24/06/2026
၂၀၂၆ ခုနှစ်၊ ဂျုန်လ (၂၄)ရက်နိက “အာရက္ခတိုင်းမ်စ်”ဟု နာမည်တပ်ထားသော အွန်လိုင်းစာမျက်နှာမှ “မင်းပြားမြို့ ရာစုသစ်ဘော်ဒါဆောင်နီ ကျောင်းသားတဦး မီးလောင်သီဆုံးမှုမှ တရားခံလူငယ်ကို ဒီလပ်မှ ဖမ်းပြီး (၁၂) ရက်အကြာ ဆီးရုံ အရေးပေါ်တင်ရ” သတင်ဂေါင်းစဉ်ဖြင့် လုပ်ကြံသတင်းတပုဒ် တင်ထားသည်ကို တွိဟိရသည်။
အဆိုပါသတင်း၌ “ဒီလပ်က သံသယဖြင့် ဖမ်းဆီးစစ်ဆီးနီချိန်တွင် ဒေဂုကဲ့သို့ အရေးပေါ်ဆီးရုံတက်ရောက် ကုသရခြင်း ဖြစ်ကြောင်း၊ တရားခံတွင် မည်သည့်ရောဂါမျှ မဟိကြောင်း၊ ဒီလပ်ဖမ်းဆီး၍ စစ်ဆီးသည့်အခါ အမျိုးမျိုး နှိပ်စက်ရိုက်နှက်ပြီး ဝန်ခံခိုင်းခကြောင်း၊ ထောက်လှမ်းရီးကလည်း လျှပ်စစ် Shock တိုက်ခကြောင်း” စသည်ဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းကို ဖော်ပြထားသည်။
အဆိုပါအမှုနန့်ပတ်သက်၍ တရားခံမှ ၎င်းအနီဖြင့် အမှန်အကန် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခြင်းနန့် အတူ အမှုအား စစ်ဆီးပြီးစီး၍ ဥပဒေအကြံပြုချက်နန့်အညီ တရားရုံး၌ တရားစွဲတင်လားမည်ဟု အာရက္ခမှုခင်းနန့် ဆက်စပ်သတင်းများ ထုတ်ပြန်ရီးအဖွဲ့မှ ၂၀၂၆ ခုနှစ်၊ ဂျုန်လ (၁၁)ရက်နိကပင် တရားဝင်ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။ ဆိုလိုသည်မာ ဒီလပ်အနီဖြင့် အဆိုပါအမှုအား စစ်ဆီးပြီးစီး၍ နောက်ထပ်စစ်ဆီးရန်မဟိကြောင်း အခိုင်အမာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဤသည်ကို သိမြင်ပါလျက် အာရက္ခတိုင်းမ်စ်သည် “ဒီလပ်က သံသယဖြင့် ဖမ်းဆီး၍ စစ်ဆီးနီချိန်”ဟု မဟုတ်မမှန် လုပ်ကြံဖော်ပြကာ ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းအပြင် “တရားခံ၌ မူလကပင် နဂိုခံ အစာအိမ်ရောဂါဟိပြီး ခန္ဓာကိုယ်၌ တခြားမည်သည့် ဒါဏ်ရာမျှ မဟိ”ဟု ဆီးမှတ်တမ်းနန့်တကွ ကုသပီးသော ဆရာဝန်များမှ ခိုင်မာစွာ အတည်ပြုထားပါသော်လည်း အာရက္ခတိုင်းမ်စ်တွင် ဖော်ပြထားသည့် တရားခံ၌ မည်သည့်ရောဂါမျှမဟိဟု မဆင်မခြင် ငြင်းဆိုခြင်း၊ ဒီလပ်စစ်ဆီးသည့်အခါ အမျိုးမျိုးနှိပ်စက်ရိုက်နှက်သည်ဟု မဖွယ်မရာ ဖော်ပြခြင်းနန့် ထောက်လှမ်းရီးက လျှပ်စစ် Shock တိုက်သည်ဟု ကောက်ကျစ်ယုတ်မာစွာ စွပ်စွဲခြင်းများဖြင့် လုပ်ကြံတိုက်ခိုက်ထားသည်ကို တွိရသည်။
အဆိုပါသတင်းကြောင့် တရားခံ၏ မိသားစုဆွီမျိုးများ ကြီးစွာသော စိုးရိမ်သောက ရောက်ခသည့် နည်းတူ စစ်ယှောင်များအပါအဝင် အများပြည်သူရို့၏ စိတ်လုံခြုံရီးကိုပါ များစွာထိခိုက်စီခသည်။ ယင်းအပြင် နယ်မြီလုံခြုံရီးနန့် တရားဥပဒေစိုးမိုးရီးကို နိမအားညည့်မနား ထမ်းဆောင်ပီးနီကတ်သော ဒီလပ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကိုလည်း ကြီးမားစွာထိခိုက်စီရုံသာမက တဖက်တွင် အာရက္ခတပြည်လုံး စစ်အာဏာသျှင် လက်အောက်မှ အပြီးသတ် လွတ်မြောက်ရီးအတွက် အပြင်းအထန် လုပ်ဆောင်နီရပြီး အခြားတဖက်တွင်လည်း အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံကြားမှ အာရက္ခတိုင်းပြည် ပြန်လည်တည်ဆောက်ရီးဆောင်ရွက်နီသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များအား ထိပါးစီပါသည်။
ဂုဏ်သိက္ခာဟိသော သတင်းသမားဟူသည် ကိုယ်၏သတင်းပါ အချက်အလက်များ မှန်ကန်တိကျမှု ဟိစီရန် သီချာစွာ အပြန်ပြန်အလှန်လှန် စစ်ဆီးရမည်ဖြစ်ပြီး သတင်း၌ ပါဝင်ပတ်သက်နီသူအားလုံး၏ အသံနန့် အမြင်များကို တန်းတူမျှတစွာ ထည့်သွင်းဖော်ပြပီးရမည် ဖြစ်သည်။ ယင်းအပြင် စစ်ရီးပဋိပက္ခဒေသများမှ စစ်ယှောင်များအပါအဝင် ပြည်သူများ၏ လုံခြုံရီးကိုလည်း အလီးအနက် ထည့်သွင်းစဉ်းစားကာ ရွီးသားဖော်ပြရမည် ဖြစ်သည်။
တချိန်တည်းတွင် သတင်းမီဒီယာများနန့် သတင်းသမားများအနီဖြင့် ကရို့၏ သတင်းမီဒီယာလုပ်ငန်းများအား ဆောင်ရွက်ရာတွင် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ဖီးကင်းလုံခြုံရီး၊ အာရက္ခပြည် လွတ်မြောက်ရီးနန့် ပြန်လည်ထူထောင်ရီး စသည့် အာရက္ခအမျိုးသား အကျိုးစီးပွားကို မဏ္ဍိုင်ပြုကာ သတင်းမီဒီယာ ကျင့်ဝတ်များနန့် အညီ ကာလ၊ ဒေသ၊ ပယောဂ အပေါ် မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး ဆင်ခြင်တုံတရားအပြည့်ဖြင့် လုပ်ဆောင်ပီးကတ်ပါရန် မင်းပြားလူငယ်များအစည်းအရုံးမှ အထူး မိတ္တာရပ်ခံ တိုက်တွန်းလိုပါသည်။
သို့ပါ၍ အာရက္ခတိုင်းမ်စ်၏ အထက်ပါသတင်းဖော်ပြချက်သည် တိကျမှန်ကန်မှုလည်း (လုံးဝ)မဟိ၊ မျှတစွာ ဖော်ပြခြင်းလည်း ကင်းမဲ့နီသည့်အပြင် စစ်ယှောင်များအပါအဝင် အများပြည်သူရို့၏ အသက်၊ အိုးအိမ် လုံခြုံရီးကိုပါ ဆိုးဝါးစွာ ထိခိုက်စီသဖြင့် အာရက္ခတိုင်းမ်စ်၏ သတင်းဖော်ပြချက်အား မင်းပြားလူငယ်များအစည်းအရုံးမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း အလီးအနက် ထုတ်ပြန်လိုက်ပါသည်။
မင်းပြားလူငယ်များ အစည်းအရုံး