10/04/2026
(၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့
ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သည့် ကယန်းအမျိုးသားနေ့ အခါသမယတွင် မြန်မာ ပြည်သူလူထုများနှင့် ကယန်းပြည်သူများအားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာချမ်းသာကြပါစေ ကြောင်း ဆုမွန်းကောင်းတောင်းအပ်ပါသည်။
၂၀၀၀ ခုနှစ်မှစပြီး ကယန်းအမျိုးသားများသည် ကယန်းအမျိုးသားနေ့ သတ်မှတ်အတည်ပြုခြင်းအပါ အဝင်၊ ကယန်းစာပေယဉ်ကျေးမှု၊ အလံတော်နှင့် ကယန်းမျိုးနွယ်စုများ စည်းလုံးညီညွတ်မှု စသည်တို့ကို အတည်ပြုသတ်မှတ်နိုင်ခဲ့သည်မှာ (၂၆) နှစ်တိုင်တိုင် ရောက်ရှိလာပြီဖြစ်သည်။ ယခု (၂၆) နှစ်မြောက် ကယန်းအမျိုးသားနေ့အား နေရာတဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည့် ကယန်း ပြည်သူများနှင့် ကယန်းအဖွဲ့အစည်းများကို မိမိတို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ လေးစား အသိအမှတ်ပြု ကြောင်း ဤသဝဏ်လွှာဖြင့် ပေးပို့အပ်ပါသည်။
ကယန်းပြည်သူနှင့် ပအိုဝ်းပြည်သူ လူထုများသည် ဒေသတစ်ခုအတွင်း၌ မောင်နှမအရင်းသဖွယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားများဖြစ်ပြီး အာဏာရှင်၊ စစ်အာဏာရှင်၊ လူမျိုးကြီး ဝါဒနှင့် အကြမ်းဖက်မှုမျိုးစုံကို အတူတကွခါးစည်းခံနေကြရသည်။ ခေတ်အဆက်ဆက် တိုင်းရင်းသား လူမျိုးစုများ ရင်ဆိုင်ခဲ့ရသည့် စနစ်၏ ဖိနှိပ်အကြမ်းဖက်မှုများမှ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သည်မှာ အခြားတိုင်းရင်းသားများနည်းတူ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယနေ့ကျရောက်သော ကယန်းအမျိုးသားနေ့မှသည် တော်လှန်ရေးတွင်တိုက်ပွဲဝင် အသက်ပေးဆပ်ခဲ့ ရသော ကယန်းခေါင်းဆောင်များအား အသိအမှတ်ပြုအပ်ပါသည်။ ကယန်းတိုင်းရင်းသား လူမျိုးများ မျော်မှန်းသည့် လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်းရေးတို့အတွက် မိမိတို့သည် ကယန်းတိုင်းရင်းသားများ နှင့် လက်တွဲညီညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါ သည်။