22/08/2026
😡နင်က မိသားစုရဲ့ ပြဿနာအိုးပဲ…
အိမ်မှာ ပြဿနာဖြစ်တာ အကုန်လုံး နင် ဂြိုလ်မွေလို့ဖြစ်ရတာချည်းပဲ…
🗣️Scapegoating
အပြစ်ပုံချစရာ ဓားစာခံ
တစ်ယောက်ယောက်ကို အပြစ်တင်တာနဲ့ အပြစ်ပုံချစရာ ဓားစာခံအဖြစ်ပုံသွင်းတာကမတူပါဘူး။လူတစ်ယောက်က အမှားလုပ်ရင် အဲဒီအမှားအတွက် တာဝန်ယူရမှာ သဘာဝပါ။
ပြဿနာတစ်ခုမှာ အကြောင်းရင်းတွေ အများကြီးရှိနေပေမယ့် အဲဒီအရာအားလုံးကို မကြည့်တော့ဘဲ လူတစ်ယောက်ကိုပဲ ပြဿနာရဲ့အကြောင်းရင်းလို့ သတ်မှတ်လိုက်တဲ့အခါ Scapegoating ဖြစ်လာပါပြီ။
Scapegoating ကို မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ရရင် အပြစ်ပုံချခံရသူ လို့ ပြောလို့ရပါတယ်။
ဒါပေမယ့် ဒီစကားရဲ့ အဓိပ္ပာယ်က ရိုးရိုးအပြစ်တင်တာထက် ပိုပါတယ်။ မိသားစုတစ်ခုမှာ ဘာအဆင်မပြေမှုဖြစ်ဖြစ် လူတစ်ယောက်ကိုပဲ အပြစ်တင်နေတယ်….
ချစ်သူနှစ်ယောက်ကြား ဘာပြဿနာဖြစ်ဖြစ် တစ်ယောက်ကပဲ အမြဲတရားခံဖြစ်နေတယ်…
အဲဒီလိုဆိုရင် အပြစ်တင်ခံရတဲ့လူဟာ တဖြည်းဖြည်း လူတစ်ယောက် မဟုတ်တော့ဘဲ “ပြဿနာ” ဖြစ်လာပါတယ်။
Scapegoat ဆိုတဲ့စကားလုံးကိုယ်တိုင်က ရှေးဟောင်းဘာသာရေးအယူအဆကနေ ဆင်းသက်လာတာပါ။
Leviticus ကျမ်းထဲမှာ လူတွေရဲ့အပြစ်ကို ဆိတ်တစ်ကောင်ပေါ် သင်္ကေတအနေနဲ့ တင်ပြီး အပြင်ကို လွှတ်လိုက်တဲ့ ထုံးတမ်းအကြောင်း တွေ့ရပါတယ်။
၁၆ ရာစုမှာ William Tyndale ရဲ့ ဘာသာပြန်ကနေ scapegoat ဆိုတဲ့ အင်္ဂလိပ်စကားလုံး ပေါ်လာပြီး နောက်ပိုင်းမှာ ကိုယ်မလုပ်ခဲ့တဲ့အရာအတွက် အပြစ်ခံရသူဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးများလာပါတယ်။
နောက်ပိုင်း လူမှုရေးနဲ့ စိတ်ပညာနယ်ပယ်မှာတော့ ဒီအယူအဆကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာလာကြပါတယ်။
René Girard ကလည်း လူအုပ်စုတစ်ခုအတွင်း တင်းမာမှုတွေ တက်လာတဲ့အခါ လူတစ်ယောက် ကို အားလုံးရဲ့ဒေါသအတွက် ပစ်မှတ်အဖြစ် ရွေးလိုက်ခြင်းက အုပ်စုအတွင်း ခဏတာငြိမ်သက်မှုကို ပြန်ရစေနိုင်တယ်ဆိုတဲ့ scapegoat mechanism ကို ဆွေးနွေးခဲ့ပါတယ်။
ဒါဟာ Scapegoating ရဲ့ အဓိကအချက်တစ်ခုကို ပြနေတာပါ။ရှုပ်ထွေးတဲ့ပြဿနာထက် အပြစ်ရှိသူတစ်ယောက်ကို ရှာရတာ ပိုလွယ်တယ်ဗျ။
မိသားစုတစ်ခုကို စဉ်းစားကြည့်ပါ။ မိဘနှစ်ယောက် အမြဲရန်ဖြစ်နေတယ်။ ငွေကြေးကလည်း အဆင်မပြေဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်း မရှိဘူး။ ဒီလိုအရာတွေကို ဖြေရှင်းဖို့ဆိုရင် မိသားစုဝင်တိုင်း ကိုယ့်အပိုင်းကို ပြန်ကြည့်ရမယ်။
ဒါပေမယ့် “ဒီသားက စကားနားမထောင်လို့ အိမ်မှာ အမြဲပြဿနာဖြစ်တာ” လို့ သတ်မှတ်လိုက်ရင် အားလုံးလွယ်သွားကြပါတယ်။အဲဒီသားက ပြဿနာဖြစ်လာတယ်။
တကယ်တော့ သူက ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခု သာဖြစ်နိုင်တယ်။ အဲ့လိုမဟုတ်ရင်တောင် သားဖြစ်သူက မိသားစုထဲမှာ ရှိပြီးသားပြဿနာတွေကို ပိုမြင်သာအောင် ထုတ်ဖော်ပြနေတဲ့သူပဲ ဖြစ်နိုင်ပါတယ်။
Family Systems Theory မှာ ဒီလိုအခြေအနေကို နားလည်ဖို့ identified patient ဆိုတဲ့ အယူအဆကိုတချက်ပြန်ကြည့်ဖို့လိုပါတယ်။
မိသားစုတစ်ခုလုံးရဲ့ မပြေလည်မှုကို လူတစ်ယောက်ရဲ့ ပြဿနာအဖြစ်ပဲ မြင်သွားတာမျိုးပါ။ မိသားစုရဲ့ အနာကို လူတစ်ယောက်က သယ်ပိုးထားသလို ဖြစ်သွားပါတယ်။
ဒါကြောင့် မိဘနှစ်ယောက်ကြား ပြဿနာရှိတဲ့အခါ သားသမီးတစ်ယောက်က ရုတ်တရက် အိမ်ရဲ့ ပြဿနာကောင် ဖြစ်လာတာမျိုးပေါ့။
“သူက အမြဲခံပြောတယ်။သူ့ကြောင့် အိမ်မှာ စိတ်ညစ်ရတယ်။သူသာ နည်းနည်းလောက်ကောင်းရင် ငါတို့အားလုံးအဆင်ပြေမယ်။”
ဒီလိုစကားတွေကို တစ်ခါတလေ ပြောမိတာနဲ့တော့ Scapegoating လို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အထိ လူတစ်ယောက်တည်းကို အမြဲဒီလိုမြင်နေတယ်ဆိုရင်တော့ ပြဿနာက တခြားနေရာမှာ ရှိနေပါပြီ။
အထူးသဖြင့် “မင်းလုပ်တာမှားတယ်” ဆိုတာနဲ့ “မင်းကိုယ်တိုင်က မကောင်းဘူး” ဆိုတာကို ခွဲဖို့လိုပါတယ်။
ကလေးတစ်ယောက် စည်းကမ်းဖောက်ရင် ဒီလုပ်ရပ်က မမှန်ဘူးလို့ ပြောလို့ရပါတယ်။ ဒါက parenting ပါ။
“နင်က ဘယ်တော့မှ လူကောင်းဖြစ်မှာမဟုတ်ဘူး” လို့ ပြောလိုက်တာကတော့ ပြဿနာရှိလာပါပြီ။
ကလေးရဲ့အပြုအမူကို ပြင်နိုင်ဖို့ ကြိုးစားတာမျိုးမဟုတ်တော့ဘဲကလေးရဲ့ identity ကို တံဆိပ်ကပ်လိုက်တာကြီးပါ။
ဒီလိုတံဆိပ်ကပ်ခံရတာတွေ ထပ်ခါထပ်ခါဖြစ်လာရင် ကလေးဟာ နောက်ဆုံးမှာ မိဘပြောတာကို ကိုယ်တိုင်ယုံလာနိုင်ပါတယ်။
“ငါကတကယ်ပဲ ပြဿနာလား။”
“ငါက မကောင်းတဲ့ကလေးလား။”
“ငါ့ကြောင့်ပဲ အိမ်မှာ အဆင်မပြေတာလား။”
ကလေးဘဝက မေးခွန်းတွေဟာ အရွယ်ရောက်လာတဲ့အခါမှာတောင် ပျောက်မသွားနိုင်ပါဘူး။
ဒီအရာနဲ့ပတ်သက်ပြီး မိဘတွေရဲ့ differential treatment ကို လေ့လာထားတဲ့ သုတေသနတွေလည်း ရှိပါတယ်။
မနှစ်က ထုတ်ဝေခဲ့တဲ့ network meta-analysis တစ်ခုမှာ လေ့လာမှု ၂၆ ခုနဲ့ လူပေါင်း ၃သောင်းကျော် ကို စုစည်းသုံးသပ်ခဲ့ပြီး သားသမီးတွေကို မတူညီစွာ ဆက်ဆံခြင်းက depression, anxiety, aggression နဲ့ rule-breaking လို စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေနဲ့ ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါက မိဘတိုင်း သားသမီးအားလုံးကို အတိအကျတူတူဆက်ဆံရမယ် လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်က မတူနိုင်ပါဘူး။
အရေးကြီးတာက သားသမီးတစ်ယောက်ကို အမြဲတမ်း ကောင်းတဲ့ကလေး ၊နောက်သားသမီးတစ်ယောက်ကို မကောင်းတဲ့ကလေး ဆိုပြီး အခန်းကဏ္ဍသတ်မှတ်ထားတာ မျိုးမဖြစ်ဖို့ပါ။
တချို့မိသားစုတွေမှာ ဒီအခန်းကဏ္ဍက ပိုပြီးရှင်းပါတယ်။ တစ်ယောက်က အမြဲချီးကျူးခံရတယ်။ တစ်ယောက်က အမြဲအပြစ်တင်ခံရပါတယ်။
တစ်ယောက်က အိမ်ရဲ့ဂုဏ်ယူစရာ Golden Child ဖြစ်လာပြီးတစ်ယောက်က အိမ်ရဲ့ပြဿနာအိုး Scapegoat ပေါ့။
အဲဒီလိုနဲ့ Golden Child နဲ့ Scapegoat ဆိုတဲ့ role နှစ်ခု တည်ဆောက်လာတတ်ပါတယ်။စိတ်ဝင်စားစရာက Scapegoat ဖြစ်တဲ့ကလေးတိုင်း တစ်ပုံစံတည်း မဖြစ်ပါဘူး။
တချို့က ပိုပုန်ကန်လာတယ်။ ဘာပဲလုပ်လုပ် ဆိုးတယ်ပြောမှာပဲဆိုပြီး လက်လျှော့သွားတယ်။
တချို့ကတော့ အရမ်းကောင်းအောင် ကြိုးစားလာတယ်။ အမှားလုပ်မိမှာကြောက်တယ်။ လူတိုင်းကျေနပ်အောင် နေတတ်လာပြီး No မပြောတတ်တော့ပါဘူး။
တချို့ကတော့ အရာရာကို ကိုယ့်အပြစ်လို့ပဲ မြင်လာပြီးတိတ်တိတ်လေး နာကျင်နေတတ်ပါတယ်။ဘာဖြစ်ဖြစ် ငါပဲမှားတာထင်တယ်လို့ တွေးတတ်လာပါတယ်။
အဲဒီအကျင့်က အရွယ်ရောက်လာတဲ့အခါ relationship ထဲကို ပါလာနိုင်ပါတယ်ဗျ။
ချစ်သူနှစ်ယောက်ကြား က Scapegoating ကလည်း ဒီနေရာကနေ စိတ်ဝင်စားစရာကောင်းလာပါတယ်။
Relationship တစ်ခုမှာ ပြဿနာဖြစ်တိုင်း တစ်ယောက်က အမြဲတမ်း တရားခံဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။
“နင်ကြောင့် ငါဒီလိုဖြစ်တာ။”
“နင်သာ အဲဒီလိုမလုပ်ရင် ငါလည်း အဲဒီလိုမပြောဘူး။”
“ငါတို့ relationship ပျက်တာ နင့်ကြောင့်။”
“ငါစိတ်ဆိုးတာ နင်လုပ်လို့။”
ဒီလိုစကားတွေမှာ တစ်စိတ်တစ်ပိုင်းအမှန် ရှိနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်က တစ်ဖက်လူကို သက်ရောက်တာ သဘာဝပါ။
ဒါပေမယ့် ပြဿနာတိုင်းကို တစ်ယောက်တည်းပေါ် ပုံချလာပြီဆိုရင်တော့ အဲဒါက accountability မဟုတ်တော့ပါဘူး။
Blame cycle ဖြစ်လာတာပါ။ Relationship မှာ ပိုဆိုးတာက blame တစ်ခုတည်းနဲ့ မပြီးဘူး။ အပြန်အလှန်ဖြစ်လာတတ်ပါတယ်။
တစ်ယောက်က အပြစ်တင်တယ်။တစ်ဖက်က ကာကွယ်တယ်။ကာကွယ်ရင်းနဲ့ ပြန်အပြစ်တင်တယ်။
ပထမလူက ပိုဒေါသထွက်တယ်။နောက်ဆုံးတော့ ဘာဖြစ်ခဲ့လဲ ဆိုတာထက် ဘယ်သူမှားလဲ ဆိုတာကပဲ အရေးကြီးသွားပါတယ်။
John Gottman ရဲ့ relationship research မှာလည်း ဒီလို communication pattern တွေကို အလေးအနက်ထားလေ့လာခဲ့ပါတယ်။
အထူးသဖြင့် partner ရဲ့ လုပ်ရပ်တစ်ခုကို ဝေဖန်တာနဲ့ partner ရဲ့ character ကို တိုက်ခိုက်တာဟာ မတူဘူးလို့ ရှင်းပြထားပါတယ်။
“မင်းဒီတစ်ခါ လုပ်တာကို ငါစိတ်မကောင်းဘူး” ဆိုတာ complaint ဖြစ်နိုင်ပေမယ့် “မင်းက အမြဲတမ်း ဒီလိုလူပဲ” ဆိုတာက criticism ဖြစ်လာပါတယ်။
အဲဒီ criticism က defensiveness ကို ဖြစ်စေပြီး နှစ်ဖက် blame cycle ကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် relationship တစ်ခုမှာ မေးသင့်တဲ့မေးခွန်းက ဘယ်သူမှားလဲ တစ်ခုတည်း မဟုတ်ပါဘူး။
ဒီပြဿနာကို နှစ်ယောက်သားဘာလို့ဖြစ်အောင်လုပ်နေကြတာလဲ ဆိုတာလည်း မေးရပါတယ်။
Healthy relationship မှာ “ငါတို့” ဆိုတဲ့စကားပဲရှိပါတယ်။Scapegoating များလာတဲ့ relationship မှာတော့ “မင်း” ဆိုတဲ့စကား ပိုများလာတတ်ပါတယ်။
“ငါတို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ” မဟုတ်တော့ဘူး။“မင်းဘာလို့ ဒီလိုပြဿနာကောင်ဖြစ်နေတာလဲ” ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ ပြဿနာဟာ အပြုအမူတစ်ခုကနေ လူတစ်ယောက်ရဲ့ personality ထဲထိကို ရွှေ့သွားပါပြီ။
Scapegoating ရဲ့ နောက်ထပ်အန္တရာယ်တစ်ခုက ဒီလို blame cycle ဟာ မိသားစုနဲ့ relationship နှစ်ခုစလုံးမှာ ပြဿနာကို ဖုံးကွယ်ပေးနိုင်တာပါ။
မိသားစုမှာ သားကပြဿနာ လို့ ယုံထားရင် မိဘနှစ်ယောက်ကြားက အိမ်ထောင်ရေးပြဿနာကို မကြည့်တော့ပါဘူး။
Relationship မှာကျတော့လည်း တဖက်ကိုယ့် partner က toxic ဖြစ်တယ်လို့ လို့ ယုံထားရင် နှစ်ယောက်ကြားမှာ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ communication pattern ကို မကြည့်တော့ပါဘူး။
အဲဒါကြောင့် Scapegoating ဟာ ပြဿနာကို ဖြေရှင်းပေးတာ မဟုတ်ဘဲပြဿနာကို ဘယ်သူ့ဆီမှာထားရမလဲဆိုတာ ဆုံးဖြတ်ပေးတာပါ။
လူတွေဟာ ရှုပ်ထွေးတဲ့အကြောင်းရင်းတွေကို မကြိုက်ကြဘူး။ အဖြေရှာရခက်နေရင် “သူ့ကြောင့်” လို့ ပြောလိုက်ရင်တော့ အားလုံးလွယ်သွားကြပါတယ်။
ဒါကြောင့် Scapegoat ဆိုတာ တစ်ခါတလေ အပြစ်အရှိဆုံးလူ ဆိုတာထက်အပြစ်တင်ဖို့ အလွယ်ဆုံးလူ ဖြစ်နေတာပါ။
မိသားစုမှာ အာဏာအနည်းဆုံးရှိတဲ့ ကလေးဖြစ်နိုင်တယ်။ချစ်သူဆက်ဆံရေးမှာ ပိုပြီးသည်းခံတတ်တဲ့သူ ဖြစ်နိုင်တယ်။စကားပြန်မပြောတတ်တဲ့သူ ဖြစ်နိုင်တယ်။
ဒါမှမဟုတ် ပြန်အပြစ်တင်မယ့်အစား ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်တတ်တဲ့သူ ဖြစ်နိုင်တယ်။ဒါပေမယ့် ဒီနေရာမှာ သတိထားရမယ့်အချက်တစ်ခု ရှိပါတယ်။
အပြစ်တင်ခံရတိုင်း Scapegoat မဟုတ်ပါဘူး။
မိဘက သားသမီးရဲ့ အမှားကို ထောက်ပြတာဟာ Scapegoating မဟုတ်ပါဘူး။ချစ်သူက ကိုယ်လုပ်ခဲ့တဲ့အမှားကို တာဝန်ယူခိုင်းတာလည်း Scapegoating မဟုတ်ပါဘူး။
တစ်ယောက်က တကယ်လိမ်ခဲ့ရင် လိမ်တာအတွက် တာဝန်ယူရပါမယ်။ တစ်ယောက်ကိုတကယ်နာကျင်စေခဲ့ရင် အဲဒီအတွက် တောင်းပန်ရပါမယ်။
Scapegoating ဆိုတာက အမှားတစ်ခုကို ထောက်ပြတာမဟုတ်ဘူး။ အမှားတစ်ခုကနေ လူတစ်ယောက်လုံးကို သတ်မှတ်လိုက်တာပါ။
မင်းလုပ်တာမှားတယ် နဲ့ မင်းက မကောင်းတဲ့လူပဲ
ဆိုတာ နှစ်ခုကမတူပါဘူး။
ဒီကွာခြားချက်ကို နားလည်ထားရင် ကိုယ့်ကိုယ်ကိုလည်း မတရားကာကွယ်စရာ မလိုတော့ဘူး။ တစ်ဖက်လူကိုလည်း မတရားအပြစ်ပုံချစရာ မလိုတော့ပါဘူး။
နောက်ဆုံးမှာ Scapegoating ကို ဖြေရှင်းဖို့ အရေးကြီးဆုံးအရာက Scapegoat ကို ဘယ်လိုပြင်မလဲဆိုတဲ့မေးခွန်းကို ရပ်လိုက်ဖို့ပါ။
မိသားစုမှာဒီကလေး ဘာဖြစ်နေတာလဲ ဆိုတာထက်
ငါတို့မိသားစုမှာ ဘာဖြစ်နေတာလဲလို့ မေးရပါမယ်။
Relationship မှာဘယ်သူမှားလဲ ဆိုတာထက်
ငါတို့နှစ်ယောက် ဒီလို ပြဿနာ cycle ထဲ ဘယ်လိုရောက်လာကြတာလဲလို့ မေးရပါမယ်။
အဲဒီမေးခွန်းနှစ်ခုက အမြင်ကို ပြောင်းပေးနိုင်တယ်ဗျ။
Scapegoating ရဲ့ အနက်ဆုံးပြဿနာက လူတစ်ယောက်ကို အပြစ်တင်တာ မဟုတ်ပါဘူး။အဲဒီလူကို အပြစ်တင်လိုက်ရင် ကျန်တဲ့လူတွေက ကိုယ့်အပိုင်းကို မကြည့်တော့နိုင်တာပါ။
သားသမီးတစ်ယောက်ကို နှစ်ပေါင်းများစွာ မိသားစုရဲ့ပြဿနာအိုးလို့ ခေါ်နေခဲ့ရင် တစ်နေ့မှာ မေးကြည့်သင့်တယ်။
တကယ်တော့ ဒီကလေးက ပြဿနာလား ဒါမှမဟုတ် ငါတို့မိသားစုရဲ့ ပြဿနာတွေကို ဒီကလေးအပေါ်ပုံချမိနေတာလားပေါ့။
ချစ်သူနှစ်ယောက်မှာလည်း ဒီလိုပါပဲ။
သူကြောင့် ငါတို့ဒီအိမ်ထောင်ရေးမပြေလည်တာ လို့ ပြောနေမယ့်အစား ငါတို့နှစ်ယောက်ကြားမှာ ဘာတွေ ထပ်ခါထပ်ခါ ဖြစ်နေကြတာလဲလို့ မေးကြည့်ရမှာပါ။
တစ်ခါတလေ ပြဿနာက လူတစ်ယောက် မဟုတ်ပါဘူး။လူနှစ်ယောက်ကြားမှာ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ pattern ဖြစ်နေတတ်ပါတယ်။
အဲဒီ pattern ကို မြင်သွားတဲ့နေ့မှာပဲ Scapegoat ကို ရှာဖို့ လိုတော့မှာမဟုတ်ဘူး။ပြဿနာကို စတင်မြင်လာပြီး အပြစ်ပုံချစရာ ဓားစာခံ မလိုတော့တဲ့နေ့ရက်တွေပေါ့ဗျာ။
The Prince Bookshop
Telegram Channel :
https://t.me/theprincebookshop