို ဖျက်သိမ်းကာ အဆိုပါကျင်းအား အမြန်ဆုံး စလစ်လောင်း၍ အထောက်အထားဖျောက်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီညဈေးဆောက်လုပ်ရေးသည် လမ်းများကို ပိတ်ဆို့ထားသဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ကားများ ဝင်ရောက်ရန် ခက်ခဲနိုင်ကြောင်း ဝေဖန်မှုများ ယခင်ကတည်းက ရှိခဲ့သည်။ ယခုကဲ့သို့ အကာအကွယ်နှင့် အချက်ပြမီးများ စနစ်တကျမရှိဘဲ လုပ်ငန်းခွင်ပေါ့ဆမှုကြောင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းအပေါ် သီဟဆောက်လုပ်ရေးနှင့် မြို့နယ်စည်ပင်တို့တွင် တာဝန်ရှိကြောင်း ဒေသခံများက ထောက်ပြနေကြသည်။
သေဆုံးသူ အမျိုးသားသည် အရပ်ရှည်ပြီး အသားညိုသူတစ်ဦးဖြစ်ကြောင်း သိရသော်လည်း ၎င်း၏ အမည်နှင့် မိသားစုဝင်များထံ ဆက်သွယ်မိခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။ လက်ရှိတွင် အဆိုပါ ၁၀ ပေပတ်လည်ကျင်းကို ကွန်ကရစ်များဖြင့် အမြန်ဆုံး စလစ်လောင်းကာ ဖုံးအုပ်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ #တောင်ကြီးမြို့

နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၀ ကျော်တွင် ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာဧပြီ ၂၃၊ ၂၀၂၆ Echo of Shan Highlands နိုင်...
23/04/2026

နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၀ ကျော်တွင် ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာ

ဧပြီ ၂၃၊ ၂၀၂၆ Echo of Shan Highlands

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုအတွင်းရှိ မြို့နယ်ပေါင်း ၅၀ ကျော်တွင် ယနေ့ ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ (State of Emergency) ကြေညာလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမိန့်ကို နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စစ်သမ္မတ မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်တွင် လက်ရှိတိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများသာမက တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ဒေသများပါ ပါဝင်လာသည်ကို တွေ့ရသည်။ အထူးသဖြင့် အထူးဒေသ (၄) ဖြစ်သော မိုင်းလား မြို့နယ် ပါဝင်လာခြင်းမှာ ထူးခြားသည့် အချက်တစ်ချက် ဖြစ်လာသည်။
အရေးပေါ်အခြေအနေ သတ်မှတ်ခံရသည့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်သည် ။
ရှမ်းပြည်နယ် (၁၅ မြို့နယ်)
နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား။
ရခိုင်ပြည်နယ် (၁၄ မြို့နယ်)
ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်။

စစ်ကိုင်းတိုင်း (၈ မြို့နယ်)
ကောလင်း၊ ပင်လည်ဘူး၊ အင်းတော်၊ ပုလဲ၊ ဝက်လက်၊ ခင်ဦး၊ ကနီ၊ ဒီပဲယင်း။

ချင်းပြည်နယ် (၇ မြို့နယ်)
ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း။

မကွေးတိုင်း (၅ မြို့နယ်)
ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို။

ကချင်ပြည်နယ် (၅ မြို့နယ်)
ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ။

ကယားပြည်နယ် (၃ မြို့နယ်)
ရှားတော၊ ဖားဆောင်း၊ မယ်စဲ့။

ကရင်ပြည်နယ် (၂ မြို့နယ်)
ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်။

စိတ်ဝင်စားဖွယ် အချက်အနေဖြင့် လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး တိုက်ပွဲများ ပြင်းထန်နေသည့် ပန်ဝါ၊ ကန်ပိုက်တည်၊ မိုးမောက်နှင့် ဖားကန့် မြို့နယ်များသည် ယခုအရေးပေါ်အခြေအနေ ကြေညာချက်တွင် ပါဝင်လာခြင်း မရှိသေးသည်ကို တွေ့ရသည်။
ယခု ထုတ်ပြန်လိုက်သည့် အရေးပေါ်အခြေအနေသည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မည်ဖြစ်ပြီး၊ ဒေသတွင်း လုံခြုံရေးနှင့် သွားလာရေး ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

#ရှမ်းပြည်နယ်မှပဲ့တင်သံများ #အရေးပေါ်

ที่อยู่

Mae Rim

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Shan Highland News โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์