Mogok Township Red Cross Branch

Mogok Township Red Cross Branch မြန်မာနိုင်ငံကြက်ခြေနီအသင်း
မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ

◾️ကြက်ခြေနီနဲ့ လခြမ်းနီသူတစ်ပါး၏ ဆင်းရဲဒုက္ခကို မြင်ရကြားရလျှင်သူတော်ကောင်းတို့၏နှလုံးတုန်လှုပ်ခြင်းဖြစ်၏။ သူတစ်ပါးတို့၏...
08/05/2026

◾️ကြက်ခြေနီနဲ့ လခြမ်းနီ

သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မြင်ရကြားရလျှင်သူတော်ကောင်းတို့၏နှလုံးတုန်လှုပ်ခြင်းဖြစ်၏။ သူတစ်ပါးတို့၏ ဆင်းရဲကို ပယ်ဖျောက်တတ်၏။ ထို့ကြောင့်ကရုဏာမည်၏။ ကရုဏာသည် မြင့်မြတ်သော လမ်းစဉ်(ဗြဟ္မဝိဟာရ) လေးပါးအနက်မှ တစ်ပါးဖြစ်၏။

(ဝိသုဒ္ဓိမဂ္ဂကျမ်း၊ ဗုဒ္ဓဘာသာ)

‘သင်တို့သည် ငါ့ညီအစ်ကိုတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုသမျှတို့ကို ငါ့အား ပြုကြပြီ}(ဆင်းရဲသားများ၊ ဖျားနာသူများ၊ ထောင်ကျနေသူများနှင့်ဘေးဒုက္ခအန္တရာယ်ကျရောက်နေသူများကို ကူညီခြင်းသည် ဘုရားသခင်ကို ဝတ်ပြုခြင်းနှင့် အတူတူပင်ဖြစ်သည်။)

(ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၅း၄၀၊ခရစ်ယာန် ဘာသာ)

“ဆွလားသ်(ဝတ်ပြုခြင်း)ကို တည်ဆောက်ကြလော့။ ဇကာဒ် (ဆင်းရဲ နွမ်းပါး ဒုက္ခရောက်နေသူ များကိုထောက်ပံ့ကူညီ) လှူဒါန်းကြလော့။ အလွန်ဆင်းရဲသူများ၊ စားဝတ်နေရေးမပြည့်စုံသူများ၊ အကြွေးနွံနစ်နေသူများ၊ လူမှုရေးဘာသာရေးဆောင်ရွက်နေသူများ၊ ခရီးသွားရင်း ငွေကြေးပြတ်လပ်ပြီး ဒုက္ခရောက်နေသူများကိုကူညီပံ့ပိုးကြလော့”

(အစ္စလာမ်ဘာသာ၊ ကုရ်အာန်ကျမ်းမြတ်၊အခန်း ကြီး ၉၊ အာယတ်တော် ၆၀)

Nishkama Karma (စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း)သည် အလွန်မြင့်မြတ်သော အကျင့်ဖြစ်သည်။ အခြားသူများ၏ ဒုက္ခကို ကူညီဖြေရှင်း ပေးခြင်း(seva)သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တန်းတူ
ဖြစ်သည်။

(ဘာဂဝဒ်ဂီတာ၊ အခန်း ၂၊ ဂါထာ ၄၇၊ဟိန္ဒူဘာသာ)

ဟုတ်ကဲ့။ ဘာသာတရားတိုင်းကတော့ လူသားချင်းစာနာဖို့၊ ဘေးအန္တရာယ်ကျရောက်နေသူတွကို စွမ်းနိုင်သမျှ ကယ်တင်ဖို့၊ ဆင်းရဲဒုက္ခကြုံတွေ့ နေရသူတွေကိုကူညီထောက်ပံ့ဖို့၊ မိမိအကျိုးကို မမျှော်ကိုးဘဲ စေတနာဝန်ထမ်းအလုပ်တွေဆောင်ရွက်ကြဖို့ လမ်းညွှန်မိန့်ကြားထားကြပါတယ်။

အဲဒီလုပ်ငန်းတွေဟာ အင်မတန်မွန်မြတ်တဲ့ လုပ်ငန်းတွေဆိုတာကိုလည်း ကျွန်တော်တို့သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လောက်ထိအားကြိုးမာန်တက် လိုက်နာဆောင်ရွက်ခဲ့ကြပါသလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ဖို့ လိုပြီထင်ပါရဲ့။

x x x

စီးပွားရေးသမား ဟင်နရီဒူးနန့်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြင်သစ်ဧကရာဇ် နပိုလီယံ(၃)ဆီက ခွင့်ပြုချက်တောင်းခံဖို့ သွားရောက်ရင်း အီတလီမြောက်ပိုင်းက ဆိုလ်ဖာရီနိုရွာလေးအနီးမှာ တိုက်ပွဲဖြစ်နေတာနဲ့ ကြုံလိုက်ရပါသတဲ့။

၁၈၅၉ ခုနှစ် ဇွန် ၂၄ရက် မှာ ပြင်သစ်-ဆာဒင်းနီးယား မဟာမိတ်တပ်တွေနဲ့ဩစတြီးယားတပ်တွေ တိုက်ကြတာပါ။တစ်ရက်တည်းမှာပဲနှစ်ဖက်စစ်သည်ပေါင်း၄၀၀၀၀လောက်သေဆုံး၊ဒဏ်ရာရတယ်ဆိုတော့ အင်မတန်များတာပေါ့။

တိုက်ပွဲအပြီးမှာ ဒဏ်ရာရသူတွေဟာဆေးဝါးအကူအညီမရဘဲမြေပြင်မှာလဲလျောင်းအော်ဟစ်ညည်းညူရင်း မသေသင့်ဘဲ သေကုန်တာတွေ့ရတော့ သူတော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ ဒါနဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းကိုသတိမရတော့ဘဲ အနီးဝန်းကျင်က ဒေသခံတွေကိုစည်းရုံးလှုပ်ရှားတော့တယ်။

လူသားချင်းစာနာထောက်ထားပြီး ကူညီကယ်တင်ကြဖို့၊ ရန်သူမိတ်ဆွေမခွဲခြားဘဲလူသားအားလုံးဟာ ညီအစ်ကိုပဲလို့သဘောထားဖို့ ဟောပြောစည်းရုံးလိုက်တာ အောင်မြင်ပါတယ်။ ဒေသခံတွေဟာ သူနဲ့ လက်တွဲပြီး ဒဏ်ရာရသူတွေကို တတ်စွမ်းသမျှပြုစုကုသကြတော့ စစ်သည်အတော်များများ သက်သာရာရသွားကြပါတယ်။

သူ့ရဲ့ဇာတိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ပြန်ရောက်တဲ့အခါ အဲဒီအတွေ့အကြုံတွေကို စာရေးသားပြီး
‘ဆိုလ်ဖာရီနို အမှတ်တရ’ဆိုတဲ့ စာအုပ်ကို ၁၈၆၂ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ သူက အဓိက အချက်နှစ်ချက်ကို အဆိုပြုခဲ့ပါတယ်။

၁။ ငြိမ်းချမ်းနေတဲ့ ကာလမှာကတည်းက စစ်ဖြစ်ရင်ဒဏ်ရာရသူတွေကို ပြုစုကုသဖို့ ‘စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့တွေ’ကြိုတင်ဖွဲ့စည်းထားဖို့။

၂။ အဲဒီ စေတနာ့ဝန်ထမ်းတွေကို စစ်မြေပြင်မှာ ဘေးကင်းစွာနဲ့ ကူညီနိုင်ခွင့်ပေးဖို့ နိုင်ငံတကာသဘော
တူညီချက်တစ်ခု ပြုလုပ်ဖို့ အဆိုပြု ထားတာပါ။

ဒူးနန့်ရဲ့ စာအုပ်ဟာ ဥရောပတစ်ခွင်မှာ အတော်ဂယက်ရိုက်သွားခဲ့ပါတယ်။ ၁၈၆၃ ခုနှစ်မှာ ဂျီနီဗာမြို့ကထင်ရှားတဲ့ ပုဂ္ဂိုလ်လေးဦးနဲ့ ဒူးနန့်တို့ ပေါင်းပြီး ငါးဦးကော်မတီ}ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတည်ထောင်သူ ငါးဦးကတော့ Henry Dunant, ရှေ့နေကြီး Gustave Moynier,ဗိုလ်ချုပ် Guillaume-Henri Dufour ဆရာဝန် Louis Appia နဲ့ ဆရာဝန် Theodore Maunoir တို့ဖြစ်ပါတယ်။

အဲဒီကော်မတီဟာ နောက်ပိုင်းမှာ International Committee of the Red Cross (ICRC) ဖြစ်
လာခဲ့ပါတယ်။ ၁၈၆၃ ခုနှစ်အပြည်ပြည်ဆိုင်ရာ ညီလာခံကို နိုင်ငံပေါင်း ၁၆ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး အမျိုးသားအဆင့် ကူညီကယ်ဆယ်ရေးအသင်းတွေ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။

အမှတ်တံဆိပ်က တော့ ဆွစ်ဇာလန်နိုင်ငံကို ဂုဏ်ပြုတဲ့အနေနဲ့ဆွစ်အလံ (အနီရောင်နောက်ခံမှာ ကြက်ခြေခတ်အဖြူ)ကို အရောင် ပြောင်းပြန်လှန်ပြီး အဖြူရောင်နောက်ခံမှာအနီရောင် ကြက်ခြေခတ်ကို အမှတ်တံဆိပ်အဖြစ်သတ်မှတ်ခဲ့ပါ တယ်။

၁၈၆၄ ခုနှစ်မှာတော့ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ သံတမန်ရေးရာ ညီလာခံမှာ ပထမဆုံးသော ဂျီနီဗာ ကွန်ဗင်းရှင်း(First Geneva Convention)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီ ‘နိုင်ငံတကာ သဘောတူညီချက်’စာချုပ်အရ စစ်မြေပြင်က ဆေးကုသဌာနတွေ၊ လူနာတင်ယာဉ်တွေနဲ့ ဆေးဘက် ဆိုင်ရာဝန်ထမ်းတွေကို ကြားနေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခြင်းမပြုဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီကစပြီး ကြက်ခြေနီအသင်းတွေ၊ ကြက်ခြေနီလုပ်ငန်းတွေ နိုင်ငံတကာမှာ တိုးတက်ဖွဲ့စည်းတည်
ထောင်လုပ်ကိုင်လာခဲ့ကြပါတယ်။ ကြက်ခြေနီအသင်းသားတွေဟာ ကမ္ဘာတစ်ဝန်း ဘယ်နေရာမှာမဆို ‘ကြက်ခြေနီအဖွဲ့ရဲ့ အခြေခံမူ ခုနစ်ချက်’ကို လိုက်နာဆောင်ရွက်ကြရပါတယ်။

၁။ လူသားချင်းစာနာမှု (လူတွေရဲ့ အသက်ကို ကယ်တင်ရန်နှင့် ဆင်းရဲဒုက္ခလျှော့ချရန်)
၂။ ဘက်မလိုက်မှု (လူမျိုး၊ ဘာသာ၊ကျားမ၊ ပါတီ၊ နိုင်ငံရေးမခွဲခြားဘဲ လိုအပ်ချက်အရ ကူညီရန်)
၃။ ကြားနေမှု (ပဋိပက္ခများတွင် မည်သည့်ဘက်ကမျှပါဝင်ပတ်သက်မှု မရှိရန်)
၄။ လွတ်လပ်မှု (အာဏာပိုင် အဖွဲ့အစည်းတို့၏လက်အောက်ခံ အသုံးချခံမဟုတ်ဘဲ လွတ်လပ်သော
အဖွဲ့အစည်းအဖြစ် ရပ်တည်ရန်)
၅။ စေတနာ့ဝန်ထမ်း အကျိုးဆောင်မှု (အကျိုးအမြတ်အတွက် မဟုတ်ဘဲ စေတနာဖြင့် ကူညီရန်)
၆။ တစ်သားတည်းဖြစ်မှု (နိုင်ငံကွဲပြားသော်လည်း ကြက်ခြေနီအသင်း၏ မူဝါဒနှင့်လုပ်ငန်းစဉ်များ သဘောချင်းကိုက်ညီပြီး တစ်သားတည်းဖြစ်ရန်)
၇။ ကမ္ဘာလုံးဆိုင်ရာဖြစ်မှု (ကမ္ဘာတစ်ဝန်းရှိ အသင်းများအားလုံးတန်းတူရည်တူ ရှိရန်)

အဲဒီ မူခုနစ်ချက်ကို အခြေခံပြီး ဆောင်ရွက်လာလိုက်ကြတာ နိုင်ငံပေါင်းစုံက လူပေါင်းစုံက နှစ်ခြိုက်
သဘောကျပြီး ထောက်ခံအားပေးကြတော့၊ ကြက်ခြေနီအသင်းတွေက ကမ္ဘာတစ်လွှား နိုင်ငံအများအပြား ထိကျယ်ကျယ်ပြန့်ပြန့်ကြီး ပြန့်ပွားလွှမ်းခြုံလာနိုင်ခဲ့ပါတယ်။

◾️လခြမ်းနီ

၁၈၇၆ ခုနှစ်မှာ အော်တိုမန်အင်ပါယာ(ယနေ့တူရကီနိုင်ငံ)နဲ့ ရုရှားနိုင်ငံတို့ စစ်ဖြစ်ကြတော့ ဒဏ်ရာရ
သူတွေကို ကြက်ခြေနီအသင်းတွေက ပြုစုကုသကြပါတယ်။ အဲဒီမှာ ခရစ်ယာန်ဘာသာ မဟုတ်တဲ့ အော်တိုမန်အင်ပါယာစစ်သည်တွေက ကြက်ခြေခတ် သင်္ကေတဟာခရစ်ယာန်ဘာသာရဲ့ သင်္ကတ ဖြစ်တယ်လို့ ယူဆကြပြီးမနှစ်သက်ကြပါဘူး။

ဒါကြောင့် သူတို့က ကြက်ခြေခတ်အစား သူတို့ရဲ့ အလံမှာပါတဲ့ လခြမ်းပုံစံ အဖြူရောင်နောက်ခံမှာ အနီရောင်လခြမ်းပုံ} ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ၁၉၂၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းမှာ လခြမ်းနီ
သင်္ကေတကို ကြက်ခြေနီသင်္ကေတနဲ့ တန်းတူ (အဆင့်အတန်း၊ တာဝန်ဝတ္တရား၊ အကာအကွယ်ရပိုင်ခွင့် အတူတူ) အဖြစ် တရားဝင်အသိအမှတ် ပြုခဲ့ပါတယ်။

ဒါကြောင့်ကြက်ခြေနီနဲ့ လခြမ်းနီဟာ အတူတူပဲ ဖြစ်ပါတယ်။

◾️ကြက်ခြေနီနှင့်လခြမ်းနီအသင်း၏ ဂုဏ်ရောင်ပြောင်သောစွမ်းဆောင်မှုများ

၁၉၁၄-၁၉၁၈ ပထမကမ္ဘာစစ်ကြီးနဲ့ ၁၉၃၉-၁၉၄၅ဒုတိယကမ္ဘာစစ်ကြီးတွေမှာ ကြက်ခြေနီဟာ သန်းနဲ့ချီတဲ့လူ့အသက်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ပြုစုကုသတာ၊ စစ်သုံ့ပန်းတွေကို ကာကွယ်ပေးတာ၊ အစားအစာနဲ့ ဆေးဝါးပြတ်လပ်နေတဲ့ အရပ်သားတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတာစတဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဒါတွေအပြင် ၁၉၆၀-၁၉၇၀ ပြည့်နှစ်အတွင်းကမ္ဘာတစ်ဝန်း ကျောက်ရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေးကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သလို ၂၀၁၄ ခုနှစ်က အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါတိုက်ဖျက်ရေးမှာလည်း ရှေ့တန်းကနေ သက်စွန့်ဆံဖျားဆောင်ရွက်ခဲ့ပါတယ်။

ကိုဗစ်နိုင်တီး ကမ္ဘာ့ကပ်ရောဂါဖြစ်တော့လည်း နိုင်ငံပေါင်း ၁၉၀ကျော်မှာ အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းနဲ့ကွာရန်တင်းစင်တာတွေ၊ ကုသရေးစင်တာတွေမှာ အကူအညီပေးခြင်း လုပ်ငန်းတွေကို အကြီးအကျယ်ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိကာလမှာတော့ နိုင်ငံအသီးသီးက ကြက်ခြေနီအသင်းတွေဟာ လူသားချင်း စာနာ ထောက်ထားမှုအကျိုးပြုလုပ်ငန်းပေါင်းများစွာကို ကဏ္ဍကြီး ငါးခုခွဲပြီးအဓိက ဆောင်ရွက်နေကြပါတယ်။

၁။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု

မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ဆူနာမီဘေး စတဲ့ သဘာ၀ဘေးတွေ ဖြစ်လာတဲ့အခါ
အစားအစာ၊ သောက်ရေ၊ ဆေးဝါးနဲ့ အရေးပေါ်ပစ္စည်းတွေ ထောက်ပံ့ပေးသလို ပြန်လည်ထူထောင်ရေး ကာလမှာလည်း ဆောက်လုပ်ရေးပစ္စည်းထောက်ပံ့တာတွေ၊အိမ်ဆောက်ပေးတာတွေ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကူညီဖန်တီးပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။

၂။ ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေး

မတော်တဆမှုတွေနဲ့ သဘာ၀ဘေးတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို အသက်ကယ်ဆယ်နိုင်ဖို့ ရှေးဦးသူနာပြုစုနည်းသင်တန်းတွေ ပို့ချပေးသလို လက်တွေ့ကူညီကယ်ဆယ်တာတွေလည်း အားကြိုးမာန်တက်
ဆောင်ရွက်နေပါတယ်။

စုပေါင်း သွေးလှူဒါန်းတာတွေပြုလုပ်သလို ကာလဝမ်းရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ကိုဗစ်ရောဂါစတဲ့ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်း၊အသိပညာပေးလုပ်ငန်းတွေမှာလည်း တက်ကြွစွာ ကူညီ
ဆောင်ရွက်ပေးပါတယ်။

၃။ မိသားစု ပြန်လည်ဆက်သွယ်ပေးခြင်း

စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ သဘာ၀ဘေးတွေကြောင့် မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားသူတွေကို
ပြန်လည်ရှာဖွေပေးတဲ့လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးပါတယ်။

၄။ လူသားချင်း စာနာထောက်ထားမှုတန်ဖိုးများ မြှင့်တင်ခြင်း

ကျောင်းကောင်စီ ကြက်ခြေနီအသင်းတွေကတစ်ဆင့် ကျောင်းသားလူငယ်တွေကို စေတနာ့ဝန်ထမ်း
စိတ်ဓာတ်ကိန်းအောင်းလာအောင် လေ့ကျင့်ပေးတာတွေ၊ စစ်ပွဲအတွင်းမှာ အရပ်သားတွေကို အကာ အကွယ်ပေးတဲ့ ဥပဒေတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်သူတွေ သိနားလည်ဖို့ ပညာပေး တာတွေကို ဆောင်ရွက်ပါတယ်။

၅။ လူမှုရေးဆိုင်ရာ အကူအညီပေးခြင်း

သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူများကို စောင့်ရှောက်ရေးစတဲ့ လုပ်ငန်းများမှာလည်း ပါဝင်ကူညီဆောင်ရွက်ပေးပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ ကြက်ခြေနီအသင်းအဖွဲ့ဟာ ‘ဘယ်သူဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရှိရှိ၊
ဘာကြောင့်ပဲ ဒုက္ခရောက်ရောက်}လူသားချင်းစာနာမှုစိတ်ဓာတ်တစ်ခုတည်းနဲ့ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ကူညီပေးနေတဲ့ မွန်မြတ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးဟာ၁၉၁၇၊ ၁၉၄၄ နဲ့ ၁၉၆၃ ခုနှစ်တွေမှာ နိုဘယ်လ် ငြိမ်း
ချမ်းရေးဆုကို သုံးကြိမ်တိုင်အောင် ရရှိခဲ့တာဖြစ်ပါတယ်။

ကြက်ခြေနီအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဟင်နရီဒူးနန့်ဟာလည်း သူ့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တွေကြောင့် ပထမဆုံးသောနိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်မှာ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါတယ်။

သူဟာ ရရှိတဲ့ ဆုငွေတွေကိုသူ့အတွက်မသုံးဘဲ ပရဟိတလုပ်ငန်းတွေဆီ ပြန်လည်လှဒါန်းခဲ့ပါတယ်။ ၁၉၁၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်မှာ သူကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားပေမယ့်သူချန်ထားခဲ့တဲ့ ကြက်ခြေနီစိတ်ဓာတ်ကတော့ ဒီနေ့ထိကမ္ဘာတစ်ဝန်းမှာ ရှင်သန်နေဆဲဖြစ်ပါတယ်။

အဲဒီလို ထူးခြားမွန်မြတ်တဲ့ ကြက်ခြေနီအသင်းကြီးရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟင်နရီဒူးနန့်ကို ဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ မေ ၈ ရက်ကို ‘ကမ္ဘာ့ကြက်ခြေနီနေ့’လို့သတ်မှတ်လိုက်ပြီး အဲဒီနေ့မှာ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ထူးချွန်သူတွေကို ဂုဏ်ပြုတဲ့ပွဲတွေ ကျင်းပကြပါတယ်။

ရှေးဦးသူနာပြုသင်တန်းပေးတာတွေ၊စုပေါင်းသွေးလှူဒါန်းတာတွေလည်းလုပ်ကြပါတယ်။ကျွန်တော်ကတော့ ‘ကမ္ဘာ့ကြက်ခြေနီ’နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ဆေးကုသပေးဖို့နဲ့ ပရဟိတ အသင်းအဖွဲ့တွေကို တတ်နိုင်သလောက်ငွေကြေးလှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းကသာ လူအချင်းချင်းတိုက်ခိုက်သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်နှောင့်ယှက်ဖျက်ဆီးတာတွေ စတဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့အမှုတွေကို ရှောင်ရှားပြီး လူသားချင်းစာနာထောက်ထား၊ သနားကရုဏာ အကြင်နာတရားတွေနဲ့ကူညီဖေးမတာတွေ၊ စတဲ့မြင့်မြတ်တဲ့ ကယ်တင်စောင့်ရှောက်တာတွေလုပ်တွေကို လုပ်ကြမယ်ဆိုရင် ကမ္ဘာလောကကြီး ဘယ်လောက်သာယာလိုက်မလဲလို့ တွေးတောမှန်းဆရင်း၊ ။တမ်းတမျှော်လင့်နေမိပါတော့တယ်
‌ရေး-ထက်ငြိမ်းဝေ(ရွှေအာယု)
#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး

မေလ (၈) ရက် ကမ္ဘ့ာကြက်ခြေနီနေ့
08/05/2026

မေလ (၈) ရက် ကမ္ဘ့ာကြက်ခြေနီနေ့

မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ တရားဝင် page အသစ်အား စတင်ဖွင့်လှစ်ခြင်း​"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လု...
04/04/2026

မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ တရားဝင် page အသစ်အား စတင်ဖွင့်လှစ်ခြင်း

​"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်နေသော မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိဘပြည်သူများအားလုံးကို နှုတ်ခွန်း ဆက်သအပ်ပါသည်။

​ယခင်အသုံးပြုခဲ့သော Page အဟောင်းမှာ နည်းပညာပိုင်းဆိုင်ရာ အခက် အခဲ (Account Hack ခံရမှု) ကြောင့် ဆက်လက်အသုံးပြုနိုင်ခြင်း မရှိတော့ပါသဖြင့် ယခု Mogok Township Red Cross Branch Page အသစ်မှတစ်ဆင့် သတင်းအချက်အလက်များကို ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

​အဆိုပါ Page အသစ်မှတစ်ဆင့် ကျွန်ုပ်တို့ အသင်းခွဲ၏ -
✅ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
✅ ရှေးဦးပြုစုခြင်း သင်တန်းများနှင့် လှုပ်ရှားမှုများ
✅ သွေးလှူဒါန်းမှုနှင့် လူမှုဂရုဏာလုပ်ငန်းများ စသည်တို့ကို အစဉ်တစိုက် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

​သို့ဖြစ်ပါ၍ မိဘပြည်သူများနှင့် အသင်းသား/သူများအနေဖြင့် ဤ Page အသစ်ကို Like နှင့် Follow လုပ်ထားပေးကြပါရန်နှင့် Page အစစ်ဖြစ်ကြောင်း သိရှိစေရန်အတွက် ဝိုင်းဝန်း မျှဝေ (Share) ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။



Admin

Address

Mogok Township
Mogok

Website

Alerts

Be the first to know and let us send you an email when Mogok Township Red Cross Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share