25/03/2026
https://www.facebook.com/share/p/1FwHFhFaqm/
ဘွဲ့ယူစာတမ်း (Dissertation) ရေးနည်းအကျဉ်းချုပ် နိဂုံးပိုင်း
ဘွဲ့ယူစာတမ်း (Dissertation) ရေးနည်းအကျဉ်းချုပ် အပိုင်း နောက်ဆုံးပိုင်းတွင် ဘွဲ့ယူစာတမ်းတစ်ခု၏ အင်္ဂါရပ်များဖြစ်တဲ့ အောက်ပါအချက်များကို ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
၁။ Literature Review (စာပေလေ့လာသုံးသပ်ချက်)
၂။ Theoretical Framework (သီအိုရီဆိုင်ရာ မူဘောင်)
၃။ Research Methodology (သုတေသနနည်းနာ)
၄။ Results (သုတေသနရလဒ်များ)
၅။ Discussion (ဆွေးနွေးချက်)
၆။ Conclusion(နိဂုံး)
၇။ Reference list (ကိုးကားစာရင်း)
၈။ နောက်ဆက်တွဲ (Appendix)
🔳 Literature Review (စာပေလေ့လာသုံးသပ်ချက်)
Literature Review ဆိုတာဟာ သီးခြားခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ထွက်ရှိထားတဲ့ ပညာရပ်ဆိုင်ရာ အရင်းအမြစ် (Scholarly sources) တွေကို စစ်တမ်းကောက်ယူ လေ့လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လက်ရှိရှိနေတဲ့ အသိပညာဗဟုသုတတွေကို ခြုံငုံဖော်ပြပေးပြီး၊ ကိုယ့်ရဲ့ သုတေသနစာတမ်း ဒါမှမဟုတ် ဘွဲ့ယူကျမ်းတွေမှာ ပြန်လည်အသုံးချနိုင်မယ့် သက်ဆိုင်ရာ သီအိုရီများ၊ နည်းနာများနှင့် လက်ရှိသုတေသနတွေကြားက ဟာကွက် (Gaps) တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
Literature Review ရေးသားရာမှာ အဓိက အဆင့် (၅) ဆင့် ရှိပါတယ်။
၁) သက်ဆိုင်ရာ အရင်းအမြစ်များ (ဥပမာ - စာအုပ်များနှင့် ဂျာနယ်ဆောင်းပါးများ) ကို ရှာဖွေခြင်း (Search) ။
စာအုပ်စာတမ်းတွေကို မရှာခင်မှာ ကိုယ်လေ့လာမယ့် ခေါင်းစဉ် (Topic) က တိကျပြတ်သားနေဖို့ လိုပါတယ်။ သင်က ဘွဲ့ယူကျမ်းအတွက် ရေးတာဆိုရင်တော့ သင့်ရဲ့ Research Problem နဲ့ Questions တွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ စာပေတွေကိုပဲ အဓိကထား ရှာဖွေရမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ သုတေသနမေးခွန်းထဲမှာ ပါဝင်တဲ့ အဓိကအကြောင်းအရာတွေ၊ ကိန်းသေ/ကိန်းရှင် (Variables) တွေနဲ့ ပတ်သက်တဲ့ Keywords တွေကို အရင်ချရေးပါ။ အဲဒီစကားလုံးတွေနဲ့ အဓိပ္ပာယ်တူတာတွေ၊ ဆက်စပ်နေတဲ့ အသုံးအနှုန်းတွေကိုပါ စာရင်းလုပ်ထားပါ။ စာဖတ်ရင်းနဲ့ Keywords အသစ်တွေ ထပ်တွေ့လာရင်လည်း ဒီစာရင်းထဲမှာ ထပ်ဖြည့်သွားလို့ ရပါတယ်။
၂) အရင်းအမြစ်တွေ မည်မျှအထိ ခိုင်လုံမှုရှိသလဲ (Credibility) ဆိုတာကို ဆန်းစစ်ခြင်း(Evaluate)
သုတေသနအတွက် အကိုးအကားတွေ ရှာတဲ့အခါ အားလုံးကို အစအဆုံး ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ သုတေသနမေးခွန်းနဲ့ တကယ်ကိုက်ညီမယ့် အရင်းအမြစ်တွေကိုပဲ စိစစ်ရွေးချယ် (Evaluate) တတ်ဖို့ လိုပါတယ်။
စာတမ်းတစ်စောင်ကို ဖတ်တဲ့အခါ အောက်ပါအချက်လေးတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ -
အကိုးအကားများကို စိစစ်ရာတွင် မေးမြန်းရမယ့် မေးခွန်းများ
စာရေးသူက ဘယ်လိုမေးခွန်း ဒါမှမဟုတ် ဘယ်လိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာလဲ?
ဘယ်လို Key Concepts တွေကို သုံးထားလဲ၊ အဲဒါတွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားလဲ?
ဘယ်လို Theory တွေ၊ Model တွေနဲ့ Methodology တွေကို အသုံးပြုထားသလဲ?
ဒီသုတေသနက ရှိနှင့်ပြီးသား မူဘောင် (Framework) တွေကိုပဲ သုံးထားတာလား၊ ဒါမှမဟုတ် ဆန်းသစ်တဲ့ ချဉ်းကပ်ပုံ (Innovative approach) ကို သုံးထားတာလား?
သုတေသနရဲ့ ရလဒ်နဲ့ နိဂုံးချုပ်က ဘာလဲ?
ဒီစာတမ်းက တခြားသော စာပေလေ့လာမှုတွေနဲ့ ဘယ်လိုဆက်စပ်နေလဲ? ရှိနှင့်ပြီးသား ဗဟုသုတတွေကို ထောက်ခံတာလား၊ အားဖြည့်ပေးတာလား ဒါမှမဟုတ် စိန်ခေါ်လိုက်တာလား?
ဒီသုတေသနရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ?
၃) အရင်းအမြစ်တစ်ခုချင်းစီကို ဝေဖန်ပိုင်းခြားပြီး အကဲဖြတ်ခြင်း (Critically analyzing and evaluating ) နှင့် အဓိကအကြောင်းအရာများ၊ အဆိုများနှင့် ဟာကွက်များကို ဖော်ထုတ်ခြင်း (Identify)
ကိုယ်ဖတ်ထားတဲ့ စာအုပ်စာတမ်းတွေကြားမှာ ဘယ်လိုပတ်သက်မှုတွေ ရှိနေသလဲဆိုတာကို နားလည်ဖို့ အောက်ပါအချက် (၅) ချက်ကို ဂရုပြုကြည့်ပါ -
ဘယ်လို သီအိုရီ ဒါမှမဟုတ် နည်းစနစ်တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီး လူကြိုက်များလာသလဲ? (Trends and Patterns (ခေတ်ရေစီးကြောင်းနှင့် ပုံစံများ)
စာပေတွေအားလုံးမှာ ဘယ်လိုမေးခွန်းတွေ၊ ဘယ်လို အယူအဆတွေက ထပ်ခါတလဲလဲ ပါဝင်နေသလဲ? (Themes (အဓိက အကြောင်းအရာများ)
ပညာရှင်တွေကြားထဲမှာ ဘယ်အချက်တွေမှာ သဘောထားကွဲလွဲနေကြသလဲ? ဘယ်နေရာမှာ အယူအဆတွေ တိုက်မိနေသလဲ? (Debates and Conflicts -ငြင်းခုံချက်နှင့် ဝိရောဓိများ)
ဒီဘာသာရပ်နယ်ပယ်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်လိုက်တဲ့ အလွန်ဩဇာညောင်းတဲ့ သီအိုရီ ဒါမှမဟုတ် လေ့လာမှုတွေ ရှိသလား? (Pivotal Publications -အလှည့်အပြောင်းဖြစ်စေသော စာတမ်းများ)
လက်ရှိ စာပေလေ့လာမှုတွေထဲမှာ ဘာတွေကျန်နေသေးသလဲ? ဘယ်လို အားနည်းချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုနေသလဲ? (Gaps -ကွက်လပ်များ)
၄။ Literature Review ကို စီစဉ်ခြင်း
(က) Chronological (အချိန်ကာလအလိုက် စီစဉ်ခြင်း) - ဒီနည်းလမ်းကတော့ အကြောင်းအရာတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို အချိန်ကာလအလိုက် နောက်ခံလိုက်တာဖြစ်လို့ အရှင်းဆုံး နည်းလမ်းပါ။ ဒါပေမဲ့ သတိထားရမှာက စာအုပ်စာတမ်းတွေကို အစဉ်လိုက် စာရင်းပြုစုရုံသက်သက် (Listing) မလုပ်မိဖို့ပါပဲ။
ဘယ်လိုရေးမလဲ။ ဒီနယ်ပယ်ရဲ့ လမ်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ ပုံစံများ (Patterns)၊ အလှည့်အပြောင်းများ (Turning points) နဲ့ အဓိကဆွေးနွေးချက်တွေကို ဝေဖန်ပိုင်းခြားပြပါ။ ဘာကြောင့် ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာရသလဲဆိုတာကို သင့်ရဲ့ အမြင်နဲ့ သုံးသပ်ပြပါ။
(ခ) Thematic ( အကြောင်းအရာအလိုက် စီစဉ်ခြင်း)- ကိုယ့်ရဲ့ အကိုးအကားတွေထဲမှာ ထပ်ခါတလဲလဲ ပါဝင်နေတဲ့ အဓိက Themes တွေကို ရှာတွေ့ထားရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ အကြောင်းအရာရဲ့ ရှုထောင့်အမျိုးမျိုးကို ကဏ္ဍခွဲပြီး ဆွေးနွေးတာမျိုးပါ။
(ဂ) Methodological (သုတေသနနည်းနာအလိုက် နှိုင်းယှဉ်ခြင်း) - မတူညီတဲ့ ဘာသာရပ်နယ်ပယ် ဒါမှမဟုတ် မတူညီတဲ့ နည်းလမ်းတွေ သုံးထားတဲ့ အကိုးအကားတွေ ရှိနေရင် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။
ဘယ်လိုရေးမလဲ။ အရည်အသွေးအသားပေး (Qualitative) နဲ့ အရေအတွက်အသားပေး (Quantitative) သုတေသနတွေက ဘယ်လိုရလဒ်တွေ ထွက်လာသလဲ နှိုင်းယှဉ်ပြပါ။ ဒါမှမဟုတ် သီအိုရီပိုင်းဆိုင်ရာ (Theoretical) နဲ့ လက်တွေ့စမ်းသပ်မှု (Empirical) တွေရဲ့ ချဉ်းကပ်ပုံ ကွာခြားချက်တွေကို ဆွေးနွေးပါ။
(ဃ) Theoretical (သီအိုရီပိုင်းဆိုင်ရာ မူဘောင်အဖြစ် စီစဉ်ခြင်း)
Literature Review ကို Theoretical Framework (သီအိုရီဆိုင်ရာ မူဘောင်) ရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုတဲ့အခါ ဒီနည်းလမ်းကို သုံးပါတယ်။ မတူညီတဲ့ သီအိုရီတွေ၊ မော်ဒယ်တွေနဲ့ အဓိက ဝေါဟာရဖွင့်ဆိုချက်တွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဘယ်လိုရေးမလဲ။ သတ်မှတ်ထားတဲ့ သီအိုရီတစ်ခုရဲ့ အရေးပါမှုကို ငြင်းခုံတင်ပြတာမျိုး ဒါမှမဟုတ် သင့်သုတေသနအတွက် သီအိုရီအမျိုးမျိုးကို ပေါင်းစပ်ပြီး မူဘောင်အသစ်တစ်ခု ဖန်တီးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
၅။ Literature Review ကို စတင်ရေးသားခြင်း (Write )။
Literature Review ကို တကယ်တမ်း စတင်ရေးသားတဲ့အခါ တခြားသော ပညာရပ်ဆိုင်ရာ စာသားတွေလိုပဲ နိဒါန်း (Introduction)၊ ကိုယ်ထည် (Body) နဲ့ နိဂုံး (Conclusion) ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲခြားရေးသားရမှာ ဖြစ်ပါတယ်။
နိဒါန်း (Introduction)
------------------
နိဒါန်းမှာတော့ သင့်ရဲ့ Literature Review က ဘာကို အဓိကထားမှာလဲဆိုတဲ့ Focus နဲ့ Purpose ကို ရှင်းရှင်းလင်းလင်း ချပြရပါမယ်။
Research Question ကို ပြန်ဖော်ပြပါ။ သင့်ရဲ့ ဘွဲ့ယူကျမ်းမှာ ပါဝင်မယ့် ပင်မမေးခွန်းကို ပြန်လည်အစပျိုးပြီး ပညာရပ်ဆိုင်ရာ နောက်ခံအကြောင်းအရာ (Scholarly context) ကို အကျဉ်းချုံး ပြောပြပါ။
အရေးပါမှုကို ထောက်ပြပါ။ ဒီအကြောင်းအရာက အခုလက်ရှိမှာ ဘယ်လောက်အထိ အရေးပါနေသလဲ (ဥပမာ - "မကြာသေးခင်ကမှ ဒီပြဿနာအပေါ် လေ့လာမှုတွေ အများကြီး ထွက်ပေါ်လာပါတယ်") ဆိုတာမျိုး သို့မဟုတ် ဟာကွက် (Gap) ကို ထောက်ပြပါ
ကိုယ်ထည် (Body)
------------------
သင့်ရဲ့ Literature Review က ရှည်လျားမယ်ဆိုရင် ခေါင်းစဉ်ခွဲ (Subheadings) လေးတွေ သုံးပြီး ရေးသားတာက ပိုပြီး စနစ်ကျစေပါတယ်။ ရေးသားရာမှာ အောက်ပါအချက် ၄ ချက်ကို သတိပြုပါ -
Summarize and Synthesize (အနှစ်ချုပ်ခြင်းနှင့် ပေါင်းစပ်ခြင်း) - အကိုးအကား တစ်ခုချင်းစီရဲ့ အဓိကအချက်တွေကို ဖော်ပြရုံတင်မကဘဲ အဲဒီအချက်အလက်တွေကို စုစည်းပြီး တစ်သားတည်းဖြစ်အောင် (Coherent whole) ချိတ်ဆက်ပေးပါ။
Analyze and Interpret (ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်း) - တခြားသူတွေ ရေးထားတာကို Paraphrase လုပ်ရုံသက်သက် (အဓိပ္ပာယ်ပြန်ရေးရုံ) မလုပ်ပါနဲ့။ သင့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်တွေကို ထည့်သွင်းပြီး ဒီတွေ့ရှိချက်တွေက ရှိနှင့်ပြီးသား စာပေလေ့လာမှုတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဆွေးနွေးပါ။
Critically Evaluate (ဝေဖန်ဆန်းစစ်ခြင်း) - သင်အသုံးပြုတဲ့ အကိုးအကားတွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကိုပါ ထည့်သွင်းပြောကြားပါ။
Well-structured Paragraphs (စနစ်ကျသော စာပိုဒ်များ) - စာပိုဒ်တစ်ခုချင်းစီမှာ Topic sentence (အဓိကအချက်ပြစာကြောင်း) ပါဝင်ပါစေ။
စာပိုဒ်တွေ၊ အယူအဆတွေကို ချိတ်ဆက်တဲ့အခါ Transition words (ဆက်စပ်စကားလုံးများ) ကို အသုံးပြုပြီး နှိုင်းယှဉ်တာမျိုး၊ ဆန့်ကျင်ပြတာမျိုး လုပ်ဆောင်ပါ။
နိဂုံး (Conclusion)
-----------------------
နိဂုံးပိုင်းမှာတော့ Literature Review တစ်ခုလုံးကနေ သင်ရရှိလိုက်တဲ့ အဓိက တွေ့ရှိချက် (Key findings) တွေကို အနှစ်ချုပ်ပါ။ အဲဒီတွေ့ရှိချက်တွေက သင့်ရဲ့ သုတေသနအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို အလေးပေးဖော်ပြရမှာ ဖြစ်ပါတယ်။
Literature Review ဆိုတာဟာ ရှိနှင့်ပြီးသား အရင်းအမြစ်တွေကို အကျဉ်းချုံးဖော်ပြရုံသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ Literature Review မှာ ခိုင်မာတဲ့ တည်ဆောက်ပုံနဲ့ အကြောင်းပြချက်တွေ ပါဝင်ရမှာဖြစ်ပြီး၊ ဒါဟာ သင့်ရဲ့ ကိုယ်ပိုင်သုတေသနကို ဘာကြောင့်လုပ်ရသလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ဆီကို ဦးတည်ရမှာ ဖြစ်ပါတယ်။
၎င်းရဲ့ ရည်ရွယ်ချက်တွေကတော့ -
စာပေလေ့လာမှုတွေထဲက ကွက်လပ် (Gap) ကို ဖြည့်ဆည်းဖို့ ဒါမှမဟုတ် ရှိနှင့်ပြီးသား အသိပညာတွေအပေါ် ထပ်ဆင့်တည်ဆောက်ဖို့။
သင့်ရဲ့ ခေါင်းစဉ်အပေါ်မှာ သီအိုရီပိုင်း ဒါမှမဟုတ် နည်းနာပိုင်းဆိုင်ရာ ချဉ်းကပ်မှုအသစ် (New theoretical or methodological approach) တွေနဲ့ လုပ်ဆောင်ဖို့။
မဖြေရှင်းရသေးတဲ့ ပြဿနာတစ်ခုအတွက် အဖြေတစ်ခု အဆိုပြုဖို့ ဒါမှမဟုတ် သီအိုရီပိုင်းဆိုင်ရာ ငြင်းခုံမှုတစ်ခုမှာ ဘက်တစ်ဖက်ကနေ ရှေ့တိုးတင်ပြဖို့ တို့ပဲ ဖြစ်ပါတယ်။
🔳 Theoretical Framework (သီအိုရီဆိုင်ရာ မူဘောင်)
Theoretical Framework (သီအိုရီဆိုင်ရာ မူဘောင်)ိုတာဟာ သင့်ရဲ့ ကိုယ်ပိုင်သုတေသနမှာ အသုံးပြုမယ့် အဆို (Arguments) တွေကို တည်ဆောက်ဖို့အတွက် လမ်းညွှန်မြေပုံသဖွယ် အသုံးဝင်တဲ့ "ရှိနှင့်ပြီးသား သီအိုရီများကို အခြေခံလေ့လာဆန်းစစ်ချက်" တစ်ခု ဖြစ်ပါတယ်။
သီအိုရီဆိုတာဟာ ဖြစ်ရပ်တွေကို ရှင်းပြဖို့၊ အချက်အလက်တွေကြား ဆက်စပ်မှုကို ထုတ်ဖော်ဖို့နဲ့ ခန့်မှန်းချက်တွေ ပြုလုပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တွေက ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
သီအိုရီဆိုင်ရာ မူဘောင်ထဲမှာတော့ သင့်ရဲ့ သုတေသနကို အထောက်အကူပြုနေတဲ့ လက်ရှိသီအိုရီတွေကို ရှင်းပြရမှာဖြစ်ပြီး၊ သင့်ရဲ့ စာတမ်း ဒါမှမဟုတ် ဘွဲ့ယူကျမ်းခေါင်းစဉ်ဟာ ခိုင်မာတဲ့ အယူအဆတွေအပေါ်မှာ အခြေခံထားကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် သီအိုရီဆိုင်ရာ မူဘောင်ဟာ သင့်ရဲ့ နောက်ဆက်တွဲ သုတေသနလုပ်ငန်းစဉ်တွေကို ခိုင်လုံစေပြီး အကြောင်းအရာနဲ့ ချိတ်ဆက်ပေးတာ (Contextualize) ဖြစ်တဲ့အတွက် ဒါဟာ သုတေသနစာတမ်း၊ Thesis ဒါမှမဟုတ် Dissertation တွေအတွက် အလွန်အရေးကြီးတဲ့ ပထမဦးဆုံး အဆင့်တစ်ခု ဖြစ်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ သီအိုရီဆိုင်ရာ မူဘောင်တစ်ခုဟာ သင့်ရဲ့ သုတေသနနဲ့ စာရေးသားမှုဖြစ်စဉ်တစ်လျှောက် အောင်မြင်မှုရရှိဖို့အတွက် ကြိုတင်ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။
🔳 သီအိုရီဆိုင်ရာ မူဘောင် (Theoretical Framework) ဘာကြောင့် လိုအပ်သလဲ
သင့်ရဲ့ ကိုယ်ပိုင်သုတေသနကို မစတင်မီမှာ အခြားသုတေသနပညာရှင်တွေ ဖော်ထုတ်ထားပြီးသား သီအိုရီတွေနဲ့ မော်ဒယ် (Models) တွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ဖို့က အလွန်အရေးကြီးပါတယ်။ သီအိုရီဆိုင်ရာ မူဘောင်ဆိုတာဟာ သင်လေ့လာသိရှိထားတဲ့ အချက်အလက်တွေကို သင့်ရဲ့ သုတေသနခေါင်းစဉ်နဲ့ ချိတ်ဆက်ပြီး ရှင်းပြခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
အထူးသဖြင့် သင့်ရဲ့ ခေါင်းစဉ်က ကျယ်ပြန့်နေမယ်ဆိုရင် အဲဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး မတူညီတဲ့ သီအိုရီတွေ အများကြီး ရှိနေနိုင်ပါတယ်။ သင့်ရဲ့ သီအိုရီဆိုင်ရာ မူဘောင်ထဲမှာတော့ အဲဒီသီအိုရီတွေကို အကဲဖြတ်ခြင်း၊ နှိုင်းယှဉ်ခြင်းနဲ့ သင့်အတွက် အကိုက်ညီဆုံးဖြစ်မယ့် သီအိုရီတွေကို ရွေးချယ်ခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခုအတွင်းမှာ သင့်သုတေသနကို "ဘောင်ခတ် (Framing)" လိုက်ခြင်းအားဖြင့် သင့်ရဲ့ ချဉ်းကပ်ပုံမှာ ဘယ်လိုအယူအဆတွေ (Assumptions) ပါဝင်နေသလဲဆိုတာကို စာဖတ်သူကို သိစေပါတယ်။ ဒါ့အပြင် နောက်ပိုင်းအခန်းတွေဖြစ်တဲ့ Methodology (သုတေသနနည်းနာ) နဲ့ Discussion (ဆွေးနွေးချက်) တို့မှာ သင်ဘာကြောင့် ဒီနည်းလမ်းတွေကို ရွေးချယ်ခဲ့ရသလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် (Rationale) ကိုလည်း ပြသရာ ရောက်ပါတယ်။ ဒီအပိုင်းဟာ သင့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေကို ထောက်ကူပေးမယ့် အခြေခံအုတ်မြစ် ဖြစ်တာကြောင့်၊ ရရှိလာတဲ့ ရလဒ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာနဲ့ ပိုမိုကျယ်ပြန့်တဲ့ ကောက်ချက်တွေ ချမှတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
🔳 သုတေသနနည်းနာ (Research Methodology)
သုတေသနနည်းနာ (Research Methodology)ဆိုတာဟာ သင့်ရဲ့ သုတေသနမှာ အသုံးပြုခဲ့တဲ့ အချက်အလက် စုဆောင်းခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းတွေအကြောင်းကို ဆွေးနွေးရှင်းပြတာ ဖြစ်ပါတယ်။ သင့်ရဲ့ ဘွဲ့ယူကျမ်း (Thesis/Dissertation) ဒါမှမဟုတ် သုတေသနစာတမ်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒီ Methodology အခန်းဟာ သင် ဘာတွေလုပ်ခဲ့သလဲနဲ့ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ ဒါမှသာ စာဖတ်သူတွေအနေနဲ့ သင့်သုတေသနရဲ့ ခိုင်လုံမှု (Reliability) နဲ့ မှန်ကန်မှု ( Validity) တို့ကို အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။
Methodology မှာ အောက်ပါအချက်တွေ ပါဝင်သင့်ပါတယ် -
သင်လုပ်ဆောင်ခဲ့တဲ့ သုတေသန အမျိုးအစား (Type of research)။ ဥပမာ အရေအတွက်အသားပေး (Quantitative) လား၊ အရည်အသွေးအသားပေး (Qualitative) လား၊ Mix Method လား စသဖြင့်။
အချက်အလက် (Data) တွေကို ဘယ်လိုစုဆောင်းပြီး ဘယ်လို ခွဲခြမ်းစိတ်ဖြာ (Analyze) ခဲ့သလဲ။ (ဥပမာ - လူတွေ့မေးမြန်းခြင်း သို့မဟုတ် ထိန်းချုပ်စမ်းသပ်မှုများ)။
သုတေသနကို ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘယ်သူတွေနဲ့ လုပ်ဆောင်ခဲ့သလဲ ဆိုတာမျိုး။
သုတေသနမှာ အသုံးပြုခဲ့တဲ့ ကိရိယာတွေ ဒါမှမဟုတ် အထောက်အထား ပစ္စည်းများ။
သုတေသနပြုရာမှာ ဘက်လိုက်မှု (Research biases) ကင်းအောင် ဘယ်လို ထိန်းညှိခဲ့သလဲ။
ဒီနည်းလမ်းတွေကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်။
🔳 သုတေသနရလဒ်များ (Results)
သုတေသနရလဒ်များ (Results) ဆိုတာဟာ သင့်ရဲ့ သုတေသနနည်းနာ (Methodology) ကို အသုံးပြုပြီး ဘာတွေရှာဖွေတွေ့ရှိခဲ့သလဲဆိုတာကို အသားပေးဖော်ပြရမယ့် အပိုင်းဖြစ်ပါတယ်။ ဒီအခန်းကို သုတေသနမေးခွန်းခွဲများ၊ အဆိုပြုချက်များ (Hypotheses) ဒါမှမဟုတ် အဓိကအကြောင်းအရာ (Themes) များအပေါ် အခြေခံပြီး တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မိမိရဲ့ ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ချက် (Subjective interpretation) တွေကို ထည့်သွင်းပြောကြားခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။
ရလဒ်များအပိုင်းကို ဆွေးနွေးချက် (Discussion) အပိုင်းနဲ့ ပေါင်းရေးရမလား၊ သီးခြားစီ ခွဲရေးရမလားဆိုတာကတော့ သင့်ရဲ့ ဘာသာရပ်နယ်ပယ်အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် သင့်တက္ကသိုလ်ရဲ့ လမ်းညွှန်ချက်တွေကို သေချာစစ်ဆေးပါ။ များသောအားဖြင့် အရေအတွက်အသားပေး (Quantitative) သုတေသနတွေမှာတော့ ရလဒ်တွေကို အရင်ဆုံး သီးခြားစီ တင်ပြလေ့ရှိပါတယ်။
ရလဒ်များအပိုင်းမှာ အောက်ပါတို့ ပါဝင်သင့်ပါတယ်။
သက်ဆိုင်ရာ ရလဒ်တစ်ခုချင်းစီကို ကျစ်လျစ်စွာ ဖော်ပြရန်နှင့် ၎င်းနှင့်သက်ဆိုင်သော ကိန်းဂဏန်းအချက်အလက်များ (ဥပမာ - Mean, Standard deviation, P values) တို့ကို ဖော်ပြရန်။
ရရှိလာတဲ့ ရလဒ်ဟာ သုတေသနမေးခွန်းနဲ့ ဘယ်လိုဆက်စပ်သလဲ ဒါမှမဟုတ် မိမိရဲ့ အဆိုပြုချက်ကို ထောက်ခံမှု ရှိ၊ မရှိ အကျဉ်းချုံး ဖော်ပြရန်။
သုတေသနမေးခွန်းနဲ့ သက်ဆိုင်တဲ့ ရလဒ်အားလုံးကို အစီရင်ခံရန် (မိမိ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ရလဒ်မျိုး ဖြစ်နေရင်တောင်မှ ထည့်သွင်းရပါမယ်)။
အခြားသော အချက်အလက်အကြမ်းများ (ဥပမာ - မေးခွန်းလွှာအပြည့်အစုံ၊ လူတွေ့မေးမြန်းမှု မှတ်တမ်းများ) ကိုတော့ နောက်ဆက်တွဲ (Appendix) အနေနဲ့ ထည့်သွင်းနိုင်ပါတယ်။ ဇယားနဲ့ ရုပ်ပုံတွေကိုတော့ စာဖတ်သူ ပိုမိုနားလည်စေဖို့ တကယ်လိုအပ်မှသာ ထည့်သွင်းအသုံးပြုပါ။
🔳 Discussion (ဆွေးနွေးချက်)
Discussion (ဆွေးနွေးချက်) အပိုင်းဆိုတာဟာ သင့်ရဲ့ သုတေသနရလဒ်တွေရဲ့ အဓိပ္ပာယ်၊ အရေးပါမှုနဲ့ ဆက်စပ်မှုတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရမယ့် နေရာဖြစ်ပါတယ်။
ဒီအခန်းမှာ သင်ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို ရှင်းပြခြင်းနဲ့ အကဲဖြတ်ခြင်းအပေါ်မှာ အဓိက အာရုံစိုက်ရမှာဖြစ်ပြီး၊ အဲဒီအချက်တွေက သင့်ရဲ့ Literature Review နဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ပြသရပါမယ်။ ဒါ့အပြင် သင့်ရဲ့ အဓိကနိဂုံးချုပ် (Conclusion) ကို အထောက်အကူပြုမယ့် အကြောင်းပြချက်တွေကိုလည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သတိပြုရမှာက ဒီအပိုင်းဟာ ရလဒ်တွေကို ဒုတိယအကြိမ် ပြန်လည်ဖော်ပြရုံသက်သက် (Second results section) မဖြစ်စေဖို့ပါပဲ။
ဒီအခန်းကို ရေးသားရာမှာ ပုံစံအမျိုးမျိုး ရှိနိုင်ပေမဲ့ အောက်ပါ အဓိကအချက်တွေအပေါ် အခြေခံပြီး ရေးသားနိုင်ပါတယ် -
အနှစ်ချုပ် (Summary)။ သင့်ရဲ့ အဓိကရလဒ်တွေကို အကျဉ်းချုပ် ပြန်လည်ဖော်ပြခြင်း။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ (Interpretations)။ သင့်ရဲ့ ရလဒ်တွေက ဘာကို ဆိုလိုတာလဲ။
အကျိုးသက်ရောက်မှုများ (Implications)။ သင့်ရဲ့ ရလဒ်တွေက ဘာကြောင့် အရေးကြီးတာလဲ။
ကန့်သတ်ချက်များ (Limitations)။ သင့်ရဲ့ ရလဒ်တွေကနေ ဘယ်လိုအချက်တွေကိုတော့ မဖော်ပြနိုင်ဘူးလဲ။
အကြံပြုချက်များ (Recommendations)။ နောင်ဆက်လုပ်မယ့် သုတေသနတွေ ဒါမှမဟုတ် ခွဲခြမ်းစိတ်ဖြာမှုတွေအတွက် လမ်းစများ။
🔳 Discussion နဲ့ Conclusion (နိဂုံး) အပိုင်းတွေကြားမှာ ထပ်တူကျတာမျိုးတွေ ရှိတတ်ပေမဲ့ များသောအားဖြင့်တော့ သီးခြားစီ ခွဲရေးလေ့ရှိပါတယ်။ ဒါပေမဲ့ အချို့ကိစ္စတွေမှာတော့ ဒီနှစ်ပိုင်းကို ပေါင်းရေးတာမျိုးလည်း ရှိနိုင်ပါတယ်။ သင့်ဘာသာရပ်နယ်ပယ်ရဲ့ စံနှုန်းတွေကို မသေချာဘူးဆိုရင်တော့ သင့်ဌာနရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည်စစ်ဆေးပါ။
🔳 ဆွေးနွေးချက် (Discussion) အပိုင်းမှာ ဘာတွေကို မထည့်သွင်းသင့်သလဲ
သင့်စာတမ်းရဲ့ ဆွေးနွေးချက်အပိုင်းကို ရေးသားတဲ့အခါမှာ အဖြစ်များလေ့ရှိတဲ့ အောက်ပါအမှားတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ် -
ရလဒ်အသစ်များကို မိတ်မဆက်ပါနှင့်။ သင့်ရဲ့ Results (ရလဒ်များ) အပိုင်းမှာ အစီရင်ခံတင်ပြခဲ့ပြီးသား အချက်အလက် (Data) တွေကိုသာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။
အဲဒီမှာ မပါဝင်ခဲ့တဲ့ အချက်အလက်အသစ်တွေကို ဒီအပိုင်းမှာ ထပ်မံမဖြည့်စွက်ပါနဲ့။
အလွန်အကျွံ အဆိုပြုချက်များ မပြုလုပ်ပါနှင့်။ သင့်ရဲ့ အချက်အလက်တွေကနေ တိုက်ရိုက် အထောက်အပံ့မပေးနိုင်တဲ့ အလွန်အကျွံ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ စိတ်ကူးယဉ် ခန့်မှန်းချက်တွေကို ရှောင်ကြဉ်ပါ။
မိမိ၏ သုတေသနကို အားနည်းအောင် မလုပ်ပါနှင့်။ သုတေသနရဲ့ ကန့်သတ်ချက် (Limitations) တွေကို ဆွေးနွေးရာမှာ မိမိအလုပ်ရဲ့ အားနည်းချက် ဒါမှမဟုတ် ကျရှုံးမှုတွေကို အသားပေးဖို့ မဟုတ်ဘဲ၊ မိမိသုတေသနရဲ့ ခိုင်လုံမှု (Credibility) ကို ပိုမိုခိုင်မာစေဖို့အတွက်သာ ရည်ရွယ်ရမှာ ဖြစ်ပါတယ်။
🔳 Conclusion (နိဂုံး)
Conclusion (နိဂုံး) ဆိုတာဟာ သင့်ရဲ့ ဘွဲ့ယူကျမ်း (Thesis/Dissertation) ရဲ့ အဆုံးသတ် အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါဟာ ကျစ်လျစ်ရမယ်၊ ဆွဲဆောင်မှုရှိရမယ်၊ ပြီးတော့ စာဖတ်သူကို သင့်ရဲ့ အဓိကရှာဖွေတွေ့ရှိချက်တွေနဲ့ သုတေသနမေးခွန်းရဲ့ အဖြေကို ရှင်းရှင်းလင်းလင်း နားလည်သွားစေရပါမယ်။
နိဂုံးအပိုင်းမှာ သင်ဟာ အောက်ပါတို့ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ် -
သင့်ရဲ့ အဓိက သုတေသနမေးခွန်း (Main research question) ရဲ့ အဖြေကို တိတိကျကျ ဖော်ပြရန်။
သင့်ရဲ့ သုတေသနလုပ်ငန်းစဉ်တစ်ခုလုံးကို အကျဉ်းချုပ် ပြန်လည်သုံးသပ်ပြရန်။
သင့်ရဲ့ သုတေသနခေါင်းစဉ်နဲ့ ပတ်သက်ပြီး နောင်မှာ ဆက်လက်လုပ်ဆောင်သင့်တဲ့ သုတေသနလုပ်ငန်းစဉ်တွေအတွက် အကြံပြုချက်များပေးရန်။
သင့်ရဲ့ သုတေသနကနေ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အတွက် ဘယ်လို အသိပညာသစ် (New knowledge) တွေ ဖြည့်ဆည်းပေးခဲ့သလဲဆိုတာကို ပြသရန်။
သင့်ရဲ့ ကျမ်းကို အဆုံးသတ် အနှစ်ချုပ်ရန်။
ဆွေးနွေးချက် (Discussion) နှင့် နိဂုံး (Conclusion) နှိုင်းယှဉ်ချက်
-----------------------------------------
သင့်ရဲ့ နိဂုံးပိုင်းမှာ ဆွေးနွေးချက်အပိုင်းနဲ့ ဆင်တူတဲ့ အချက်အလက်တွေ ပါဝင်နေနိုင်ပေမဲ့၊ အဲဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု မတူညီပါဘူး။
သင့်ရဲ့ နိဂုံးပိုင်းဟာ ဆွေးနွေးချက်အပိုင်းထက် ပိုမိုတိုတောင်းရမှာဖြစ်ပြီး ပိုမိုခြုံငုံမိရပါမယ်။ Literature Review ထဲက စာပေတွေကို ထပ်ခါတလဲလဲ ဖော်ပြတာမျိုး၊ သီးခြား သုတေသနရလဒ်များ ကို အကျယ်တဝင့် ပြောနေတာမျိုး ဒါမှမဟုတ် အချက်အလက်တွေကို အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုနေတာမျိုးတွေအစား၊ သင့်သုတေသနရဲ့ အရေးအကြီးဆုံး အမြင်သစ် (Insights) တွေကို အနှစ်ချုပ်ပေးနိုင်မယ့် ကျယ်ပြန့်တဲ့ တင်ပြချက်တွေအပေါ်မှာသာ အာရုံစိုက်ပါ။
ယေဘုယျအားဖြင့် မှတ်သားထားရမယ့် စည်းမျဉ်းကတော့ သင့်ရဲ့ နိဂုံးပိုင်းမှာ အချက်အလက်အသစ်တွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်တွေ ဒါမှမဟုတ် အကြောင်းပြချက်အသစ် (Arguments) တွေကို မိတ်မဆက်ရပါဘူး။
မှတ်ချက် တစ်ခါတစ်ရံမှာ ဆွေးနွေးချက်အပိုင်းနဲ့ နိဂုံးကို ပေါင်းရေးလေ့ရှိပါတယ်။ အထူးသဖြင့် စာမျက်နှာတိုတဲ့ သုတေသနစာတမ်းတွေနဲ့ ဂျာနယ်ဆောင်းပါးတွေမှာ အဲဒီလို တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ဘွဲ့ယူကျမ်း (Thesis/Dissertation) တွေမှာတော့ ဆွေးနွေးချက်အပိုင်းနဲ့ သီးခြားခွဲပြီး သင့်သုတေသနကို အနှစ်ချုပ်ပေးမယ့်၊ စာဖတ်သူကို နောက်ဆုံးအမြင် (Final impression) ပေးနိုင်မယ့် နောက်ဆုံးအခန်းတစ်ခန်း ထည့်သွင်းတာဟာ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ ဖြစ်ပါတယ်။
နိဂုံးအပိုင်းဟာ ဘယ်လောက် ရှည်ရမလဲ
------------------------------------
သင်ဟာ ဘွဲ့လွန်ကျမ်း (Thesis) ရေးတာလား ဒါမှမဟုတ် ပါရဂူကျမ်း (Dissertation) ရေးတာလား ဆိုတဲ့အပေါ် မူတည်ပြီး အရှည်အစား ကွဲပြားနိုင်ပါတယ်။ ယေဘုယျအားဖြင့် နိဂုံးအပိုင်းဟာ သင့်စာတမ်းတစ်ခုလုံးရဲ့ စကားလုံးအရေအတွက် (Word count) စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း ခန့် ရှိသင့်ပါတယ်။
လက်တွေ့စမ်းသပ်ချက်အခြေခံ သိပ္ပံနည်းကျသုတေသန (Empirical scientific study) တွေမှာတော့ နိဂုံးဟာ တိုတိုကျစ်ကျစ်ပဲ ဖြစ်လေ့ရှိပြီး အဓိကတွေ့ရှိချက်တွေနဲ့ နောင်လုပ်ဆောင်မယ့် သုတေသနတွေအတွက် အကြံပြုချက်တွေကိုသာ တိတိကျကျ ဖော်ပြလေ့ရှိပါတယ်။ အခြားတစ်ဖက်မှာတော့ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ ဘွဲ့ယူကျမ်း (Humanities dissertation) တွေ ဒါမှမဟုတ် စနစ်တကျ ပြန်လည်သုံးသပ်ချက် (Systematic review) တွေမှာတော့ ရှေ့က အခန်းကဏ္ဍအားလုံးကို စုစည်းပြီး အလုံးစုံသော အကြောင်းပြချက် (Overall argument) တစ်ခုအဖြစ် နိဂုံးချုပ်ဖို့အတွက် စာသားနေရာ ပိုမိုလိုအပ်နိုင်ပါတယ်။
🔳 ကိုးကားစာရင်း (Reference list)
စာခိုးယူခြင်း (Plagiarism) ကို ရှောင်ကြဉ်နိုင်ဖို့အတွက် သင်အသုံးပြုခဲ့တဲ့ အရင်းအမြစ်အားလုံးရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်တဲ့ ကိုးကားစာရင်း (သို့မဟုတ်) အကိုးအကားပြုထားသော စာစုစာရင်း (Works cited) ကို ထည့်သွင်းဖို့ အလွန်အရေးကြီးပါတယ်။ ကိုးကားမှုပုံစံ (Citation style) တစ်ခုကို ရွေးချယ်ပြီး သင့်ကျမ်းတစ်စောင်လုံးမှာ တစ်သမတ်တည်း လိုက်နာကျင့်သုံးဖို့ ဂရုပြုပါ။ ပုံစံတစ်ခုချင်းစီမှာ တိကျပြတ်သားတဲ့ ပုံစံချခြင်း (Formatting) ဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။
အသုံးများတဲ့ ပုံစံတွေကတော့ MLA, Chicago နဲ့ APA တို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဘယ်ပုံစံကို သုံးရမလဲဆိုတာကတော့ များသောအားဖြင့် သင့်ရဲ့ ပညာဌာန ဒါမှမဟုတ် သင့်ဘာသာရပ်နယ်ပယ်က သတ်မှတ်ပေးလေ့ ရှိပါတယ်။
🔳 Appendix (နောက်ဆက်တွဲ)
Appendix (နောက်ဆက်တွဲ) ဆိုတာဟာ စာဖတ်သူအနေနဲ့ သင့်ရဲ့ သုတေသနကို ပိုမိုနားလည်သဘောပေါက်စေဖို့ အထောက်အကူပြုတဲ့ ဖြည့်စွက်စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်ရဲ့ အဓိကအဆို (Core argument) အတွက်တော့ မဖြစ်မနေ ပါဝင်ရမယ့်အရာ မဟုတ်ပါဘူး။ နောက်ဆက်တွဲတွေဟာ သုတေသနစာတမ်း၊ Thesis ဒါမှမဟုတ် Dissertation တွေမှာ သင့်ရဲ့ နောက်ဆုံးရလဒ်ကို အလွန်အကျွံ ရှည်လျားမသွားစေဘဲ အပိုဆောင်း အချက်အလက်တွေ ဒါမှမဟုတ် ရှင်းလင်းချက်တွေကို ပံ့ပိုးပေးနိုင်တဲ့ အသုံးဝင်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။
နောက်ဆက်တွဲတွေက သင့်ရဲ့ ပင်မစာသားထဲမှာ ဇယားတွေ၊ ရုပ်ပုံတွေ ဒါမှမဟုတ် တခြားသော အာရုံထွေပြားစေမယ့် အချက်အလက်တွေနဲ့ ရှုပ်ထွေးမသွားစေဘဲ သင့်ရဲ့ သုတေသနခေါင်းစဉ်နဲ့ ပတ်သက်တဲ့ နောက်ခံအချက်အလက်တွေနဲ့ အသေးစိတ်အချက်အလက် (Nuance) တွေကို ဖော်ပြပေးနိုင်ဖို့ ကူညီပေးပါတယ်။
သုတေသနစာတမ်းတစ်ခုမှာ Appendix (နောက်ဆက်တွဲ) ဆိုတာ ဘာလဲ
------------------------------
သင့်သုတေသနစာတမ်းရဲ့ ပင်မစာသား (Main body) ထဲမှာ သင့်ရဲ့ အဆိုပြုချက်နဲ့ နိဂုံးချုပ်တွေကို အထောက်အကူပြုမယ့် ရှင်းလင်းကျစ်လျစ်တဲ့ အချက်အလက်တွေကို ဖော်ပြဖို့ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ သုတေသနလုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ သင့်စာဖတ်သူကို မျှဝေချင်စရာကောင်းတဲ့ တခြားစိတ်ဝင်စားစရာ အချက်အလက်တွေ အများကြီး ရှိနေတာကို တွေ့ရပါလိမ့်မယ်။
အဆိုပါ အချက်အလက်အားလုံးကို စာတမ်းရဲ့ ပင်မစာသားထဲမှာ ထည့်သွင်းလိုက်မယ်ဆိုရင် သင့်စာတမ်းဟာ အရမ်းရှည်လျားပြီး ဖတ်ရခက်ခဲသွားနိုင်ပါတယ်။ ဒါဟာ Appendix (နောက်ဆက်တွဲ) ကို အသုံးပြုရမယ့် အကြောင်းရင်းပဲ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မှတ်သားထားရမယ့် စည်းမျဉ်းကတော့ - သင့်ရဲ့ တင်ပြချက်ကို ဖော်ဆောင်ဖို့အတွက် ချက်ချင်းလက်ငင်း မလိုအပ်တဲ့ အသေးစိတ် အချက်အလက်မှန်သမျှကို နောက်ဆက်တွဲထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ ပင်မစာသားကို အဓိကအချက်အပေါ်မှာပဲ အာရုံစိုက်နေစေပြီး၊ သင်ထည့်သွင်းချင်တဲ့ အချက်အလက်တွေကိုလည်း စာတမ်းရဲ့ တစ်နေရာရာမှာ ထည့်သွင်းခွင့် ရရှိစေပါတယ်။
စာဖတ်သူတွေဟာ နောက်ဆက်တွဲကို မဖတ်ရသေးခင်မှာပဲ သင့်ရဲ့ တင်ပြချက်ကို နားလည်နိုင်စွမ်း ရှိရမယ်ဆိုတာကို သတိပြုပါ။ ဒါကြောင့် သင့်တင်ပြချက်အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်အလက်တွေကို ပင်မစာသားထဲကနေ မဖယ်ထုတ်မိဖို့နဲ့ စာသားတွေ အလွန်အကျွံ မရှည်လျားစေဖို့ကြားမှာ မျှတအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် နောက်ဆက်တွဲတွေဟာ ဖြည့်စွက်ချက် ဒါမှမဟုတ် အပိုဆောင်း အချက်အလက်တွေပေးဖို့အတွက်သာ ဖြစ်ပါတယ်။
🔳 နိဂုံးချုပ်အားဖြင့် ဆိုရသော် ဘွဲ့ယူကျမ်း (Dissertation) တစ်စောင် အောင်မြင်စွာ ပြီးမြောက်ရေးသည် ခိုင်မာသော သုတေသနအဆိုပြုလွှာ (Proposal) မှ စတင်ကာ စနစ်တကျရှိသော ကျမ်းတည်ဆောက်ပုံ (Structure) နှင့် တိကျသော ကိုးကားမှုစံနှုန်းများပေါ်တွင် တည်မှီနေပါသည်။ နိုင်ငံအလိုက် သတ်မှတ်ချက်များ ကွဲပြားနိုင်သော်လည်း ပညာရပ်ဆိုင်ရာ တိကျမှု (Academic Integrity) နှင့် အချက်အလက် ခိုင်မာမှုမှာ အခြေခံအကျဆုံးဖြစ်ပါသည်။ ကျမ်းပြုစုသူအနေဖြင့် မိမိ၏ အကြံပေးဆရာ (Supervisor) နှင့် အနီးကပ်တိုင်ပင်ခြင်း၊ စာပေလေ့လာမှု (Literature Review) ကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်းနှင့် သုတေသနနည်းနာ (Methodology) ကို စနစ်တကျ ရွေးချယ်ခြင်းဖြင့် မိမိ၏ သုတေသနကို ခိုင်လုံစေနိုင်ပါသည်။ ဤလမ်းညွှန်ချက်ပါ အချက်အလက်များသည် ဘွဲ့ယူကျမ်းကို စနစ်တကျ ပြုစုလိုသူများအတွက် အဖိုးတန်သော လမ်းပြမြေပုံတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ဦး၀ဏ္ဏသိရီ (ပုလော)
ဂူဂျာရတ်တက္ကသိုလ် (အိန္ဒိယ)