09/09/2026
လူတိုင်းလိုလိုကတော့ ဘဝမှာ တကယ် အေးချမ်းတဲ့ ပျော်ရွှင်မှုကိုပဲ ရချင်ကြတာပါ။
ဒါပေမဲ့ ပျော်ရွှင်ချင်တဲ့စိတ် ပေါ်လာတဲ့အချိန်တိုင်းမှာ ပျော်ရွှင်မှုကို စိတ်ထဲကနေ မရှာဘဲ ပစ္စည်းတွေထဲကနေ လှည့်ရှာမိတတ်ကြပါတယ်။
အထူးသဖြင့် စိတ်ထဲမှာ စိတ်တိုင်းမကျတာ၊ နေလို့မကောင်းတာ ဒါမှမဟုတ် ပျင်းလာတဲ့အခါမျိုးမှာ လက်ထဲက ငွေလေးပါ နည်းနည်းရှိနေမယ်ဆိုရင် ပိုဆိုးသွားတတ်ပါတယ်။ အဲဒီငွေကြေးက စိတ်ညစ်စရာ အခန်းကြီးထဲမှာ လောင်ပိတ်နေတဲ့အခါ ခဏတာ လွတ်မြောက်ဖို့ သွားဖွင့်လိုက်တဲ့ တံခါးတစ်ခုလို ဖြစ်သွားတာပါ။
ဒီလို စိတ်မျိုးစဖြစ်ရင် ပထမဆုံးအဖြစ် ဟိုဟာဝယ်ချင်တယ်၊ ဒီဟာဝယ်ချင်တယ်ဆိုပြီး ပစ္စည်းတစ်ခုခုရဲ့ ပုံရိပ်လေး စိတ်ထဲ ပေါ်လာတတ်ပါတယ်။ အဲဒါက ကြော်ငြာတွေကြောင့်ပဲဖြစ်ဖြစ်၊ သူများသုံးနေတာ မြင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်က ကိုယ့်ကိုယ်ကို အာရုံပြောင်းဖို့ စမ်းရှာလိုက်တာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီစိတ် ပေါ်လာပြီဆိုတာနဲ့ အတွင်းထဲမှာ "အဲဒီဟာရရင် ရှယ်ပဲ" ဆိုတဲ့ ယုံကြည်ချက်ဆီကိုပဲ အားလုံး ဆွဲခေါ်သွားခံလိုက်ရတာပါ။
ဒီလိုနဲ့ အဲဒီပစ္စည်းကို တကယ် လိုအပ်လား မလိုအပ်လားဆိုတာထက် အဲဒါနဲ့ပတ်သက်ပြီး လေ့လာရတာကိုပဲ ပိုပြီး အားသန်လာကြပါတယ်။ Review တွေ ကြည့်တာကနေစလို့ ဘယ် brand က ပိုကောင်းလဲ၊ ဘယ် model က ပိုတန်လဲ၊ ဘယ်နေရာက ဝယ်ရင် ပိုစျေးချိုလဲဆိုတဲ့ အချက်အလက်တွေနဲ့ ကိုယ့်ကိုယ်ကို မနားတမ်း အာရုံပြည့်နေအောင် လုပ်လိုက်ပါတယ်။ အပြင်ကကြည့်ရင် အရမ်း စိစစ်တိကျစွာ စဉ်းစားဆုံးဖြတ်နေတာလို့ ထင်ရပေမဲ့ အမှန်တကယ်ကတော့ စိတ်၏ လေးကန်မှုကို ခဏတဖြုတ် ပျောက်သွားအောင် အာရုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ စိတ်က ထူးထူးခြားခြား တက်ကြွသွားပြီး အဲဒီပစ္စည်းနဲ့ပတ်သက်တာတွေကို မနားတမ်း လိုက်လုပ်နိုင်လာပါတယ်။ တစ်ခုခုကို ရှာဖွေနေရတာ၊ ကြိုးစားနေရတာလို ခံစားရတာကြောင့် အဲဒီခံစားချက်ကို "ပျော်တာ" လို့ အမှတ်လွဲသွားတတ်ကြပါတယ်။ တကယ်တော့ အဲဒါ ပျော်ရွှင်မှု မဟုတ်ဘဲ တစ်စုံတစ်ရာကို ရမယ်လို့ ထင်တဲ့အချိန်မှာ ပေါ်လာတဲ့ မီးပွားလို လင်းလက်ပြီး မြန်မြန်ပျောက်ကွယ်သွားတတ်တဲ့ စိတ်လှုပ်ရှားမှု (Excitement) သာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အွန်လိုင်းက မှာရရင်တောင် မစောင့်နိုင်တော့ဘဲ ဆိုင်အထိ သွားဝယ်လိုက်တာမျိုးအထိ ဖြစ်လာတတ်ပါတယ်။ ဝယ်ချင်တဲ့စိတ် ကုန်မသွားခင်မှာပဲ "မဝယ်ရင် မရတော့ဘူး" ဆိုတဲ့ စိတ်ကို အပြီးတိုင်ပိတ်ချင်လို့ ဝယ်လိုက်တာပါ။ Online Shopping ဆိုရင်လည်း Delivery ရောက်လာတဲ့အချိန် အိတ်ဖောက်တဲ့အသံ၊ ဘူးလေးဖွင့်လိုက်ရတဲ့ အခိုက်အတန့်က ဘဝကို ခဏလောက် အသစ်ဖြစ်သွားသလို ခံစားရစေပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့ခေတ်မှာ Unboxing ဗီဒီယိုတွေ ခေတ်စားလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ အသစ် ဆိုတာကလည်း တကယ် အသစ် မဟုတ်ဘူးဆိုတာကို မကြာခင်မှာပဲ သိလိုက်ရပါတယ်။ ပစ္စည်း ရောက်ပြီး မကြာခင်မှာပဲ အာရုံက ပြန်ကျသွားပြီး စိတ်ဝင်စားမှု ပျောက်သွားတာပါ။ မနက်ပိုင်းက အရမ်းကောင်းတယ်ထင်ခဲ့တဲ့အရာက ညနေပိုင်းမှာ သာမန်ပစ္စည်းတစ်ခုဖြစ်သွားပြီး နောက်ထပ် အသစ်တစ်ခုကို ထပ်ရှာချင်လာပြန်ပါတယ်။ အဲဒီလိုနဲ့ ပစ္စည်းတွေကို ဝယ်တာမဟုတ်ဘဲ စိတ်လှုပ်ရှားမှုကိုပဲ ဝယ်နေသလို ဖြစ်သွားတာပါ။
အဓိကပြဿနာက စိတ်ထဲက နေလို့မကောင်းတာကို ပစ္စည်းတွေက မဖြေရှင်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ ပစ္စည်းတွေက အဲဒီမပျောက်သေးတဲ့ အရာကို ခဏ မကြည့်ဖြစ်အောင် အာရုံလှည့်ပေးတာပဲ လုပ်ပေးနိုင်တာပါ။ အာရုံ ပြန်လွတ်သွားတဲ့အခါ မပျောက်သေးတဲ့ စိတ်ညစ်စရာက အဲဒီနေရာမှာပဲ ရှိနေပြီး၊ ငွေကုန်သွားတာကို သတိရကာ နောင်တနဲ့ အပြစ်တင်စိတ်တွေပါ ထပ်တိုးလာတတ်ပါတယ်။ ပြဿနာကို ဖြေရှင်းချင်လို့ လုပ်လိုက်တာက ပြဿနာကို အခြားပုံစံတစ်ခုနဲ့ ပြန်တည်ဆောက်လိုက်သလို ဖြစ်သွားတာပါ။
ဒီနေ့ခေတ် Online Shopping စနစ်တွေနဲ့ Capitalism (အရင်းရှင်စနစ်) ကလည်း ဒါကို အသုံးချပြီး ဖန်တီးထားတာပါ။ "Recommended items" ဆိုတဲ့ စာကြောင်းနဲ့ စိတ်ကိုဆွပေးတယ်၊ "Limited time" နဲ့ အလျင်လိုအောင်လုပ်တယ်၊ "Only a few left" ဆိုတာနဲ့ မဝယ်ရင် မဖြစ်တော့ဘူးထင်အောင် လုပ်တတ်ကြပါတယ်။ အပြင်ကကြည့်ရင် Marketing လို့ ထင်ရပေမဲ့ အတွင်းထဲက ခံစားရတာကတော့ စိတ်ကို သွေးထိုးလှုံ့ဆော်ပြီး အာရုံကို လုယက်နေသလိုမျိုးပါပဲ။ လူကို ငြီးငွေ့လွယ်လာအောင်နဲ့ မလုံလောက်သလို ခံစားလာအောင် စနစ်တစ်ခုလုံးက ဆော့ကစားနေတာ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးမှာ နားလည်လာရမှာက ရုပ်ဝတ္ထုပစ္စည်းတွေက ရေရှည်တည်တံ့တဲ့ ပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပျော်ရွှင်မှုကို အပြင်မှာပဲ အမြဲမောင်းနှင်ရှာနေရင် တစ်ခုနဲ့မတော်ရင် နောက်တစ်ခုကို ထပ်ဝယ်မယ်ဆိုတဲ့ သံသရာထဲမှာပဲ လည်နေမှာဖြစ်ပြီး၊ အဲဒီ "နောက်တစ်ခု" ဆိုတာကလည်း လက်ထဲမရောက်မချင်းပဲ လှပနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ပစ္စည်းတစ်ခုခုကို ထပ်ဝယ်တော့မယ်ဆိုရင် "တကယ် လိုချင်တာ ပစ္စည်းလား… ဒါမှမဟုတ် စိတ်ထဲက နေလို့မကောင်းမှုကို မတွေ့ချင်လို့ ရှောင်လွှဲနေတာလား" ဆိုတာကို မိမိကိုယ်ကို ပြန်မေးကြည့်ဖို့ လိုပါတယ်။ အဲဒီမေးခွန်းကို မဖြေခင်မှာပဲ နောက်အသစ်တစ်ခုကို ထပ်ဝယ်လိုက်ရင်တော့ ရလိုက်တာက ပစ္စည်းမဟုတ်ဘဲ ခဏလေး လင်းပြီး ငြိမ်းသွားမယ့် မီးပွားတစ်စက်ပဲ ဖြစ်နေပါလိမ့်မယ်။
အရှင်နန္ဒာစာရ
9.9.2026