03/08/2026
တရားစခန်းသွားရာက ကားဒရိုက်ဘာကို ချစ်ကျွမ်းဝင်မိပြီး အိမ်ပေါ်ခေါ်တင်မိရာက တူနဲ့ ထုကာ လုယက်ခံရမှု ဖြစ်ပွား
ဩဂုတ် ၃
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ မိခင်ဖြစ်သူ တရားစခန်းသွားရာက ချစ်ကျွမ်းဝင်လာခဲ့တဲ့ ကားဒရိုက်ဘာကို အိမ်ပေါ် ခေါ်သိပ်မိရာက မိသားစုဝင်တွေကို ခြိမ်းခြောက်ကာ တူနဲ့ ထုရိုက်ပြီး တန်ဖိုးကြီးပစ္စည်းတွေ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ အနော်မာ(၁)လမ်းရှိ နေအိမ်တအိမ်မှာ မိခင်ဖြစ်သူ ဒေါ်ဖြူဖြူလင်းနဲ့ ခင်မင်ရင်းနှီး ချစ်ကျွမ်းဝင်နေသူ ကားဒရိုက်ဘာ အမျိုးသားတဦးက ညအိပ် လာရောက်တည်းခိုခဲ့ရာကနေ အခုလိုဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
"ညအိပ်လာနေတဲ့ အမျိုးသားနဲ့ သူတို့အမေက ချစ်သူတွေပေါ့၊ မနက် ၈ ခွဲလောက်မှာ အော်ဟစ်သံတွေကြားလို့ သူ့တူမနဲ့ သမီးက အခန်းထဲဝင်တော့ သူတို့အမေကို တူနဲ့ ထုပြီး ရွှေထည်တွေ ယူနေတာ၊ အဲ့တာနဲ့ တူမနဲ့ သမီးကိုပါ ဟိုလူက တူနဲ့ ထုတာ၊ အမေကလည်း အသက် ၄၆ နှစ်ရှိပြီ၊ မိန်းကလေးတွေချည်းပဲ နေတဲ့အိမ်ကို သူစိမ်းယောက်ျား ခေါ်တင်တာ အတော်လွန်လွန်းတယ်" လို့ ဒေသခံတဦးက ဝေဖန်ပြောဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ မိခင်ဖြစ်သူ ဒေါ်ဖြူဖြူလင်း (၄၆ နှစ်)ဟာ တရားစခန်းသွားရာကနေ ယာဉ်မောင်းဖြစ်သူ မင်းခန့်ကို(ခ)မင်းခန့် (၃၂ နှစ်)နဲ့ ချစ်ကြိုက်ငြိစွန်းခဲ့တာဖြစ်ပြီး မင်းခန့်ကို ဟာ အခင်းဖြစ်ပွားရာ နေအိမ်ကို မကြာခဏ လာရောက်အိပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
တူနဲ့ ထုရိုက်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ်ဖြူဖြူလင်းမှာ ဦးခေါင်းနောက်စေ့ ထုရိုက်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)၊ သမီးဖြစ်သူမှာ ယာဖက်ခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ တူမဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး တရားခံ မင်းခန့်ကိုက ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ဖုန်း ၃ လုံး အပါအဝင်စု စုပါင်း ကာလတန်ဖိုး ငွေကျပ် ၅၇၅ သိန်းဖိုးခန့် လုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။
လတ်တလောမှာ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပရဲစခန်းက အမှုဖွင့်လှစ်ကာ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှာနေတဲ့ တရားခံ မင်းခန့်ကို(ခ)မင်းခန့် (၃၂ နှစ်)ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel