Ananda Saytanar Foundation

Ananda Saytanar Foundation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ananda Saytanar Foundation, Nonprofit Organization, Yangon.

🚨 ကင်ဆာကို ဖြစ်စေတဲ့ Carcinogen (ကာစီနိုဂျင်) ဆိုတာ ဘာတွေလဲ ❓‼️ Carcinogen ဆိုတာ လူ့ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့ဆဲလ်တွေရဲ့ D...
21/08/2026

🚨 ကင်ဆာကို ဖြစ်စေတဲ့ Carcinogen (ကာစီနိုဂျင်) ဆိုတာ ဘာတွေလဲ ❓

‼️ Carcinogen ဆိုတာ လူ့ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့ဆဲလ်တွေရဲ့ DNA ဖွဲ့စည်းပုံကို ပျက်စီးစေပြီး၊ ထိုမှတစ်ဆင့် ဆဲလ်တွေ ထိန်းချုပ်မရအောင် ပုံစံပျက်ပြားကာ အဆမတန် ပွားများလာစေတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ရေဒီယိုသတ္တိကြွစွမ်းအင်တွေနဲ့ ပိုးမွှားတွေကို ခေါ်တာ ဖြစ်ပါတယ်။

⚠️ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ သတ်မှတ်ချက်အရ လူတွေနေ့စဉ်ဘဝမှာ အဓိက သတိထားရှောင်ရှားသင့်ပြီး ကင်ဆာဖြစ်စေကြောင်း သိပ္ပံနည်းကျ အသေအချာ သက်သေပြထားတဲ့ အဓိက Carcinogen အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် - 👇
၁။ 🍷 အရက် (Alcohol)
အရက်သေစာ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
‼️ ဖြစ်ပွားစေနိုင်သော ကင်ဆာများ: အစာရေမျိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။
💢 အလုပ်လုပ်ပုံစနစ်: အရက်က ခန္ဓာကိုယ်တွင်း ရောက်သွားတဲ့အခါ အသည်းကနေ Acetaldehyde ဆိုတဲ့ အဆိပ်အတောက်ဓာတ် အဖြစ်သို့ ချေဖျက်ပေးရပါတယ်။ ဒီဓာတ်က ဆဲလ်တွေရဲ့ DNA ကို ထိခိုက်ပျက်စီးစေပြီး ကင်ဆာဆဲလ်တွေ လွယ်လွယ်ကူကူ ပေါက်ဖွားလာစေပါတယ်။

၂။ 🚬 ဆေးလိပ်နှင့် ဆေးရွက်ကြီး (To***co)
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်းဟာ ကမ္ဘာပေါ်မှာ လူတွေရဲ့ အသက်ကို အများဆုံး အန္တရာယ်ပေးနေတဲ့ ကာစီနိုဂျင် ဖြစ်ပြီး၊ ကာကွယ်လို့ရနိုင်တဲ့ ကင်ဆာသေဆုံးမှု အများစုရဲ့ မူလတရားခံလည်း ဖြစ်ပါတယ်။
‼️ ဖြစ်ပွားစေနိုင်သော ကင်ဆာများ: အဆုတ်ကင်ဆာအပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတို့နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
💢 အလုပ်လုပ်ပုံ စနစ်: ဆေးလိပ်ငွေ့ထဲမှာ ကင်ဆာကို တိုက်ရိုက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း (၇၀) ကျော်အပါအဝင် အဆိပ်အတောက်ပေါင်း (၇,၀၀၀) ကျော် ပါဝင်ပြီး ကျန်းမာတဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ (ဘေးကနေ ဆေးလိပ်ငွေ့ရှူရသူများ - Secondhand smokers ပါ အလားတူအန္တရာယ် ရှိပါတယ်။)

၃။ ☀️ နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည် (UV Radiation)
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays) နဲ့ အသားမည်းစက်စက်ဖြစ်အောင် ပြုလုပ်တဲ့ နေရာတွေမှာ သုံးတဲ့ နေရောင်ခြည်တုတွေဟာ အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
‼️ ဖြစ်ပွားစေနိုင်သော ကင်ဆာများ: အန္တရာယ်အများဆုံးဖြစ်တဲ့ မှည့်ကင်ဆာ (Melanoma) အပါအဝင် အရေပြားကင်ဆာ အမျိုးမျိုး ဖြစ်ပွားစေပါတယ်။
🛡️ ကာကွယ်ရန်: နေရောင်ပြင်းတဲ့ အချိန်တွေမှာ အပြင်ထွက်မယ်ဆိုရင် နေလုံအမိုးအကာ၊ ထီး၊ လက်ရှည်အဝတ်အစားနဲ့ နေရောင်ကာခရင်မ် (Sunscreen) များကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

၄။ ☢️ ရေဒီယိုသတ္တိကြွစွမ်းအင်နှင့် ဓာတ်ရောင်ခြည် (Ionizing Radiation)
ဓာတ်ရောင်ခြည်ကုထုံးတွေမှာ သုံးတဲ့ ရောင်ခြည်များ၊ ကမ္ဘာ့မြေလွှာထဲက ထွက်လာတဲ့ ရေဒီယိုသတ္တိကြွ ဂက်စ်များ (Radon) နဲ့ နျူကလီးယားစွမ်းအင်တွေဟာ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇ (DNA) ကို ပြင်းထန်စွာ ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။
‼️ ဖြစ်ပွားစေနိုင်သော ကင်ဆာများ: အထူးသဖြင့် သွေးကင်ဆာ (Leukemia)၊ အဆုတ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။

၅။ 🦠 ဗိုင်းရပ်စ်နှင့် ပိုးမွှားများ (Infectious Agents)
အချို့သော ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ကြာရှည်စွာ ဖြစ်စေခြင်းဖြင့် ဆဲလ်တွေ ပုံစံပြောင်းလဲကာ ကင်ဆာဖြစ်စေနိုင်ပါတယ်။
‼️ အဓိက ဥပမာများ:
✔️Hepatitis B နှင့် C ဗိုင်းရပ်စ်ပိုးများ: ရေရှည်စွဲကပ်တဲ့အခါ အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာ ကို ဖြစ်ပွားစေပါတယ်။
✔️HPV (Human Papillomavirus): လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်စ်က အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ရဲ့ အဓိကတရားခံ ဖြစ်ပါတယ်။
✔️H. pylori ဘက်တီးရီးယားပိုး: အစာအိမ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေပြီး ကြာလာရင် အစာအိမ်ကင်ဆာ အဖြစ် ပြောင်းလဲနိုင်ပါတယ်။

၆။ 🏭 ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းများ (Chemical Carcinogens)
နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်တွေမှာ မသိမသာ ထိတွေ့နေရတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေလည်း ကာစီနိုဂျင် စာရင်းထဲမှာ ပါဝင်ပါတယ်။
‼️ အဓိက ဥပမာများ: အဆောက်အအုံဟောင်းတွေမှာ တွေ့ရတဲ့ ကျောက် asbestos (အစဘက်စတို)၊ စက်မှုလုပ်ငန်းသုံး benzene နဲ့ formaldehyde ကဲ့သို့သော ဓာတုပစ္စည်းများဟာ အဆုတ်ကင်ဆာနဲ့ အခြားသွေးကင်ဆာများကို ဖြစ်ပွားစေနိုင်ပါတယ်။

💥 ဒီလိုမျိုး Carcinogen တွေဟာ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်၊ အစားအသောက်၊ နေထိုင်မှုပုံစံနဲ့ နေ့စဉ်ဘဝထဲမှာ နည်းမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ ဒါကြောင့် ဆေးလိပ်၊ အရက်ကို ရှောင်ရှားခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း၊ ကာကွယ်ဆေးများ (ဥပမာ- Hepatitis B နဲ့ HPV ကာကွယ်ဆေး) ထိုးနှံခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ လူနေထိုင်မှုပုံစံကို ကျင့်သုံးခြင်းဖြင့် ကင်ဆာရောဂါအန္တရာယ်မှ ကင်းဝေးအောင် ကြိုတင်ကာကွယ်ကြပါစို့နော် 💪



#ကျန်းမာရေးဗဟုသုတ

♻️ Recycle ပစ္စည်းတွေနဲ့ ပါဝင်ပြီး Tote Bag လက်ဆောင်ရယူနိုင်မယ့် Challenge♻️အနန္တစေတနာ ဖောင်ဒေးရှင်းကနေ စီစဉ်တဲ့ "ကမ္ဘာက...
20/08/2026

♻️ Recycle ပစ္စည်းတွေနဲ့ ပါဝင်ပြီး Tote Bag လက်ဆောင်ရယူနိုင်မယ့် Challenge♻️

အနန္တစေတနာ ဖောင်ဒေးရှင်းကနေ စီစဉ်တဲ့ "ကမ္ဘာကြီး စိမ်းလန်းဖို့အတွက် Recycle Challenge" အစီအစဥ်မှာ အသုံးမလိုတော့တဲ့ ဘူးခွံအဟောင်း၊ ပိတ်စအဟောင်းနဲ့ တခြားသော စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ဆန်းသစ်ပြီး အသုံးဝင်တဲ့ ပစ္စည်းအဖြစ် ဖန်တီးထားတဲ့လက်ရာတွေကို ဝေမျှရင်း လက်ဆောင်ရယူလိုက်ပါနော်။ ♻️

✅ဒီအစီအစဥ်မှာ ပါဝင်ဖို့အတွက် -
💠အနန္တစေတနာ ဖောင်ဒေရှင်း page ကို Like & Follow လုပ်ပါ။
💠ဒီ Post ကို Hashtag တွေ ထည့်ပြီး Public နဲ့ Share ပါ။
💠ပြီးရင် Recycle ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပါ။ ကိုယ်တိုင် တီထွင်ဆန်းသစ်ထားတဲ့ အကြောင်းကို ရေးသားပြီး ကောမန့်မှာမန့်ရုံနဲ့ ဒီအစီအစဥ်မှာ ပါဝင်နိုင်ပါပြီ။
💠ကမ်ပိန်းကာလလေးကတော့ ဩဂုတ်လ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိပဲ ဖြစ်လို့ ခုပဲပါဝင်လိုက်တော့နော်။

✅စည်းကမ်းချက်တွေအနေနဲ့ကတော့ -
❗AI နဲ့ ထုတ်ထားတဲ့ ပုံတွေ နဲ့ အင်တာနက်ကနေ ကူးယူထားတဲ့ပုံတွေ အကျုံးမဝင်ပါ။
❗တီထွင်ဆန်းသစ်မှုရှိပြီး စည်းကမ်းချက်နဲ့ ကိုက်ညီသူတွေကိုသာ ဆုလက်ဆောင်အတွက် ထည့်သွင်းစဥ်းစားမှာပါ။
❗အငြင်းပွားဖွယ် တစ်စုံတစ်ရာရှိလာခဲ့ရင် အနန္တစေတနာ ဖောင်ဒေးရှင်းရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

"တစ်ရက်ကို တန်ချိန်ပေါင်း ၁ သန်းကျော်အထိ စွန့်ပစ်နေတဲ့ ပလတ်စတစ်အမှိုက်တွေကို Recycle လုပ်ပြီး ပြန်လည်အသုံးပြုရင်း ကမ္ဘာကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းရွက်ဖို့အတွက် အနန္တစေတနာရဲ့ Recycle Challenge အစီအစဥ်မှာ အတူတူပါဝင်ကြပါစို့နော်။" 🤗

18/08/2026

အစာအိမ်ပိုးကို မကုဘဲ ပစ်ထားမယ်ဆိုရင် …

#အစာအိမ်ရောဂါ #အစာအိမ်ပိုး #ကျန်းမာရေးဗဟုသုတ

17/08/2026

📌 "အူမကြီးကင်ဆာ မဖြစ်အောင် ဘာတွေရှောင်ကြမလဲ?" 🥦🚫

‼️လက်ရှိ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံနဲ့ စားသောက်ထုံးစံတွေကြောင့် အူမကြီးကင်ဆာ (Colon Cancer) ဖြစ်ပွားနှုန်းဟာ လူငယ်ရော လူကြီးပိုင်းမှာပါ တစ်စ တစ်စ မြင့်တက်လာနေတာကို တွေ့ရှိရပါတယ်။

🧬အူမကြီးကင်ဆာဟာ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်စားသောက်မှု အလေ့အထ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု အားနည်းချက်တွေကြောင့် အဓိက ဖြစ်ပွားတတ်ပါတယ်။

💢ဒါကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေတဲ့ အဓိက အကြောင်းရင်းများကို ရှောင်ကြဖို့ အသေးစိတ် ဖော်ပြပေးလိုက်ရပါတယ်။

🥩 အနီရောင်အသားနှင့် ပြုပြင်ထားသော အသားများ လွန်ကဲစွာ စားသုံးခြင်း :
အမဲသား၊ ဝက်သား၊ ဆိတ်သားအစရှိသည့် အနီရောင်အသားများနှင့် ဝက်အူချောင်း၊
ဟမ် (Ham)၊ ကြက်အူချောင်းကဲ့သို့သော ပြုပြင်ထားတဲ့ အသားများကို ပုံမှန်စားသုံးခြင်း နှင့် ပမာဏများစွာ စားသုံးခြင်းဟာ အူမကြီးနံရံများကို ရောင်ရမ်းစေပြီး ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲနိုင်ချေကို သိသိသာသာ မြင့်တက်စေပါတယ်။

🥐 အမျှင်ဓာတ် နည်းပါးလွန်းသည့် အစားအစာများ စားသုံးခြင်း :
ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် ကောက်နှံတစ်ခုလုံး (Whole Grains) ကဲ့သို့သော အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ အစားအစာများကို လျှော့စားပြီး ပြုပြင်ထားသော မုန့်မျိုးစုံနှင့် အသင့်စား အစားအစာ (Fast Food) များကို အဓိကစားသုံးခြင်းကြောင့် အူမကြီး၏ အစာချေစနစ် နှေးကွေးသွားစေကာ အူလမ်းကြောင်းအတွင်းအဆိပ်အတောက်များ အချိန်
ကြာမြင့်စွာ အောင်းနေစေတတ်ပါတယ်။

🚽 ဝမ်းချုပ်ခြင်းကို ပေါ့ဆမိခြင်း :
ဝမ်းမကြာခဏချုပ်တတ်ခြင်းကို သေချာမကုသဘဲ ပေါ့ဆထားခြင်းကြောင့် စွန့်ထုတ်ရမည့် အဆိပ်အတောက်များနှင့် အူမကြီးနံရံတို့ အချိန်ကြာမြင့်စွာ ထိတွေ့နေရကာ အူမကြီးဆဲလ်များကို တိုက်ရိုက်ထိခိုက်
ပျက်စီးစေပါတယ်။

🚬 ဆေးလိပ်သောက်သုံးခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်း :
ဆေးလိပ်တွင်ပါဝင်သော အဆိပ်အတောက် ဓာတုပစ္စည်းများဟာ သွေးကြောမှတစ်ဆင့် အူမကြီးဆဲလ်များဆီသို့ ရောက်ရှိကာ ဆဲလ်များ၏ DNA ကို ပျက်စီးစေပါတယ်။ဒါ့အပြင် အူမကြီးအတွင်းနံရံများကို ထိခိုက်ပျက်စီးစေပြီး ကင်ဆာအန္တရာယ်ကို ဖြစ်စေပါတယ်။

🛋️ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များသည့် လူနေမှုပုံစံ :
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကအူမကြီးရဲ့ ရွေ့လျားမှုကို နှေးကွေးစေပြီး အစာချေစနစ် မကောင်းမွန်ခြင်းနှင့်အတူ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို အားပေးပါတယ်။

⚖️ ခန္ဓာကိုယ်တွင်း အဆီပိုများခြင်း :
ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထက် ကျော်လွန်နေခြင်းနှင့် ဗိုက်ပတ်လည်တွင် အဆီပိုများစုပုံနေခြင်းဟာ ခန္ဓာကိုယ်တွင်း နာတာရှည် ရောင်ရမ်းမှုများ (Chronic Inflammation) ကို ဖြစ်ပေါ်စေကာ ကင်ဆာဆဲလ်များ ပွားများလာစေပါတယ်။

🩺 ပုံမှန် ကျန်းမာရေး စစ်ဆေးမှုနှင့် မှန်ပြောင်းကြည့်ရှုမှု (Colonoscopy)
မရှိခြင်း : ရောဂါလက္ခဏာ အစပျိုးချိန်မှာ ပုံမှန်အူမကြီး မှန်ပြောင်းကြည့်ခြင်းဖြင့် အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ပေမယ့် စစ်ဆေးမှုခံယူရန် ပေါ့ဆမိလိုက်ခြင်းကြောင့် အစောပိုင်းအဆင့်တွင် မသိလိုက်ရပါက ရောဂါပိုမိုဆိုးရွားလာမှ သိရနိုင်ပါတယ်။

💪ဒီအချက်တွေကို လေ့လာရင်းကြိုတင်သတိပြုကာ မိမိနှင့် မိမိချစ်ခင်ရသူတွေရဲ့ကျန်းမာရေးကို အမြဲမပြတ် စောင့်ရှောက်ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။



#ကျန်းမာရေးဗဟုသုတ

15/08/2026

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံသင့်လဲ?

#သားအိမ်ခေါင်းကင်ဆာ #ကျန်းမာရေးဗဟုသုတ

14/08/2026

‼️အမျိုးသမီးတွေ သတိမထားမိတတ်တဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုလေးတွေက တကယ်တော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတိပေးချက်တွေ ဖြစ်နေနိုင်ပါတယ်။

🚨ကင်ဆာဆိုတဲ့ စကားလုံးက ကြောက်စရာကောင်းပေမယ့် "စောစောသိရင် လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြေ အလွန်မြင့်မားတယ်" ဆိုတာကိုရော သင်သိပါသလား ❓

1️⃣ ရင်သားကင်ဆာ (Breast Cancer)
အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး စောစီးစွာ စစ်ဆေးတွေ့ရှိပါက ပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားပါတယ်။
💢သတိပြုရန် လက္ခဏာများ: (၁) ရင်သား သို့မဟုတ် ဂျိုင်း တွင် အကျိတ်စမ်းမိခြင်း၊ (၂) ရင်သား ပုံစံ သို့မဟုတ် အရွယ်အစား မူမမှန် ပြောင်းလဲခြင်း၊ (၃) နို့သီးခေါင်းမှ ပုံမှန်မဟုတ်ဘဲ အရည် သို့မဟုတ် သွေးထွက်ခြင်း၊ (၄) နို့သီးခေါင်း ဝင်သွားခြင်း သို့မဟုတ် ရင်သား အရေပြား ချိုင့်ဝင်ခြင်း၊ (၅) အရေပြား နီရဲပြီး သစ်သီးခွံကဲ့သို့ ထူအမ်းလာခြင်း တို့ ဖြစ်ပါတယ်။
💡ကာကွယ်/စစ်ဆေးရန်: အသက် (၂၀) ကျော်ပါက တစ်လတစ်ကြိမ် မိမိဘာသာ ရင်သား စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်ပါ။ အသက် (၄၀) ကျော်ပါက တစ်နှစ်တစ်ကြိမ် မာမိုဂရမ် (Mammogram) ဓာတ်မှန်ရိုက် စစ်ဆေးသင့်ပါတယ်။

2️⃣ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
HPV ဗိုင်းရပ်စ်ပိုး ကြောင့် အဓိက ဖြစ်ပွားတာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။
💢သတိပြုရန် လက္ခဏာများ: (၁) အမျိုးသားနှင့် အတူနေပြီးချိန် သွေးဆင်းခြင်း၊ (၂) ရာသီစက်ဝန်း မဟုတ်ဘဲ ကြားရက်များတွင် မူမမှန် သွေးဆင်းခြင်း၊ (၃) သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ (၄) မကောင်းသော အနံ့ရှိသည့် အဖြူဆင်းခြင်း သို့မဟုတ် သွေးစရောနေခြင်း၊ (၅) ဆီးခုံပိုင်းနှင့် ခါးဆစ်များ မကြာခဏ နာကျင်ခြင်း တို့ ဖြစ်ပါတယ်။
💡ကာကွယ်/စစ်ဆေးရန်: HPV ကာကွယ်ဆေး ကြိုတင်ထိုးနှံထားပါ။ အသက် (၂၁) နှစ်ကျော်ပါက သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း (Pap Smear) ကို (၃) နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးပေးပါ။

3️⃣ သားအိမ်ကင်ဆာ
(Uterine/Endometrial Cancer)
အမျိုးသမီး ဟော်မုန်း အပြောင်းအလဲများနှင့် ဆက်စပ်နေပြီး အထူးသဖြင့် သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ ပိုမို အဖြစ်များလေ့ရှိပါတယ်။
💢 သတိပြုရန် လက္ခဏာများ: (၁) သွေးဆုံးပြီးမှ သွေးပြန်ဆင်းလာခြင်း၊ (၂) ရာသီလာစဉ် ပုံမှန်မဟုတ်ဘဲ သွေးအလွန်အမင်း ဆင်းခြင်း၊ (၃) ရာသီလာသည့်ရက် ရက်ရှည်လွန်းခြင်း၊ (၄) ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ (၅) ဆီးခုံပိုင်းနာကျင်ခြင်း တို့ ဖြစ်ပါတယ်။
💡ကာကွယ်/စစ်ဆေးရန်: ပုံမှန်စစ်ဆေးတဲ့ နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် မူမမှန် သွေးဆင်းတာမျိုးရှိခဲ့ရင် ဆရာဝန်နှင့် ပြသပြီး လိုအပ်တာများကို စစ်ဆေးပါ။

4️⃣ သားဥအိမ်ကင်ဆာ (Ovarian Cancer)
စောစီးစွာ သိရှိဖို့ ခက်ခဲပြီး လက္ခဏာ မပြဘဲ တိတ်တဆိတ်ဖြစ်တတ်တာကြောင့် "တိတ်တဆိတ် လူသတ်သမား"လို့တောင် ခေါ်ကြပါတယ်။
💢သတိပြုရန် လက္ခဏာများ: (၁) ဝမ်းဗိုက် ခပတင်းအောင့်ခြင်း၊ (၂) ဗိုက် မကြာခဏ ပုံမှန်မဟုတ်ဘဲ လေပွ/ဖောင်းနေခြင်း၊ (၃) အစားအသောက် အနည်းငယ် စားရုံဖြင့် မြန်
မြန် ဗိုက်ပြည့်သွားခြင်း၊ (၄) ဆီးခဏခဏ သွားချင်ခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း၊ (၅) အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားခြင်း တို့ ဖြစ်ပါတယ်။
💡ကာကွယ်/စစ်ဆေးရန်: ပုံမှန်စစ်ဆေးတဲ့ နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် လက္ခဏာတစ်ခုခုရှိခဲ့ရင် ဆရာဝန်နှင့် ပြသပြီး လိုအပ်တာများကို စစ်ဆေးပါ။

5️⃣ အူမကြီးကင်ဆာ (Colorectal Cancer)
စားသောက်နေထိုင်မှု ပုံစံနှင့် အဓိက သက်ဆိုင်ပြီး အမျိုးသမီးများတွင်ပါ အဖြစ်များလာနေသည့် ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။💢သတိပြုရန် လက္ခဏာများ: (၁) ဝမ်းသွားသည့် အလေ့အထ မကြာခဏ ပြောင်းလဲခြင်း (ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်ခြင်း)၊ (၂) ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဝမ်းအနက်ရောင် သွားခြင်း၊ (၃) ဝမ်းသွားပြီးသော်လည်း ဝမ်းကျန်နေသကဲ့သို့ ခံစားရခြင်း၊ (၄) မကြာခဏ ဗိုက်အောင့်ခြင်း၊ (၅) အကြောင်းရင်းမရှိဘဲ နွမ်းနယ်မောပန်းပြီး ဝိတ်ကျလာခြင်း တို့ ဖြစ်ပါတယ်။
💡ကာကွယ်/စစ်ဆေးရန်: အမျှင်ဓာတ် (Fiber) ပါဝင်သော ဟင်းသီးဟင်းရွက်များ တိုးမြှင့်စားသုံးပါ။ အသက် (၄၅) နှစ်ကျော်ပါက ပုံမှန်အူမကြီးမှန်ပြောင်း (Colonoscopy) စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။



#ကျန်းမာရေးဗဟုသုတ

📍စိုးရိမ်ဖွယ်ရာ ပြင်းထန်ကာလဝမ်းရောဂါလတ်တလော ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ ကာလဝမ်းရောဂါကြောင့် ပြင်းပြင်းထန...
13/08/2026

📍စိုးရိမ်ဖွယ်ရာ ပြင်းထန်ကာလဝမ်းရောဂါ

လတ်တလော ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ ကာလဝမ်းရောဂါကြောင့် ပြင်းပြင်းထန်ထန် ဝမ်းလျှောကြသူတွေ၊ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်ကြသူတွေ၊ ကူးစက်မှုကို ဟန့်တားနိုင်ဖို့ လမ်းဘေးဆိုင်တွေကို ခဏပိတ်ထားမယ်ဆိုတဲ့ သတင်းတွေကို ကြားမိမှာပါ။

ဝမ်းလျှောတာက မြန်မာနိုင်ငံက သူတွေအတွက် ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဝမ်းရောဂါက ဘာဖြစ်လို့ ဒီလောက်ထိ ပြင်းထန်နေရတာပါလိမ့်။

လက်ရှိဖြစ်နေတဲ့ ဝမ်းလျှောရောဂါက ကာလဝမ်းရောဂါလို့ခေါ်တဲ့ Cholera ပါ။ Vibrio Cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဖြစ်တဲ့အခါမှာလည်း Outbreak လို့ခေါ်တဲ့ အစုလိုက်အပြုံလိုက် ဖြစ်တတ်ပါတယ်။

ရောဂါကူးစက်ပုံကတော့ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်၊ သန့်ရှင်းမှု မရှိတဲ့ရေ စတာတွေကနေ အဓိက ကူးစက်ပါတယ်။ ဥပမာ ရောဂါပိုးရှိတဲ့သူတစ်ယောက်က အိမ်သာတက်အပြီးမှာ လက်သေချာမဆေးဘဲ အစားအသောက်တွေ ပြင်မယ်၊ ယင်နားစာတွေ စားမိမယ် ဒါမှမဟုတ် ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ရေက ရောဂါပိုးပါနေမယ်ဆိုရင် ကူးစက်တတ်ပါတယ်။

မိလ္လာပိုက်က ရေတွေ ပတ်ဝန်းကျင်ကို စိမ့်ဝင်နေရင်လည်း ဖြစ်တတ်တာကြောင့် ရေကြီးနေတဲ့ ဒေသတွေလည်း သတိထားသင့်ပါတယ်။

ရောဂါကူးစက်တဲ့သူတိုင်းကတော့ လက္ခဏာမပြပါဘူး။ တချို့ကလည်း ဝမ်းလျှောပေမယ့် မပြင်းထန်ပါဘူး။ ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ ဆေးရုံတက်ရသည်အထိ ပြင်းထန်တတ်ပါတယ်။ ကာလဝမ်းရောဂါက လက္ခဏာအနေနဲ့ ပြင်းပြင်းထန်ထန် ဝမ်းလျှောပါတယ်။ ဆန်ဆေးရေလိုမျိုးအရောင်တွေ လျှောတတ်ပါတယ်။ ငါးညှီနံ့ နံပါတယ်။ ဝမ်းအရည်တွေပဲ ဒလဟော သွားနေတာပါ။

ဒါကြောင့် အချိန်တိုအတွင်းမှာ လူက ရေဓာတ်ဆုံးရှုံးပြီး ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားပါတယ်။ အချိန်မီ မကုသနိုင်ရင် shock ဖြစ်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ ဓာတ်ဆားတွေ ဆုံးရှုံးတာ နဲ့ သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။

ကာလဝမ်းရောဂါက ပြင်းထန်တယ်ဆိုပေမယ့် ကုသလို့ ရပါတယ်။ အချိန်မီ ကုသဖို့တော့ လိုပါတယ်။
ဆုံးရှုံးသွားသမျှ ရေနဲ့ ဓာတ်ဆားတွေ ကာမိအောင် ဓာတ်ဆားရည်သောက်တာနဲ့ ပုလင်းကြီးချိတ်ရတာမျိုး ရှိနိုင်ပါမယ်။ ဒါက တော်တော်အရေးကြီးပါတယ်။ အချိန်တိုအတွင်းမှာ ဆုံးရှုံးသမျှကို အချိန်မီ ပြန်မဖြည့်နိုင်ရင် အသက်အန္တရာယ်ရှိပါတယ်။

ဘက်တီးရီးယားဖြစ်တာကြောင့် ပိုးသတ်ဆေးနဲ့ ကုသလို့ရပါတယ်။ ကလေးတွေမှာဆိုရင် အူလမ်းကြောင်း ကျန်းမာစေဖို့ (Zinc) ဇင့်တိုက်ပေးနိုင်ပါတယ်။

ကာလဝမ်းရောဂါကို ကာကွယ်လို့ရလားဆိုရင် ကာကွယ်လို့ရပါတယ်။
🔹ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အစာသန့်၊ လက်သန့်၊ ရေသန့်ပါ။
🔹ကာလဝမ်းရောဂါ မဖြစ်စေဖို့ အစာမစားမီ၊ ဟင်းမချက်မီ၊ အညစ်အကြေးနဲ့ အမှိုက်တွေ ကိုင်ပြီးချိန်၊ အိမ်သာတက်ပြီးချိန်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးပါ။
🔹တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
🔹ရေသန့် ဒါမှမဟုတ် ရေကို ကျိုချက်ပြီး သောက်ပါ။
🔹အစားအစာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကျက်အောင် ချက်ပြုတ်ပါ။
🔹သန့်ရှင်းရေးအားနည်းတဲ့ လမ်းဘေးစာ၊ အပြင်စာတွေကို ရှောင်ပါ။

ဒါဆိုရင် အခုဖြစ်နေတဲ့ ပြင်းထန်ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ကာလဝမ်းရောဂါနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း ကောမန့်မှာ ဆက်လက်မေးမြန်းနိုင်ပါတယ်။



#ကျန်းမာရေးဗဟုသုတ

📌 "မက်ဖော်မင် (Metformin) သောက်ရင် ကျောက်ကပ်ပျက်လား?" 🩺💊ဆီးချိုဆေး မက်ဖော်မင် (Metformin) သောက်နေရသူတွေကြားမှာ "ဒီဆေးကို...
10/08/2026

📌 "မက်ဖော်မင် (Metformin) သောက်ရင် ကျောက်ကပ်ပျက်လား?" 🩺💊

ဆီးချိုဆေး မက်ဖော်မင် (Metformin) သောက်နေရသူတွေကြားမှာ "ဒီဆေးကို ကြာရှည်သောက်ရင် ကျောက်ကပ် ပျက်စီးတတ်တယ်" ဆိုတဲ့ စကားကြောင့် ဆေးဆက်သောက်ဖို့ စိုးရိမ်နေကြသူတွေ အများကြီးရှိပါတယ်။
⚠️ဒီအယူအဆဟာ "လုံးဝ လွဲမှားနေတဲ့ အယူအဆ" တစ်ခုဖြစ်ပါတယ်။
ဒါဆိုရင် ဘာကြောင့် Metformin သောက်ရင် ကျောက်ကပ်ပျက်တယ်လို့ ထင်နေကြတာလဲ? အမှန်တကယ် ကျောက်ကပ်ကို ပျက်စီးစေတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မျှဝေပေးလိုက်ပါတယ်။

1️⃣ အမှန်တကယ် ကျောက်ကပ်ကို ပျက်စီးစေတာ Metformin မဟုတ်ပါဘူး ❌
ဆီးချိုရောဂါရှိသူတွေမှာ ကျောက်ကပ်ပျက်စီးရတဲ့ နံပါတ် (၁) တရားခံဟာ "မထိန်းနိုင်တဲ့ သွေးသကြားဓာတ်" ပဲဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေ ကြာရှည်စွာ မြင့်တက်နေတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ပျက်စီးစေပြီး ဆီးချိုကြောင့် ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်စေတာပါ။ Metformin ဟာ ကျောက်ကပ်ကို ပျက်စီးစေတာ မဟုတ်ဘဲ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်းအားဖြင့် ကျောက်ကပ် မပျက်စီးအောင် ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။

2️⃣ ဒါဆိုရင် ဘာလို့ ကျောက်ကပ် မကောင်းရင် Metformin ရပ်ခိုင်းရတာလဲ? 💡
‼️ဒါကတော့ လူအများစု အဓိက အထင်လွဲကြတဲ့ အချက်ပါပဲ။ Metformin ဟာ ခန္ဓာကိုယ်ထဲ ရောက်သွားရင် ကျောက်ကပ်ကနေတစ်ဆင့် ပြန်လည် စွန့်ထုတ်ရတဲ့ ဆေးဖြစ်ပါတယ်။
👉အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ် လုပ်ဆောင်ရည် အလွန်အမင်း ကျဆင်းနေသူတွေမှာ Metformin သောက်လိုက်ရင် ဆေးစွန့်ထုတ်မှု မရှိဘဲ ခန္ဓာကိုယ်ထဲမှာ ဆေးဓာတ်တွေ ပုံနေပြီး သွေးတွင်းအချိုဓာတ်တွေ ကျဆင်းသွားနိုင်ပါတယ်။
💪ဒါကြောင့် Lactic Acidosis ခေါ်တဲ့ စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်ရအောင် ဆရာဝန်တွေက ကျောက်ကပ် ပျက်စီးနေတဲ့သူတွေကို Metformin မပေးတော့တာ (သို့) ဆေးရပ်ခိုင်းတာ ဖြစ်ပါတယ်။

"📌 ဆိုလိုတာက: Metformin ကြောင့် ကျောက်ကပ် ပျက်သွားတာ မဟုတ်ပါဘူး။ ကျောက်ကပ် ရောဂါအဆင့် လွန်နေပြီးသား မို့လို့ ဆေးကို ရပ်လိုက်ရတာ ဖြစ်ပါတယ်။"

3️⃣ Metformin ဟာ ဆီးချိုအတွက် အန္တရာယ်ကင်းပြီး ထိရောက်ပါတယ်🛡️
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ ဆီးချိုရောဂါဆိုင်ရာ လမ်းညွှန်ချက်များစွာမှာ Metformin ကို အမျိုးအစား (ဆီးချိုရောဂါအတွက် ပထမဦးစားပေး (First-line) ကုသဆေးအဖြစ် သတ်မှတ်ထားပါတယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပါက နှစ်ရှည်လများ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ပါတယ်။

💡 ဆီးချိုဝေဒနာရှင်များအတွက် အရေးကြီး သတိပြုရန် အချက်များ:
🩺 ကျောက်ကပ် လုပ်ဆောင်ရည်
ပုံမှန်စစ်ပါ: အနည်းဆုံး တစ်နှစ် (၁) ကြိမ် သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ကျောက်ကပ် စစ်ဆေးမှု (eGFR, Serum Creatinine) ပုံမှန် လုပ်ပေးပါ။
💊 မိမိသဘောဖြင့် ဆေးမရပ်ပါနဲ့: "ကျောက်ကပ် ပျက်မှာ ကြောက်လို့" ဆိုပြီး မက်ဖော်မင်ကို မိမိသဘောဖြင့် ရပ်လိုက်ပါက သွေးသကြားဓာတ် လွန်ကဲစွာ တက်လာပြီး ကျောက်ကပ်ကို ပိုမို လျှင်မြန်စွာ ပျက်စီးစေနိုင်ပါတယ်။
💧 ရေလုံလောက်စွာ သောက်ပါ: ဆီးချိုထိန်း ဆေးသောက်နေသူများအနေဖြင့် ရေဓာတ် ပြည့်ဝအောင် နေထိုင်ပါ။

💪Metformin ဆေးကြောင့် ကျောက်ကပ် မပျက်ပါ။ မထိန်းနိုင်တဲ့ ဆီးချိုကြောင့်သာ ကျောက်ကပ် ပျက်စီးတာဖြစ်လို့ ဆရာဝန် ညွှန်ကြားထားသည့် ဆေးကို စနစ်တကျ သောက်သုံးခြင်းက သင့်ကျောက်ကပ်ကိုကာကွယ်ပေးရာ ရောက်ပါတယ်!



#ကျန်းမာရေးဗဟုသုတ

"အူမကြီးကင်ဆာ​၏ သတိပြုစရာ လက္ခဏာများ 🩺"⚠️ယခုနောက်ပိုင်း လူနေမှုဘဝ အပြောင်းအလဲများ၊အစားအသောက်နှင့် နေထိုင်စားသောက်မှု ပုံ...
08/08/2026

"အူမကြီးကင်ဆာ​၏ သတိပြုစရာ လက္ခဏာများ 🩺"

⚠️ယခုနောက်ပိုင်း လူနေမှုဘဝ အပြောင်းအလဲများ၊အစားအသောက်နှင့် နေထိုင်စားသောက်မှု ပုံစံများကြောင့် လူအများစု အထူးသတိထားမိလာကြတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အူမကြီးကင်ဆာ (Colorectal Cancer) ဟာလည်း ထိပ်ဆုံးက ပါဝင်လာပါတယ်။ အစောပိုင်း အဆင့်တွေမှာ ရောဂါလက္ခဏာ သိသိသာသာ ပြလေ့မရှိတာကြောင့် ဆေးပညာလောကမှာ "တိတ်တဆိတ်လူသတ်သမား (Silent Killer)" လို့ခေါ်တဲ့ ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။

💢ရောဂါလက္ခဏာ စတင်ပေါ်ပေါက်လာချိန်မှာတော့ ကင်ဆာက အတော်လေး ပျံ့နှံ့နေတတ်ပါပြီ။ ဒါကြောင့် မိမိကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုဝင်တွေအတွက် အောက်ပါ လက္ခဏာများကို အစောပိုင်းအဆင့်မှာတင် အထူး သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်

🔍 သတိပြုရမည့် အူမကြီးကင်ဆာ၏ အဓိက လက္ခဏာများ
🚽 ဝမ်းသွားသည့်အလေ့အထ (Bowel Habits) ရုတ်တရက် ပြောင်းလဲလာခြင်း:
ပုံမှန် ဝမ်းသွားနေကျ ပုံစံမှာ ရုတ်တရက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခြင်း။ ဥပမာ- ရုတ်တရက် မကြာခဏ ဝမ်းလျှောခြင်း၊ ပြင်းထန်စွာ ဝမ်းချုပ်ခြင်း၊ သို့မဟုတ် ဝမ်းသွားပြီးသော်လည်း ဝမ်းမဝဘဲ ကျန်နေသကဲ့သို့ အမြဲလိုလို ခံစားနေရခြင်း။

🩸 ဝမ်းသွားစဉ် သွေးပါခြင်း:
ဝမ်းသွားတဲ့အခါ အနီရောင်တောက်တောက် သို့မဟုတ် အမည်းရောင်ဝမ်းသွားခြင်း၊ သွေးများပါလာခြင်း။
(လိပ်ခေါင်းရောဂါကြောင့်လည်း သွေးပါတတ်သော်လည်း အူမကြီးကင်ဆာတွင် ဝမ်းနှင့်သွေး ရောနှောပြီး ပါတာကို တွေ့ရပါတယ်)

📌 ဝမ်း၏ ပုံစံနှင့် အရွယ်အစား ပြောင်းလဲခြင်း:
အူမကြီးအတွင်း အကျိတ်ဖြစ်ပေါ်ခြင်းကြောင့် ပုံမှန်ထက် ပို၍ သေးသွယ်သော ဝမ်းများသွားခြင်း (Pencil-thin stools)။

🫄 ဝမ်းဗိုက် မအီမသာ ဖြစ်ခြင်းနှင့် တင်းကျပ်ကျပ် ခံစားရခြင်း:
ဝမ်းဗိုက်တွင် အမြဲလိုလို တင်းကျပ်နေခြင်း၊ ကိုက်ခဲခြင်း၊ မကြာခဏ လေထိုးလေအောင့်ခြင်း သို့မဟုတ် ဝမ်းဗိုက်နာကျင်ခြင်းများ ခံစားရခြင်း။

⚖️ အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း:
အစားအသောက်များကို ပုံမှန်အတိုင်း စားနေသော်လည်း ခန္ဓာကိုယ် အလေးချိန်က ရုတ်တရက် သိသိသာသာ ကျဆင်းလာခြင်း။

‼️မကြာခဏ မောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်း:
အူမကြီးအတွင်း အနာနှင့် သွေးယိုစိမ့်မှုများကြောင့် ခန္ဓာကိုယ်တွင်း သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားလာကာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း။

🤢 ပျို့အန်ချင်စိတ် မကြာခဏ
ဖြစ်ပေါ်တတ်ခြင်း:
အစာစားချင်စိတ် မရှိတော့ခြင်းနှင့် အကြောင်းရင်းမရှိဘဲ မကြာခဏ ပျို့အန်ချင်စိတ် ဖြစ်ပေါ်ခြင်း။

စတဲ့ လက္ခဏာတွေ
တွေ့ရတတ်တာမို့ မိမိမှာ
ဒါမှမဟုတ် မိမိချစ်ရသူတွေမှာ ဒီလက္ခဏာတွေ တွေ့ရပါက အမြန်ဆုံး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။



#ကျန်းမာရေးဗဟုသုတ

📌 "ဘာလို့ သွေးတိုးရောဂါကို Silent Killer (အသံတိတ်လူသတ်သမား) လို့ ခေါ်ကြတာလဲ?" 🩺🤫ခန္ဓာကိုယ်ထဲမှာ သွေးတိုးနေပေမယ့်"ငါ ဘာမှ...
07/08/2026

📌 "ဘာလို့ သွေးတိုးရောဂါကို Silent Killer (အသံတိတ်လူသတ်သမား) လို့ ခေါ်ကြတာလဲ?" 🩺🤫

ခန္ဓာကိုယ်ထဲမှာ သွေးတိုးနေပေမယ့်"ငါ ဘာမှ မဖြစ်ပါဘူး၊ နေလို့ ကောင်းနေတာပဲ" ဆိုပြီး ပေါ့ဆနေတတ်ကြပါတယ်။

⚠️ဒါပေမဲ့ ဒီလို ဘာလက္ခဏာမှ မပြဘဲ ငြိမ်နေတာကပဲ သွေးတိုးရောဂါရဲ့ အကြောက်စရာအကောင်းဆုံး အချက်ပါပဲ။

💢ဘာလို့ သူ့ကို "Silent Killer" (အသံတိတ်လူသတ်သမား) လို့ ခေါ်ရသလဲဆိုတာ ခန္ဓာကိုယ်ထဲမှာ သူ ဘာတွေဖျက်ဆီးနေလဲဆိုတဲ့ အကြောင်းအရင်း (၄) ချက်နဲ့ ရှင်းပြပေးသွားပါမယ်။

1️⃣ ဘာလက္ခဏာမှ မပြဘဲ တိတ်တဆိတ် ရှိနေတတ်လို့ပါ။
သွေးတိုးရောဂါရှိသူအများစုဟာ ခေါင်းမကိုက်၊ ခေါင်းမမူးဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေနိုင်ကြပါတယ်။ သွေးဖိအားတွေ ဘယ်လောက်ပဲ မြင့်နေပါစေ ခန္ဓာကိုယ်က သိသာတဲ့ သတိပေးချက် (Warning Sign) မပြတာကြောင့် မိမိမှာ သွေးတိုးနေမှန်း မသိဘဲ နှစ်ပေါင်းများစွာ နေထိုင်မိသွားတတ်ကြပါတယ်။

2️⃣ သွေးကြောတွေကို တဖြည်းဖြည်း မသိမသာ ထိခိုက်စေလို့ပါ 🩸
သွေးဖိအား မြင့်မားလွန်းတဲ့အခါ သွေးကြောနံရံတွေကို စည်းချက်မမှန်ဘဲ အမြဲတမ်း ဖိအားပေး ရိုက်ခတ်နေပါတယ်။

3️⃣ အဓိက အရေးကြီး အင်္ဂါတွေကို အသံမထွက်ဘဲ ပျက်စီးစေလို့ပါ 🧠🫀
သွေးတိုးကို မထိန်းဘဲ ပေါ့ဆထားရင် ပထမဆုံး ထိခိုက်မှာတွေကတော့ ခန္ဓာကိုယ်ရဲ့ အသက်သွေးကြော အင်္ဂါတွေပါပဲ -
‼️နှလုံး: သွေးတွေကို အားစိုက်ပြီး ညှစ်ထုတ်ရလွန်းလို့ နှလုံးကြွက်သားကြီးလာပြီး နောက်ဆုံးမှာ နှလုံးပျက်စီးသွားနိုင်ပါတယ်။
‼️ဦးနှောက်: ဦးနှောက်သွေးကြော ပေါက်ခြင်း သို့မဟုတ် ပိတ်ခြင်းကြောင့် လေဖြတ်ခြင်းကို ရုတ်တရက် ခံစားရစေပါတယ်။
‼️ကျောက်ကပ်: ကျောက်ကပ်ဆီသွားတဲ့ သွေးကြောသေးလေးတွေ ပျက်စီးပြီး ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

4️⃣ "သိလိုက်ရတဲ့အချိန်မှာ အခြေအနေက လွန်နေပြီ" ဆိုတာမျိုး ဖြစ်တတ်လို့ပါ ⚠️
အဆိုးဆုံးကတော့ သွေးတိုးရှိမှန်း ဘာမှမသိရဘဲ နေလာခဲ့ရာကနေ ရုတ်တရက် လေဖြတ်မှ၊ နှလုံးဖောက်မှ သို့မဟုတ် ကျောက်ကပ်ဆေးရခါနီးမှ သွေးတိုးကြောင့်ဆိုတာ သိလိုက်ရတာပါပဲ။ ဒါကြောင့်လည်း သူ့ကို "အသံတိတ် လူသတ်သမား" လို့ အရေးတကြီး တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

💡 ဒါဆိုရင် Silent Killer ရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်ကြမလဲ?
🩺 ပုံမှန် သွေးဖိအားတိုင်းပါ: လက္ခဏာ မပြရင်တောင် တစ်လတစ်ကြိမ် သို့မဟုတ် ပုံမှန် သွေးဖိအားတိုင်းတာပါ💯
🧂 အငန်ဓာတ် (ဆိုဒီယမ်) လျှော့စားပါ: ငံပြာရည်၊ ဟင်းချိုမှုန့်၊ စက်ရုံထုတ် အစားအစာတွေကို လျှော့ပါ။
🏃‍♂️ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ: တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ပေးပါ။
💊 ဆရာဝန်ညွှန်ကြားသည့် ဆေးကို ပုံမှန်သောက်ပါ: "နေကောင်းနေလို့" ဆိုပြီး ဆေးကို မိမိသဘောဖြင့် ရပ်ပစ်တာမျိုး
လုံးဝ မလုပ်ပါနဲ့။

🚨သွေးတိုးရောဂါဆိုတာ ထိန်းချုပ်လို့ရတဲ့ ရောဂါတစ်ခုပါ။ ပုံမှန် သွေးပေါင်ချိန်စစ်ဆေးရုံ၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပုံမှန်သောက်ရုံနဲ့တင် Silent Killer ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်တာမို့ မပေါ့ဆမိဖို့ အထူးအရေးကြီးပါတယ်။



#ကျန်းမာရေးဗဟုသုတ

Address

Yangon

Telephone

+959755899449

Website

Alerts

Be the first to know and let us send you an email when Ananda Saytanar Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ananda Saytanar Foundation:

Shortcuts

Share