24/03/2024
သင့်ရဲ့ပိုင်ဆိုင်မှု(အိမ်၊ကား၊ရွှေ၊ငွေ)ကိုမက်လို့သင့်ကိုချည်းကပ်တဲ့သူ (သိုက်တူးသမား) သင်နှစ်သက်ပါ့မလား ၊ အဲ့ဒီလိုပါပဲ ဘုရားကလည်းသူပေးတဲ့ကောင်းကြီးထက်၊ သူ့ကိုသာ၍စွဲလန်းပြီး သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်တဲ့သူ၊ သစ္စာရှိတဲ့ သူကိုလိုလားပါတယ်။
ဒါပေမဲ့ ဒီကနေ့ကြားနေရတဲ့တရားဟောချက်တော်တော်များများကတော့ ဘုရားကိုချစ်တတ်ဖို့ ကြောက်တတ်ဖို့ သစ္စာရှိဖို့ထက်၊ ဘုရားထံမှရရှိမယ့် ကောင်းကြီးမဂ်လာအကြောင်း၊အောင်မြင်ခြင်းအကြောင်းတွေကိုပဲအခြေခံပြီးအထူးပြုဟောနေ ပြောနေတာ တွေ့ရကြားရတာများလာတော့ စိတ်မချမ်းသာစရာပါ။ ဒီလိုဟောတတ်တဲ့ တရားဟောဆရာတွေ အလွန်များပြားလာတာဟာ ခရစ်တော်အသက်ပေးပြီးချစ်တဲ့ အသင်းတော်အတွက် အလွန်စိတ်မကောင်းစရာအခြေအနေတခုပါ။
ဘုရားသခင်ပြင်ဆင်ပေးတဲ့ မြေကြီးနဲ့စပ်ဆိုင်တဲ့ကောင်းကြီးတွေမလိုအပ်ဘူး မဟောရဘူးလို့မဆိုလိုပါ၊ ကျမ်းစာမှာလည်း ကျမ်းပိုဒ်ပေါင်း ၅၂၈၀ မှာငွေကြေးဆိုင်ရာကောင်းကြီးမဂ်လာ အကြောင်းဖော်ပြထားတာကိုလည်း သတိထားမိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘုရားပြင်ဆင်ပေးတဲ့ကောင်းကြီးအကြာင်းကို ဟောပါတယ်။ ဒါပေမယ့် အလွန်အကျွံဟောခြင်း(ဆင်းရဲသားခရစ်ယာန်များ၊ချို့တဲ့သောအမှုတော်ဆောင်ဆရာများကို ဘုရားသခင်နဲ့လွဲနေသယောင် ဟောပြောခြင်း၊ပိုက်ဆံအကြောင်း ၊ အောင်မြင်ခြင်းအကြောင်းမပါရင် တရားဟောချက်မပြည့်စုံသလိုယူဆခြင်းမျိုး)ကိုပြောလိုခြင်းဖြစ်ပါတယ်။
အဲ့ဒီဆရာတွေ သွန်သင်ချက်က များသောအားဖြင့် ကောင်းကြီးမရရင် ဘုရားနဲ့လွဲနေသယောင်၊ ကောင်းကြီးနဲ့ကြွယ်ဝနေမှပဲ ဘုရားသားသမီးအစစ် ဖြစ်သယောင်၊ ဓမ္မအစစ်ကိုရသောသူဖြစ်သယောင်တွေပါပဲ။
အဲ့ဒီဟောပြောချက်တွေဟာ အဆင်ပြေတုန်းခဏတော့ဘုရားကိုချစ်တဲ့သူ၊ ဒါပေမဲ့ ဒုက္ခ ပြသာနာ၊ အခက်အခဲတွေတွေ့ကြုံရင်ဆိုင်လာရတဲ့အခါ ဘုရားက်ိုစွန့်သွားကြမယ့် သိုက်တူးသူ ခရစ်ဟန်များကိုသာမွေးထုတ်ပေးမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
ခရစ်တော်၏မေတ္တာအားဖြင့်~
Pastor Thang Cung Nung
📖ကိုးကားကျမ်းချက်များ📖
၁။ ရှင်မဿဲခရစ်ဝင် ၂၂:၃၇
၂။ ရှင်မဿဲခရစ်ဝင် ၆:၂၁
၃။ တိမောသေဩဝါဒစာဒုတိယစောင် ၄:၃-၄
၄။ ရှင်မာကု ၁၀:၁၇-၂၇