26/09/2026
【တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံအတွက် ပြုလုပ်သော စပါးနှင့် ပဲပုပ်စိုက်ပျိုးနည်းပညာ နိုင်ငံရပ်ခြားသင်တန်း ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ】
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးတွဲစီစဉ်ကြီးမှူး ပြီး Yuan Longping High-Tech Agriculture ကုမ္ပဏီမှ တာဝန်ယူကျင်းပသည့် တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွက် ပြုလုပ်သော စပါးနှင့်ပဲပုပ် စိုက်ပျိုးနည်းပညာ နိုင်ငံရပ်ခြားသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့် တို့က တက်ရောက်အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍမှ ကိုယ်စားလှယ် ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။
သံမှူး Mr. Ouyang Daobing က စိုက်ပျိုးရေးသည် တရုတ်-မြန်မာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော နယ်ပယ်တစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးအတွေ့အကြုံများနှင့် စပ်မျိုးစပါးဆိုင်ရာ အတွေ့အကြုံများကို မျှဝေကာ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရေးအတွက် ကူညီဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့ပါ သည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်က တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပြီး သင်တန်းသားများအနေဖြင့် သင်ယူရရှိခဲ့သော နည်းပညာများကို လယ်ယာစိုက်ပျိုးရေးတွင် လက်တွေ့ အသုံးချကာ စားနပ်ရိက္ခာဖူလုံရေးကို အာမခံချက်ပေးနိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။
ယခုအကြိမ် သင်တန်းသည် (၄၅) ရက်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးရေးအရာရှိများနှင့် နည်းပညာရှင် (၆၂) ဦး တက်ရောက်ကြမည်ဖြစ်ရာ သင်တန်းတွင် စပ်မျိုးစပါး၊ ပဲပုပ် မျိုးဗီဇနှင့်မျိုးစပ်မွေးမြူခြင်း (Soybean Genetics and Breedin)၊ မျိုးစေ့ထုတ်လုပ်ခြင်း၊ အထွက်နှုန်းမြင့်မားစွာ စိုက်ပျိုးနည်းစသည့် သင်ရိုးညွှန်းတမ်းများ ပါဝင်ပါသည်။