30/05/2021
ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
မူးယစ်ဆေးဝါးအလွဲသုံးစားမှု အပိုင်း (၅)
မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး စာစောင်တွေ အများကြီးရေးခဲ့တယ်နော်။ ဘာကြောင့်ပါလဲ?
အများကြီးရေးခဲ့ပါတယ်။ မူးယစ်ဆေးဝါးအလွဲသုံးစားမှုဟာ အထူးသဖြင့်တော့ လူငယ်တွေကြားမှာ ဆက်လက်ကြီးထွားနေတဲ့၊ကြီးမားတဲ့ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအလွဲသုံးစားမှုပြုခြင်းဟာ နောက် ဆက်တွဲထိခိုက်မှုတွေဖြစ်စေပြီး အသက်သေစေနိုင်ပါတယ်။ မိသားစုတစ်ခုလုံးကို ပျက်စီးသွားစေပြီး လုပ်ငန်း ခွင်မှာဆုံးရှုံးမှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပါပျက်စီးစေနိုင်ပါတယ်။ ဒီစာစောင်ကတော့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ နောက်ဆုံးစာစောင်ပဲဖြစ်ပါတယ်။
အခြား ဘယ်မူးယစ်ဆေးဝါးအကြောင်းတွေကို ရှင်းပြပေးသွားမှာလဲ?
မူးယစ်ဆေးဝါးအလွဲသုံးစားမှုများစွာရှိသော်လည်း မြန်မာနိုင်ငံမှာတော့ ဆေးခြောက်၊ အရက်၊ ဆေးရွက်ကြီး (ဆေးလိပ်) အလွဲသုံးစားမှုတွေကိုအတွေ့များပါတယ်။ အခြားအရာတွေကတော့
-စိတ်ကြွရူးသွပ်ဆေး amphetamines (speed, crystal meth)၊
- ဘိန်းပင်မှရရှိသောဘိန်းအမျိုးအစားများ opiums (heroin,opiate )၊
- စိတ်ငြိမ်ဆေး sedatives (အထူးသဖြင့်
benzodiazepines) ၊
- စိတ်အာရုံချောက်ခြားစေသောဆေး hallucinogens ( LDS or acid, mushrooms or 'shrooms) တို့ဖြစ်ပါတယ်။
အဲဒီဆေးတွေ ဝယ်ယူလို့ရလား? ကျွန်မတို့ရဲ့ ကလေး တွေလည်း သုံးစွဲနိုင်ပါသလား?
မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်းမှာ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို စိုက်ပျိုးထုတ်လုပ်နေပြီး၊တင်ပို့ရောင်း ချနေတဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီစီးပွားရေးကို ရာဇဝတ်ဂိုဏ်းများနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေပြီး ငွေအမြောက်အများရရှိနေသော အစိုးရအချို့တွေက ထိန်းချုပ်ထားပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ရရှိနိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းမှာတင် စိုက်ပျိုး၊ ထုတ်လုပ်နိုင်ပြီး၊ စျေးနှုန်းအလွန်သက်သာတာကြောင့် လူငယ်တွေအတွက် ပိုမိုလွယ်ကူစွာရရှိနိုင်ပါတယ်။ စိတ်ငြိမ်ဆေး (သို့မဟုတ်) ဘိန်းမှထုတ်လုပ်ထားပြီး ဆေးညွှန်းဖြင့်သာဝယ်ယူနိုင်သောဆေးဝါးတွေကို စိုးရိမ်ပူပန်မှုများတဲ့ရောဂါ နဲ့ နာကျင်မှုဒဏ်များကို ကုသရာမှာ အထူးကုဆရာဝန်တွေက အသုံးပြုကြပါတယ်။ ထိုကဲ့သို့သောဆေးများကို လူကြီးများကအိမ်တွေမှာဆောင်ထားလေ့ရှိတာကြောင့် အဲဒီဆေးတွေကို မိသားစုအတွင်းရှိ လူငယ်တွေက အိမ်မှခိုးယူပြီး အသုံးပြုတတ်ပါတယ်။ စိတ်အာရုံချောက်ခြားဆေးကတော့အလေ့ကျပေါက်တဲ့မှိုအမျိုးအစားအပင်က ရပေမယ့် တရားမဝင်ဓာတ်ခွဲခန်းတွေမှာ စိတ်အာရုံ ချောက်ခြားဆေး အမျိုးမျိုးကို ထုတ်လုပ်နိုင်ကြပါတယ်။
စိတ်ကြွရူးသွပ်ဆေးအကြောင်းကိုတော့ ကြားဖူးတယ်။ အဲဒီဆေးအကြောင်း ရှင်းပြပေးနိုင်မလား?
Amphetamines (စိတ်ကြွရူးသွပ်ဆေး) တွေကို တရားမဝင် ဓာတ်ခွဲခန်းတွေမှ ထုတ်လုပ်ပြီး နေရာတော်တော်များများမှာ ရရှိနိုင်ပါတယ်။ ဒီဆေးရဲ့ အဓိက အကျိုးသက်ရောက်မှု (အာနိသင်)ကတော့ လူတစ်ဦးရဲ့စိတ်နဲ့ စွမ်းအင်အဆင့်ကိုလျင်မြန်စွာမြှင့်တင်ပေးပါတယ်။ ဒီမူးယစ်ဆေးသုံးထားသူဟာ အချိန်အနည်းငယ်သာ အိပ်စက်ပါတယ်။ ဒီဆေးဟာ လူတစ်ဦးရဲ့ နာကျင်မှု ခံစားနိုင်စွမ်း (သို့မဟုတ်) အခြားသူတွေအပေါ် ဂရုစိုက်နေနိုင်စွမ်းကို လျှော့ချသွားစေပါတယ်။ အချိန်ကြာမြင့်စွာသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ သွားများကို ဂရုမစိုက်၊ လျစ်လျူရှုထားမိလေ့ရှိတာကြောင့် နောက်ပိုင်းမှာ သွားဖုံးတွေကနေ သွေးယိုဆင်းလာခြင်းနဲ့ သွားများ ကျွတ်ထွက်ခြင်းတွေဖြစ်တတ်ပါတယ်။ သူတို့ ဆေးအရှိန်မြင့်နေချိန်မှာဆို ကသိကအောက်ဖြစ်တာမျိုး၊အရေပြားကို ထပ်ခါတလဲလဲ ဆွဲလိမ်တာမျိုး ပြုလုပ်တတ်ပါတယ်။ ဆေးအသုံးပြုခြင်းရပ်တန့်လိုက်ချိန်မှာ လဲကျပြိုလဲသွားသလိုမျိုးဖြစ်တတ်ပါတယ်။ ဆိုလိုတာက စိတ်ဓာတ်ကျလာတာမျိုးနဲ့ အိပ်ပဲအိပ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အမြန်ဆုံးမြင့်တင်ပေးနိုင်တဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးမျိုးတွေလည်း ရှိပါတယ်။ ကိုးကင်း ကတော့ ကိုကင်အပင်ရဲ့အရွက်ဖြင့် ထုတ်လုပ်ထားသည့် ဆေးမျိုးဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးနဲ့ အလားတူအာနိသင်တွေရှိပါတယ်။
ဘိန်းဖြူအကြောင်းရော ရှင်းပြပေးပါ။
ဘိန်းဖြူဆိုတာက ဘိန်းပန်းတွေကနေ ထုတ်လုပ်ထားတဲ့ ဆေးဝါးမျိုးဖြစ်တယ်။ ဘိန်းဖြူမှဓာတုဗေဒနည်းပညာနဲ့ ထုတ်လုပ်တဲ့ဆေးဝါးတွေကို ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ပြီး စိတ်ကြွရူးသွပ်ဆေးတွေလိုမျိုး အလားတူ အာနိသင်ရှိပါတယ်။ ဘိန်းဖြူကိုသုံးနေချိန်မှာ လူတစ်ဦးကို ကမ္ဘာပေါ်မှာ ဘာစိုးရိမ်စရာမှမရှိသလိုခံစားမှုမျိုးကို ပေးပါတယ်။ ဆေးစွဲနေသူတွေဟာ နောက်ထပ်ဘိန်းဖြူကိုဘယ်လိုရရှိအောင်လုပ်မလဲဆိုတာမှအပ အခြားအရာတွေကို ပြုလုပ်လိုချင်စိတ်မရှိကြပါဘူး။ ဘိန်းဖြူကို အများအားဖြင့် သွေးကြောထဲကို ထိုးသွင်းလေ့ရှိပြီး ဆေးထိုးအပ် ဝေမျှသုံးခြင်းဟာ HIV/ AIDS ကူးစက်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဘိန်းဖြူကို ၁ကြိမ် (သို့မဟုတ်) ၂ကြိမ်လောက် စမ်းသုံးကြည့်ရုံနဲ့တင် ဆေးစွဲသွားတတ်ပါတယ်။ ဘိန်းဖြူတွေဟာ စွဲလမ်းအားအလွန်ပင်ကြီးပါတယ်။ လူကြီးတွေဆိုရင် နာတာရှည်ခါးနာခြင်း (သို့မဟုတ်) ခွဲစိတ်ကုသမှုအပြီးမှာ ခံစားရတဲ့နာကျင်မှုတွေအတွက် ဘိန်းကနေ ထုတ်လုပ်ထားတဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေကို သောက်သုံးရင်းနဲ့လည်း ဆေးစွဲမှုတွေဖြစ်တတ်ပါတယ်။ ဘိန်းစွဲပြီဆိုရင် ဖြတ်ရအလွန်ခက်ပါတယ်။
စိတ်ချောက်ခြားဆေးအကြောင်းရော ရှင်းပြပေးပါ။
ယေဘုယျအားဖြင့် လူတွေဟာ စိတ်ချောက်ခြားဆေးတွေကို စွဲလမ်းခြင်းမရှိပါဘူး။ ဆိုလိုတာက အခြားမူးယစ်ဆေးဝါးတွေဟာ အသုံးပြုရာမှရပ်တန့်လိုက်ချိန်မှာ ဆေးပြတ်တဲ့ရောဂါလက္ခဏာတွေပေါ်တတ်ပေမယ့် ဒီဆေးတွေဖြတ်လိုက်ချိန်မှာတော့ မဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။ သိုပေမယ့် လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမအချက်ကတော့ စိတ်ချောက်ခြားဆေးကို သုံးစွဲနေသူအချို့ဟာ လက်တွေ့ဘဝနဲ့အဆက်အသွယ်ပြတ်သွားပြီး အကြောင်း မဲ့၊ ယုတ္တိမရှိသောအရာများကို ပြုလုပ်တတ်ပါတယ်။ ဥပမာ သစ်ပင် (သို့မဟုတ်) ဝရံတာပေါ်ကနေ ပျံသန်းဖို့ ကြိုးစားတာမျိုး၊ အဝတ်အစားတွေကို ချွတ်ပြီး လမ်းပေါ်ပြေးလွှားတာမျိုးတို့ပြုလုပ်တတ်ပါတယ်။ ဒုတိယအချက်ကတော့ စိတ်ရောဂါအခံရှိသူအချို့အနေနဲ့ စိတ်ချောက်ခြားဆေးကို သောက်သုံးပြီးနောက် စိတ်အနှောင့်အယှက်တွေ ပိုပြီး ဖြစ်လာတတ်ပါတယ်။
ကျွန်မမှာ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး ပြဿနာအချို့ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ပေးထားတဲ့ စိတ်ငြိမ်ဆေးတွေကို အိမ်ရဲ့ရေချိုးခန်းထဲမှာ သိမ်းထားပါတယ်။ အိမ်မှာလည်း ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်ရှိနေတာကြောင့် အခုလို ဆေးဆောင်ထားတာ ပြဿနာရှိနိုင်လား?
ပထမဆုံးအကြံပေးလိုတာကတော့ အိပ်စက်ခြင်း (သို့မဟုတ်) စိုးရိမ်ပူပန်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို သက်သာအောင်ပြုလုပ်ဖို့ စိတ်ငြိမ်ဆေးများသောက်သုံးနေခြင်းကို အထူးဂရုစိုက်သင့်ပါတယ်။ ထိုပြဿနာနှစ်ရပ်လုံးဟာ ဆေးကို မကြာခဏ သောက်သုံးမိတဲ့ အကျင့်ကိုဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဆေးယဥ်သွားတတ်ပြီးနောက်ပိုင်းမှာ တူညီတဲ့ အကျိုးသက်ရောက်မှုရရှိအောင် ဆေးပမာဏ တိုးရတာမျိုးတွေ လိုလာတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ စိုးရိမ်မှုနဲ့ အိပ်မပျော်ခြင်းရောဂါအကြောင်းအရာများကို ပိုမိုသိရှိနားလည်အောင် အကြံပေးနိုင်သူတစ်ဦးကိုရှာဖွေပြီး တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
မေးခွန်းကိုပြန်ဖြေရရင် ဆေးတွေကို ကလေးတွေ အလွယ်တကူမတွေ့နိုင်တဲ့နေရာမှာ သိမ်းဆည်းထားခြင်းဟာ ပိုပြီးလုံခြုံမှုရှိပါတယ်။ ကလေးတွေဟာ စူးစမ်းလိုစိတ်ရှိတတ်ကြပြီး ကလေးအများစုဟာ သူတို့မိဘတွေရဲ့ဆေးတွေကိုခိုးယူပြီး စတင်သုံးစွဲတတ်ကြပါတယ်။
ဘဘရှင်းပြခဲ့တဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို သဘောပေါက်သွားပါပြီ။ မူးယစ်ဆေးစွဲနေခြင်းကို ဘယ်လိုကုသနိုင်ပါသလဲ?
ကုသမှုပိုင်းဟာ နက်နဲတာကြောင့် ဒီစာစောင်ထဲမှာ အကျယ်တဝင့် ရှင်းပြပေးဖို့ အခက်အခဲရှိပါတယ်။ မူးယစ်ဆေးစွဲနေသူတွေကို ဆေးဖြတ်သွားနိုင်အောင်ကူညီကုသပေးနေတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ကုသမှုအထူးအစီအစဉ်များရှိပါတယ်။ ပထမဦးစွာ မူးယစ်ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာရှိနေပြီဆိုတဲ့အချက်ကို လူနာကိုယ်တိုင်က လက်ခံအသိအမှတ်ပြုတတ်ရပါမယ်။ အဲဒီနောက် ပြဿနာတွေကို ကျော်လွှားချင်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ်။ မိသားစုဝင်နဲ့ လူမှုအသိုင်းအဝိုင်းတွေကလည်း လူငယ်တွေကို မူးယစ်ဆေးဝါးစွဲနေခြင်းမှ လွတ် မြောက်အောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ မူးယစ်ဆေးဝါးစွဲနေသူများကြုံတွေ့ရတဲ့ အခက်ခဲဆုံးသော ကိစ္စရပ်ကတော့ သူတို့ရဲ့လူမူဘဝနဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံးနီးပါးဟာ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ ပတ်သက်မှုရှိနေခြင်းပင်ဖြစ်ပါတယ်။ ထို့ကြောင့် မူးယစ်ဆေးသုံးစွဲခြင်းကိုအမှန်တကယ် ရပ်တန့်လိုပါက ထိုအပေါင်းအဖော်များနှင့်အဆက်အသွယ်ဖြတ်ပြီး သူငယ်ချင်းအသစ်၊ပတ်ဝန်းကျင် အခွင့်အလမ်းအသစ်များကို ရှာဖွေရပါမယ်။
Caring For Our Children
Issue #36
22 February 2021